ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● ပင်လုံစာချုပ် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခွဲထွက်နိုင်သောအခွင့်အရေး - အပိုင်း (၂)


မောင်မောင်စိုး ● ပင်လုံစာချုပ် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခွဲထွက်နိုင်သောအခွင့်အရေး - အပိုင်း (၂)
(မိုးမခ) မေ ၂၈၊ ၂၀၁၆

● ခွဲထွက်ခွင့်
တိုင်းရင်းသားလူမျိုးများပြဿနာတွင် ခွဲထွက်ခွင့် ဆိုသည်မှာ လူမျိုးတိုင်း လူမျိုးတိုင်း၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ကိုယ် ပိုင်ပြဌာန်းခွင့်မှလာပါသည်။ ထိုကြောင့်လည်း ခွဲထွက်ခွင့်ပါသော ကိုယ်ပိုင်ပြဌာန်းခွင့်ဟု ဆိုကြခြင်းခြင်းဖြစ်သည်။ သို့သော် ယခုနောက်ပိုင်း၌ ခွဲထွက်ခြင်းကို မနှစ်သက်သူများကတော့ ခွဲထွက်ခွင့်မပါသော ကိုယ်ပိုင်ပြဌာန်းခွင့်လည်းရှိသည်ဟု ဆိုကြ သည်။ ၎င်းဖွင့်ဆိုချက်မှာ မူလအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကွဲလွဲသည်ဟုဆိုရပါမည်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ရေးထိုးစဉ်ကာလ ဗိုလ်ချုပ်အောင်ဆန်းက ပြည်နယ်များအနေနှင့် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟုဆိုခဲ့ခြင်းကို လူကြီးလူကောင်း၏ ကတိကဝတ်ဟု ဆိုခဲ့ကြသည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း ထိုသို့ဆိုခဲ့ခြင်းသည် ဗြိတိသျှလက်အောက် သီးခြားစီ အုပ်ချုပ်ထားသည့်အခြေအနေကို အသိအမှတ်ပြု၍လည်းကောင်း၊ တိုင်းရင်းသားလူမျိုး များ၏ မွေးရာပါအခွင့်အရေးကို အသိမှတ်ပြု၍လည်းကောင်း၊ မိမိတို့သာ ပြည်ထောင်စုကို ကောင်းမွန်စွာတည်ဆောက်နိုင်ပါက မည်သူမျှ ခွဲထွက်လိမ့်မည်ဟု ယုံကြည်၍လည်းကောင်း၊ ထိုကတိကဝတ်ကို ရဲရဲတင်းတင်းပေးခဲ့ဟန်ရှိသည်ဟု ဆိုရပါမည်။

တဖန် ထိုစဉ်က ပင်လုံစာချုပ်အရ ပြည်မနှင့် ချင်းတောင်တန်း ကချင်တောင်တန်း ရှမ်းပြည်နယ်တို့ပူးပေါင်း၍ အတူတကွ လွတ်လပ်ရေးယူသည်အတွက်ဖြစ်ရာ ထိုဒေသများအနေနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါင်းစည်းခြင်း ခွဲထွက်ခြင်းနှင့် ဆိုင်သော ဆုံးဖြတ်ချက်ကို ထိုပြည်နယ် ထိုလူမျိုးတို့၏ ဆုံးဖြတ်ချက်နှင့်သာဆိုင်သည်ဟု အသိမှတ်ပြုခြင်းလည်းဖြစ်သည်။

● ၁၉၄၇ အခြေခံဥပဒေရေးဆွဲခြင်း
ပင်လုံစာချုပ်တွင် မှတ်တမ်းတင်မပါဝင်သော ဗိုလ်ချုပ်အောင်ဆန်း၏ လူကြီးလူကောင်း ကတိကဝတ်သည် ၁၉၄၇ အခြေခံ ဥပဒေရေးဆွဲရာမှ စတင်၍ပါဝင်လာသည်။ ၁၉၄၇ ခုနှစ်မေလတွင်ကျင်းပသော ဖဆပလ ပဏာမညီလာခံတွင် ရေးဆွဲလက် ခံသော အခြေခံဥပဒေမူကြမ်းတွင် ခွဲထွက်ခွင့်နှင့်ပတ်သက်၍ တိတိကျကျ ဖေါ်ပြပါဝင်လာသည်ကို တွေ့ရသည်။

