ခိုင်ကြည်သစ် ● ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လင်းယုန်၊ နဂါးတို့၏သတင်းစကားများ

ခိုင်ကြည်သစ် ● ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လင်းယုန်၊ နဂါးတို့၏သတင်းစကားများ
(မိုးမခ) ဇွန် ၉၊ ၂၀၁၆

(၁)
လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတွေဟာ နိုင်ငံတကာအခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ် ဆိုတာကို မမေ့အပ်ပါဘူး။ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အင်အားပြိုင်ဆိုင်မှုများကြားမှာ တိုင်းပြည်ငယ်တွေရဲ့ ပြည်တွင်းရေးကို နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်လေ့ရှိကြပါတယ်။ တခါတရံမှာ စွက်ဖက်လို့ စွက်ဖက်မှန်းမသိအောင်ကို ဗျူဟာမြောက်လှပါ တယ်။ အဲဒီလို အစွက်ဖက်ခံရတဲ့နိုင်ငံငယ်တွေမှာ ပြည်တွင်းစစ်သာရှိနေခဲ့ရင် အဲဒီနိုင်ငံတွေမှာ အမျိုးသားရင်ကြား စေ့ရေး ကိုတည်ဆောက်ဖို့ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။

မကြာသေးခင်ကာလတွေအတွင်းက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ တရုတ်ပြည် သူ့သမ္မတနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့သံတမန်တွေဟာ သူတို့နိုင်ငံအစိုးရတွေဆီကနေ သတင်းစကားတွေ ယူဆောင်လာခဲ့ပါတယ်။ အဲဒီသ တင်းစကားတွေဟာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် သက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်။

(၂)
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့ပြီးပြီးချင်းမှာပဲ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယီ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး အစိုးရသစ်ရဲ့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ ဧပြီလ (၅-၆) ရက်တွေမှာ တွေ့ ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးပေးခဲ့တဲ့ သတင်းစကားတွေထဲက စိတ်ဝင်စားစရာတခုကတော့ “အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသစီမံ ခန့်ခွဲ ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ မြှင့်တင်သွားနိုင်ရန်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ (၁၃-၅-၂၀၁၆) ရက်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ သတင်းမီဒီယာများ တွေကို နေပြည်တော်မှာရှိတဲ့ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က “မြန်မာနိုင်ငံကို အရှေ့ခြမ်း၊ အနောက်ခြမ်းခွဲကြည့်ရင် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အရှေ့ခြမ်းမှာပဲ တွေ့ရကြောင်း၊ အနောက်ခြမ်းမှာဆိုရင် မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ AA တဖွဲ့သာရှိကြောင်း၊ အရှေ့ခြမ်းကိုမှာ တောင်၊ မြောက် ထပ်ခွဲကြည့်ရင် တောင်ပိုင်းမှာရှိတဲ့အဖွဲ့အားလုံးဟာ အပစ်ရပ်စာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားကြောင်း၊ မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့တွေကတော့ လက်မှတ်ရေး ထိုးခြင်းမရှိသေးကြောင်း” မီးမောင်းထိုးပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်၊ အရှေ့မြောက်ဘက်ဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတာပါ။ ကာကွယ်ရေးဦးစီးချုပ်ပြောဆိုခဲ့တဲ့အထဲမှာ အဲဒီ လက်မှတ်ထိုးမထားရသေးတဲ့အဖွဲ့တွေထဲမှာ အချို့သောအဖွဲ့တွေရဲ့ဌာနချုပ်တွေဟာ နယ်ခြားမျဉ်းနဲ့ (၁) ကီလိုမီတာ အကွာလောက်မှာ နီးနီးကပ်ကပ်တည်ရှိနေတယ်ဆိုတဲ့ အချက်ကလည်း စိတ်ဝင်စားစရာကောင်းလှပါ တယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ပထဝီအနေအထားအရ အိမ်နီးချင်းဖြစ်တာနဲ့အညီ အိမ်နီးချင်းဆိုတာကို ရွေးချယ်လို့မရတာ ကြောင့် နွေးထွေးတဲ့ဆက်ဆံရေးကတော့ မရှိမဖြစ် ရှိနေဖို့ လိုအပ်ပါတယ်။ လက်ရှိအခြေအနေကို မေ့ထားပြီး ပြီးခဲ့တဲ့ အတိတ်က တရုတ်-မြန်မာ နယ်စပ်အခြေအနေတွေကို ပြန်လည်ထောက်ရှုမယ်ဆိုရင်လည်း ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တရုတ်နိုင်ငံရဲ့အကူအညီဟာ အရေးကြီးကြောင်း စိစစ်တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

