ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အေးကျော်ကျော် - မီးလိုချင်သော စက်မှုဇုံမှ သူငယ်ချင်းဖတ်ဖို့

Aye Kyaw Kyaw




အေးကျော်ကျော် - မီးလိုချင်သော စက်မှုဇုံမှ သူငယ်ချင်းဖတ်ဖို့
(မိုးမခ) မေ ၃၁၊ ၂၀၁၆

စက်မှုဇုံ လုပ်ငန်းရှင်တွေ မီးမမှန်တော့ စိတ်တွေပျက်ကာ အစိုးရအဆက်ဆက်လက်ထက် တင်ပြခဲ့ကြပါတယ်။ အားလုံးက "နိုဝင်ဘာမှာ လာမှာလား၊ ဒီဇင်ဘာမှာ လာမှာလား" ပုံတွေပြောကာ မျှော်လင့်ချက်တွေ ပေးခဲ့ကြတယ်။ အခုလည်း အစိုးရသစ်ကို ထုံးစံအတိုင်း တင်ပြကြပါတယ်။

အစိုးရသစ်ကလည်း အစိုးရဟောင်း လုပ်ခဲ့သည့်နည်းအတိုင်း လျှပ်စစ်လုပ်ငန်း လုပ်သူများနှင့် စက်ရုံပိုင်ရှင်များ စုပေါင်းပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှပ်စစ်ထုတ်နိုင်ကြယင် ထုတ်ပြီးသုံးကြ။ ဒီအတွက် Proposal တွေ တင်ကြ။ ပြဿနာတွေ ပြောနေမယ့်အစား အဖြေတွေ တင်ပြကြပါဟု ဆိုပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက် လျှပ်စစ်အကြောင်း ကျွမ်းကျင်သူ ကိုအေးကျော်ဆီ ရောက်လာပါတယ်။

ကောင်းပြီ၊ ဒီလိုဖြင့် တစ်ချက်ခြင်း ဆွေးနွေးကြရအောင်
၁။ ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံ (IPP: Independent Power Producer) တွေက သူတို့ဖါသာ လောင်စာကို တစ်နည်းနည်းနဲ့ ရအောင်စီစဉ်ပြီး (ဥပမာ - LNG, HFO etc.) ဓာတ်အားထုတ်ခါ စက်မှုဇုံတွေကို မီးပေးမည်ဆိုပါစို့။ စက်ရုံတွေကလည်း ဝယ်ဖို့ သဘောတူသည် ဆိုပါစို့။

၂။ IPP လုပ်ငန်းများ၏ အဓိကအသက်ဖြစ်သော ဓာတ်အား အရောင်းအဝယ်စာချုပ် (PPA: Power Purchase Agreement) ကို IPP သမားက မည်သူနှင့် ချုပ်ရမည်နည်း။ ဥပဒေအရတော့ လျှပ်စစ်ဝန်ကြီးဌာနနှင့် ချုပ်ရပါမည်။ စက်မှုဇုံကော်မတီလောက်နှင့်တော့ IPP ကလူတွေ စာချုပ်မချုပ်ရဲပါ။ မခိုင်မာသည့်အတွက် ဖြစ်ပါသည်။

၃။ IPP တို့မည်သည် ၂၄ နာရီ (၂၄ နာရီနီးပါး) မီးထုတ်ကာ ရောင်းရပါသည်။ သို့မှ အမြတ်ရမည်ဖြစ်သည်။ စက်ရုံတွေ မလည်တော့သည့် ညအချိန်မှာ ထွက်လာသည့် မီးကို ဘယ်သူကယူပါမည်နည်း။ ဌာနနှင့်ချုပ်ပါက ဌာနက ရှင်းပေးရမည်ဖြစ်သည်။ ဌာနက တာဝန်ယူဖို့ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ဓာတ်အားခ ဈေးအပေါ်မူတည်ပါသည်။ စက်ရုံတွေက မီးစက်နှင့်လည်သည့်နှုန်းထက် သက်သာသည်ဆိုကာ ဈေးအမြင့်ဖြင့် ဝယ်နိုင်သော်လည်း တစ်တိုင်းပြည်လုံးနှင့် အလုပ်လုပ်နေရသည့် လျှပ်စစ်ဌာနအနေနှင့် ဝယ်ပေးဖို့ အခက်အခဲရှိပါသည်။ သေသေချာချာ ညှိနှိုင်းရမည့် ကိစ္စဖြစ်ပါသည်။ လွယ်လွယ်ကူကူ ဆုံးဖြတ်လုပ်ကိုင်၍ မရပါ။