အဆိုပါမူကြမ်းတွင် တိုင်းရင်းသားလူမျိုးများနှင့်ပတ်သက်၍ ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်များနှင့်ပတ်သက်၍ ပိုင်းခြားသတ် မှတ်မှုများပြုခဲ့သည်။ ပြည်ထောင်စုပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် လူမျိုးစုပြည်နယ်နှင့် လူမျိုးစုအခွင့်အရေးပေးခြင်း စသည်ဖြင့် အဆင့်လေးဆင့်ခွဲ၍ ပြည်ထောင်စုပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များကို ခွဲထွက်ခွင့်ပေးခဲ့သည်။

လူကြီးကောင်းကတိပေးအပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းမှာ ၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် လုပ်ကြံခံခဲ့ရသည်။ သို့သော် သူချ မှတ်ထားသည့်မူအချို့ပါသေးသည့် ၁၉၄၇ အခြေခံဥပဒေ ပေါ်ထွက်ခဲ့ပြီး ၁၉၄၈ မှ ၁၉၆၂ ထိ တည်တန့်ခဲ့သည်။

● ၁၉၄၇ အခြေခံဥပဒေပါပြည်နယ်နှင့် ပြည်နယ်သစ်များ
၁၉၄၇ အခြေခံဥပဒေအရ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ အသိအမှတ်ပြုခဲ့ပြီး ချင်း တောင်တန်းအား ချင်းဝိသေသတိုင်းအဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း ရေးရာဝန်ကြီးများကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်များက ရွေးကောက်တင်မြှေက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် အသိ မှတ်ပြုကာ ပြည်နယ်အုပ်ချုပ်ရေးအာဏာများ အပ်နှင်းခဲ့သည်။

တိုင်းရင်းသားလူမျိုးများ၏ ပြည်နယ်အုပ်ချုပ်ရေးဒေသများ ခွဲခြားသတ်မှတ်ခြင်းကို အပြီးအပြတ်ဟုမသတ်မှတ်ဘဲ ၁၉၄၇ အခြေခံဥပဒေအခန်း ၉ အပိုင်း ၆ ပြည်နယ်သစ်များဟု ထည့်သွင်းရေးဆွဲခဲ့သည်။ ၎င်းဥပဒေပြဌာန်းချက်အပြည့်အစုံမှာ ...

" အပိုင်း ၆ ပြည်နယ်သစ်များ
၁၉၉။ ။ ပါလီမန်သည် ပြည်နယ်သစ်ကလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များပါဝင်သည့် အက်ဥပဒေဖြင့် ပြည်နယ် သစ်တခုကို ပြည်ထောင်စုနိုင်ငံတွင်းသို့ ဝင်ခွင့်ပြုနိုင်သည်။ ထိုသတ်မှတ်ချက်များတွင် ထိုပြည်နယ်မှ ပါလီမန်သို့ ကိုယ်စား လှယ် အမတ်ဦးရေ မည်ရွေ့ မည်မျှရွေးကောက်တင်မြှောက်နိုင်သည်ဟူသောအချက်လည်း ပါဝင်ရမည်။

