လောကပါလ - ဒေါ်နယ့်စိတ်ဓာတ် (၁)



လောကပါလ - ဒေါ်နယ့် စိတ်ဓာတ် (၁)

(မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆

[၁]

၂၀၀၆ ခုနှစ်ဆီက ဒေါ်နယ်ထရန့် (Donald Trump) တယောက် စကော့တလန်နိုင်ငံ အက်ဘာဒင်းမြို့အနီးရှိ မယ်နီးအိမ်ရာ (Menie Estate) ကိုဝယ်ယူရန် အစီအစဉ်တွေရေးဆွဲခဲ့ဖူး၏။ ထိုနေရာရှိ သဲသောင်ခုံများ မြက်ခင်းပြင်များအား ခမ်းနားသောဂေါက်ရိုက်အပန်းဖြေစခန်းတခုအဖြစ်သို့ ပြောင်းလဲရန်ရည်ရွယ်ချက်နှင့် ဖြစ် လေသည်။ ကော့အင်ဘူး(Cock & Bull) စားသောက်ဆိုင်မှာ သူနှင့်အိမ်ရာပိုင်ရှင် တွမ်ဂရစ်ဖင် (Tom Griffin) တို့ အရောင်းအဝယ်ကိစ္စဆွေးနွေးခဲ့ကြရာ၌ ထရန့်သည်အသေးအဖွဲကိစ္စကလေးများကိုပင် အလျှော့ပေးရန် ဝန်လေးသူတဦးဖြစ်ကြောင်း ဂရစ်ဖင်အမှတ်ရနေသည်။ 

ဂရစ်ဖင်အနေဖြင့် ထိုညနေအကြောင်း ပြက်ပြက် ထင် ထင်အရှိဆုံးမှာ ဇာတ်မူဇာတ်ဟန်တွေဖြစ်သည်ဟု မကြာသေးမီက “လုံလောက်သည်မရှိ (Never Enough)” အမည်ဖြင့် မိုက်ကယ်အန်တိုနီယို (Michael D’Antonio) ပြုစုခဲ့သော ထရန့်အတ္ထုပတ္တိစာအုပ်တွင် ရေးသား ထားသည်။ စားပွဲတဘက်တွင်ထိုင်နေသော ရွှေရောင်ဆံပင်ပိုင်ရှင်ကိုကြည့်ရသည်မှာ လန်ဒန်ဇာတ်ခုံပေါ်တွင် မင်းသားတဦးသရုပ်ဆောင်နေသည်ကို ကြည့်ရသည့်နှယ် ရှိလေ၏။ “ဒေါ်နယ်ထရန့်အဖြစ် ဒေါ်နယ်ထရန့်က သရုပ်ဆောင်သည်ပေါ့ဗျာ” ဟု ဂရစ်ဖင်ကဆိုသည်။ ယင်းမှာ အပြည့်အဝသရုပ်မှန်မဟုတ်ချေ။

နယူးယောက်သား (The New Yorker) မဂ္ဂဇင်းတွင်ဖော်ပြရန်အတွက် ၁၉၉၀ ခုနှစ်များအတွင်း ထရန့်၏ကိုယ် ရေးရာဇဝင်ကိုပြုစုပေးခဲ့သူ မာ့စင်ဂါ (Mark Singer) သည်လည်း ထိုအတွေးမျိုးဖြင့် ရှုပ်ထွေးခဲ့ရဖူး၏။ လူထုထဲ ကဒေါ်နယ်ထရန့်အဖြစ် သရုပ်မဆောင်သည့်အချိန်များတွင်သူ့စိတ်ထဲ ဘာတွေရှိနေပါလိမ့်ဟု စင်းဂါးက စဉ်းစား သည်။ သူက မနက်တိုင်း ခင်ဗျားမုတ်ဆိတ်ရိပ်တဲ့အချိန်ဘာတွေတွေးလေ့ရှိသလဲဟု မေးကြည့်ရာ ထရန့် တယောက် အူကြောင်ကြောင်ဖြစ်သွားသည်ဟုရေးသားခဲ့လေသည်။ သရုပ်ဆောင်မျက်နှာဖုံးအောက်မှ တကယ့်လူအား ဖော်ထုတ်နိုင်ရေးကိုမျှော်လင့်လျက် စင်းဂါးက မေးခွန်းကိုပြောင်းလိုက်သည်။ “ဒီလိုဗျာ ကျွန် တော်မေးချင်နေတာက ခင်ဗျားကိုယ်ခင်ဗျား ခင်ဗျားရဲ့စံပြအဖော်လို့ယူဆသလားလို့ပါ”။ ‘ကျုပ်အတွက် စံပြု လောက်တဲ့အဖော်ဆိုတာ ဘာလဲလို့ တကယ်သိချင်တာလား’ ဟု ထရန့်ကပြန်ပြော၏။ ‘လုံးဝသောက်ရေး မပါ ပါဘူး’။

