ကရင်အမျိုးသား မီဒီယာ - ထိုင်းတွင်သောင်တင်နေသည့် သက်တမ်းရှည် မြန်မာဒုက္ခသည်များကို နေရပ်ပြန်ခေါ်မည်ဆိုလျှင်


ကရင်အမျိုးသား မီဒီယာ - ထိုင်းတွင်သောင်တင်နေသည့် သက်တမ်းရှည် မြန်မာဒုက္ခသည်များကို နေရပ်ပြန်ခေါ်မည်ဆိုလျှင်
(ဇွန် - ၇ - ၂၀၁၆၊ ကရင်အမျိုးသား မီဒီယာ၊ ဓာတ်ပုံ - မောင်ကျော်ရွှေလှိုင်း)
(မိုးမခ ကူးယူဖော်ပြသည်) ဇွန် ၈၊ ၂၀၁၆

ထိုင်းနိုင်ငံနယ်စပ်ဘက်မှာ သက်တမ်းရှည်သောင်တင်နေကြတဲ့ မြန်မာဒုက္ခသည်တွေကို မြန်မာအစိုးရပြန်ခေါ်မယ်ဆိုရင် သူတို့စိုးရိမ်နေတဲ့ အချက်တွေထဲမှာ ကလေးသူငယ်တွေရဲ့  ပညာရေးနဲ့ပတ်သက်တဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ဖြစ်တယ်ဆိုပြီး ဒုက္ခသည်တွေက သူတို့ရဲ့  သားသမီးတွေရဲ့  ပညာရေးနဲ့ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်နေကြတာကို ရင်ဖွင့်ပြောဆိုကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် ၁ သိန်းခွဲကျောရှိတဲ့အနက်က ၇ သောင်းလောက်က ကလေးသူငယ်တွေနဲ့ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပြီး မြန်မာဘက်ပြန်ရောက်ခဲ့ရင် လက်ရှိဒုက္ခသည်စခန်းက ပညာရေးအနေအထားထက်ကို နိမ့်ကျမဲ့ ပညာရေးစနစ်မျိုးကို သူတို့ရဲ့  သားသမီးတွေ ရင်ဆိုင်ကြုံ တွေ့ရမှာကို စိုးရိမ်နေကြတာပါ။

မယ်လဒုက္ခသည်စခန်းက စောကညောဖိုး က " ဒုက္ခသည်စခန်းမှာ ကလေးတွေသင်ကြားနေတဲ့ ဘာသာရပ်ဆိုင်ရာတွေထဲမှာ နိုင်ငံတကာက သင်ရိုးတွေကို အခြေခံပြီးသင်ကြားနေကြတာဖြစ်တယ် ဒုက္ခသည် အများစုကလည်း မိမိတို့ဘာသာစကားစာပေတွေကိုလည်း အတန်းအလိုက် သင်ရိုးတွေပြဌာန်းပြီး သင်ကြားနေကြတာဖြစ်တယ် ဥပမာ ဒုက္ခသည်တွေထဲမှာ ကရင်ကအများဆုံးဖြစ်တော့ ကရင်စာကို စနစ်တကျသင်ကြားနိုင်တဲ့ အခွင့်အရေးတွေရှိတယ် မြန်မာဘက်ကို ပြန်ရောက်ခဲ့ရင် ဒီလိုအခွင့်လမ်းတွေ မျက်ကွယ်ပြုခံရမှာကို စိုးရိမ်ပူပန်မိတာကတော့ အမှန်ဘဲ " ဆိုပြီး ရင်ဖွင့်ပါတယ်။

ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်စခန်းပညာရေးစနစ်ဟာ ကျောင်းသားတွေအတွက် အခမဲ့ပညာရေးစနစ်ဖြစ်ပြီး မူလတန်းကြို ကျောင်းကနေ မူလတန်း အလယ်တန်း အထက်တန်း အထက်တန်းလွန်ကျောင်းတွေနဲ့ ကောလိပ်ကျောင်း အဆင့်အထိ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဒုက္ခသည်စခန်းမှာ ပညာရေးဆိုင်ရာဝန်ဆောင်မှုပေးနေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အုန်းဖြန်ဒုက္ခသည်စခန်းမှ နန်းဖောင် က " မြန်မာဘက်ပြန်ရောက်ခဲ့ရင် အများစုဖြစ်တဲ့ ကရင်ကလေးတွေက လက်ရှိပညာရေးအနေအထားတွေကနေ ဟိုဘက်က ပညာရေးစနစ်နဲ့ သင်ကြားတဲ့အခါမှာ ဥပမာဆိုပါစို့ ကရင်ဘာသာသင်ရိုးက ဒီဘက်မှာက မူလတန်းကနေ အထက်တန်းအထိ သင်ကြားနေတာတွေရှိတယ် ဒီအနေအထားတွေသာ မရှိတော့ရင် ငါတို့ကလေးတွေအတွက် အခက်အခဲတွေရှိမှာဖြစ်သလို တချိန်မှာ ငါတို့ကလေးတွေ ကိုယ့်လူမျိုးသမိုင်းစာပေနဲ့ ယဉ်ကျေးမှုတွေကို မသိတော့ အခြေကို ဆိုက်ရောက်သွားမှာဖြစ်တယ် မိဘတွေဘက်က စိုးရိမ်နေတာ အဓိကအချက်တွေမှာ ဒါတွေလည်းပါတယ် " လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းက အထက်တန်းကျောင်းဆရာက နော်ကပေါ်ထူး ကတော့ ဒုက္ခသည်စခန်းမှာ ကရင်အမျိုးသားတွေနဲ့သက်ဆိုင်တဲ့ သမိုင်းကြောင်းဆိုင်ရာတွေအပြင်ကို စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သင်ကြားခွင့်တွေရရှိနေပြီး မြန်မာနိုင်ငံဘက်ကို ပြန်ရောက်ခဲ့ရင် ကလေးတွေအားလုံး ဗမာသမိုင်းကိုဘဲ သင်ကြားရတော့မယ်ဆိုရင်တော့ ကလေးတွေရဲ့ အနေအထားတွေက မတွေးရဲစရာတွေဘဲ ဖြစ်လိမ့်မယ်လို့ ပြောဆိုပါတယ်။

