ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရဲထွဋ် ● ပင်လယ်ထဲသို့ စီးဝင်လေသည် (၀တ္ထုတို)

ရဲထွဋ် ● ပင်လယ်ထဲသို့ စီးဝင်လေသည် (၀တ္ထုတို)
(မိုးမခ/ သစ်ခက်သံလွင်) ဇွန် ၁၄၊ ၂၀၁၆

အခန်း (၁)
အိမ်ဘေးဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံ (၅) ချက် ကြားလိုက်ရသည်။ တကိုယ်လုံး နာကျင်ကိုက်ခဲနေပေမယ့် အိပ်ရာမှ မထမဖြစ်  မချို ထလိုက်ရသည်။ ဖယ်ရီကားက ခြောက်နာရီရောက် မည်မဟုတ်လား။ တခေါခေါဟောက်၍ နှစ် ခြိုက်စွာအိပ်ပျော်နေသည့် ခင်ပွန်းသည်ကိုတော့ မနှိုးရက်သေး၊ အိပ်ပါစေလေ။ နာရီဝက်လောက်တော့ အချိန်ရသေး သည်ပဲဟု တွေးမိသည်။ ငါးဆူတောင်နဲ့ ဆူးလေ လိုင်းကားမောင်းနေသည့်အဖေက နံနက် ၂း ၃၀ ထဲ အိပ်ရာက ထသွားရ သည်။ မနှစ်တုန်းကအထိ အဖေက နေ့လည် (၃) နာရီဆိုအလုပ်သိမ်းပြီး အိမ်ပြန်ရောက်ပေမဲ့ အခုရက်များမှာ ဓာတ်ဆီဆိုင်မှာ တန်းစီနေရ၍ ည (၈) နာရီကျော်မှ အိမ်ပြန်ရောက်တော့မည်ဟု အမေက ပြောပြသည်။

“ညည်းအဖေကိုလေ ညည နှိပ်နှိပ်ပေးရတာ အရင်ကထက် ပိုကြာတယ်ဟဲ့” ဟုအမေက ညည်းသေးသည်။ အသက် (၇၀) နားနီးပေမဲ့ အခုထိ ကားမောင်းနေရသေးတဲ့ အဖေ့ကို “အဖေရယ် ကားမမောင်းပါနဲ့တော့၊ သမီးတို့ကျွေးပါ့မယ်” ဟု ပြောချင် တာ တပိုင်းကိုသေနေပေမဲ့ ပြောလို့မထွက်။ သမီးရဲ့မူကြိုလခက မချိုလစာရဲ့တ၀က်လောက် ကုန်သည်မို့လား။ အိုဗာ တိုင် နေ့တိုင်းဆင်းနေရ၍ ည (၁၀ နာရီခွဲ) လောက်မှ မချိုအိမ်ပြန်ရောက်တော့ အဖေက အိပ်ရာဝင်နေပြီ။ မချိုအိပ်ရာကထတော့ အဖေက ကားစတီယာရင်ကို ကိုင်နေရချိန် တအိမ်ထဲနေ သားအဖတွေ မျက်နှာချင်းမဆိုင်ရတဲ့အဖြစ်က ဘယ်ဘ၀က ဝဋ် ကြွေးတွေလဲဟု မျက်နှာသစ်ရင်း နာနာကျင်ကျင် တွေးနေမိသည်၊

ခြောက်နာရီမတ်တင်းလောက် ဖယ်ရီရောက်လာတော့ ထမင်းချိုင့်ကိုဆွဲကာ လင်မယားနှစ်ယောက် ဒရောသောပါး ပြေး တက်ရသည်။ “အမေရေ - သမီးကို နည်းနည်းဂရုစိုက်လိုက်ပါဦး။ ညကကိုယ်ပူပြီး ကရောင်ကတန်းတွေပြောတယ်” ဟု ကားမထွက်ခင် မှာရသေးသည်။

စက်ရုံထဲရောက်လို့ တနေကုန်ချည်ဆွဲရကာ စိတ်မဖြောင့်။ သမီးနေမှကောင်းပါ့မလား၊ အမေက သူ့မြေးကိုဂရုစိုက်ပေမဲ့ သူ့မှာလည်း ချက်ရပြူတ်ရ လျှော်ရဖွတ်ရတာမို့သမီးကို ကြည့်မှ ကြည့်နိုင်ပါ့မလားလို့ တွေးပူနေမိသည်။ အရေးထဲ ဒါဇင် ကြေးနဲ့ စက်ဆွဲရတာမို့ ဒါဇင် မကျမှာလည်း စိုးရပြန်သည်။

