ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ငြိမ်းချမ်းအေး - မြန်မာအမျိုးသမီးများနေ့နှင့် ဖခင်များရဲ့ တာဝန်



ငြိမ်းချမ်းအေး - မြန်မာအမျိုးသမီးများနေ့နှင့် ဖခင်များရဲ့ တာဝန်
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၆


ဒီနှစ်ဟာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့၊ တနည်းအားဖြင့် ဒီမိုကရေစီအင်အားစု စစ်အာဏာရှင်စနစ် နဝတ၊ နအဖ ခေတ်အဆက်ဆက်မှာ သတ်မှတ်ဂုဏ်ပြုခဲ့ကြတဲ့ မြန်မာအမျိုးသမီးများနေ့နဲ့ အမေရိကားအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ဖခင်များနေ့ အဖြစ် သတ်မှတ်ဂုဏ်ပြုကြတဲ့ ဇွန်လရဲ့ တတိယအပတ် တနင်္ဂနွေနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် တထပ်တည်းကျနေပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးကဏ္ဍ၊ အိမ်ထောင့်ရေးရာနဲ့ ဖခင်များရဲ့ တာဝန်ကို ဆွေးနွေးချင်ပါတယ်။

လူရယ်လို့ ဖြစ်လာရင် အသက်၊ အိုးအိမ်၊ စည်းစိမ် တည်ဆောက်ရေး အလို့ငှာ အသက်မွေးဝမ်းကျောင်းရတယ်၊ ဘောဂဗေဒဖြစ်စဉ်အရ ကုန်ထုတ်လုပ်ရတယ်။ နောက်ပြီးတော့ မျိုးဆက်သစ်ရှင်ကျန်ရေး လုပ်ရတယ်၊ တနည်းအားဖြင့် လူထုတ်လုပ်ရတယ်။ ဒါဟာ လူသား ဆောင်ရွက်ရမယ့် တာဝန်တွေထဲက တခု ဖြစ်တယ်။

မိသားစု ဘဝ အိမ်ရာထူထောင်ခြင်း၊ လွတ်လပ်တဲ့ ချစ်ခြင်းနဲ့ ဖိုမ ဆက်ဆံခြင်း ကိစ္စဟာ ဖဲကြဉ်၊ တားမြစ်ရတဲ့ အရာတွေ မဟုတ်ပါဘူး။ လူသားအနေနဲ့ လိင်ဆက်ဆံရေးဟာ ဘာသာရေး ဆက်စပ် အဆုံးအမတချို့က ယူဆတဲ့ အကုသိုလ်အမှု၊ ငရဲကြီးသော အရာလို့လည်း မခံယူ၊ မကျင့်သုံးအပ်ဘူး။

ဒါကြောင့် အိမ်ထောင်၊ မိဘ၊ သားသမီး တည်ထောင်ခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်း၊ ဆက်ဆံရေး၊ နောက် စိတ္တဇ ဗေဒ ခံစားမှု ချစ်ခြင်း၊ မေတ္တာ၊ သံယောဇဉ် အားလုံးဟာ လိုလားအပ်တယ်။ မိသားစု ဘဝ၊ အလုပ်တာဝန်၊ ခံစားမှုတွေကို အလွန်အကျွံ ပုံဖော် စိတ်ခံစားမှုကို ပြန်ပေးဆွဲ ပြောကြ၊ ဆိုကြ၊ ရေးကြ၊ ပုံဖော်ကြတာတွေ၊ အနုပညာပစ္စည်းတွေကတော့ ထောက်ပြစရာ ရှိတာကလည်း တပိုင်းပေါ့။ ဘယ်လိုဆိုဆို စိတ်ခံစားမှု၊ စံသတ်မှတ်မှုတွေဟာ ခြယ်လှယ်ဖို့၊ ခြယ်လှယ်ခံဖို့ တည်ဆောက်ယူထားတဲ့ အရာတွေလို့ အဆုံးစွန် ဆိုစေဦး လူ့လောက မိသားစုဘဝ၊ ချစ်ခြင်း မေတ္တာ စိတ္တဇဟာ ဘဝသာယာရေး ဆေးကောင်းတွေ၊ လိုလားအပ်တဲ့ စိတ္တဇပါပဲ။

