သစ်ထူးဆက် - ဝန်

art - Than Htay Maung


သစ်ထူးဆက် - ဝန်

(မိုးမခ) ဇွန် ၁၊ ၂၀၁၆

စုံစီနဖာများစုထည့်ထားသော ကျွတ်ကျွတ်အိတ်အလေးကြီးကိုသယ်၍ ဥဒဟိုလျှောက်သွားနေသော စိတ်ဝေဒနာရှင် အမျိုးသမီးကြီးနှင့် ကျွန်တော်မကြာခဏ လမ်းမှာဆုံမိသည်။ ဆုံမိတိုင်းလည်း လေးပင်သော သူမ၏ ကျွတ်ကျွတ်အိတ်အလေးကြီးကိုကြည့်ရင်း ကျွန်တော့်စိတ်ထဲ လေးပင်သွား လေ့ရှိသည်။ သူမ၏ကျွတ်ကျွတ်အိတ်ကြီးထဲတွင် ပုလင်းခွံများ သစ်သားအပိုင်းအစများ အရုပ်များ ကျောက်စရစ်ခဲများနှင့် အလှပြင်ပစ္စည်း အဟောင်းများရှိသည်။ ထိုအမျိုးသမီးကြီးနှင့်ရင်းချာသောလူတချို့က ကရုဏာဖြင့်ကျွတ်ကျွတ်အိတ်ကြီး လွယ်မသွားဖို့ပြောတိုင်း သူမကတော့ ခါးခါးသီးသီး ငြင်းဆန်မြဲ။ အိတ်ထဲမှာဘာတွေပါလို့တုန်းဟု ရင်းနှီးသော လူတချို့ကမေးလျှင် တန်ဖိုးရှိတာတွေပါတယ်ဟု တုံးတိတိ ပြန်ဖြေတတ်သည်။ ထို့နောက်သူမ၏ကျွတ်ကျွတ်အိတ်ကြီးကို တယောက်ယောက်လုယူသွားမှာစိုးသည့်အလား သူမ၏ကျွတ်ကျွတ်အိတ်ကြီးကို ခပ်တင်းတင်းဆုပ်ကိုင်ထားတော့သည်။ သူမကိုတွေတိုင်း ထိုကျွတ်ကျွတ်အလေးကြီးကို လွယ်လျက်သားချည်းပဲ ဖြစ်သည်။ လေးလံသောကျွတ်ကျွတ်အိတ်ကြီးကို ဝန်ထုပ်ဝန်ပိုးအဖြစ် သူမခံစားမိပုံမရ။ ဗိုက်ဆာလျှင် တယောက်ယောက်ထံ တောင်းမည်။ ရေဆာလျှင် ရေအိုးစင်မှခပ်သောက်မည်။ အိပ်ချင်လျှင် ကြုံရာနေရာလှဲအိပ်လိုက်မည်။ သူမမှာလေးလံသောဝန်ထုပ်ဝန်ပိုးများမရှိ။ သောကဝန် များ မနိုင်ဝန်များထမ်းထားရခြင်း မရှိပေ။ စိတ်ဝေဒနာရှင်မို့သူမအတွက်ထွေထွေထူးထူး ဝန်ထုပ်ဝန်ပိုးများမရှိသော်လည်း ပုံမှန်အသိစိတ်နှင့် လူများကတော့ လေးပင်သောဝန်တခုခု ထမ်းကြရမြဲဖြစ်သည်။ လူသားတယောက်အနေဖြင့် နိစ္စဓူဝလုပ်ငန်းတာဝန်များ အိမ်ထောင့် တာဝန်များကိုထမ်းချင်သည်ဖြစ်စေ မထမ်းချင်သည်ဖြစ်စေ ထမ်းပိုးကြရသည်။ သက်ကြီးရွယ်အိုများ ရောဂါဝေဒနာခံစားနေရသောလူများပင်လျှင် အနည်းဆုံး မိမိခန္ဓာဝန်ကိုတော့ဖြင့် မထမ်းထားချင်၍မရ။ စီးပွားရေးသမားများ အနုပညာရှင်များ အားကစားသမားများ ကျော်ကြားသူများအဖို့ကား ဆိုဖွယိရာမရှိတော့။ ငွေကြေးချမ်းသာလေလေ သောကဝန်ထုပ် ပိုကြီးလေလေ၊ အောင်မြင်ကျော်ကြားလေလေ စိတ်ဖိစီးမှု ဝန်တွေပိုပိလေလေ ဖြစ်သည်။ ကမ္ဘာကျော်ညှို့မင်းသမီး မာရီလင်မွန်ရိုးတယောက် နုနယ်ပျိုမျစ်ဆဲအရွယ်မှာ လူ့လောကကိုကျောခိုင်းသွားခဲ့ခြင်းဟာ သူမအပေါ်ပိနေတဲ့ မနိုင်ဝန်များ သောကဝန်ထုပ်ဝန်ပိုးများကို လွှတ်ချခဲ့ခြင်းများ ဖြစ်မလား ကျွန်တော်စဉ်းစားကြည့်မိသည်။ ဝန်ဆိုလျှင် မည်သည့်ဝန်ပဲ ဖြစ်ဖြစ် လေးပင်သည်ကတော့ အမှန်ပဲဖြစ်သည်။ လူ့ဘဝကိုရောက်ရှိလာခြင်းကိုက လေးပင်သောတာဝန်ဝတ္တရားများထမ်းရွက်ဖို့ဖြစ်သည်။ ဒါမှလည်း လူပီသမည်။