တနင်္ဂနွေနေ့ပင် နားရက်မရှိဘဲလုပ်ရတော့ ဒီအလုပ်ကို ငြီးငွေ့နေပြီဖြစ်သည်။ နံနက် (၈) နာရီမှာ စအလုပ်ဝင်ပြီး ည (၉) နာရီမှ အလုပ်သိမ်းရသည်။ မင်္ဂလာဒုံခရေပင်လမ်းခွဲမှ မြောက်ဥက္ကလာပပတ်၍ ပတ္တမြားလမ်းဘက်ကနေပြီးမှ ထောက်ကြန့် ကိုဝင်တာမို့ အိမ်ပြန်ရောက်တော့ ၁၀ နာရီခွဲပြီ။ မောမောနှင့် အမေချက်ထားသော ထမင်းကိုစားပြီး တီတီတာတာပြောလာ သော သမီးလေးရဲ့စကားမှာပင် ကြည်နူးစိတ်မ၀င်နိုင်တော့။ အိပ်ရာထဲထိုးလှဲပြီး သစ်တုံးကြီး တတုံးလို မလှုပ်မယှက် အိပ်မောကျသွားတာ များသည်။

အခန်း(၂)
သဲသဲတို့လင်မယားကို အင်မတန်ကံကောင်းသည်ဟု လုပ်ဖော်ကိုင်ဖက်တွေက ပြောကြသည်။ သဲသဲရဲ့ကိုကိုက တရုတ် စကား ထမင်းရေသောက်ပြောတတ်တာကို သဘောကျသွားတဲ့သူဌေးက သဲသဲတို့ကို သူပိုင် BP Top သိုးမွှေးစက်ရုံမှာ အ လုပ်ခန့်ခဲ့သည်။ အဲသည်အချိန်က နောက်ကျနေလို့ ဘယ်သူ့အတွက်မှ လုပ်မပေးပေမဲ့ ဘတ် (Top Work Permit) ကို သူဌေးက သဲသဲတို့လင်မယားအတွက် တကူးတကနဲ့ လုပ်ပေးရှာသည်။ အလုပ်သမားလက်မှတ်က ဘတ်ငွေ (၄၁၀၀) ကျသည်ဟု ပြောသည်။ အလုပ်ရှင်သူဌေးက တလဘတ် (၄၀၀) ဖြတ်ယူမည်ဟု သိရသည်။ ဒါပေမဲ့ သဲသဲဓာတ်ပုံပါသော ဘတ် (အလုပ်သမားလက်မှတ်) ကို တခါမှမမြင်ဘူးခဲ့။ ဘတ်အစား ဆေးစစ်လက်မှကိုသာ ကိုင်ထားသည်။

သဲသဲတို့လင်မယားအလုပ်လုပ်တဲ့ BP Top စက်ရုံက မဲဆောက်မြို့၊ မယ်ပရယ်ရပ်ကွက်ထဲမှာ ရှိသည်။ အလုပ်သမား ၃၅၀ မှာ ထက်ဝက်ခန့်က မိန်းကလေးများ။ ကိုကို့ကိုမခွဲနိုင်တော့လို့သာ တမျက်နှာ တရွာထင်ပြီး လိုက်လာခဲ့ရသည်။ သဲသဲအဖို့ အားလုံးကတစိမ်းပြင်ပြင် အရာရာက အသစ်အဆန်းဖြစ်နေသည်။ ရောက်စက ကိုကို့ကိုမျက်စိအောက်က အပျောက်မခံရဲ။ သဲသဲတို့ လင်မယားအတွက် ခုနှစ်ပေလောက်ကျယ်သည့် နေရာလေးကို ပလစ်စတစ်စများ၊ စက္ကူအထူ ပြားများ၊ ကဒ်ထူပြား များနှင့်ကာရံပြီး အခန်းဖွဲ့သည်။ စဦးဦးချင်းတော့ မည်သို့နေရမည်ပင်မသိ မျက်နှာတွေထူအမ်းပြီး အစစအရာရာ အယောင် ဆောင်အမှားမှား ဖြစ်နေသေးသည်။ သို့ပေမဲ့ ကိုကို့မေတ္တာခြုံတော့ လုံပါသည်။ ကြာတော့လည်း နေတတ်သွားသည်။