ကျွန်ုပ်သာဆိုလျှင် စင်းဂါး၏မေးခွန်းကို “တကိုယ်တည်းအထီးကျန်နေတဲ့အချိန်မှာ ခင်ဗျားဘယ်သူပါလဲ မစ္စတာ ထရန့်’ ဟု ပြန်ပြင်၍မေးကောင်းမေးဖြစ်လိမ့်မည်။ အဖြေတစ်စုံတစ်ရာမရသည့်အဆုံး စင်းဂါးအနေနှင့် အိမ်ခြံ မြေကုဋေကြွယ်တဖြစ်လဲ သရုပ်မှန်ရုပ်သံမင်းသားမှသည် ဦးဆောင်အမေရိကန်သမ္မတလောင်းတဦးအဖြစ်သို့ ရောက်ရှိလာသူအနေဖြင့် တစုံတရာ မှတ်မှတ်သားသားဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီ ဟူ၍သာ ကောက်ချက် ချရလေတော့၏။ ခွေးလေးခုန်၍ဖုံထခဲ့ပေပြီ။

စင်းဂါး၏သုံးသပ်ချက်ပြင်းထန်လွန်းသည်ဆိုလျှင် အနည်းဆုံးတနေရာရာမှာတော့ မှန်ကောင်းမှန်နိုင်သည်။ ဦးနှောက်ရှိသတ္တဝါများဖြစ်ကြသောလူသားတို့သည် သူတို့၏စွမ်းဆောင်မှုနှင့်လုပ်ရည်ကိုင်ရည်အပေါ်တွင် မှီခို ရပ်တည်ကာ ရှင်သန်မျိုးပွားကြရသော သရုပ်ဆောင်ဖက်များအဖြစ် ဖွံ့ဖြိုးတိုးတက်လာနေကြ၏။ တပါးသူ အထင်ကြီးမှုကိုခံယူဘို့အသင့်ပြင်ဆင်လျက် လောကကြီးထဲသို့ ကျွနုပ်တို့ဝင်ရောက်လာကြပြီး လူမှုရေးအစုအဖွဲ့ များအတွင်း လူတောသူတောဝင်ဆန့်ရေး လူတကာထက် သာနိုင်ရေးတည်းဟူသောအန္တိမရည်မှန်းချက်များဖြင့် ရှင်သန်ကြီးပြင်းလာကြသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့မည်သူမည်ဝါဆိုသည်ကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုပြီး ဖြစ်လေသည်။

[၂]