**********

မြင့်မားမတ်စောက်သောတောင်ကမ်းပါးယံတခုကို သားအဖသုးံယောက် အတူတကွ တက်ကြ သည်။ သီချင်းလေးတအေးအေးစကားလေးတပြောပြော ကြည်နူးမူကိုယ်စီရှိနေကြစဉ် ချွတ်ချော်မူ တခုကြောင့် သားအဖသုးံယောက် ဟန်ချက်ပျက်သွားသည်။ တယောက်ကိုတယောက် ချည်နှောင် ထားသောတောင်တက်ကြိုးများကြောင့်သာ သားအဖသုးံယောက် တောင်အောက်ကို တဟုန်ထိုး ကျမသွားခြင်းဖြစ်သည်။

သို့သော် တွဲလောင်းကျနေသော တောင်တက်ကြိုးမှာ သားအဖသုးံယောက်၏ အလေးချိန်ကို ကြာရှည်မထိန်းထားနိုင်တော့သဖြင့် တအိအိဆင်းလာနေသည်။ ဝန်နှင့်အားက မမျှသဖြင့် သိပ်မကြာခင် သားအဖသုံးယောက်စလုံး တောင်အောက်ကိုကျ၍ သေဆုးံရတော့မည့် အခြေအနေဖြစ်သည်။ သမီးငယ် အန်နီက အပေါ်၊ သားပီတာက အလယ်၊ အဖေကတော့ အောက်ဆုးံမှာဖြစ်သည်။ အဖေကအခြေအနေကိုရိပ်စားမိသဖြင့် သားဖြစ်သူပီတာကို အော်ပြောလိုက်သည်။ ကြိုးဖြတ်ချလိုက်သား… ပီတာကကြိုးကိုမဖြတ်ရက်။ အပေါ်ဆုးံမှ သမီးငယ်အန်နီကလည်း မျက်ရည်စက်လက်နှင့် ခေါင်းခါယမ်းသည်။ နောက်ဆုးံ သားနှင့်သမီး အသက်ရှင်သန်ရေးအတွက် အဖေသည် ဓားတချောင်းနှင့် ကြိုးကို မိမိကိုယ်တိုင် ဖြတ်ချလိုက်တော့သည်။

ဒါကVertical limit အမည်ရှိသောရုပ်ရှင်ကားမှ အဖွင့်ဇာတ်ဝင်ခန်းဖြစ်ပါသည်။ တကယ်လို့ ဖခင်ဖြစ်သူသာ ကြိုးကိုမဖြတ်ချခဲ့လျှင် ပီတာနှင့် အန်နီအသက်ရှင်စရာအကြောင်းမရှိ။ ချစ်ခြင်းအားဖြင့် လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရရှာသော မိဘများကို တွေ့မြင်ရတိုင်း Vertical Limit ရုပ်ရှင်ဇာတ်ကားထဲမှ ကြိုးဖြတ်ချခဲ့သောပီတာနှင့် အန်နီတို့၏အဖေကို ကျွန်တော်သတိရစမြဲဖြစ်သည်။