၎။ IPP က စက်မှုဇုံကိုချည်း သီးသန့်ရောင်းမည်ဆိုပါက ညပိုင်းမရောင်းရသည့်အတွက် ကာမိအောင် ဓာတ်အားခများ တင်ထားမှ သူတို့အတွက် ကိုက်မည်ဖြစ်သည်။ စက်ရုံများ ပေးနိုင်ပါမည်လား။
(ငွေကြေးမျက်နှာပဲ ကြည့်ကြသော IPP အချို့ကတော့ ဘယ်သူ့အတွက်မှ မစဉ်းစားပဲ မီးမှန်ချင်ရင် ဘယ်လောက်ပေးပါ၊ လိုချင်ယင်တော့ ပိုပေးရမှာပေါ့ စသည်ဖြင့် ငွေတစ်ခုထဲ စဉ်းစားကာ ပေါ့ပေါ့တွေးပြီး ပြောနေကြသည်များလည်း ကြားနေရပါသည်။)

၅။ ဤသို့ဖြင့် IPP နှင့် စက်မှုဇုံ မဆုံနိုင်သေးသည့် မျဉ်းပြိုင်များ ဖြစ်နေကြပါသည်။

အကယ်၍ သူငယ်ချင်းပြောသလို နိုင်ငံခြားက စက်တွေကိုယ့်ဖါသာဝယ်၊ ကိုယ်ဖါသာ IPP လုပ်ပြီး ကိုယ့်စက်မှုဇုံ ကိုယ်ပေးမယ် ဆိုပါက . .
၆။ နည်းပညာအခက်အခဲပေါင်းများစွာ ကြုံကြရပါမယ်။ O&M လို့ခေါ်တဲ့ Operation & Maintenance ထိမ်းသိမ်းမောင်းနှင်ခြင်း ဆိုတာလွယ်သည့်ကိစ္စမဟုတ်ပါ။ အတွေ့အကြုံမရှိပါက လုပ်ငန်းဆုံးရှုံးနစ်နာမှုတွေ ကြုံနိုင်ပါတယ်။

၇။ ထားပါ။ ဒါတွေကို Manage လုပ်နိုင်တယ်ပဲထားပါတော့။ မီးအသုံးနည်းသည့် ညဖက်တွေမှာ လျှော့ချထားရမယ့် အခြေအနေတွေအတွက် ROI ကိုက်အောင် ဈေးပေါ၍ ရမည်မဟုတ်ပါ။

၈။ မိမိစက်မှုဇုံအတွင်းရှိ စက်ရုံအားလုံး မိမိတို့မီးကို မယူမနေရ ယူခိုင်း၍မရပါ။ သူတို့က ဈေးသက်သာသော အစိုးရမီး ပျက်သည့်အချိန်မှသာ ကိုယ့်မီးကို သုံးချင်မည်ဖြစ်သည်။ ထို့ကြောင့် မိမိစက်မှုဇုံကို ကိုယ်ဖါသာမီးပေးရန် ကိုယ့်လူတွေကိုယ် စည်းရုံးသည်နှင့်ပင် တစ်ယောက်တစ်ခွန်းနှင့် မလုပ်ဖြစ်ကြဖို့ များပါသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏ များလွန်းသည်ကလည်း မဖြစ်နိုင်သည့် အခြေအနေတစ်ခုဖြစ်စေပါသည်။

၉။ နိုင်ငံခြားတိုင်းပြည်များရှိ စက်မှုဇုံတချို့တွင် ကိုယ့်မီးစက်နှင့်ကိုယ် မီးပေးကြသည်များရှိပါသည်။ ကျွန်တော်တို့နှင့် အနေအထား မတူပါ။ သူတို့က စက်မှုဇုံကို စတင်အကောင်အထည် ဖေါ်ကတည်းက စက်မှုဇုံအကောင်အထည်ဖေါ်သူ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ Industrial Estate Developer က ကိုယ့်အစီအစဉ်နှင့်ကိုယ် မီးပေးမည်။ ဓာတ်အားခ ဘယ်၍ဘယ်မျှ ဖြစ်မည်။ မပျက်အောင် တာဝန်ယူမည်၊ လာသည့်မီး Quality ကောင်းရမည်၊ စသည်ဖြင့် အာမခံကာ စက်ရုံများက သဘောတူကြပြီး မြေဝယ်ယူကာ စက်ရုံဆောက်ကြခြင်း ဖြစ်ပါသည်။ အစကတည်းက သဘောတူ၍ လုပ်ကြခြင်း ဖြစ်ပါသည်။

၁ဝ။ ကျွန်တော်တို့က ဒီလိုမဟုတ်တာ အားလုံးသိပါသည်။ ထို့ကြောင့် တချို့ကယူမယ်၊ တချို့က မယူဘူး၊ တချို့က ပျက်မှယူမယ် ဖြစ်ကြလိမ့်မယ်။ အစိုးရကလည်း မင်းတို့ကို မီးဖြတ်မယ်၊ ကိုယ့်ဖါသာကိုယ် စီစဉ်ဆိုပြီးလည်း လုပ်လို့မရပါ။