ရော်နယ်ရီဂင် (Ronald Regan) ထက်ပင်ဒေါ်နယ်ထရန့်ကများစွာပို၍ ထာဝရသရုပ်ဆောင် တယောက်အဖြစ် သူ့ကိုယ်သူ အသိအမှတ် ပြုထားသူဖြစ်၏။ သူက သူ့ကိုထောာက် (ဒေါက်) ထောက်ကြည့်နေကြသည်ဆိုသော အသိဖြင့် အမြဲတန်းလှုပ်ရှားနေသူဖြစ်သည်။ လူသားတိုင်းသရုပ်ဆောင်တွေဖြစ်ကြသည်ဟုဆိုလျှင် ဤအချက် တခုတည်းနှင့်ပင် ဒေါ်နယ်က စူပါလူသား ဖြစ်လေသည်။ သမ္မတလောင်းရွေးချယ်ပွဲကာလတလျှောက် သူ၏ မျက်မှောက်ရေးရာ ဗဟုသုတ၊ နှိုးဆွလှုံ့ဆော်စကားများနှင့် နိုင်ငံရေးရုန်းရင်းဆံခတ်ဖြစ်ရပ်များ၌ သက်သောင့် သက်သာရှိမှုအတိုင်းအတာ စသည်တို့အပေါ် မေးခွန်းများစွာပေါ်ထွက်လာခဲ့၏။ ဤဆောင်းပါးတွင် ထိုမေးခွန်း အချို့ကို တို့ထိသွားမည်ဖြစ်သော်လည်း အဓိကရည်ရွယ်ချက်မှာလူသားတဦးအဖြစ် သူ၏စိတ္တဗေဒပုံတူပန်းချီ ကားတချပ်ကို ဖန်တီးရန်ဖြစ်လေသည်။ တကယ့်တကယ်သူဘယ်သူလဲ၊ သူ့စိတ်ထားကဘယ်လိုလဲ၊ ရုံးမှာ ဆုံး ဖြတ်ချက်တွေကိုသူဘယ်လိုချမှာလဲ၊ သမ္မတဖြစ်လာဖို့ရောရှိရဲ့လား၊ ဖြစ်ခဲ့ရင် ဘယ်လိုသမ္မတမျိုး ဖြစ်လိမ့်မလဲ စသည်တို့ပင်ဖြစ်၏။

ထိုသို့ပုံတူတရပ်ဖန်တီးရာတွင်ကျွန်ုပ်အနေဖြင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေးနှင့် လူမှုရေးစိတ်ပညာနယ်ပယ်တို့ မှ စမ်းသပ်အောင်မြင်ပြီးသား အယူအဆများကိုသာ ထုတ်နှုတ်အသုံးပြုသွားမည်ဖြစ်ပါသည်။ ၁၉၁၀ ခုနှစ် ဆစ် ဂမမန်ဖရွိုက် (Sygmund Freud) က လီယိုနာဒိုဒါဗင်ချီ (Leonado da Vinci) ၏ ဘဝနှင့်အနုပညာကို သရုပ်ခွဲ ပြခဲ့သည်မှစ၍ ပညာရှင်များသည် အောင်မြင်ကျော်ကြားသူတို့၏ဘဝများကိုလေ့လာရန် စိတ္တဗေဒမှန်ဘီလူးများ ကို အသုံးပြုလာကြ၏။ စောစောပိုင်း ကြိုးပမ်းမှုများတွင် စမ်းသပ်မခံသော သိပ္ပံနည်းမကျသော အတွေးအခေါ် အယူအဆများကိုအများအပြားမှီခိုကြသော်လည်း မကြာသေးမီနှစ်များအတွင်း မှတ်သားဘွယ်ရာ ဘဝများအား မီးမောင်းထိုးပြရာ၌ စိတ်ပညာရှင်များသည် သိပ္ပံနည်းကျစိတ်ပညာဆိုင်ရာနည်းနာနှင့် အယူအဆများကို တိုး တက်အသုံးပြုလာကြ၏။ ၂၀၁၁ ခုနှစ်၌ သမ္မတဂျော့ဘွတ်ကို လေ့လာသည့် စာတအုပ်အတွင်း ကျွန်ုပ်အသုံးပြုခဲ့ သည့်နည်းတူဖြစ်သည်။