၂၀၀။ ။(က) ပြည်ထောင်စုအဖွဲ့ဝင်အသစ်တခုတည်ထောင်ဖန်တီးခြင်း
(ခ) ပြည်ထောင်စုအဖွဲ့ဝင်တခုခု၏ အကျယ်အဝန်းကိုတိုးချဲ့ခြင်း
(ဂ) ပြည်ထောင်စုအဖွဲ့ဝင်တခုခု၏ အကျယ်အဝန်းကိုလျော့ချ ခြင်း
(ဃ) ပြည်ထောင်စုအဖွဲ့ဝင်တခုခု၏ နယ်နမိတ်များကိုပြောင်းလဲခြင်း တို့ကို 
ထိုသို့နယ်နမိတ်ပြု ပြင်ခြင်းခံရသော ပြည်နယ် တိုင်း၏ကောင်စီက သဘောတူညီပါက ပါလီမန်သည် အက်ဥပဒေဖြင့်ပြုနိုင်သည်။ ထို့ပြင် ထိုကဲ့သို့သော သဘောတူညီချက် ရရှိပါက ပါလီမန်သည် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်လျော်သည်ဟု ထင်မြင်ယူဆသော ထပ်ဖြည့်ပြဌာန်းချက် အ ကြောင်းသင့်ပြဌာန်းချက်နှင့် နှိုင်းညှိပြဌာန်းချက်များကို ပြုနိုင်သည်" ဟူ၍ ဖြစ်ပါသည်။

သို့သော် ၁၉၄၇ အခြေခံဥပဒေတည်မြဲနေစဉ်အတွင်း ပြည်နယ်သစ်ပေါ်လာခြင်းမရှိခဲ့ဘဲ ၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းပြီး နောက်ပိုင်း၌ ချင်းဝိသေသတိုင်းအား ချင်းပြည်နယ်အဖြစ်လည်းကောင်း၊ မွန်ပြည်နယ် ရခိုင်ပြည်နယ်များအားလည်းကောင်း၊ ဖွဲ့စည်း ခဲ့သည်ကို တွေ့ရသည်။

● ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ခွဲထွက်နိုင်သောအခွင့်အရေး
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ ၌ ခွဲထွက်နိုင်သောအခွင့်အရေးကို အောက်ပါအတိုင်းဖေါ်ပြထားပါသည်။

အခန်း ၁၀ခွဲထွက်နိုင်သော အခွင့်အရေး
၂၀၁။ ။ ဤအခြေခံဥပဒေ၌သော်လည်းကောင်း၊ ပုဒ်မ ၁၉၉ အရ ပါလီမန်ကပြုသောအက်ဥပဒေ၌သော်လည်းကောင်း၊ အခြားပြဌာန်းချက် ပြဌာန်းထားခြင်းမရှိလျှင် အောက်၌ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေးရှိရမည်။

၂၀၂။ ။ ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်းခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ။

၂၀၃။ ။ (၁) ခွဲထွက်နိုင်သော အခွင့်အရေးကို သုံးစွဲလိုသောပြည်နယ်သည်ခွဲထွက်လိုကြောင်းအဆိုကို မိမိပြည်နယ်၏ကောင် စီတွင် တင်သွင်းအတည်ပြုရမည်။ ပြည်နယ်ကောင်စီရှိ အမတ်စုစုပေါင်းအနက် သုံးပုံနှစ်ပုံအောက်မလျော့သော အမတ် များက ထိုအဆိုကိုထောက်ခံ၍ မဲပေးခြင်းမပြုလျှင် အတည်ပြုသည်ဟု မမှတ်ယူရ။

( ၂ )  သက်ဆိုင်ရာပြည်နယ်၏ဥက္ကဌသည် ပြည်နယ်ကောင်စီ၏ဆုံးဖြတ်ခြင်းကို နိုင်ငံတော်သမတအား အကြောင်းကြားရမည်။ ထို့ပြင် အတည်ပြုလိုက်သောကောင်စီ၏ သဘာပတိကဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးသောဆုံးဖြတ်ချက်မိတ္တူတ စောင်ကို နိုင်ငံတော်သမတထံသို့ ပြည်နယ်ဥက္ကဌက တင်ပြရမည်။