အခုတိုင် မနေတတ်ဘဲ အမြဲတမ်းစိတ်ညစ်ရတာက မနက်မနက်အိမ်သာတန်းစီရတဲ့ အချိန်ဖြစ်သည်။ လူ ၄၀၀ နီးပါးမှ အိမ် သာက စုစုပေါင်း (၁၀) လုံးဆိုတော့ အားလုံးဒုက္ခ ရောက်ကြရသည်။ သည်ကြားထဲ အိမ်သာနှစ်လုံးကပျက်နေတော့ ဘူး လေးရာ ဖရုံဆင့်အဖြစ်မျိုး ကြုံရသည်၊ ရေချိုးကန်ကလည်း တခါ တခါ ရေပြတ်နေရ၍ အတော်ကြာသည်။ စက်ရုံတာဝန် ရှိသူတွေကို အတော်ကြီးဝိုင်းပြောမှ ရေကားများရောက်လာပြီး ရေထည့်ပေးလေ့ရှိသည်။ မပြောလို့ကတော့ မသိချင်ယောင် ဆောင်ပြီး နေသာသလို နေနေကြတာပဲ များပါသည်။

အလုပ်က မနက် (၈) နာရီမှ ည (၉) နာရီ တခါတလေ ည (၁၁) နာရီအထိ လုပ်ရသည် အချိန်ပိုလုပ်အားခ လုံးဝမပေး။ တခါတလေ အလုပ်ရှင်များစိတ်လိုလက်ရရှိပါမှ တယောက်ကို မားမားတထုတ် ဝေပေးတာမျိုး ရှိသည်။ ဘာပဲပြောပြော ဗမာပြည်ထက်တော့ သာသေးသည်ဟု ဖြေရမည်။ ဗမာပြည်တုန်းက မြောက်ဒဂုံကနေ စက်မှုဇုံရှိ သိုးမွေးစက်ရုံမှာ သဲသဲ အလုပ်လုပ်ဖူးသည်။ မနက် (၈) နာရီကနေ ည (၁၀) နာရီအထိ အလုပ်လုပ်ရတာ တလမှ တသောင်းငါးထောင်ထက် ပိုမရ။ အမြီးနှုတ်၊ ခေါင်းနှုတ်နဲ့ အမေ့ထမင်းအိုးကိုလည်း ထိထိရောက်ရောက် မဖြည့်နိုင်ခဲ့။ အခု မဲဆောက်မှာ အလုပ်လုပ်တော့ ဗမာငွေနဲ့ဆိုရင် (၅၀၀၀၀) လောက်ရတာမို့ ကံကောင်းတာပဲလို့ တွေးရသည်။ တခုပဲရှိတာက တနှစ်မှာ (၄) လလောက် အောက်တိုဘာလကစပြီး ဇန်န၀ါရီလောက်အထိ တခါတခါ တရုတ်နှစ်သစ်ကူးအပြီးအထိ အလုပ်မရှိတတ်ဟု သိရသည်။

ဘာပဲပြောပြော အလုပ်ပင်ပန်းပေမယ့် ကိုကိုနဲ့အတူရှိနေရတာမို့ ပျော်ပါသည်။ တခါတလေ စက်ရုံထံက ကောင်မလေးတွေနဲ့ ကိုကိုစကားပြောနေတာတွေ့ရင်တော့ ငိုချင်လာသည်။ အမေ့ကိုလည်း သတိရသည်။ စိတ်ကောက်ရတာလည်း ဖီလင်အကြာ ကြီး ယူလို့မရပါ။ ကိုကို မချော့ခင်က ပျော့ပြီးသား သဲသဲပါကိုကို။

ကိုကိုကတော့ ကလေးလိုချင်တာ ရူးနေသည်။ လက်ရှိအခြေအနေအရဘယ်လိုမှ ကလေးယူဖို့ စိတ်မကူးရဲ။ ကိုယ်ဝန်ရှိလာပြီ ဆိုရင် အလုပ်ပြုတ်တယ်လို့ပြောကြတော့ ကိုယ်ဝန်မရှိအောင် ပိုပြီးဆင်ခြင်နေရသည်။ ဟိုတလောက ရက်တွက်မှားပြီး ကိုယ်ဝန်ရှိလာပြီထင်လို့ ငိုရသေးသည်။ ကလေးလိုချင်လွန်းလို့ပူဆာနေတဲ့ ကိုကို့ကို ချော့နေရတာလည်း အလုပ် တဖက်ပါ ပဲ။