ဒါပေမဲ့ အိမ်ထောင်မှု ဘဝ ထူထောင်ခြင်းမှာ အဓိက ဘယ်အရာကို ဆန့်ကျင့်ရသလဲဆိုတော့ အမျိုးသမီး တယောက်ဟာ လူမှု-စီးပွား ဘဝလုံခြုံမှု အတွက်သက်သက် အိမ်ထောက်ဖက်ရှာ လိင်အမှုကို ပေးဆပ်ရရင်၊ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နေရရင်တော့ ဒီလို မိသားစုဘဝ တည်ဆောက်ခြင်းမျိုးဟာ မလိုလားအပ်ဘူး၊ ဆန့်ကျင်ရမယ်၊ ဒါမျိုး ပပျောက်အောင်လုပ်ရမယ်။

ခြယ်လှယ်သူ လူတန်းစား ဘူဇွာတွေဟာ ဇနီးမယားနဲ့ သမီးကို ကုန်ထုတ်လုပ်မှု ဖြစ်စဉ် အတွက် အသုံးချခံ ပစ္စည်း၊ အထောက်အကူပစ္စည်း အဖြစ် အသုံးပြုကြတယ်။ ၁၉ ရာစု မြေရှင် ပဒေသရာဇ်နဲ့ စက်မှုအရင်းရှင်စနစ်က ဇနီးနဲ့ သမီးတွေရဲ့ အိမ်တွင်းမှု လုပ်အားကို ခေါင်းပုံဖြတ်ရင်း အပို လုပ်အားရသလို အစွန်းထွက် အရင်းဖြစ် အမြတ်ရကြတယ်။ ဇနီးက လိင်ကျွန်ဖြစ်ရတယ်။ သမီးဆိုတာ ရောင်းကုန်လည်း ဖြစ်တယ်။ ပဒေသရာဇ် စစ်ဘုရင်များအတွက် ဆိုရင် စစ်ရေး၊ သံတမန်ရေးအတွက် အသုံးချစရာ ဖြစ်တယ်။

၂၁ ရာစု လစ်ဘရယ်ဒီမိုကရေစီ အရင်းရှင်စနစ်မှာ အိမ်ထောင်ရှင် အမျိုးသမီးနဲ့ သမီးတွေဟာ လိင်ကျွန်၊ အိမ်တွင်း အလုပ်သမား၊ ရောင်းကုန် အဖြစ်ကနေ ပြောင်းလဲခဲ့ပြီ ဆိုသော်ငြားလည်း မိသားစု တာဝန်ကို ယူရမှု၊ ပေးဆပ်ရမှု၊ အနစ်နာခံရမှု၊ ထိန်းချုပ်ခံရမှု၊ စံသတ်မှတ်မှု လောင်းရိပ်များအောက် အချုပ်ကျမှုတွေဟာ နက်နက်ရှိုင်းရှိုင်း နောက်ကွယ်မှာ ကျန်နေဆဲ ပါပဲ။