၂၀၄။ ။ ထိုအခါ နိုင်ငံတော်သမတသည် သက်ဆိုင်ရာပြည်နယ်၏ လူထုဆန္ဒပွဲကို ကျင်းပစေရန်အမိန့်ထုတ်ရမည်။ လူထုဆန္ဒ ပွဲကိုကျင်းပခြင်းမှာသက်ဆိုင်ရာပြည်နယ်ရှိ ပြည်သူတို့၏ ဆန္ဒအမှန်ကို သိရှိနိုင်ရန်ဖြစ်သည်။

၂၀၅။ ။ နိုင်ငံတော်သမတသည် လူထုဆန္ဒပွဲကော်မရှင်တဖွဲ့ကို ခန့်ရမည်။ ထိုအဖွဲ့တွင် ပြည်ထောင်စုနိုင်ငံမှလည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်မှလည်းကောင်း၊ ကိုယ်စားလှယ်ဦးရေ အညီအမျှပါဝင်ရမည်။ ထိုအဖွဲ့သည် လူထုဆန္ဒပွဲကို ကြီးကြပ် စီမံရန်ဖြစ်သည်။

၂၀၆။ ။ ဤအခန်းရှိ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အဆိုပါခွဲထွက်နိုင်သောအခွင့်အရေး အသုံးပြုခြင်းနှင့်စပ်လျ ဉ်း သော ကိစ္စအားလုံးကို ဥပဒေဖြင့် စည်းမျဉ်းသတ်မှတ်ရမည်။"

ဟူ၍ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ တွင် ပုဒ်မ ၂၀၁ မှ ပုဒ်မ ၂၀၆ အထိ ပုဒ်မ ၆ ခုဖြင့် သီးသန့်ဖေါ်ပြပါသည်။

၁၉၄၇ အခြေခံဥပဒေအရ ပြည်နယ်များ၏ခွဲထွက်နိုင်သောအခွင့်အရေးသည် ဥပဒေကြောင်းအရလည်းကောင်း၊  လူထုအ များစု ဆန္ဒပေါ်တွင်လည်းကောင်း၊ အခြေပြုဆုံးဖြတ်သည်။ ခွဲထွက်နိုင်သောအခွင့်အရေးသည် လူတစု တပါတီ၏ဆန္ဒပေါ်၌ မတည်မှီခဲ့ပေ။ လူထုကရွေးချယ်ထားသော အမတ် သုံးပုံနှစ်ပုံက ထောက်ခံရမည့်ပြင် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီး အဆုံးအ ဖြတ်ယူရမည်ဖြစ်သည်။ ဤကဲ့သို့သော အခြေခံဥပဒေပါ ခွဲထွက်နိုင်သော အခွင့်အရေးကိုလက်တွေ့အသုံးချသည့်ကို ခေတ်သစ်ဗြိတိန်နိုင်ငံတွင် တွေ့ရှိရပါသည်။

● ပေါင်းစည်းထားသောနိုင်ငံနှင့် ခွဲထွက်နိုင်သည့်အခွင့်အရေး
အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ အိုင်ယာလန်တို့ကဲ့ပေါင်းစည်းထားသော ဂရိတ်ဗြိတိန်၏ဖွဲ့စည်းပုံတွင်လည်း ခွဲထွက်နိုင် သောအခွင့်အရေးပါသည်။ နှစ်ပေါင်း ၃၀၀ ကျော် အင်္ဂလန်နှင့်ပေါင်းစည်းလာသော စကော့တလန်သည် ဂရိတိဗြိတိန်မှ ခွဲ ထွက်ရန် စကော့ပါလီမန်တွင် မဲခွဲဆုံးဖြတ်အနိုင်ရခဲ့သည်။ သို့ဖြစ်ရာ ဗြိတိသျှပါလီမန်က ဥပဒေရေးဆွဲ၍ လူထုဆန္ဒခံယူပွဲ တရပ်ကို ၂၀၁၄ တွင် စကော့တလန်၌ ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲမတိုင်မှီ ခွဲရေး တွဲရေးအတွက် အပြိုင်အဆိုင် မဲ ဆွယ်စည်းရုံးခဲ့ကြသည်။

