ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အေးငြိမ်း - ခေါင်းဆောင်



အေးငြိမ်း - ခေါင်းဆောင်
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇွန် ၂၉၊ ၂၀၁၆

(၁)

နိုင်ငံတစ်နိုင်ငံ၏ သမ္မတ (သို့မဟုတ်) သက်ဦးဆံပိုင်ဘုရင် ဖြစ်နေရုံမျှနှင့် လူထုကချစ်ခင်အားကိုးသော လူထုခေါင်းဆောင် ဖြစ်မလာနိုင်။

သို့ဆိုလျှင် အဘယ်ကို လူထုခေါင်းဆောင် ခေါ်သနည်း။

ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပါလေ။

(၂)

သူမနှင့်ပတ်သက်လာတိုင်း ကျွန်ုပ်မှာ ထိထိခိုက်ခိုက် ခံစားရသည်ချည်း ဖြစ်၏။ သို့သော် အခြေအနေကိုလိုက်၍ ခံစားရတာ ခြင်း မတူ။ တခါတလေ ပီတိဖြစ်သည်။ တခါတလေ ၀မ်းသာသည်။ တခါတလေ ၀မ်းနည်းပြီး တခါတလေကျတော့ ဒေါသ ထွက်သည်။ တခါတခါ ချစ်ခင်နှစ်သက်သည်။ တခါတလေ သနားသည် - စသည့် ခံစားချက်ပေါင်းများစွာ။ တခါတလေ ကျတော့ ၀မ်းနည်းဝမ်းသာ တပြိုင်နက် ခံစားရတာရှိသလို တခါတလေကျတော့လည်း  သနားတာနှင့် ဒေါသထွက်တာ ရောနှော ခံစားရသည်။

သို့သော် သူမနှင့်ပတ်သက်၍ ခံစားရတာ ကျွန်တော်တစ်ဦးထဲမဟုတ်။ သူမကို ချစ်ခင်နှစ်သက်သော ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားအပေါင်းတို့လည်း ကျွန်ုပ်ကဲ့သို့ပင် နှစ်နှစ်ကာကာ ခံစားရလိမ့်မည်ဟု ယုံကြည်ပါသည်။ ဤသည်မှာ မေတ္တာဖြစ်၏။ မေတ္တာဆိုတာ အသွားအပြန်ရှိသည်။ သူက ကျွန်ုပ်တို့ မြန်မာပြည်သားများအပေါ် မေတ္တာသက်ဝင် ချစ်ခင်သည့်အတွက် ကျွန်ုပ်တို့ကလည်း သူ့အပေါ် မေတ္တာသက်ဝင် ချစ်ခင်နှစ်သက်ကြခြင်း ဖြစ်လေသည်။

(၃)

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ကြည့်ပြီး ကျွန်ုပ်မှာ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ပီတိဖြစ်ချင်း၊ ချစ်ခင်ခြင်းတို့ ပေါင်းစု ခံစားမိ၏။

ပထမ - ကားဆိုက်လာတော့ ပြေးဝင်လာသည့် ရာပေါင်းများစွာသော လူအုပ်ကြီးကိုကြည့်ကာ ၀မ်းသာဝမ်းနည်း ဖြစ်ရသည်။

ဝမ်းသာရခြင်းမှာ ကျွန်ုပ်တို့ မြန်မာပြည်သား လူအများ၏ သူမအပေါ် ချစ်ခင်ခြင်း၊ ယုံကြည် ကိုးစားခြင်းတို့ကို တွေ့မြင်ရ၍ ဖြစ်၏။

သို့ဆိုလျှင် အဘယ်ကြောင့် ၀မ်းနည်းရသနည်း။

ကမ္ဘာ့နိုင်ငံအသီးသီးသို့ မြန်မာအများ သွားရောက် အလုပ်လုပ်ကိုင်နေကြရာတွင် အောက်ခြေအလုပ်သမားအများစု လုပ်ကိုင်နေကြသောနိုင်ငံများမှာ ထိုင်းနှင့် မလေးရှားတို့ ဖြစ်၏။ ကျွန်ုပ်တို့ ရောက်ရှိနေထိုင် လုပ်ကိုင်နေရာ စင်ကာပူတွင် လည်း မြန်မာလုပ်သား ၂ သိန်းခန့် ရှိသည့်အနက် ၀ပ်ပါမစ်အလုပ်သမား တော်တော်များများ ရှိပါသည်။ အင်ဂျင်နီယာ၊ မန်နေဂျာ၊ ကိုယ်ပိုင်လုပ်ငန်းရှင်၊ အနည်းဆုံး ကြီးကြပ်ရေးမှုးများအင်အားမှာ မနည်းလှ။ ၀ပ်ပါမစ်အလုပ်သမားများ ရှိသည့်တိုင်  ဘာပဲပြောပြော စင်ကာပူက တရားဥပဒေ စိုးမိုးရေးကို အလေးပေးသည့် နိုင်ငံဖြစ်သဖြင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တရားဥပဒေဘောင်အတွင်းမှ တိုက်ယူလို့ ရပါသည်။