ကျနော်တို့ တိုင်းပြည်ကိုပဲ ဥပမာ ပြုရင် - ချွတ်ခြုံကျနေတဲ့ လူမှုစီးပွား (Socioeconomic) အခြေအနေက အိမ်ထောင်မိသားစုရဲ့ အမျိုးသမီးတွေ (မိခင်နဲ့ နှမ အကြီး၊ အငယ်တွေ) ရဲ့ တကိုယ်ရေဆန္ဒ သဘောတွေကို ထိန်းချုပ်စေတယ်။ သူတို့ဟာ လုပ်ချင်တာ လုပ်ခွင့်မသာဘဲ မိသားစုအတွက် မဖြစ်မနေ ငဲ့ညှာစဉ်းစား ဦးစားပေးနေရတာ ရှိတယ်။ ပညာသင်ယူနိုင်မှု အခွင့်အရေး၊ ကျန်းမားရေး စောင့်ရှောက်ခံရမှု၊ ဝါသနာပါရာ အနုပညာ၊ စာပေ၊ အားကစား စတဲ့ ပင်ကိုယ် စိတ်ဗီဇနဲ့ ဆက်စပ်တဲ့ အလုပ်တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှုမျိုးတွေမှာ ယောက်ျား၊ သား၊ မောင်ဘွားတွေ နဲ့ ယှဉ်ရင် အားနည်းနေတဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေး ရှိတယ်။ မွေးရာပါ လူတဦးချင်းရဲ့ ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။

အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဒီ လူမှုစီးပွားအခြေအနေကြောင့်ပဲ ပင်ကိုယ် အရည်အသွေး တိုးတက်အောင် လုပ်ဆောင်နေရခြင်းမျိုး မဲ့နေရတယ်။ ၁၉ ရာစုတုန်းက အိမ်တွင်းမှာ အလုပ်လုပ်ရရင်း ယောက်ျားတွေ အပိုကုန်ထုတ်အင်အားရှာနိုင်အောင် ထောက်ပံ့ရသလို အခုလည်း ပိုမိုရှားပါးလာတဲ့ ခေတ်အခြေအနေအရ အိမ်ပြင်ထွက် အိမ်ထောင့်စီးပွားအတွက် ယောက်ျားများနဲ့ ယှဉ် ဝမ်းစာရှာ ရတာကလွဲလို့ ဘယ်လောက်များ ပို တူညီ ညီမျှတဲ့ အခွင့်အရေးတွေ ရရှိခဲ့ပြီလဲ။ ရှေးဟောင်း ဘူဇွာစိတ်၊ စံ မိသားစု ဘဝ အဓိပ္ပာယ် သတ်မှတ်မှု၊ ဖွင့်ဆိုမှု ဘယ်လောက် လျှော့ချပစ်လိုက်နိုင်၊ ပပျောက်ပြီလဲ ဒါကိုတော့ အမြဲ ဆန်းစစ်နေဖို့ လိုပါတယ်။

မိသားစုဘဝ ဆက်ဆံရေးပုံစံမှာ နောက်တမျိုး ဆင်ခြင်ရမယ့် အရာကတော့ လူမှု လောက လူ့ဘောင်ရဲ့မညီမျှမှုတွေ၊ ပဋိပက္ခတွေရဲ့ ရင်းခံ အကြောင်း တခု ဖြစ်နိုင်လို့ပါပဲ။ မိသားစု ဆက်ဆံရေးပုံစံမှာ မိဘ မေတ္တာ၊ ချစ်ခြင်း၊ အိမ်ထောင့် တာဝန်၊ ဇနီး မယား လင် ဝတ္တရား၊ သားသမီး ဝတ် ဆိုတွေတာနဲ့ စိတ်ခံစားမှုကို ပြန်ပေးဆွဲရင်း တရားလွန် အမိန့်အာဏာ တည်ဆောက်ယူတဲ့၊ နာခံတော်ဖြစ်စေတဲ့၊ တုံ့နှောင်မှု ဖြစ်စေတဲ့ ဖြစ်စဉ်တွေကတော့ သတိထား ဆင်ခြင်ရပါမယ်။ လူမှုအလွှာ လူတန်းစားမညီမျှမှု၊ ဖိနှိပ်မှု အားလုံးရဲ့ ရင်းခံစိတ်ဟာ မိသားစု ဘဝ အနေအထား၊ စံသတ်မှတ်မှု၊ လုပ်နည်း လုပ်ဟန် အကျင့်အကြံတွေမှာ တည်တယ်။