လက်ရိှမြန်မာနိုင်ငံအတွင်းမှာ ကရင်အများစုနေထိုင်တဲ့ ပြည်နယ်နဲ့ထိုင်းဒေသကြီးတွေက ကျောင်းတွေမှာတောင် ကရင်စာပေသင်ကြားခွင့်ရရှိရေးနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အရေးဆိုနေရဆဲဘဲလို့ ပြည်တွင်းက ကျောင်းဆရာမ တဦးက ပြောပါတယ်။

မယ်လစခန်းမှာ အထက်တန်းပညာသင်ကြားနေတဲ့ စောထူးဝါးက " ကျနော်တို့ဆီက ကျောင်းသားတွေ ဟိုဘက်ပြန်ရောက်ခဲ့ရင် သူတို့ပညာရေးစနစ်နဲ့ဆို ကျနော်တို့အဆင်မပြေနိုင်လောက်ဘူးလို့ထင်တယ် တကယ်ပြန်ကြရမဲ့နေ့ကျရင်တော့ တာဝန်ရှိတဲ့သူတွေ အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်ပါစေလို့ဘဲ ဆုတောင်းရမယ် " ဆိုပြီး ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်း ၉ ခုမှာ မူကြိုကနေအထက်တန်း ကောလိပ်အထိ ကျောင်းပေါင်း (၇၀) ထက်မနည်းတည်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း (၇)သောင်းနီးပါး ပညာသင်ကြားနေကြပါတယ်။

ဒုက္ခသည်တွေ ပြန်လာခဲ့ရင် ပညာရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့ သူတို့ဖာသာသူတို့ စီမံခန့်ခွဲတာက ပိုကောင်းမှာဖြစ်ပြီးတော့ ဗမာပညာရေးစနစ်ကိုဘဲ အတင်းအကျပ် သင်ယူရမယ်ဆိုရင်တော့ သဘာဝကျမှာမဟုတ်သလို ဒီမိုကရေစီလည်း မကျဘူးလို့ မြန်မာဒုက္ခသည် ပညာရေးကို အဓိကနေရာကနေ အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုက ညွန်ကြားရေးမှူးတဦးက ပြောဆိုပါတယ်။

မြန်မာဒုက္ခသည်တွေ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းထဲကို ရောက်ရှိလာကြတာ အခုဆိုရင် ဆယ်စုနှစ် ၃ ခုကျော်သွားပါပြီး ထိုင်းဘက်ကလည်း မြန်မာဒုက္ခသည်တွေကို သူ့နိုင်ငံအတွင်းမှာ ဆက်ပြီးမထားချင်တော့ဘုးဆိုပြီး အတိအလင်းကို ပြောဆိုလာပြီးဖြစ်ပါတယ်။

ထိုင်းဘက်ကပြောဆိုတဲ့အထဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့  အခင်းအကျင်းတွေအရ ဒုက္ခသည်တွေ မြန်မာဘက်ကို ပြန်သင့်ပြီးလို့ အတိအလင်းကို ပြောဆိုတာပါ။

ဒီလ ၂၃ ရက်နေ့ကနေစတင်မဲ့ မြန်မာနိုင်ငံကအဓိပတိ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၃ ရက်ကြာ ထိုင်းနိုင်ငံခရီးစဉ်မှာ မြန်မာဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ဆွေးနွေးနိုင်တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ သိရှိရပြီး အဲဒီခရီးစဉ်မှာ မြန်မာအဓိပတိဟာ ဒုက္ခသည်စခန်းတခုကို သွားရောက်မဲ့ အစီအစဉ်လည်း ပါရှိပါတယ်။

ပုံစာ - မဲဆောက်မြို့ မြောက်ဘက် မှ ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသည့် မယ်လမြန်မာဒုက္ခသည်စခန်းမှ ကျောင်းသူကျောင်းသားများကို ယနေ့နံနက်က မြင်တွေ့ရစဉ်။