ဆောင်းယွန်းလ ● ဒါကြောင့်ပဲ… ငါ အိမ်မပြန်ဖြစ်တာကြာပေါ့

 ဆောင်းယွန်းလ ● ဒါကြောင့်ပဲ… ငါ အိမ်မပြန်ဖြစ်တာကြာပေါ့
(မိုးမခ) မေ ၂၁၊ ၂၀၁၆

ပေါက်နေတဲ့ ပါးစပ်ပေါက်တွေကို အလုံပိတ်ထား
လုံးနေတဲ့ မျက်လုံးတွေကို ဇွတ်မှိတ်ထား
နားနားနေနေ နားရွက်တွေကို ဘယ်မှမစွင့်နဲ့
ဖြစ်နိုင်ရင် မင်းတို့ လက်တွေ လေထဲကချထားလိုက်
ပြီးရင်…လေတချက်အဝှေ့ရွေ့နေတဲ့
လှိုင်းကြက်ခွပ်လေးတွေအပေါ်မှာ
ကီးမမှန်တဲ့သီချင်းကို အားနဲ့ မာန်နဲ့ ဆိုလိုက်ကြ
ဒါကြောင့်ပဲ… ငါ အိမ်မပြန်ဖြစ်တာကြာပေါ့…

 ဒီလောက်ဆိုရင် လုံလောက်ပြီတဲ့
အလုံလောက်ရောက်ရုံနဲ့တင်
တာမွေ သင်္ဃန်းကျွန်း ဥက္ကလာနဲ့ ကမ္ဘာ့အပြင်
အကုန်ဇွတ်ညွှန်းပြီး ဇွတ်တင်တော့တာပဲ
ယုံအောင် ကျားရုပ်ဆွဲပြလည်း
ယုံချင်ချင် မယုံချင်ချင် ယုန်လို့ပဲထင်လိုက်ကြ
ဒါကြောင့်ပဲ… ငါ အိမ်မပြန်ဖြစ်တာကြာပေါ့ …

ပြောပြန်တော့လည်း ခင်ဗျားက အနေသာကြီးပါတဲ့
အဝေးကွင်းပဲ ကန်ကန်
အိမ်ကွင်းပဲ ကန်ကန်
ဘောလုံးကို ဂိုးပေါက်တည့်အောင် ကန်ရတာချည်းပဲ
ခေါက်ဆွဲစားတယ်ဆိုတာ
ကိုယ့်အရည်အချင်း ကိုယ်ရောင်းစားပစ်လိုက်တာနဲ့ အတူတူပဲ
ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်
အောင်မင်းထက်လွန်တဲ့ အောင်မင်းတွေ
အဖြစ်က အဖြစ်အတိုင်းနဲ့ အပျက်က အပျက်အတိုင်း
ဒါကြောင့်ပဲ… ငါ အိမ်မပြန်ဖြစ်တာကြာပေါ့…

လောကမှာ
ဘာမှလွယ်လွယ်နဲ့ အလကားမရဘူးဆိုတာ
အားလုံးသိသလို ငါလည်း သိတာပေါ့
လိုချင်တဲ့ အစိုးရ အလကားမရဘူးဆိုတာ
လိုချင်တဲ့ မီး အလကားမရဘူးဆိုတာ
လိုချင်တဲ့ ရေ အလကားမရဘူးဆိုတာ
လိုချင်တဲ့ ဘာဘာညာညာ ရာသီဥတုကအစ အလကားမရဘူးဆိုတာ
ဘယ်သူပြောသလဲ
ပြေပြေလည်လည်ပြောရင်
လေယာဉ်ပျံတောင် အလကားစီးလို့ရတယ်ဆိုတာ
မပြေလည်ရင်
ပြေပြေလည်လည်ပြောလည်း ထောင်ထဲတန်းရောက်နိုင်တာပဲ
ဒါကြောင့်ပဲ… ငါ အိမ်မပြန်ဖြစ်တာကြာပေါ့…

ငါ့မှာလည်း
လေယာဉ်လက်မှတ်မ၀ယ်ဖြစ်တဲ့ အကြောင်းစုံကို
သတ်ပုံမှန်အောင် ပြန်ရေးလိုက် ပြန်တွေးလိုက်နဲ့
နေ့တဓူဝ ကြားမိဖတ်မိသမျှတွေကို မေတ္တာပို့တလှည့် ဆဲတလှည့်နဲ့
ဒါနဲ့ပဲ…ငါ အိမ်မပြန်ဖြစ်ခဲ့တာ ကြာပေါ့….။

ဆောင်းယွန်းလ (မေ ၁၉၊ ၂၀၁၆)