အခန်း(၃)
ဘန်ကောက်ကသူငယ်ချင်းက “ မင်းလာချင်လာခဲ့လေ၊ လမ်းစရိတ်ငါစိုက်ထားပေးမယ်။ သည်ရောက်မှ အလုပ်လုပ်ပြီးပြန်ပေး ” ဟု ဖုန်းထဲက ပြောသည်။ ကြာရှည်စဉ်းစားမနေနိုင်ဘဲ “အေး.. မင်းငွေ ဘယ်နေ့ ဘယ်ကို ပို့ပေး” ဟု ပြောရသည်။ ကောင်း ပြီ သူငယ်ချင်း စိတ်ချဆိုပြီး ဖုန်းချသွားတော့မှ မိန်းမနှင့် ဘာဆက်လုပ်ရမည်ကို တိုင်ပင်ရသည်။

“သမီးကတော့ ကျောင်းပျက်နေမယ်။ သူ့အဒေါ်ဆီမှာ တောင်းတောင်းပန်ပန်နဲ့အပ်ခဲ့၊ မင်းကတော့ အမေ့အိမ် ခဏပြန်ကွာ၊ (၃) (၄) လထက် မကြာဘူး၊ ငါ ငွေပို့ပေးနိုင်မှာပါ” ဟု ပြောရသည်။

မိမိစီမံသမျှကို ခေါင်းခါလေ့မရှိသော ဇနီးသည်က ကောင်းမယ်ဆိုလဲလုပ်လေဟုဆိုသည်။ “ မင်းအမေအိမ်ကို အခုပဲသွားလိုက်ကြရအောင်ကွာ၊ သူလည်းသမီးကိုချစ်သားပဲ။ ဂရုစိုက်မှာပါ”  ဟုပြောရင်း မြ၀တီဈေးထဲမှ သပြေပန်းရောင်း နေတဲ့ မရီးထံသွားဖို့ ဆန်မလော့ကို ဆွဲထုတ်လိုက်သည်။

နောက်တပတ်လောက်ကြာတော့ သူငယ်ချင်းပို့ပေးတဲ့ ငွေရောက်လာတာမို့ မဲဆောက်က ကယ်ရီနှင့် အဆက်အသွယ် လုပ်စုံစမ်းသည်။ ငါးရက်ရွှေ့ချိန်း၍ ငွေတသောင်းနှစ်ထောင် တောင်းသည်။ အုန်းဖျံအထိ ကားနဲ့သွားပြီး အုန်းဖျံကနေ ဘန် ကောက်အထိ ခြေလျှင် (၂) ရက်ခွဲ လျှောက်ရမယ်ဟု ဆိုသည်။ ဈေးဆစ်မနေနိုင်။ သဘောတူလိုက်ရသည်။

ချိန်းတဲ့ရက်မှာတော့ အုန်းဖျံကိုကားနဲ့ထွက်ဖြစ်ကြသည်။ လမ်းပြကယ်ရီအပြင် ကျနော်တို့အဖွဲ့ မှာ လေးဦးပါသည်။ ရဲဂိတ်နှစ် ဂိတ်ကို ကြိုတင်ညှိနှိုင်းပြီး ငွေပေးဖြတ်လိုက်ရတာမို့ အစစ အဆင်ပြေနေသည်။ အုန်းဖျံမရောက်ခင်လေးမှာဆင်း၍ အုန်း ဖျံကိုတောလမ်းမှဝေ့ပတ်ကာ တောင်ပေါ် ခြေလျှင်လမ်းအတိုင်း လျှောက်ကြရသည်။ တွေ့သမျှရွာတွေအားလုံးကို ဝေ့ပတ် ကာ လျှောက်ကြရသည်။

ပထမတရက်တော့ ကိစ္စမရှိသေးပါ။ နောက်ရက်ကျတော့ ကျနော်တို့အတော် ဆာလောင်လာသည်။ ဘာအတွေ့ အကြုံမှ မရှိ၍ ဘာအစားအစာမှလည်း သယ်မလာခဲ့။ လမ်းပြကယ်ရီကလည်း ရွာဝင်ခွင့်မပေး။

