လောကပါလ ● ဒေါ်နယ့်စိတ်ဓာတ် - အပိုင်း (၅)

လောကပါလ ● ဒေါ်နယ့်စိတ်ဓာတ် - အပိုင်း (၅)
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၆

[၁၀]
● သူ့ဓာတ်ခံ
စိတ်ပညာသမားများအဖို့ရာ ဒေါ်နယ်ထရန့်အကြောင်းကို အတ္တဘာဝ ဆိုသောစကားလုံးမပါဘဲ ပြော၍မရနိုင်။ ဗင်နတီဖဲ (Vanity Fair) မဂ္ဂဇင်းအတွက် ဒေါ်နယ်ထရန့်၏ ကိုယ်ရည်ကိုယ်သွေးကို အနှစ်ချုပ်ဖေါ်ပြပေးရန် မေးမြန်းမှုအပေါ် ဟားဗာ့ (Havard) စိတ်ပညာရှင် ဟောင်းဝါ့ဂါဒနာ (Howard Gardner) က ထင်ရှားသော အတ္တဘာဝသမားဟု တုန့်ပြန်ခဲ့၏။ လူတွင်ကျယ်လုပ်သော အမူအကျင့်များအကြောင်း စတမ်းဖတ်ပွဲများအား ဦးဆောင်ပြုလုပ်သူ ကုသရေးစိတ်ပညာရှင် ဂျော့ ဆိုင်မွန် (George Simon) က ဒေါ်နယ်ထရန့်သည် အလွန်တရာ ဂန္ဓဝင်မြောက်သည့်အတွက် သူ့အကြောင်း ဗီဒီယိုမှတ်တမ်း အပိုင်းအစများကို အလုပ်ရုံဆွေးနွေးပွဲ များတွင်အသုံးပြုရန် စုဆောင်းထားရသည်ဟုပြော၏။ အတ္တဘာဝအတွက် အကောင်း ဆုံးဥပမာပြစရာ ဒေါ်နယ်အပြင်အခြားမရှိဟု သူကဆိုသည်။ ဒီလိုမှမဟုတ်ရင် ကျွန်တော် သရုပ်ဆောင်တွေငှား သရုပ်ဖေါ်စာ တွေ ရေးနေရမှာပေါ့။ သူက မှန်ကန်လာတဲ့ အိပ်မက်တခုလိုပါပဲ။

ကျွန်ုပ်နေထိုင်ရာ ရှီကာဂိုမြို့ရှိ မီရှီဂန်ရိပ်သာလမ်းအတွင်း လမ်းလျှောက်လာသည့်အခါ မြစ်ကမ်းပေါ်၌ ထရန့် ဆောက်လုပ် ထားသော တောက်ပြောင်ကျော့ရှင်းသည့် မိုးမြော်အဆောက်အအုံကြီးကို မကြာမကြာရပ်၍ ငေးမောနှစ်သက်နေ တတ်၏။ သို့သော် ဘာကြောင့်များ အဆောက်အဦမျက်နှာစာတွင် ပေ ၂၀ အရွယ်အစား စာလုံးကြီးများဖြင့် သူ့နာမည်ကိုရေးထိုးထား ပါလိမ့်။ လူတိုင်းနီးပါးသိကြသလို ထရန့်က သူထိတွေ့သမျှ အရာတိုင်းကို သူ့နာမည်နှင့်တွဲဖက်ထားလေ့ရှိသည်။ ကာစီနို၊ အသားပြားကြော် မှသည် သူဌေးဖြစ်နည်းတွေ သင်ပေးပါသည်ဆိုသော တက္ကသိုလ်အထိ။ ထရန့်၏ ပြောစကားတိုင်း မိန့်ခွန်းတိုင်းမှာလည်း ကိုယ်ရေးအညွှန်း တွေစိမ့်ဝင်နေ၏။ ၁၉၉၉ ခုနှစ် သူ့ဖခင်၏ဈာပနအခမ်းအနား၌ သူထပြီးစကားပြော သောအခါ အဓိကအားဖြင့် သူ့အကြောင်းများသာ ဖြစ်လေသည်။ သူ့ဘဝမှာ အခက်ခဲဆုံးနေ့ဖြစ်သည် ဟူသောစကားဖြင့် စတင်သည်။ ဆက်လက်၍သူက ဖရဒ်ထရန့် (Fred Trump) ၏ အကြီးမားဆုံးအောင်မြင်မှုအကြောင်းကို ပြောသည်။ တောက်ပြောင်ထင်ရှားလူသိများသည့် သားတယောက်ကိုပြုစုပျိုးထောင်ခဲ့ခြင်းအကြောင်းပင် ဖြစ်သတည်း။ ထရန့်မိသားစု၏ မျိုးဆက် သုံးဆက် အတ္ထုပတ္တိ “သည်ထရန့်” (The Trumps) ကိုရေးသားခဲ့သူ ဂွင်ဒါဘလဲ (Gwenda Blair) ဖေါ်ပြခဲ့သည့် အတိုင်း ပထမဧကဝုစ်နာမ်စားများဖြစ်ကြသော ကျွန်တော် ကျွန်တော့်ကို ကျွန်တော်၏ တို့က သူ နှင့် သူ၏ တို့ကိုဖုံးကွယ် ထားကြသည်။ အခြားသူတွေက ဖရဒ်ထရန့် အမှတ်တရများအကြောင်းပြောကြားစဉ် (ဒေါ်နယ်) ထရန့်က ဖရဒ်ထရန့်၏ သူ့ (ဒေါ်နယ့်) အပေါ် ထောက်ခံချက်များ အကြောင်းကိုပြောသည်။