နောက်ထပ် ဝန်ထုပ်ဝန်ပိုးတခုအကြောင်းကို ထပ်ပြောပြချင်ပါသေးသည်။ ရုပ်ရှင်ကား နာမည်ကိုတော့ မမှတ်မိတော့ပါ။ အသက်အရွယ်အိုမင်းသော ဇနီးမောင်နှံနှစ်ဦးရှိသည်။ အဘွားအိုက လမ်းမလျှောက်နိုင်တော့သဖြင့် လင်ယောကျာ်းဖြစ်သူ အဘိုးအိုကသာ ဇနီးသည်၏ ဝေယျာဝစ္စကို ပြုလုပ်ပေးနေရသည်။ အဝေးမှာရှိသောသမီးတယောက်ကလည်း သူ့အိမ်ထောင်နှင့် သူဖြစ်၍ တခါတရံမှသာလာနိုင်သည်။ ဇနီးသည်၏စားရေးသောက်ရေး အဝတ်အထည် လဲလှယ်ပေးသည့်ကိစ္စအဆုံး အဘိုးအို၏တာဝန်များသာဖြစ်သည်။ အဘွားအိုက ကျန်းမာရေးက လည်းမကောင်း စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အခြေအနေဖြစ်၍ ဒေါသပဲထွက်နေသည်။ အဘိုးကြီးက စိတ်ရှည်သော်လည်း အဘွားကြီးက အလိုမကျသည်က များသည်။ အဘွားအို၏အခြေအနေက တနေ့ထက်တနေ့ ဆိုးရွားလာသည်။ အစာကို ကောင်းကောင်း မစားချင်တော့။ တခုခုကျွေးဖို့အရေး အဘိုးအိုတော်တော် အချိန်ယူရသည်။ တရက်တော့ အဘိုးအိုရေတိုက်နေစဉ် အဘွားအိုက ထွေးထုတ်ပစ်လိုက်သည်။ အဘိုးအို တော်တော်ဒေါသထွက်သွားသည်။ ခံနိုင်ရည်တံတိုင်း ကျိုးပေါက်သွားသော အဘိုးအိုသည် အလွန်မိုက်မဲသောအပြုအမူတခုကို လုပ်မိသည်။ ဇနီးသည်၏ မျက်နှာကို ခေါင်းအုးံနှင့် အတင်းဖိထားလိုက်သည်။ ငြိမ်ကျသွားသောဇနီးသည်ကိုကြည့်ရင်း အဘိုးအို သွေးပျက်သွားမိသည်။ အသက်မဲ့နေသောဇနီးသည်အနားမှ အဘိုးအိုထွက်ခွာလာခဲ့သည်။ ထို့နောက် အခန်းအပြင်ထွက်ကာ နှင်းဆီပန်းတစည်း သွားဝယ်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ နှင်းဆီပန်းများကို အရွက်ခြွေသည်။ ကပ်ကျေးနှင့်လှလှပပညှပ်သည်။ မွေ့ယာပေါ်ရှိ ထာဝရအိပ်စက်သွားပြီဖြစ်သောဇနီးသည်၏ဘေးတွင် နှင်းဆီပန်းများကို လှလှပပပြင်ဆင်သည်။ အရေးထဲ ရပ်ဝေးမှ သမီးရောက်လာသည်။ အမေနှင့်တွေ့ချင်သည်ဆို၍ အဘိုးအိုက အမေနေမကောင်း၍သမီးကိုလက်ခံစကားပြောနိုင်မှာမဟုတ်ကြောင်း လိမ်ပြောခဲ့သည်။ သမီးငယ်က ဖခင်၏စကားကို ဘဝင်မကျသော်လည်း ဘာမှပြန်မပြောပဲပြန်သွားခဲ့သည်။ အဘိုးအို အခန်းတွင်းသို့ပြန်ဝင်လာသည်။ နှင်းဆီပန်းများဝေဆာနေသောမွေ့ယာပေါ်မှဇနီးသည်ကို အဘိုးအို ငေးကြည့်နေမိသည်။ အဘိုးအို၏ မျက်လုးံအတွင်း၌ကား မျက်ရည်စများတွဲခိုလျက်။ ရုပ်ရှင်က ဤတွင်အဆုးံသတ်ထားသည်။ ရုပ်ရှင်က နောက်ဆက်တွဲပြဿနာများ၏အဖြေကို လုးံဝမပေးထားပဲ ဇာတ်သိမ်းထားသည်။ ကျွန်တော်ကတော့ အဘိုးအို၏ လုပ်ရပ်ကို မှန်သည်မှားသည် မသုံးသပ်လိုပါ။ နိစ္စဓူဝလူပမာဇနီးသည်၏ဝေယျာဝစ္စများကိုလုပ်ကိုင်နေရသော အဘိုးအို၏ပခုံးပေါ်မှ လေးလံသော ဝန်ထုပ်ဝန်ပိုးတခုကို မြင်တွေ့မိသည်။ ချစ်ခင်မြတ်နိုးစွာဖြင့် နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့သော ဇနီးသည်ကို ဝန်ထုပ်ဝန်ပိုးတခုအဖြစ် ယူဆခဲ့မိသလား ကျွန်တော်မပြောတတ်ပါ။

*********

ကျွန်တော်တို့သည် ဝန်တခုမဟုတ်တခုကို ထမ်းပိုးထားရင်း ခရီးဆက်နေရသောသံသရာ ခရီးသွား များ ဖြစ်သည်။ ရခဲလှစွာသောလူ့ဘဝတွင် ခန္ဓာတခုရရှိခဲ့ပြီဖြစ်၍ ထိုခန္ဓာဝန်ကို ရှင်သန်ရန် ဆက်လက်ကြိုးပမ်းနေရဦးမည်။ ခန္ဓာကိုယ်အတွက် လုံလောက်သောအာဟာရ အရှက်လုံဖို့ အဝတ်အထည် ရာသီဥတုဒဏ် ခံနိုင်ဖို့ နေစရာနေရာ စသည်တို့အတွက် လူ့ဘဝတွင် ရုန်းကန်နေကြရဦးမည်။ လောကုတ္တရာအမြင်အရ ရုပ်ခန္ဓာတခုရရှိလာခြင်းကိုက ဒုက္ခများအစပြုရာ ဖြစ်သော်လည်း လူပီသသော ကျွန်တော်တို့ကတော့ လေးလံသောဝန်ထုပ်များကို မငြီးမငြူ  ထမ်းပိုးနေဦးမည်သာဖြစ်လေသည်။ ။