အလျှင်အမြန်တိုးတက်နေသည့်သုတေသနလုပ်ငန်းကြီးတရပ်အလိုအရ စိတ်ဓာတ်အခံ၊ စရိုက်တွန်းအားနှင့် မျှော်မှန်းချက်များ၊ ပုဂ္ဂလဓိဋ္ဌာန်ယူဆချက်များသည် လူသားတို့အား သူတို့ရှေ့လျှောက်ဘာတွေ ခံစားတွေးခေါ် လုပ်ဆောင်ကြမည်ကိုခန့်မှန်းရန် အစွမ်းထက်သောအညွှန်းကိန်းများဖြစ်သကဲ့သို့ ဘာကြောင့်ထိုသို့ လုပ်ဆောင် ကြောင်းရှင်းပြရန်အတွက် အားကောင်းသည့်အထောက်အကူများလည်း ဖြစ်လေ၏။ နိုင်ငံရေးနယ်ပယ်တွင် လွန်လေပြီးသောကာလ အမေရိကန်သမ္မတတို့၏ထူးခြားသောခေါင်းဆောင်မှုပုံစံနှင့် ၎င်းတို့၏ဆုံးဖြတ်ချက်များ အား လူသားတို့၏ အတ္တဘာဝ (Narcissism) ပရဘာဝ(Extroversion) အစရှိသည့် အခြေခံကိုယ်ရည် ကိုယ်သွေးတို့ကမည်ကဲ့သို့ပုံဖော်သွားကြသည်ကို စိတ်ပညာရှင်များပြသခဲ့ကြသည်မှာ မကြာသေးချေ။ ကမ္ဘာ့ အရေးအခင်းများနှင့် နိုင်ငံရေးဖြစ်ရပ်မှန်စသည့်အချက်အလက်များသည် နိုင်ငံ့ခေါင်းဆောင်များ ရုံးအလုပ် လုပ် ရာတွင် အဆုံးအဖြတ်ပေးသကဲ့သို့ ကွဲပြားခြားနားသောခေါင်းဆောင်တဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးအဖြစ် လူသားတို့၏အခြေခံစေ့ဆော်မှုသည်လည်း အပါအဝင်ဖြစ်သည်။

ထရန့်၏ကိုယ်ရည်ကိုယ်သွေးမှာ မည်သည့်စံညွှန်းနှင့်မဆို သေချာပေါက် အစွန်းရောက်နေ၏။ အထူးသဖြင့် သမ္မတလောင်းတဦးအနေနှင့် ရှားရှားပါးပါး ဖြစ်သည်။ စေ့စပ်ညှိနှုင်းပွဲများ တွေ့ဆုံပွဲများ စင်တင်စကားစစ်ထိုး ပွဲများတွင် သူနှင့်ထိပ်တိုက်တိုးသူများနှင့် ရုပ်မြင်သံကြားမှတဆင့် ကြည့်ရှုသူအများစုတို့က သူ့ကိုနားလည်ရ ခက်သူအဖြစ် မြင်ကြသည်။ ဤဆောင်းပါး၌ ကျွန်ုပ်သည် အဓိကကျသော ဟန်ပန်အမူအရာ သြဇာ ပုဂ္ဂလဓမ္မ အစရှိသည့် သူ၏စိတ်သဘောလိမ်းခြယ်မှုအစုစုတို့ကို ရှာဖွေလှစ်ဟဖော်ပြမည်ဖြစ်ပါသည်။ ထိုအတွက် တွေ့ဆုံ မေးမြန်းခွင့်ပြုရန်တောင်းခံခြင်းကို ထရန့်ကငြင်းဆန်ခဲ့၏။ သို့ရာတွင် သူ့ဘဝဇာတ်ကြောင်းက သူ့ကိုယ်ပိုင် စာ အုပ်များ၊ မိန့်ခွန်းများ၊ ကိုယ်ရေးဇစ်မြစ်များနှင့် သတင်းမီဒီယာများထဲ၌ အကျအနမှတ်တမ်းတင်ထားရှိပြီးဖြစ် သည်။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ယနေ့ခေတ်သိပ္ပံနည်းကျစိတ်ပညာသဘောတရားနှင့် သုတေသနများထဲမှ အရေးအပါဆုံးအချို့ကိုထုတ်နှုတ်ယူငင်ပြီး သမာသမတ်ကျစွာပိုင်းခြားဝေဘန်လျက် ထရန့်၏ရုပ်လုံးပေါ် ပုံရိပ် တခု ပြုစုဖော်ထုတ်ပေးရန်ပင်ဖြစ်လေသည်။