ရွေးကောက်ပွဲရလဒ်အရ ခွဲထွက်ရေးက ရှုံးသည်။ ဆက်လက်ပေါင်းစည်းရေးက အနိုင်ရသည်။ စကော့တလန်သည် ခွဲမ ထွက်နိုင်ခဲ့ပေ။ ဤအတွေ့အကြုံမှသိနိုင်သည်မှာ ခွဲထွက်နိုင်သည့်အခွင့်အရေးသည် လူမျိုးတခု၏ အခွင့်အရေးဖြစ်သည်။ အခွင့်အရေးရှိတိုင်း အားလုံးက ခွဲထွက်လိုကြသည်မဟုတ်ဟု ဆိုရမည်။ ထို့ပြင် ခွဲထွက်သည် မခွဲထွက်သည်က တပိုင်း ဖြစ်သည်။ အခွင့်အရေးကို အသိမှတ်ပြုခြင်းက တပိုင်းဖြစ်သည်ဟု ဆိုရပါမည်။

၁၉၄၇ အခြေခံဥပဒေတွင် ခွဲထွက်နိုင်သောအခွင့်အရေးအား ထည့်သွင်းထားခြင်းသည် အင်္ဂလန်ကဲ့သို့ ပါလီမန်ဒီမိုကရေစီ နိုင်ငံကြီးနှင့်အပြိုင်ဟု ဆိုနိုင်ပါသည်။

● ပင်လုံကတိကဝတ်နှင့် ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၄၈ လွတ်လပ်ရေးရပြီးသည်မှစ၍ ၁၉၆၂ မတ်လ ဗိုလ်နေဝင်းအာဏာသိမ်းသည်အထိ ၁၄ နှစ်တိတိ တရားဝင်ဖြစ်သည်။ အာဏာသက်ရောက်သည်။ သို့ဖြစ်ရာ အဆိုပါ ၁၉၄၇အခြေခံဥပဒေတည်မြဲနေစဉ်ကာလအတွင်း ခွဲထွက်နိုင်သောအခွင့်အရေးကိုပြောဆိုခြင်းသည် တည်ဆဲအခြေခံဥပဒေအတိုင်းဖြစ်သည်။ တည်ဆဲအခြေခံဥပဒေ၏ ပြဌာန်းချက်များအတိုင်း ဖြစ်သည်။ တည်ဆဲဥပဒေအတိုင်းဆောင် ရွက်ခြင်းဖြစ်သည်။ ဥပဒေအရ တရားဝင်သည်ဟု ဆိုရပေ ချိမ့်မည်။

သို့သော် ၁၉၆၂ ဗိုလ်နေဝင်းအာဏာသိမ်းသည်မှစ၍ ၁၉၄၇ အခြေခံဥပဒေသည် အဖျက်သိမ်းခံခဲ့ရသည်။ ၁၉၄၇ အခြေခံ ဥပဒေနှင့်အတူ တိုင်းရင်းသားပြည်နယ်များ ခွဲထွက်နိုင်သောအခွင့်အရေးလည်း ဖျက်သိမ်းခံခဲ့ရသည်။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းအနေနှင့် သူ၏လူကြီးလူကောင်းဆန်သော ပင်လုံကတိကဝတ်ကို ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့် သွင်းရေးဆွဲခြင်းဖြင့် သူ၏ကတိကဝတ်ကို ကျေပြွန်ခဲ့သည်ဟု ဆိုနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ ၁၉၄၇ မေလတွင်ကျင်းပသော ဖဆပလပဏာမညီလာခံတွင် ထိုအခြေခံဥပဒေမူကြမ်းကို လက်ခံအတည်ပြုခဲ့ပြီး သူကွယ်လွန် သွားပြီးနောက်တွင်လည်း ထို ၁၉၄၇ အခြေခံဥပဒေသည် ၁၄ နှစ်တာ ဆက်လက်တည်တံ့ခဲ့ပေသည်။ ထို့ကြောင့် ပင်လုံ ကတိကဝတ်ကို ဖေါက်ဖျက်၍ ၁၉၄၇ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သူမှာ ဗိုလ်နေဝင်းသာဖြစ်သည်ဟု ဆိုရပေမည်။