(၃)
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ မြန်မာနိုင်ငံကို လာ ရောက်လည်ပတ်ခဲ့ပါတယ်။ မေလ ၂၂ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျွန်ကယ်ရီက “အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမားဟာ သူ့ရဲ့သမ္မတသက်တမ်းအတွက် အာရှဦးစားပေးအစီအစဉ်ကို ရေးဆွဲခဲ့ပြီး မြန်မာကို အဲဒီအာရှဦးစား ပေးမူဝါဒရဲ့ ဗဟိုချက်မအာရုံစိုက်ရာအဖြစ် သတ်မှတ်ခဲ့ကြောင်း” ထောက်ပြပြောဆိုခဲ့ပါတယ်။ အဲဒီပြောဆိုမှုဟာ သာမန် ကြည့်ရင် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့အလေးထားမှုကို ဖော်ကြူးတဲ့စကားတခွန်းအဖြစ်သာ မှတ်ယူလို့ရနိုင်ပေမယ့် အမေရိကန်ရဲ့အကြီးမားဆုံးယှဉ်ပြိုင်ဘက်လည်းဖြစ်၊ မြီရှင်လည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံအတွက် စွန်းစားမှုပါတဲ့စကားဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့ အနက်အဓိပ္ပါယ်တွေပါနေတဲ့ စကားလည်း ဖြစ် ပါတယ်။

ဒီစကားကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ မြန်မာနိုင်ငံမှာ ပြောသွားတဲ့ စကားတခွန်းတည်းကိုသာ စဉ်းစားရမှာမဟုတ်ပဲ တချိန် တည်း တပြိုင်တည်းမှာ ဖြစ်ပေါ်ခဲ့တဲ့အမေရိကန်သမ္မတရဲ့ ဗီယက်နမ်နိုင်ငံခရီးစဉ်နဲ့ပါ ချိတ်ဆက်စဉ်းစားကြဖို့ လိုမယ်လို့ထင် ပါတယ်။

သမ္မတအိုဘားမားဟာ ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်တခုကို ကြေညာခဲ့ပါတယ်။ အမေရိကန်-ဗီယက်နမ်စစ်ပွဲကာလကတည်းကချမှတ်ထားတဲ့ လက်နက်အရောင်း အဝယ်ပိတ်ဆို့ထားမှုကို ရုတ်သိမ်းခြင်း ပါပဲ။ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ တရုတ်အတွက်တော့ အရှိုက်အထိုးခံရသလိုပါပဲ။ ဗီယက်နမ်ကို စစ်လက်နက်ပြန် ရောင်းမဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ ရန်စမှုဖြစ်တယ်လို့ ဘေဂျင်းက ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။

သမ္မတအိုဘားမားကတော့ ဟနွိုင်းမြို့တော် ညဈေးတန်းက လမ်းဘေးစားသောက်ဆိုင် တဆိုင်ထဲကို ရုတ်တရက်ဝင်သွားပြီး ပလပ်စတစ်ထိုင်ခုံမှာ အကျအနထိုင်လို့ ဘန်ချာ ဝက်စွတ်ပြုတ် ခေါက်ဆွဲ စားရင် ဗီယက်နမ်ပြည်သူတွေရဲ့နှလုံးသည်းပွတ်ကို သိမ်းပိုက်ခဲ့ပါတယ်။ အမေရိကန်ဟာ ခေါက်ဆွဲတပွဲနဲ့ တောင်တရုတ်ပင် လယ်ထဲကို ထဲထဲဝင်ဝင် လက်လျှိုဝင်ရောက်လာပြီ ဖြစ်ပါတယ်။

ဒီလိုအခင်းအကျင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့စကားဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးအပေါ် အကျိုး သက်ရောက်နိုင်သလို အဲဒီနိုင်ငံတကာဆက်ဆံရေးဟာ လက်ရှိဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန် လည် ရင်ကြားစေ့ရေးတွေအပေါ်လည်း အကျိုးသက်ရောက်မှုအများကြီးရှိနိုင်တာကို မပြတ်သတိရှိနေဖို့လိုအပ်ပါတယ်။

(၃)
အစိုးရသစ်အတွက် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဦးစားပေးမူဝါဒ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ အဲဒီဦးစားပေး မူဝါဒတွေကို အကောင်အထည်ဖော်တဲ့အခါမှာ သတိ၊ ဝိရိယ၊ လုံ့လအပြည့်နဲ့ဆောင်ရွက်နေရတာကို တွေ့နိုင် ပါတယ်။ အထက်ကတင်ပြခဲ့တဲ့ အခင်းအကျင်း တွေကိုထိန်းညှိနိုင်ဖို့ နိုင်ငံတကာခရီးစဉ်တွေကိုပါ အသေးစိတ်ချင့်ချိန်ဆောင်ရွက်နေတာကို တွေ့ရ နိုင်ပါတယ်။

နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတွေကို အချောမွေ့ဆုံး၊ အညင်သာဆုံး၊ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ပြည်တွင်းအခြေအနေတွေကိုသာမကပဲ ပြည်ပကအခြေအနေ တွေကိုလည်း မပြတ်စောင့်ကြည့်လေ့လာအကဲခတ်နေဖို့ လိုပါတယ်။ လိုချင်တဲ့ပန်းတိုင်ကိုမရောက်အောင် အနှောက် အယှက်ပေးလာမယ့် ဖိအားတွေဟာ ဘာတွေလဲဆိုတာကို ခြေခြေမြစ်မြစ်သိရှိပြီး ရင်ဆိုင်ကျော်လွှားဖို့ လိုပါတယ်။ ပန်းတိုင် ဖြစ်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အမှန်တကယ် ကူညီပေးနိုင်မယ့် ပြင်ပအခြေအနေတွေကို သိရှိနားလည်ပြီး ရနိုင်သမျှ အကူအညီအားလုံးကို ရယူနိုင်ဖို့ လိုပါတယ်။

illustration credit : allnewspipeline.com