[၃]

သူ့ဟန်ပန်

နှစ်ပေါင်းငါးဆယ်ခန့် လက်တွေ့အခြေပြုသုတေသန အတွေ့အကြုံအရ ကိုယ်ရည်ကိုယ်သွေးစိတ်ပညာတွင် လူ သားတို့၏ အခြေခံအကျဆုံးစိတ်သဘာဝ ၅ မျိုးကို သဘောညီကြ၏။ လူတဦးနှင့်တဦး ကွဲပြားအောင် ခွဲခြား နိုင်သည့် နည်းလမ်းများစွာရှိကြသော်လည်း စိတ္တသိပ္ပံပညာရှင်တို့အလိုအားဖြင့် နှိုင်းရလွယ်ကူသောအမျိုးအစား (၅) မျိုးဖြင့်ခွဲခြားထားသည်။ ကြီး (၅) ကြီး ဟုခေါ်သော ထိုငါးမျိုးမှာ

(က) ပရဘာဝ (Extroversion) - အဖော်မင်၊ လူမှုရေးပြင်းပြ၊ စိတ်အားထက်သန်၊ ဆုလာဘ်မျှော်ကိုး

(ခ) ဥမတ္တက (Neuroticism) - စိုးရိမ်ပူပန်၊ ထိခိုက်လွယ်၊ ဖိစီးလွယ်၊ မကောင်းမြင်

(ဂ) အကင်းပါး (Concientiousness) - လုံ့လ၊ စည်းကမ်း၊ ဥပဒေလေးစား၊ စုစည်းမှု

(ဃ) သဘောညီ (Agreeableness) - ဖော်ရွေ၊ ထောက်ထား၊ ကြင်နာ၊ နှိမ်ချ

(င) ပွင့်လင်း (Openess) - စူးစမ်း၊ ဆန်းသစ်၊ စိတ်ကူးယဉ်၊ ခေတ်ဆန်

လူများစုအနေနှင့် အထက်ပါငါးမျိုးတွင် တမျိုးချင်းစီ၏အလယ်အလတ်နေရာ၌ရှိကြသော်လည်း တချို့မှာ အစွန်းတဘက်ဘက်သို့ ရောက်နေတတ်၏။ သုတေသနများက အခိုင်အမာပြဆိုသည့်အချက်မှာ အထက်တန်း စား ပရဘာဝသမားတွေအဖို့ ပျော်ရွှင်မှုကိုပိုမိုခံစားရပြီး လူမှုဆက်ဆံရေးနယ်ပယ် ပိုမိုကျယ်ဝန်းသည်။ အကင်း ပါးသူများသည် ကျောင်းနှင့်လုပ်ငန်းခွင်တို့၌ ပိုမိုအောင်မြင်ကြပြီး သဘောညီတတ်သူများက ပိုမိုနက်ရှိုင်းသော ပေါင်းသင်းဆက်ဆံရေးမျိုး တည်ဆောက်ဖြစ်ကြ၏။ ခြားနားချက်အနေဖြင့် ဥမ္မတ္တကသမားတွေမှာ အမြဲတန်း ညံ့ဖျင်းနေတတ်ပြီး စိတ်ဆင်းရဲခြင်း၏လမ်းစများ ဆက်ဆံရေးမပြေပြစ်မှုများမှသည် စိတ်ရောဂါအထိ ဖြစ်ပွားစေ နိုင်သော အန္တရာယ်ရှိကြောင်းတွေ့ရှိရသည်။ အရွယ်ရောက်ပြီး လူလတ်ပိုင်းဘဝကို ဖြတ်သန်းသည်မှစ၍ အများ စုမှာပို၍အကင်းပါးလာပြီး သဘောပိုညီတတ်ကြကာ ဥမ္မတ္တကသဘာဝလျော့ပါးလာကြ၏။ သို့သော် ပြောင်းလဲမှု မှာ သာမန်အားဖြင့်အနည်းအကျဉ်းသာရှိသည်။ ကြီးငါးကြီး ကိုယ်ရည်ကိုယ်သွေးသည် လူတဦး၏ဘဝ တလျှောက် လုံး သိသာစွာစွဲမြဲတတ်သောသဘော ရှိလေသည်။