● ခွဲထွက်ခွင့်နှင့် လက်ရှိကာလ
၁၉၆၂ မှစ၍ ယနေ့ကာလသည် မြန်မာစစ်ဖက်ခေါင်းဆောင်များကိုင်စွဲထားသည့်မူမှာ ခွဲထွက်ရေးကို ဆန့်ကျင်သည်။ ခွဲ ထွက်ရေးကို ခွင့်မပြု။ ခွဲထွက်ရန် ကြိုးစားခြင်းသည် ပြည်ထောင်စုအားဖြို ခွဲရန်ကြိုးစားခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို ပြိုကွဲရန်ကြိုးစားခြင်းအဖြစ် သဘောထားသည်။

သို့ဖြစ်ရာ ခွဲထွက်နိုင်သောအခွင့်အရေးမှာ ၁၉၆၂ မှစ၍ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသောကာလများတွင်လည်းကောင်း၊  ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေ အသက်ဝင်နေသောကာလများတွင်လည်းကောင်း၊  ခွဲ ထွက်နိုင်သော အခွင့်အရေးသည် ဥပဒေပဖြစ်သွားသည်။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များအရလည်းကောင်း၊ တည်ဆဲဖွဲ့စည်းပုံဥပဒေများအရလည်းကောင်း၊ ဥပဒေကြောင်းအရ တရားမဝင်တော့။ တရားဝင်အခွင့်အရေးမရှိတော့ဟု ဆိုရပေမည်။ ခွဲထွက်နိုင်သော အခွင့်အရေးကိုကျင့်သုံးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်နေပေတော့သည်။

ထို့အတူ ယခင်ကာလက သီးခြားသမတနိုင်ငံ ဖက်ဒရေးရှင်းနိုင်ငံခွဲထွက်ရန်တောင်းဆိုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း အဆိုပါတောင်းဆိုချက်နေရာတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်အခွင့်အလမ်းများကို ပြောင်း လဲတောင်းဆိုလာသည်ကို တေ့ရသည်။ တိုင်းရင်းသားလူမျိုးတဦးချင်းအနေနှင့် ခွဲထွက်နိုင်သည့်အခွင့်အရေးကို လိုလား ကောင်းလိုလားနိုင်သော်လည်း ခွဲထွက်ရေးကို ရည်မှန်းချက်ထားသည့်တိုင်းရင်းသားပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ယနေ့အချိန်တွင် မရှိသလောက်ဟုဆိုနိုင်ပါသည်။ အခြေအနေ အချိန်အခါနှင့်ဆိုင်မည် ထင်ပါသည်။

● နိဂုံး
မိမိ၏ ဆောင်းပါးသည် ပင်လုံစာချုပ် ပင်လုံကတိကဝတ်နှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ခွဲထွက်နိုင်သောအခွင့်အရေး တို့နှင့်ပတ်သက်သော သမိုင်းအချက်အလက်များအား လက်လှမ်းမှီသမျှ ပြန်လည်သုံးသပ်ခြင်းမျှသာဖြစ်ပါသည်။ အတိတ် ကာလက တိုင်းရင်းသားလူမျိုးခေါင်းဆောင်များလွတ်လပ်ရေးအတွက်အတူတကွ လက်တွဲကြိုးပမ်းခဲ့ကြသည့် သမိုင်းစာ မျက်နှာများ တိုင်းရင်းသားတန်းတူရေးအတွက် ဉာဏ်အမြှော်အမြင်ကြီးစွာ ဆောင်ရွက်လုပ်ဆောင်ချက်များမှ ကျွန်ုပ်တို့အ တွက် တန်ဖိုးရှိသော သင်္ခန်းစာများ ရနိုင်လိမ့်မည်ဟု ယူဆပါသည်။

ပြီးပါပြီ
Mg Mg Soe (မောင်မောင်စိုး)