ရှေးဟောင်းဂရိတို့၏ဒဏ္ဍာရီတွင်ရုပ်ရည်ချောမောပြေပြစ်သော သူငယ်ကလေး နာစစ္စစ် (Narcissus) သည် ရေကန်ထဲမှ သူ့အရိပ်ကိုသူ သဘောကျလွန်းသဖြင့်ကန်တွင်းသို့ခုန်ဆင်းရာမှ သေပွဲဝင်ခဲ့ရလေသည်။ ပုံပြင်လေးက ခေတ်သစ် အတ္တ ဘာဝ သဘောတရား၏ ရှေးဟောင်းမူလပင်ရင်းဖြစ်၏။ မိမိကိုယ်မိမိ အလွန်အမင်းချစ်ခြင်း နှင့်အတူ နောက်ပါအရည် အချင်းများဖြစ်ကြသော ခမ်းနားကြီးကျယ်မှုနှင့် ပိုင်စိုးပိုင်နင်းစိတ်များပေါင်းရုံး စုစည်း သောအခါ အတ္တဘာဝ ပုံပေါ်လာသည်။ အဆင့်မြင့် အတ္တဘာဝသမားတို့မှာ သူတို့ကိုယ်သူတို့အပေါ် အမြဲတမ်း အာရုံကျလေ့ရှိသည်။ ကိုယ့်ကိုကိုယ် အဆက်အစပ်မရှိ ထပ်တလဲလဲရည်ညွှန်းတတ်ခြင်းသည် သူတို့၏ ထူးခြားသောကိုယ်ရေးစရိုက်လက္ခဏာတခု ဖြစ်လေသည်။ ထရန့်၏ဘဝ အတွင်း အတ္တဘာဝ၏အခန်းကဏ္ဍကို စဉ်းစားနိုင်ရန် လူမှုရေးသရုပ်ဆောင်မင်းသားကြီး၏ ဟန်ပန်ကိုကျော်လွန်၍ သူ့ဓာတ် ခံကို ကြိုးစားခန့်မှန်း ကြည့်မည်ဖြစ်သည်။ အဆင့်မြင့်ပရဘာဝနှင့် နိမ့်ကျသောသဘောညီမှုတို့သာမက ဆုံးဖြတ်ချက်ချမှတ်ရန် ကိုယ်ရေးအစီအမံများအားကျော်လွန်၍ ရှုမြင်ရမည်ဖြစ်၏။ ဒေါ်နယ်ထရန့် တကယ်အလိုရှိသည်မှာ အဘယ်အရာ ဖြစ်သနည်း။ သူတန်ဘိုးအထားဆုံး ဘဝရည်မှန်းချက်များကားအဘယ်နည်း။