ဒုတိယနေ့ ညနေခင်းမှာတော့ ကျနော်တို့အားလုံးမနေနိုင်တော့။ လမ်းဘေးခြံတခြံထဲက သင်္ဘောသီးတလုံးကို အားလုံး သဘောတူ ခူးကြသည်။ အဲဒီအခိုက်မှာပဲ သင်္ဘောပင်ပိုင်ရှင် မျှော့လူမျိုးအ၀တ်အစားနဲ့ အသက် (၄၀) ခန့်ရှိ လူတဦး ကျနော် တို့ကို နှစ်လုံးပြူးနဲ့ချိန်ထားတာ တွေ့ လိုက်ရတော့ ဆာနေတာတွေတောင် ဘယ်ရောက်သွားလဲမသိ။ မျှော့တွေလူသတ်ပစ်တဲ့ ပုံပြင်တွေ အများကြီးကြားဖူးထားတာမို့ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ မျှော့လူကြီးက ခင်ဗျားတို့သူခိုးတွေပဲ …သူခိုးတွေကိုဘယ်လို စီရင်တယ်ဆိုတာ မသိဘူးထင်တယ်ဟု ပြောလာသည်။ “ ကဲ…ကောင်းပြီ။ ခင်းဗျားတို့ခိုးစားတဲ့သင်္ဘော သီးထဲမှာပါတဲ့ အစေ့အရေအတွက်အတိုင်း တစေ့ကို ဘတ်တရာလျော်ရမယ်။ မလျော်နိုင်ရင် ခင်ဗျားတို့ အားလုံးကိုသတ် မယ်” ဟု ကြိမ်းဝါးသည်။ သင်္ဘောသီးကို မောင်းချဓားဖြင့်ခွဲနေတာကိုကြည့်နေရင်း ကျနော့် အကြောအခြင်တွေမှာ တုံ့ဆိုင်း လာနေသည်။ သင်္ဘောသီးကား ထက်ခြမ်းကွဲသွားပြီ။ ကျနော့်သက်ပြင်းချသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို လွှမ်း မိုးသွားသည်။

သင်္ဘောသီးထဲမှာ သင်္ဘောစေ့ တစေ့ပဲ ပါပါသည်။

အခန်း (၄)
အိပ်ငိုက်စပြုနေသော စောဆေးတယောက် တတီတီမြည်လာသော အသံကြောင့် လူးလဲ ထလိုက်သည်။ ဟုတ်ပါသည်။ ချည်ဆွဲစက်ထိပ်မှာတည်ထားတဲ့ မီးနီလေးက ပုလိပ်ကားထိပ်က မီးလုံးအတိုင်း တတီတီအော်ကာ မှိတ်လိုက် လင်းလိုက်ဖြစ် နေသည်။ ကမန်းကတန်း ပြေးသွားပြီး ပြတ်နေတဲ့ချည်အမျှင်ကို ပြန်ဆက်ပေးလိုက်သည်။ စက်နံဘေးရှိ ခလုတ်ကလေးကို နှိပ်ပေး လိုက်တော့ စက်ကပုံမှန် ပြန်အလုပ်လုပ်လာသည်။ ချည်ဆွဲစက်များကို ထိန်းချုပ်ထားသော ကွန်ပျူတာဖန်သား ပြင်ပေါ်ရှိ ဂရဖ်မျဉ်းများကား ပုံမှန်ပြန်အလုပ်လုပ်လျက်ရှိသည်။ စောဆေးနဲ့ စောထူးတို့နှစ်ဦးစလုံးက မြိင်ကြီးငူဇာတိ၊ ခုနှစ်တန်းကျသူများနည်းတူ ဘန်ကောက်မှာ အလုပ်လာ လုပ်ကြသူများဖြစ်သည်။ အသက် (၁၆) နှစ် အရွယ်တူသက်တူရွယ် တူများပေမို့ အခု ဘန်ကောက်၊ ဘန့်ဖယ်အထည်ချုပ်စက်ရုံမှာအတူ အလုပ်လုပ်ရတာကိုပဲ ဘုရားသခင် ကျေးဇူးတော်ဟု ချီးမွမ်းကြသည်။ မှန်ပါသည်၊ ချည်ဆွဲစက်အလုံး (၄၀) ကို သူတို့နှစ်ဦးထဲ ကိုင်တွယ်ရပေမယ့် ကွန် ပျူတာနဲ့ထိန်းချုပ်ထားတာမို့ ပင်ပင်ပန်းပန်းမလုပ်ရ။ ချည်ပြတ်သွားလို့ အချက်ပေး ခလုတ်မြည်လာပါက သွားဆက်ပေးရုံသာ ရှိသည်။ တခါတလေ ညဂျူတီ၊ တခါတလေ နေ့ဂျူတီ လဲရသည်။ လေအေးစက်တပ်ထားသော အခန်းထဲမှာ ထိုင်နေသည့်ထိုင်းနှစ်ဦးက ကွန်ပျူ တာကိုချိန်ပြီး ခလုတ်ကိုနှိပ်ထားသည်နှင့်ချုပ်စက်များက အော်တိုမက်တစ် အလုပ်လုပ်ကြတော့သည်။ သူတို့က ဂလို ဘယ် လိုက်ဇေးရှင်းကို ကျေးဇူးတင်နေကြသည်။ ချည်မျှင်စက်တီထွင်သူ ၀ှိုက်ညီအစ်ကိုထက် ကွန်ပျူတာသဌေးကြီး ဘီလ်ဂိတ်ကို ပို၍ကျေးဇူးတင်နေကြသည်။