အကြောင်းက မိသားစု ဘဝ၊ တန်ဖိုး၊ အလုပ်ဆိုတာတွေဟာ လူမှုအသိုက်အဝန်းမှာ ဝါဒဖြန့်ချိရေး လက်နက်တွေ ဖြစ်တဲ့ ဘာသာရေး ကျင့်ဝတ်၊ နီတိ၊ ပုံပြင်၊ ပညာရေးစနစ်၊ အနုသုခုမ ဆိုတာတွေ ထက် လူတွေရဲ့ ခံယူချက် အမြင် ကို လွှမ်းမိုးမှု ရှိတယ်။ လူတွေအားလုံးရဲ့ လက်ဦးဆရာဟာ ကိုယ့်မိသားစု ပတ်ဝန်းကျင် ကွက်ကွက်ကလေးပဲ ဖြစ်တယ်။ ဒီမိသားစု ဆက်ဆံရေးမှာ တရားမျှတ လွတ်လပ်၊ ချုပ်ကိုင်မှုကင်းတဲ့ ပုံစံ ဖြစ်ဖို့ လိုတယ်။ မဟုတ်ရင် ဒီမိသားစုပုံစံက မွေးထုတ်ပေးလိုက်တဲ့ လူတွေဟာ လူ့လောကမှာလည်း ကျား-မ ဆက်ဆံရေး အရာဖြစ်ဖြစ်၊ လူမှု စီးပွား မှာ ဖြစ်ဖြစ် မတရားအမှု၊ တဖက်စောင်းနင်းပြုမူတွေကို အရိုးစွဲ ဓလေ့အနေနဲ့ နောင်တ မဲ့ အသိမရှိ လုပ်ခွင့်ရကြတယ်။ ဒါမျိုး ချုပ်ကိုင်မှု၊ ဖိနှိပ်မှု၊ တရားမဲ့မှုတွေ မိသားစု ဘဝမှာ ဓလေ့ မဖြစ်ရအောင်ကလည်း အစဉ်အလာ စံသတ်မှတ်မှု အရ အိမ်ထောင်မှာ အကြီးအမှူးပြုရတဲ့ ဖခင်တွေမှာ ပို တာဝန် ရှိတယ်။


အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ရေး၊ ကလေးသူငယ် စိတ်ဖိစီးမှု ဝေဒနာကင်းရေး၊ မိသားစု ဘဝ လုံခြုံ သမမျှတ တရားမှု ရှိရေးမှာ မိဘ နှစ်ပါးလုံး ထမ်းဆောင်ရမှာ ဖြစ်ပေမဲ့ ရိုးရာ၊ အစဉ်အလာ စံတန်ဖိုး သတ်မှတ်ချက်တွေ အရ ပိုမို သြဇာကြီး၊ အာဏာတည်တဲ့ ဖခင်တွေမှာ ပို တာဝန်ရှိ၊ တာဝန်ယူရပါမယ်။ လူ့လောက က လူမှု၊ စီးပွား မညီမျှမှု၊ ကျား-မ လိင် ခွဲခြားမှု၊ အသားအရောင်၊ လူမျိုး၊ ဘာသာ အစွန်းရောက် ပြင်းထန်မှု၊ လူတန်းစား ခွဲခြားမှု အားလုံး ပပျောက် လျော့ပါးလာရေး အားလုံးဟာ စဉ်းစားတွေးခေါ်မြော်မြင်မှု အားလုံး မြစ်ဖျားခံရာ မိသားစု ဘဝတွေမှာ တည်တယ်၊ မိဘတွေရဲ့ အတွေးအခေါ်ကောင်း တရားမျှတ လွတ်လပ်ဖို့ လိုတယ်၊ အထူးသဖြင့် အိမ်ထောင့်ဦးစီးလို့ နေရာယူထားတဲ့ ဖခင်တွေမှာ တာဝန် ပို ရှိပါတယ်။

