ရိုးခက် ● လှိုင်း

 
ရိုးခက် ● လှိုင်း
(မိုးမခ) မေ ၁၅၊ ၂၀၁၆

သတ်ပုံတွေ
အမှားအမှန်သိဖို့
ရာသီဟာ
ခုအချိန်ထိ
နောက်ပြန်လည်ခွင့်မရဘူး
ပိတောက်ပန်းကလေးတွေ ပွင့်ဖို့
မိုးဖွဲလေးတွေ ကျပေးရတယ်
နွေဦးရာသီရောက်ဖို့
သစ်ရွက်ကလေးတွေ
တဖွဲဖွဲ ကြွေကျပေးရတယ်
မနက်ဖြန် ပိတောက်တွေ
ပွင့်တော့မှာလား နွေ
ပြုန်းတီးနေတဲ့စနစ်တခုကြောင့်
တောမီးတွေ မပြုန်းတီးခဲ့ဘူး
တောတွေတော့ ပြုန်ခဲ့တယ်
စနစ်တွေတုန်းခဲ့တယ်
အခုနွေဦးကတော့ လှနေတယ်
စိတ်တထင့်ထင့်နဲ့တော့ လှနေဦးမှာပဲ
ကံ့ကော်တွေဖူးနေပြီလေ
စိန်ပန်းပြာတွေ မြေမှာကြွေသွားခဲ့လေပြီ
အပြာရောင်ကောင်းကင်ကြီးက ဖြူစင်သန့်ရှင်းလို့
အရောင်တွေလက်နေတယ်
ဖိတ်ဖိတ်တောက်နေတဲ့
ဟောဒီရာသီဟာ
မနက်ဖြန်အတွက်
တံခါးတွေဖွင့်ထားလျက်  ။  ။
                                       
ရိုးခက်
20.4.2016