၁၁။ သည်လိုနှင့် ကိုယ့်မီးစက်နှင့်ကိုယ်လည်မည့် အစီအစဉ်သည်လည်း အကောင်အထည်ဖေါ်ဖို့ ခက်လှပြီး စိတ်ကူးယဉ်အဆင့်သာသာ ဖြစ်ပါသည်။

ဒါဆိုယင် ဒီကိစ္စ ဘယ်လိုရှင်းကြမလဲ?
အင်မတန်ကောင်းသည့် မေးခွန်းဖြစ်ပါသည်။ အဖြေကလည်း ရိုးရှင်းလှပါသည်။ အင်္ဂလိပ်လိုပြောရယင် "Nothing much we can do." ပါ။ လောလောဆယ် ဘာမှလုပ်လို့မရပါ။

လျှပ်စစ်မီးဆိုတာ တိုင်းပြည်တစ်ခုလုံး နေရာအနှံ့ကွန်ယက်ကြီးနှင့် ချိတ်ဆက်ထားရသည့် လုပ်ငန်းကြီးပါ။ ဒါကြီးကို တစ်ပိုင်တစ်နိုင်၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်အစီအစဉ်နှင့်ကိုယ် ဟိုဟာလေးလုပ်လိုက် ဒီဟာလေးလုပ်လိုက် အချိန်တိုအတွင်း လုပ်၍မရပါ။ လုပ်၍ မဖြစ်မဟုတ်ပါ။ လုပ်ပါက ရေရှည်အကျိုးနဲတတ်ပါတယ်။ ဆေးမြီးတိုခေါ် Quick fix မရှိပါ။

ဒီလုပ်ငန်းဆိုတာ ပြည်ထောင်စုအစိုးရကိုယ်တိုင် အမျိုးသားစွမ်းအင်ပေါ်လစီ၊ အမျိုးသားစွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ စသည်တို့ကို ပညာရှင်များနှင့် ဖွဲ့စည်းကာ လျှပ်စစ်၊စွမ်းအင်ဝန်ကြီးဌာနက ကိုယ်ပိုင်သော်၎င်း ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွဲ၍သော်၎င်း အကောင်အထည်ဖေါ်ရသည့် လုပ်ငန်းကြီးပါ။ သူများတိုင်းပြည်များတွင် ဤကဲ့သို့လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

အဓိကပြောချင်သည်က လုပ်ရမည့်သူသည် ပြည်ထောင်စု အစိုးရသာဖြစ်သည်။ သူတို့ မလုပ်ပဲ ကိုယ်တွေက လိုက်လုပ်နေရခြင်းက နည်းလမ်းမကျပါ။ ရေရှည်အတွက်လည်း မကောင်းပါ။ ယခုကိုပဲ အချိန်တွေကုန်ကြရပါသည်။
ထို့ကြောင့် အကောင်းဆုံးကတော့ ပြည်ထောင်စုအစိုးရကို ဝိုင်းတင်ပြပါ။ ဝန်ကြီးဌာနနှင့်တွေ့ပါ၊ ဒေါ်ဆောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးထင်ကျော် စသည်တို့နှင့်တွေ့ပါ။ သူတို့တွေအတွက် ရှင်းရမည့် ပြဿနာအများကြီး ရှိတာမှန်ပါသည်။ ဥပမာ- အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားအရေး၊ နယ်စပ်မှခိုးဝင်သူများအရေး၊ မူးယစ်ပြဿနာ စသည် စသည်။

သို့သော် လျှပ်စစ်ဆိုတာလည်း တိုင်းပြည်အတွက် အင်မတန် အရေးကြီးသည့်ကဏ္ဍဖြစ်သည်ဆိုတာ သူတို့သိပါသည်။ သူတို့ စိတ်ဝင်တစား ဆွေးနွေးသင့်သည့် အရာဖြစ်ပါသည်။ သူတို့ကို ဆက်ဆက်တင်ပြပါ။ ပေါ်လစီတွေချဖို့ လမ်းစဉ်တွေချဖို့ ပြတ်ပြတ်သားသား ထိထိရောက်ရောက်လုပ်ဖို့ ပြောပါ။ မလုပ်နိုင်သူတွေကို ချန်ထားပြီး လုပ်နိုင်သူတွေ ရှာပြီးခန့်ဖို့ပြောပါ။

လောလောဆယ်တော့ လုပ်၍ရတာ များများစားစားမရှိပါဟု မြင်ပါသည်။ အယင်အတိုင်းပဲ ဖြစ်နေမှာ ဖြစ်ပါသည်။

ကျေးဇူးတင်ပါတယ်။

အေးကျော်ကျော်