ပြန်ချုပ်ရရင် မိသားစု ဘဝ၊ အိမ်ထောင်အမှုနဲ့ မိဘ သားသမီးရေးရာ ကိစ္စတွေမှာ ဆိုခဲ့တဲ့ စနစ်အဆောက်အအုံက သတ်မှတ်ပုံဖော် ဖွင့်ဆိုလိုက်တဲ့ အထဲက အားနည်းချက်တွေကို ဆန့်ကျင် တော်လှန် ပြုပြင်နိုင်ရမယ်။ အမျိုးသမီးကို လိင်ပစ္စည်း သက်သက်၊ ကုန်ထုတ်လုပ်မှု ဖြစ်စဉ် အသုံးချခံ သက်သက် ခံယူတဲ့ အိမ်ထောင်သားမွေးအမှု ဓလေ့တွေကို တိုက်ဖျက်ရပါမယ်။ တည်ရှိပြီး လွတ်လပ်တဲ့ ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်ထားတဲ့ မိသားစု ဘဝ ဓလေ့ကိုလည်း ထိန်းသိမ်းရပါမယ်။

တပြိုက်တည်းမှာ ချုပ်နှောင်မှုတွေကိုလည်း ဖြေလျော့နိုင်ရပါမယ်။ ခွင့်တူ ပါဝင်ခွင့်ရှိရေး၊ တရားမျှတနဲ့ လွတ်လပ်မှုအတွက် ဒုတိယဆရာ စာသင်ကျောင်း စနစ် ပညာရေးမှာ တောင်းဆိုကြသလို ပထမလက်ဦးဆရာ ပုဗ္ဗာစရိယ မိနဲ့ဖ အစုအဝေးစနစ်မှာလည်း ပြောဆိုဆွေးနွေးဖို့ လိုပါတယ်။ ကိုယ်တိုင် မိဘ ဖြစ်လာနိုင်၊ အိမ်ထောင်တခု တည်ထောင်လာနိုင်တာမို့ ဒီလို ခံယူနိုင်ဖို့ဟာ လူတိုင်းမှာလည်း တာဝန်ရှိတယ်။

အပြောင်းအလဲတခုခု အခြေတည် အောင်မြင်ဖို့ ဆိုရင် ခြယ်လှယ်စွမ်းသူ လူတန်းစားက အဓိကမို့ ဖခင်လောင်း ယောက်ျားများမှာ ပိုလို့ တာဝန်ရှိကြောင်း တရားမျှတ လွတ်လပ်ခြင်းကို ဖော်ဆောင်နိုင်တဲ့ ဖခင်ကောင်းများကို ဂုဏ်ပြုလျက် ကမ္ဘာ့အနှံ့အပြားမှာ သတ်မှတ်ကျင်းပကြတဲ့ ဇွန်လ တတိယပတ် တနင်္ဂနွေ ဖခင်များနေ့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန်လ ၁၉ မြန်မာအမျိုးသမီးများနေ့ တထပ်တည်းကျခြင်း အထိမ်းအမှတ် ဆွေးနွေးတင်ပြလိုက်ကြောင်းပါ။

ငြိမ်းချမ်းအေး

(ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

(ဆောင်းပါးမူလ ဗားရှင်းကို June 22, 2015 ဧရာဝတီအွန်လိုင်းနှင့် ပုံနှိပ်ဂျာနယ်တို့တွင်လည်း ဖော်ပြခဲ့သည်။)

@ http://burma.irrawaddy.org/article/2015/06/22/76773.html

ဒေါ်အောင်ဆန်းစုကြည် ပန်းချီပုံ - သန်းဌေးမောင်
(၂ဝ၁ဝ ခုနှစ် က အန်တီစုမွေးနေ့အတွက် ဧရာဝတီသို့ ပေးပို့ခဲ့သည်။ ပန်းချီဆရာ ဆရာသန်းဌေးမောင်၏ ခွင့်ပြုချက်ဖြင့် သုံးသည်။)