(S Pass တွေကို လခ ၁၅၀၀ နဲ့ ခိုင်းထားတာကရောကွာ ဟု ကွန်ပလိန်းမတက်ပါနှင့်။ ဤသည်မှာ လူတင်ပါလို့ နွားကျားကိုက် ခြင်း ဖြစ်၏။ မိမိကိုယ်၌က ကိုယ့်ကိုယ်ကိုယ် မယုံကိုး၊ စိတ်မချ။ ငါ လုပ်မှလုပ်တတ်ပါ့မလားဟု စိုးတထိတ်ထိတ်ဖြင့်။ သို့မဟုတ်ပါကလည်း အလုပ်ကလေးတစ်ခုရဘို့ အရေးကြီးနေသဖြင့် လုပ်ပါကွာ ငါ့ကို ၁၅၀၀ ပဲပေးပါ။ S Pass လေး ရရင် တော်ပါပြီ ဆိုသူများ ရှိနေသောကြောင့် ဤကဲ့သို့ ဥပဒေကို လက်တစ်လုံးခြား လုပ်နေသူများ ရှိနေရခြင်းဖြစ်ပါသည်။ သို့ဆိုလျှင် ထိုသူများအတွက်ကရော။ ကိုယ်သာ အမှန်တကယ် လုပ်တတ်ကိုင်တတ်သူများဖြစ်ပါလျှင် S Pass အတွက် သတ်မှတ်ထားသည့် လစာ ၂၂၀၀ ရအောင် တောင်းပါ။ မရလျှင်မလုပ်ပါနှင့်။ ၂၂၀၀ ပေးပါမည်ဟု သဘောတူပြီးမှ လစာ အပြည့်မပေးဘူးဆိုပါစို့။ MOM ကို အချိန်မရွေး သွားတိုင်လို့ရပါသည်။ MOM သည် အလုပ်သမားများအတွက် အပြည့်အ၀ အကာအကွယ်ပေးပါသည်။ အင်္ဂလိပ်စကားမပြောတတ်လို့ စိတ်မပူပါနှင့်။ စကားပြန်ခေါ်ပေးပါလိမ့်မည်။)

သို့သော် ထိုင်းနှင့် မလေးရှားမှ အလုပ်သမားများမှာ နည်းမျိုးစုံဖြင့် အလုပ်သမားများရပိုင်ခွင့်ကို ချိုးဖောက်ခံနေကြရပါသည်။ ကျွန်တော်က ထိုင်းနှင့် မလေးရှားတွင် မလုပ်ဖူးသဖြင့် အတွင်းကျကျ မသိပါ။ သို့တိုင် ထိုနိုင်ငံများ၌ လုပ်ကိုင်ခဲ့ဖူးသူများနှင့် အင်တာဗျူးဖူးသဖြင့် အနည်းအကျဉ်းတော့ ရိပ်မိပါသည်။
အခွင့်အရေးချိုးဖောက်ခံရသည့် လုပ်သမားများတွင် မြန်မာတို့ ထိပ်ဆုံးက ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့မြန်မာများမှာ ခေါ်စရာအဖေမရှိသဖြင့် အမိမဲ့သား ရေနည်းငါးပမာ လုပ်ချင်တိုင်း လုပ်၍ ရနေသောကြောင့် လုပ်ချင်တိုင်းလုပ်တာ ခံနေကြရသောကြောင့် ဖြစ်ပါသည်။ ယုတ်စွအဆုံး သတ်ပြီး ပင်လယ်ထဲပစ်ချခဲ့၍ လူမသိ သူမသိသေခဲ့ရသူများ မည်မျှများသည်ကို မည်သူမှ မသိပါ။

ယခု ဒေါ်အောင်ဆန်းစုကြည် ထိုင်းကိုလာတော့ သူတို့တတွေ ၀မ်းသာအားရပြေးလာကြသည်မှာ သူမကို ချစ်ခင်နှစ်သက်စွာ ကြိုဆိုလိုကြ၍ တကြောင်း၊ နောက်တကြောင်းမှာ ငါတို့အတွက် ကယ်တင်ရှင်ကြီးလာပြီဟု အားကိုးတကြီး မျှော်လင့်တကြီး ဖြင့် လာကြတာ ဖြစ်ပါသည်။