စိတ်ပညာရှင် စတီဗင်ရူဘင်ဇာ (Steven J. Rubenzer) နှင့် သောမတ်ဖက်ရှင်ဘို (Thomas Fachingbauer) တို့သည် သမိုင်းပညာရှင် ၁၂၀ ခန့်နှင့် အခြားကျွမ်းကျင်သူများပါဝင်တွဲဘက်ကာ ဂျော့ဝါရှင်တန်မှစ၍ အမေရိ ကန် သမ္မတအားလုံးတို့၏ကိုယ်ရည်ကိုယ်သွေးကို ကြီးငါးကြီး စံနှုန်းဖြင့်တိုင်းတာခဲ့ကြ၏။ ပရဘာဝအထူးမြင့် မားသလောက် ပွင့်လင်းမှုအလွန်တရာနိမ့်ကျသောသမ္မတအဖြစ် ဂျော့ဘွတ်(Gorge W. Bush) ပေါ်ထွက်လာ ရာ စိတ်အားထက်သန်ပြင်းပြစွာ သူတပါးအရေးကိုစိတ်ဝင်စားသောလူမှုရေးမင်းသားဖြစ်သလို နမော်နမဲ့နိုင်ပြီး အသိခေါက်ခက် အဝင်နက်သူအဖြစ်ကိုလည်း တွေ့ရှိရ၏။ ဘရက်အိုဘားမား (Barack Obarma) မှာ နိုင်ငံရေး သမားတယောက်အနေနှင့် အတ္တဘာဝကဲပြီး ထူးထူးခြားခြားဥမတ္တက နည်းပါးသောကြောင့် အားနည်းချက် ဟု မြင်ရလောက်အောင်ပင် တည်ငြိမ်ပြီးခံစားမှုကင်းတတ်လေသည်။

သူ၏ဘဝတလျှောက်လုံး ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတတယောက်တွင် မျှော်လင့်မထားသော ကိုယ် ရည်ကိုယ်သွေးမျိုးရှိသူ ဖြစ်သည်။ မိုးလောက်မြင့်မားသောပရဘာဝနှင့် ဘောင်မဝင်အောင်ပင်နိမ့်ကျသော သဘောညီမှုမျိုးရှိလေသည်။ စင်စစ် ယင်းမှာ ကျွန်ုပ်၏ကိုယ်ပိုင်အကဲဖြတ်ချက်သာဖြစ်သော်လည်း ဒေါ်နယ်ကို စောင့်ကြည့်လေ့လာသူအများစုတို့သဘောတူကြလိမ့်မည်ဟု ယုံကြည်သည်။ ကိုယ်ရည်ကိုယ်သွေးအကြောင်း ပြောရာတွင် ထူးထူးထွေထွေလှည့်စားသည့်သဘောမပါဝင်။ ကျွန်ုပ်တို့သည် ဤနေရာ၌ နက်နဲရှုပ်ထွေးသည့် သတိမေ့မျောခြင်းဖြစ်စဉ် သို့မဟုတ် ဆေးပညာဖြင့်ရောဂါရှာဖွေခြင်းအကြောင်း ပြောဆိုနေကြခြင်းမဟုတ်။ လူမှု ဘဝဇာတ်ကောင်များအဖြစ် ကျွန်ုပ်တို့သရုပ်ဆောင်မှုမှန်သမျှ လူတကာမြင်သာပြီးသား ဖြစ်လေ၏။