နာစစ္စစ် က အရာအားလုံးထက် သူ့ကိုယ်သူပိုချစ်လို၏။ အားကောင်းသော အတ္တဘာဝသမားများသည် သူတို့ ကိုယ်သူတို့ပိုချစ်လိုကြသည့်အပြင် သူတို့အားသူများတကာတွေချစ်ကြခြင်းကိုလည်း သေလုမျောပါး အလိုရှိကြ၏။ အနည်းဆုံး သူတို့ကို သူများတွေ ချီးမွမ်းစေချင်သည်။ တော်သည် စွမ်းသည် လှပတင့်တယ်သည် ဟု မြင်စေချင်သည်။ ဘယ်လိုမှမမြင်သည့်တိုင် သူတို့ကိုကြည့်လျှင်တော်ပြီ။ အခြေခံဘဝရည်မှန်းချက်အဖြစ် ကိုယ့်မြင့်မြတ်မှုကို သူများတွေမြင်အောင်မြှင့်တင်ခြင်းဖြစ်၏။ “ကျုပ်က ပန်းသာကမ်းခြေ (Palm Beach) ရဲ့ အရှင်သခင်ဗျ” ဟု ထရန့်က ဂျာနယ်လစ် တင်မသီဘရိုင် (Timothy Brien) ကို ထရန့်နိုင်ငံတော် (Trump Nation) စာအုပ် ၂၀၀၅ ခုနှစ် အတွက် ပြောပြခဲ့သည်။ ကျော်ကြားသူနှင့်သူကြွယ်များစွာတို့ ထရန့်ပိုင် ပန်းသာကမ်းခြေ၏ ဂုဏ်ထူးဆောင် မာရာအလာဂို အိမ်ယာ (Mara-a-Lago  Estate) သို့ ရောက်ဖူးကြ၏။ “သူတို့အားလုံး ဒီမှာစားကြသောက်ကြတယ်ဗျာ၊ ကျုပ်ကိုမေတ္တာထားကြတယ်ဗျာ၊ ကျုပ်ကိုခယကြတယ်ဗျာ။ ပြီးတော့ ဒီက ပြန်ပြီး ကျုပ်ဟာကြောက်စရာကြီးလို့ပြောကြတယ်ဗျာ။” “ဘာပဲပြောပြော ကျုပ်ကအရှင်သခင်ပါပဲ”

[၁၁]
ထင်ရှားသော စိတ်သရုပ်ခွဲအဆိုရှင် ဟိန်းကိုဟွတ် (Heinz Kohut) က အတ္တဘာဝသည် စောစောပိုင်းကာလ၏ ချွတ် ယွင်းမှုဖြစ်ကြောင်း ငြင်းခုံခဲ့၏။ ကလေးဘဝ ကြီးကျယ်မြင့်မြတ်လိုစိတ် ဖူးပွင့်စကာလကို မိဘများကမြတ်နိုး တန်ဘိုးထားရန်ပျက်ကွက်ခြင်းကြောင့် တပါးသူထံရယူတောင်းခံရန် အသည်းအသန် လိုအပ်လာတော့သည်။ သို့ဖြစ်ရာ အတ္တဘာဝဓာတ်ခံ သည် အတွင်းစိတ်ဓာတ်မလုံခြုံမှုတရပ်ရပ်ကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူအချို့က ထောက်ပြကြ၏။ အချို့ကမူ အတ္တဘာဝပုံစံများနှင့်ပတ်သက်၍ အလျော်အစား သဘောမျိုး ယုတ်စွအဆုံးမရင့်ကျက်သောသဘောမျိုးပင် သတ်မှတ်ဘို့မလိုအပ်ဟု ငြင်းခုံခဲ့ကြသည်။ ဤအမြင်နှင့် လိုက်လျောညီစွာပင် ဒေါ်နယ်ထရန့်၏ငယ်ဘဝမှာ မိခင်ဖခင်တို့၏ချစ်ခြင်းမေတ္တာမှတပါး အခြားခံစားချက်ရှိသည်ဆိုသော ကိုယ်ရေးသမိုင်းအထောက်အထားမျိုး ကျွန်ုပ်မတွေ့မိပေ။ ထရန့်တို့ လို အတ္တဘာဝသမားများ ထင်ပေါ်မှုကိုရှာပြီးရင်းရှာနေကြဘို့ ကလေးဘဝမိသားစုအအတွင်းမှ အနုတ်လက္ခဏာ ဆောင် သော ခံစားချက်တို့၏ စေ့ဆော်မှုရှိရန်မလိုအပ်ချေ။ စင်စစ် သူတို့ကိုယ်၌က အတောမသတ်နိုင်ကြခြင်းသာ ဖြစ်၏။ မိဘများ ၏ ချီးမွမ်းအလိုလိုက်မှု ထက်သန်စွာအားပေးအားမြှောက်ပြုမှုတို့သည် ကလေးသူငယ်များနှင့်လူငယ်များ အတွက် စိတ် လုံခြုံမှု ပေးစွမ်းနိုင်ပါ၏။ ဒေါ်နယ်ထရန့်အတွက်မူ ထိုအရာတို့သည် သူ၏ ပူလောင်ပြင်းပြသော ရည်မှန်းချက်အပေါင်းတို့သို့ လောင်းထည့်အပ်သော ဒုံးဆီပမာသာ ဖြစ်ပေသည်။