ထို့ကြောင့် ၎င်းတို့ကိုကြည့်ပြီး ကျွန်တော် ၀မ်းနည်းရခြင်းဖြစ်၏။ ကျွန်တော်တို့နိုင်ငံသားများမှာ သူတို့ကိုယ်သူတို့ အစိုးရဟု နာမည်တပ်ထားသူများက နည်းနည်းမှ လှည့်ကြည့်ဖော်မရဘဲ ပစ်စလက်ခတ် ထားခဲ့သည်မှာ ရာစုနှစ်ပင် တစ်ဝက်ကျိုးခဲ့ပြီ ဖြစ်၏။

ယခု ဒေါ်အောင်ဆန်းစုကြည်တည်းဟုသော ကျွန်ုပ်တို့၏ မျှော်လင့်ချက်လမင်းကြီးကား မည်သည့်နည်းနှင့်မျှ ကျွန်ုပ်တို့ကို ပစ်မထားဟု သေချာလှသောကြောင့် သူတို့ ယုံကြည်ကိုးစားကြခြင်းဖြစ်၏။ သူတို့ယုံကြည်သည်မှာ အလွန်မဟုတ်။ သူ့ကို လူအုပ်ကြီးထံမှဝေးရာ ဟိုဘက်ကိုခေါ်သွားတော့ သူ့မှာ သားပေါက်ကလေးများကို ထားခဲ့ရသော ကြက်သားအုပ်မကြီးပမာ သံယောဇဉ်မပြတ်နိုင်ဘဲ နောက်ကို လှည့်ကြည့်လှည့်ကြည့်နှင့် ယက်ကန်ယက်ကန် ပါသွားရရှာလေသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် သူသည် လူမြင်ကောင်းရုံလောက် ဟန်ပြလုပ်တာမဟုတ်။ တကယ်ရင်ထဲအသည်းထဲမှ စေတနာအပြည့် ပါကြောင်း သက်သေပြနေပေသည်။

နောက်ပြီး မြန်မာများနှင့် တွေ့ဆုံစကားပြောတော့ မိုက်မရှိသဖြင့် အောက်ကပြောတာ ဘာမှမကြားရ။ သည်တော့ သူက ဖြုတ်ဆို အောက်သို့ အတင်းဆင်းသွားတာတွေ့ရတော့လည်း ကျွန်ုပ်မှာ သူ့ကို အလွန်ချစ်ခင်မိရသည်။ သူ့မှာ ဟန်ဆောင်တာ ဘာမှ မရှိ။ အလုပ်သမားတွေကြားထဲ သွားရမှာ သူ့အတွက် ဘာပြဿနာမှ မရှိ။ သူတို့ခံစားချက်တွေကို သိချင်သည်။ သူတို့ ပြောတာ နားထောင်ချင်သည်။ သူတို့ ဘာတွေလိုနေသလဲဆိုတာ စေ့ငုချင်သည်။ မိုက်မပါလို့ သူ့အတွက် ဘာမှဖြစ်မသွား။ အဝေးကပြောလို့မကြားရရင် အနားကပ်ပြောမကွာ။

(သူ့အတွက် ဘာမှ မဖြစ်ပေမဲ့ ဟိုဆရာကြီးများမှာတော့ ဘာပါဝါမှမရှိသော ချောင်ထဲသို့ပို့တာ ခံလိုက်ရလေသည်။)

နောက်ပြီး လူငယ်လေးပြောတာကို ကျကျနန နားထောင်သည်။ အပြန်အလှန်ပြောဆိုဆွေးနွေးသည်။ ချစ်စရာ ကောင်းလိုက်ပါပေ့။

နောက်ပြီးတော့ လမ်းဘေးမှာ ၀ိုင်းအော်နှုတ်ဆက်နေကြသူများကို ဗြုန်းဒိုင်းကြီး ဆင်းစကားပြောတော့လည်း ကျွန်ုပ်မှာ အင်း၊ သူ့အဖေနဲ့ အတော်တူတာပဲ ဟု တွေးမိလေသောဟူ၏။ (အောင်မယ်၊ ဗိုလ်အောင်ဆန်းကို သူမီလိုက်တဲ့အတိုင်း) သူများတွေလို ကျွန်ုပ်ကတော့ သူ့လုံခြုံရေးအတွက် မစိုးရိမ်မိပါ။ အဘယ်ကြောင့်ဆိုသော သူဒီလိုဆင်းလာမယ်မှန်း မသမာသူတွေ ထင်ထားလိမ့်မည် မဟုတ်ပါ။ သို့အတွက် သည်နေရာတွင် မည်သည့်အကြောင်းနှင့်မျှ ရှိမနေနိုင်ပါ။ သူ့ကို ၀ိုင်းအော်နှုတ်ဆက်ကြသူအားလုံးသည် သူ့သားသမီးများသာ ဖြစ်ပေလိမ့်မည်။ သို့အတွက် ဘာစိုးရိမ်စရာမှ မရှိပါ။