ပရဘာဝသမ္မတများတွင် ထိပ်ဆုံးရှိ တက်ဒီရုစဗဲ့ (Teddy Roosevelt) အပါအဝင် ဂျော့ဘွတ်နှင့် ဘီကလင်တန် (Bill Clinton) တို့နည်းတူ ထရန့်သည်လည်း လူတောတိုးရန်ဝါသနာထုံသော တက်ကြွ၍လူမှုရေးအရ စိုးမိုး ချယ်လှယ်လိုသော ဘဝဇာတ်လမ်းမှာ ပါဝင်အသုံးတော်ခံနေဆဲဖြစ်၏။ သူသည် မငြိမ်မသက် အတောမသတ် နိုင်အောင်မောင်းထားခံရသော ဒိုင်နမိုတလုံး ပမာဖြစ်သည်။ သူသည်အိပ်ရေးပျက်လည်းခံနိုင်၏။ ၁၉၈၇ ခုနှစ် ထုတ်ရင်ဆိုင်ခြင်းအနုပညာ (The Art of the Deal) စာအုပ်တွင်သူက နိစ္စဓူဝဆိုသလို သူ့ဘဝမှာ အစည်း အဝေးနှင့်တယ်လီဖုန်းခေါ်ဆိုမှုများနှင့်သာ ပြည့်နှက်နေကြောင်းဖော်ပြခဲ့သည်။ နှစ်ပေါင်းသုံးဆယ်ကြာ ပြီးသည့် တိုင် လူထုစည်းဝေးပွဲများ၊ တွေ့ဆုံပွဲများနှင့် မီဒီယာအဝန်းအဝိုင်းများမှတဆင့် တပါးသူများနှင့် ထဲထဲဝင်ဝင် ဆက်ဆံနေရဆဲလည်းဖြစ်၏။ သမ္မတလောင်းမှန်သမျှ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်ဆိုသည်မှာ အစဉ်တစိုက်ရွေ့ လျားနေသော လေ့လာမှုအစုဖြစ်၏။ သို့ရာတွင် ထရန့်လောက်မည်သူမျှ ထိုအလုပ်တွင် နှစ်ခြိုက်ခြင်းမရှိ။ အခြားကိုယ်စားလှယ်တွေ ထရန့်လောက် ထိုအလုပ်မှာ ပျော်စရာမတွေ့နိုင်ကြ။ ဥပမာအားဖြင့် ဤဆောင်းပါး ရေးနေစဉ် ထရန့်၏တွစ်တာဖော်ပြချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်လေသည်။

ဧပြီ ၁၂ မနက် ၀၈း၁၃ နာရီ - အားပါး တကယ့် မဲ။ အသစ်တွေချည့်ပဲ။ ကျေးဇူးပါ နယူးယောက်ရေ။

ဧပြီ ၀၉ မနက် ၀၄း၂၂ နာရီ - ဘာနီစန္ဒားကပြောတယ်၊ ဟီလာရီကလင်တန်ဟာ သမ္မတဖြစ်ဖို့ အရည်အချင်း မရှိဘူးတဲ့။ ဒီအမျိုးသမီးရဲ့ဆုံးဖြတ်နိုင်စွမ်းအရတော့ ကျုပ်လည်းဒီသဘောထားအတိုင်းပါပဲ။

ဧပြီ ၀၈ မနက် ၀၅း၀၃ နာရီ - နယူးယောက်ကိုလာရတာ သိပ်ဟန်ကျတာပဲ။ အမှီလိုက်စရာတွေ အများကြီးမို့ (ကျုပ်က ရွေးကောက်ပွဲအတွက်လှုပ်ရှားရင်း အဓိကကျတဲ့စီးပွားရေးလုပ်ငန်းတခုကို လုပ်ကိုင်နေဆဲဆိုတာလဲ မမေ့နဲ့ဦး) ချစ်စရာကောင်းတဲ့အလုပ်ပေါ့။

ဧပြီ ၀၅ နေ့လည် ၁၂း၂၅ နာရီ - ဟာ ပေါ်လစ်တီကို (@Politico) တော့ သွားပြီ၊ အကုန်လုံးနီးပါး ထွက်ကုန် ကြပြီတဲ့။ သတင်းကောင်းပဲ၊ ဒီလောက်တောင်ဆိုးပြီး မရိုးသားတဲ့ ဂျာနယ်လစ်တွေ။

[ဆက်လက်ဖော်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခတဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။
ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါသည်။