အထက်တန်းကျောင်းမှာကတည်းက ထရန့်သည် နံပါတ်(၁) ဖြစ်လိုခဲ့၏။ နယူးယောက် တပ်တွင်းအကယ်ဒမီ (New York Military Academy) တွင် အထက်တန်းတက်ရောက်သင်ကြားခဲ့စဉ်က ကျောင်းမှာရော အတန်းထဲမှာပါ လူသိများသူဖြစ်သော် လည်း သူ့မှာနီးနီးကပ်ကပ်သူငယ်ချင်း တဦးမျှမရှိချေ။ အားကစားနည်းပြလည်းဖြစ် သူ့ကိုလေးစားသောအတန်းဖေါ်လည်းဖြစ်သူ တဦးက ‘သည်ထရန့်’ တွင် ပြန်ပြောင်းအမှတ်ရစွာပြောခဲ့သလို “ဒေါ်နယ်သည်အပြိုင်အဆိုင် အလွန်ပေါများသော ပတ်ဝန်းကျင်၌ အပြိုင်ဆိုင်နိုင်ဆုံး လူငယ်တယောက်အဖြစ် ထူးချွန်စွာ” ရပ်တည်နိုင်ခဲ့၏။ ကျောင်းတွင်အတော်ဆုံးအားကစားသမားဖြစ်ရန်နှင့် ရည်မှန်းချက်အကြီးမားဆုံး အနာဂါတ်လုပ်ငန်းအစီအစဉ်ရေးဆွဲရန်စသည့် ထူးချွန်လိုမှုတွေကသူ့ကို နှစ်နှစ်ကာကာသူငယ်ချင်းအဝန်းအဝိုင်းမျိုးနှင့် ကင်းကွာစေခဲ့သည်။ အားနည်းချက်နှင့် အထိခိုက်မခံနိုင်သည့်ကိစ္စရပ်များကို မြင်သာစေမည့် ရင်းနှီး ကျွမ်းဝင်မှုမျိုး သူမလိုချင်။

ပြည်ထောင်စု၏အမှုဆောင်ချုပ်ဖြစ်လာဘို့ စိတ်ကူးစိတ်သန်းရည်မှန်းချက်ရှိသူတိုင်းအတွက် အတ္တဘာဝသည် လုပ်ငန်းလို အပ်ချက် အစိတ်အပိုင်းတရပ်ပင်ဖြစ်သည်ဟု ထင်သူတို့ထင်စရာရှိသည့်တိုင် အမေရိကန်သမ္မတတို့၏ ထိုအတွက် စိတ်နေ စိတ်ထားမှာ ကျယ်ပြန့်စွာကွဲလွဲကြ၏။ ၂၀၁၃ ခုနှစ် စိတ်ပညာသိပ္ပံသုတေသန ဆောင်းပါးတပုဒ်တွင် အမူအကျင့်ဆိုင်ရာ သိပ္ပံပညာရှင်တို့က အမေရိကန်သမ္မတတို့ကိုယင်းတို့၏ “မြတ်သော အတ္တဘာဝ” (Grandiose Narcissism) စရိုက် လက္ခ ဏာအလိုက် တန်းစီဇယားဆွဲခဲ့ကြရာ လင်ဒန်ဂျွန် ဆင်ကပထမ သူ့နောက်မှနီးကပ်စွာ တက်ဒီရုစဗဲ့နှင့် အင်ဒရူးဂျက်ဆန်တို့ ရှိနေကြလေသည်။ ဖရန်ကလင်ရုစဗဲ့၊ ဂျွန်ကနေဒီ၊ နစ်ဆန်နှင့် ကလင်တန်တို့က သူတို့နောက်မှာရှိကြ၏။ မေလာ့ဖီမိုး (Millard Fillmore) မှာအနိမ့်ဆုံးဖြစ်သည်။ အဆိုပါဇယားကို သမ္မတအသီးသီး၏ လုပ်ရည်ကိုင်ရည် ဗဟိဒ္ဓညွှန်းကိန်း (objective indices) များနှင့် ဆက်စပ်လိုက်သောအခါ သမ္မတတို့တွင်ရှိသောအတ္တဘာဝသည် နှစ်ဘက်သွားဓား ပမာအ လားဟု ပညာရှင်များတွေ့ရှိကြလေသည်။ အပေါင်းဘက်တွင် မြတ်သောအတ္တဘာဝသည် ဥပဒေပြုရန် ရှေ့ဆောင်ခြင်း၊ လူထုကိုသိမ်းသွင်းခြင်းနှင့် ရာဇဝင်ဆရာများအလို ကြီးမြတ်ခြင်း တို့ဖြင့်ပြည့်စုံပြီး အနုတ်ဘက် တွင်မူ ကျင့်ဝတ်မဲ့အပြုအမူနှင့် ကွန်ဂရက်၏ပြစ်တင်ရှုတ်ချမှု အဆုံးအဖြတ်များ ပါဝင်ပတ်သက်နေကြသည်။