ဤကဲ့သို့ ရုတ်တရက် သူဆင်းနှုတ်ဆက်တော့လည်း ကျွန်ုပ်မှာ သဘောကျမိသည်သာ ဖြစ်လေ၏။ တကယ်မေတ္တာမရှိဘဲ ဆင်းလာစရာ အကြောင်းမရှိ။

(၄)

သို့သော်လည်း သူ့ကိုကြည့်ပြီး ကျွန်ုပ် အလွန်ဝမ်းနည်းမိလေသည်။

သူထိုင်းကို ခဏတဖြုတ်သွားတာ ထိုင်းနိုင်ငံရောက် ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများအတွက် များစွာ အကျိုးရှိသွားလေသည်။ သူလက်မှတ်ထိုးခဲ့သော စာချုပ်များနှင့် ထိုင်းအစိုးရကို သူပြောခဲ့သည့် စကားများ၊ မြန်မာနိုင်ငံသားများကို သူမှာခဲ့သည့် စကားများကို ပြန်ကြည့်ပါ။

ငါတို့နိုင်ငံသားတွေအတွက် ငါတို့ အကုန်တာဝန်ယူတယ်။ . . . . . ဧည့်သည်ဟာ ဧည့်သည်လို နေရမယ်။

ယူတတ်မည်ဆိုလျှင် အလွန်အဖိုးတန်လှသော စကားများဖြစ်၏။
ဧည့်သည်ဟာ ဧည့်သည်လိုနေရမယ် ဆိုသည့်စကားကို မိတ်ဆွေများပင်သိပြီးဖြစ်သော်လည်း နည်းနည်းလောက် လျှာရှည်ခွင့် ပြုပါ။

ကျွန်ုပ်တို့သည် စင်ကာပူနိုင်ငံတွင်နေကြ၏။ ထိုအခါ စင်ကာပူ၏ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လေးစား လိုက်နာရပါမည်။ ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုဘ၀များကို တန်ဘိုးထားရပါမည်။ သူတို့ဥပဒေတွေက တင်းကြပ်လွန်းသလား၊ သူတို့သည်လိုနေတာထိုင်တာ မကြိုက်ဖူးလား။ မကြိုက်သည့်တိုင် အောင့်အည်းသည်းခံနေရပါမည်။ ဒါမှမကြိုက်သေးဘူးဆို ရှုံ့မဲ့တော့မနေပါနှင့်။ အချိန်မရွေး ကောက်ပြန်သွားလို့ရပါသည်။ မည်သူမှ တားနေမည်မဟုတ်ပါ။

ဥပမာ - သင့်အိမ်သို့ ဧည့်သည်များ ရောက်လာသည်ဆိုပါစို့။ ထိုဧည့်သည်များသည် သူ့အိမ်မှာနေသလို ကွမ်းတံတွေးတွေကို ပြစ်ကနဲ ဟိုထွေးဒီထွေး ထွေးမည်ဆိုလျှင် သင်ဘယ်လိုနေပါမည်နည်း။

ကျွန်ုပ်ဝမ်းနည်းမိရသည့်အကြောင်းကား -

သည်မျှတန်ဘိုးရှိလှသည့် ရတနာတုံးကြီးကား အိုမင်းလှပြီဖြစ်၏။ အသက် (၇၀) ကျော်နေတာတောင် သည်မျှ သွားလာ လှုပ်ရှားနိုင်တာကိုပင် ကျေးဇူးတင်ရဦးတော့မည်။ သို့သော် သူ စိတ်မည်မျှပင် ရှိနေသည်ဖြစ်စေ၊ ရုပ်က လိုက်နိုင်ပါဦးမည် လော။ လိုက်နိုင်တောင် မည်မျှကြာကြာ လိုက်နိုင်ပါမည်နည်း။ သူရှိနေတာနှင့်ပင် ကျွန်ုပ်တို့မှာ အလိုလိုနေရင်း မျက်နှာပန်း ပွင့်ရသည်။ ဟိုနိုင်ငံ၊ သည်နိုင်ငံတွေက တန်ဘိုးထား လေးစားတာ ခံရသည်။ (ထိုင်းနိုင်ငံမှ အဓိကရ စစ်ဗိုလ်ချုပ်ကြီးက သူ့အပါးတွင် မခုတ်တတ်သည့် ကြောင်ကလေးကဲ့သို့ ယို့ယို့ကလေး ရပ်နေတာကြည့်ပါ။)