အခန်း(၅)
ဟောင်ကောင်ကျွန်း  - - လမ်းရှိ။ ၁၂ ထပ် အဆောက်အဦးတခု။

ညဆယ်နာရီကျော်ပေမယ့် ၆ ထပ်ရှိ အခန်းအားလုံးမှ ရုံးဝန်ထမ်းအားလုံး ရုံးမဆင်းနိုင်သေး။ ယင်းအထပ်ကို China Textile Holding International Company ရုံးချုပ်ရုံးခန်းဟု ဟောင်ကောင်သားတိုင်းက သိကြသည်။ ဒီကုမ္ပဏီ၏အလုပ်ရုံများကို ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မောရေရှား၊ မာဒက်စ်ကားနှင့် မြန်မာတို့တွင် ဖွင့်လှစ်ထားသည်။ နိုင်ငံ တကာ ကုမ္ပဏီမို့ လုပ်ငန်း ပမာဏကြီး ကျယ်လှသလို စီမံခန့်ခွဲမှုယန္တယားကလည်း ခေတ်မီလှသည်။

ကြက်သွေးရောင် ကတ္တီပါကော်ဇောများခင်းထားပြီး မဟော်ဂနီရောင် ပရိဘောဂများနှင့် ပဏာရနေသည့်အမှုဆောင် အရာ ရှိချုပ် CEO မစ္စတာ ကင်၏ရုံးခန်းအတွင်း၌ Legal Adviser  ဥပဒေရေး ရာအကြံပေးအရာရှိနှင့် ဈေးကွက်ဒါရိုက်တာ Marketing Director  နှစ်ဦးစလုံးရောက်ရှိ နေသဖြင့် အတွင်းရေးမှူးမလေးများမှာ ဗျာများနေကြသည်။ ယခုလိုကုမ္ပဏီ၏ အရေးပါဆုံး ပုဂ္ဂိုလ်သုံးဦး ညနက်သန်းခေါင်အချိန်တွင် တွေ့ဆုံနေခြင်းမှာ ကုမ္ပဏီအတွက်အရေးပါသော ဆုံးဖြတ်ချက် များ ချမှတ်ရန်ရှိနေသည့် အညွန်းပြကိန်းများဖြစ်ကြောင်း သူတို့လေးများအပါအ၀င် ရုံးချုပ်ဝန်ထမ်းအားလုံးက အလိုလို သိနား လည်နေကြသည်။ ရုံးချုပ်ဝန်ထမ်းများဆိုင်ရာ စီမံခန့်ခွဲရေးအကြီးအကဲက ယနေ့အဖို့ ၀န်ထမ်းအားလုံး အချိန်ပိုအလုပ် ဆင်းပေးပါရန် ညွှန်ကြားထားသည့်အတွက် ကုမ္ပဏီဝန်ထမ်းအားလုံးမှာ အိမ်မပြန်ရဘဲ လုပ်ငန်းခွင်တွင် ရှိနေရခြင်းဖြစ်သည်။ ကုမ္ပဏီ၏ ငွေစာရင်းဌာနမှ မိန်းမချောလေး မစ္စလီတယောက်သာ သူ့ဘွိုင်းဖရန့်နှင့် ယနေ့ည ညစာစားဖို့ ချိန်းထား တာ ပျက်သွားသဖြင့် ပွစိပွစိ မကျေမနပ် ရေရွတ်နေသည်။