လုပ်ငန်း၊ အစိုးရ၊ အားကစားနှင့်အခြားသောနယ်ပယ်တို့တွင် အတ္တဘာဝမြင့်မားစွာကြီးစိုးသမျှ ထိုသူတို့သည် ကိုယိ့ကိုကိုယ် လွန်စွာအထင်ရောက်တတ်ပြီး မနှစ်မြို့ဘွယ်အမူအကျင့်ရှိလည်းတတ်ကြ၏။ ကျွန်ုပ်အမြင်အရ စတိဂျော့ (Steve Jobs) သည် မြတ်သောအတ္တဘာဝနှင့်ဆက်စပ်ပါက ထရန့်နှင့် အူမချေးခါးကအစ တူသူဖြစ် လေသည်။ လုပ်ဖေါ်ကိုင်ဖက်တွေ လက်အောက်ငယ်သားတွေ သူငယ်ချင်းတွေကို နှိပ်စက်သည်။ အသက် ၂ရ နှစ်အရွယ် တိုင်းမဂ္ဂဇင်းကသူ့ကို ထိုနှစ်၏လူသား (Man of the year) အဖြစ်မရွေးချယ်ကြောင်း သိရသည့်အခါ ငိုကြွေးသည်။ ၂၀၁၀ ခုနှစ် အိုင်ပဒ် (iPad) စတင်ထုတ် လုပ်မှုအပေါ် သမ္မတအိုဘားမား၏ အရာရှိချုပ် ရမ်အမင်နျူ (Rahm Emanuel) က တယ်လီဖုန်းဆက်၍ဂုဏ်ပြုစကားပြောသည့်အပေါ် (သမ္မတကိုယ်တိုင် မပြောရကောင်းလားဟု) စိတ်ပျက်သည်။ ထရန့်နှင့်မတူသည်မှာ သူကသားသမီးများအရေးကိုအောက်ခြေသိမ်း လျစ်လျူပြုသည်။ ၎င်းတို့အနက်တဦးကို ကာလအတန်ကြာ သူ့ရင်သွေးအဖြစ်ပင် အသိအမှတ်မပြုခဲ့။

စိတ်ပညာသုတေသနအရ အတ္တဘာဝသမား အများအပြားတို့သည် မြင်လျှင်မြင်ချင်းဆိုသလို စွဲဆောင်မှုရှိသူ နှုတ်ရေးကြွယ် သူ သြဇာတိက္ကမနှင့်ပြည့်စုံသူအဖြစ် ထင်မြင်စရာဖြစ်ကြ၏။ သူတို့တတွေက အချိန်တိုအတွင်း လူသိထင်ရှားကြီး မားစွာ ဖြစ်တတ်ကြသည်။ စတိဂျော့ကဲ့သို့မျိုး အောင်မြင်တောက်ပြောင်နေသရွေ့ သူတို့အနေဖြင့် ဝေဖန်သမျှခံနိုင်ရည်ရှိပြီး သ ဘောကြီးကြီးထားနိုင်ကြ၏။ သို့ရာတွင် မကြာမတင်ဆိုသလို သူတို့၏ ကြိုဆိုမှုတွေ ပါးလျားလာတတ်ကြသည်။ အချိန်ကြာ သည်နှင့်အမျှ သူတို့၏အတ္တအခြေပြုမှုတွေကြောင့် လူတွေကသူတို့ကို စိတ်မပျက်သည့်တိုင် ညိုညင်လာကြမည်။ အတ္တ ဘာဝ ဆရာသမားများ သူတို့တချိန်က ဖမ်းစားခဲ့သူတို့ကို စိတ်ပျက်စေသည်နှင့်တပြိုင်နက်သူတို့၏အကျမှာ ဦးစိုက်စောက် (ဇောက်) ထိုး ဖြစ်တတ်၏။ ယနေ့တိုင် မှန်နေဆဲ ရှေးစကားတခွန်းက ဆိုသကဲ့သို့ ‘လူမလဲခင် မာန်လဲ’ တတ်ချေသည်။

[ဆက်လက်ဖေါ်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခတဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။

ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါသည်။