သူဦးဆောင်သည့်အစိုးရတက်လာသည် ဆိုရုံမျှဖြင့် ပြည်သူ့ရဲများမှာ အလိုလို အချိုးပြောင်းကုန်ရသည်။ သူ့ကို ကန့်လန့်တိုက်သူများ ရှိနေသည်ဆိုစေ၊ ပြည်သူအများစုမှာ သူ့စကားကို နားထောင်ကြသည်။

သို့ဆိုလျှင် သူမရှိတော့သည့်အခါ . . . . .

ကျွန်ုပ်မှာ တွေးတောင်မတွေးရဲ။

ဤအတွေးဝင်လာသည့်အခါတိုင်း ၀မ်းပမ်းတနည်း ဖြစ်ရသည်။ ကျွန်ုပ်တို့တိုင်းသူပြည်သားတွေ စည်းကမ်းရှိလာသည်အထိ၊ ကိုယ်ကျင့်တရားများ ကောင်းလာသည့်အထိ၊ ပေါက်တတ်ကရ စကားများကို မပြောကြတော့သည်အထိ၊ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်မှာ ဂုဏ်ဝင့်ထည်လာသည်အထိ သူ ဆက်ရှိ နေနိုင်ပါဦးမည်လား။

သည်မှဆက်၍တွေးတောမိသည်မှာ . . . .

သည်မျှတန်ဘိုးရှိလှသည့် ရတနာကို ထောင်ထဲပိတ်ကာ၊ အကျယ်ချုပ်ချကာဖြင့် အချိန်များ ဖြုန်းပစ်ခဲ့သော ခွေးသား၊ ၀က်မြေး၊ ကြွက်ယောက်ဖ အပေါင်းကို . . .
အမှုန့်ကြိတ်စက်ထဲ ထည့် အမှုန့်ကြိတ်ပစ်ပြီး ကျောက်ပွင့်သုတ်နှင့် ရောစားပစ်လိုက်ချင်သည်။

မဟာအ၀ီစိငရဲသို့ပို့၊ ဒယ်အိုးကြီးကြီးထဲထည့်ကာ KFC ကြက်ကြော်ကဲ့သို့ကြော်လျှက် အချဉ်ရေဖြင့် တို့စားပစ်လိုက်ချင်သည်။
ပေါင်းအိုးထဲထည့်ပေါင်းပြီး ဟ၀ှာကို အကွင်းလိုက်အကွင်းလိုက်လှီးကာ ငြုပ်ဆီဖြင့် တို့စားပစ်လိုက်ချင်သည်။
(ဟ၀ှာ = လက်ညှိုး)

ထို့ထက် ပုဂံခေတ်က ကျောက်စာများတွင် ကျိန်သကဲ့သို့ အောက်ပါအတိုင်းသာ ကျိန်စာတိုက် ပစ်လိုက်ချင်မိလေ၏။

၎င်းတို့ကိုယ်၎င်းတို့ နိုင်ငံချောက်ထဲကျမလို့ လက်နှစ်လုံးလောက်အလိုတွင် ကယ်တင်ခဲ့ရပါသည်ဟု အသံကောင်းဟစ်ခဲ့သော ကယ်တင်ရှင်ကြီးများသည် မဟာအ၀ီစိငရဲသို့ ကျချင်းကြီးကျလျှက် ဘုရားအဆူဆူချွတ်သော်မှ မကျွတ်နိုင်ပါစေသတည်း။

(၅)

သူမကိုချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် -

စည်းကမ်းရှိသော -
တာဝန်ယူတတ်သော -
ကိုယ်ကျင့်စာရိတ္တကောင်းသော -
ကိုယ်ချင်းစာတတ်သော -
သူတပါးအား လေးစားတန်ဘိုးထားတတ်သော -
တစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့သဂြိုဟ် အတင်းဆိုမနေသော သူများဖြစ်လာစေရန် ကြိုးစားကြပါစို့ဟု တိုက်တွန်းလိုက်ရ ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈ ဇွန်၊ ၂၀၁၆