ကလင် ကလင် ကလင် … … …

အမှုဆောင်အရာရှိချုပ်စီအီးအိုကင်က မြည်လာသောဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖုန်းခေါ်လာသော သူ့ဇနီးအား ဘာ ကြောင့် သူအိမ်ပြန်နောက်ကျ နေရကြောင်း ရှင်းပြလိုက်သည်။ ဖုန်းကိုချထားလိုက်ပြီး တဆက်တည်းမှာပင် ဆုံလည် ကု လားထိုင်ကိုလှည့်၍ ကျန်နှစ်ဦးဘက်သို့ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ သူက …

“ကဲဗျာ။ ဒီလောက်ဆိုရင်ကျနော်တို့ ဘာလုပ်ကြမယ်ဆိုတာ ခင်ဗျားတို့ နှစ်ဦးစလုံး သိလောက်ပြီ။ နယူးယောက်နဲ့ ဆန်ဖရန်စ္စ ကိုက ဒေါ်လာသန်းသုံးရာဖိုး ပစ္စည်းဝယ်ဖို့ အမှာစာရတယ်။ ကျနော်တို့တောင်းတဲ့ဈေးအတိုင်း သူတို့ပေးမှာပါ။ Quality Control ကတော့ထုံးစံ အတိုင်းပဲ လုပ်ရမှာပေါ့။ သူတို့နဲ့ ကွန်ထရက်လုပ်တဲ့အခါမှာ သူတို့ဘက်က Condition တခုထူးထူး ခြားခြားတောင်းလာတာ ဒီတခါ တွေ့ရတယ်။ အဲဒါက အရေးကြီးတယ်။ ဒါက ကျနော်တို့ရောင်းတဲ့ပစ္စည်းတွေကို Migrant  Worker တွေက ထုတ်တာမဟုတ်ရဘူး။ အိုင်အယ်လ်အိုက အတည်ပြုထားတဲ့ အလုပ်သမားအခွင့်အရေးတွေကို ကျနော် တို့စက်ရုံတွေက အလုပ်သမားတွေကို အပြည့်အ၀ပေးရမယ်တဲ့။ ပိုဆိုးတာက အမြတ်ငွေရဲ့ ငါးရာခိုင်နှုန်းကို အလုပ်သမား တွေကို ဘောနပ်စ် ပြန်ပေးရမယ်တဲ့ဗျာ…

ဘာပဲဖြစ်ဖြစ် ကုမ္ပဏီအနေနဲ့တော့ သူတို့တောင်းဆိုတာလက်တွေ့မလုပ်နိုင်ဘူးဆိုတာသိပေမယ့် စာချုပ်တော့ချုပ် ဖြစ် အောင် ချုပ်ရမှာပဲ။ သူတို့တောင်းဆိုတာနဲ့ ဥပဒေအကြောင်းအရ တရားဝင်အောင် ကြည့်လုပ်ဖို့ကို ခင်ဗျားတို့နည်းလမ်း ရှာကြပါ။ နောက်ပြီးတော့ ကျနော်တို့စက်ရုံတွေမှာလည်း အလုပ်သမားပြဿနာမတက်အောင် ဘယ်လိုလုပ်မယ် သက်ဆိုင် ရာနိုင်ငံတွေက ဗျူရိုကရက်တွေနဲ့ အပေးအယူလုပ်ဖို့မမေ့ပါနဲ့။ အဲဒီ့အတွက် ဒေါ်လာဆယ်သန်းခင်ဗျားတို့ သုံးနိုင်ပါတယ် ..။ ”

ရဲထွဋ်
ဇူလိုင်လ၊ ၂၅၊ ၂၀၀၆

ဤ၀တ္ထုတိုသည် ၂၀၀၆ ခုနှစ်များကာလက ထိုင်း-မြန်မာနယ်စပ်တွင်ထုတ်ဝေသော ဂျာနယ်တခုတွင်ဖော်ပြခဲ့ပြီးဖြစ်သည်။