သာထက်အောင် ● စနစ်ကောင်း၊ လူကောင်းမှ ခေတ်ပြောင်းမည်

သာထက်အောင် ● စနစ်ကောင်း၊ လူကောင်းမှ ခေတ်ပြောင်းမည်
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး၊ ၂၀၁၆ ဧပြီလ ၁ရက်နေ့မှာ စတင်တာဝန်ယူခဲ့တဲ့ ဒီချုပ်အစိုးရ စတက်ပြီး မကြာခင်မှာပဲ ရက် ၁၀၀ စီမံချက် ဆိုတာကြီးကို ကြေညာခဲ့ပါတယ်။  တိုးတက် အောင်မြင်မှုတွေကို အာသာငမ်းငမ်း မြင်ချင်ကြတဲ့ ပြည်သူ တွေမှာလည်း ရက် ၁၀၀ ကို လက်ချိုးရေပြီး စောင့်ကြည့်နေကြပါပြီ။  တိုးတက်ဖွံ့ဖြိုးပြီး အရှိန်ရနေတဲ့ အင်အားကြီး နိုင်ငံ တွေဖြစ်တဲ့ အမေရိကန်တို့လို အင်္ဂလန်တို့လို နိုင်ငံတွေမှာတောင် ခေါင်းဆောင် အပြောင်းအလဲ အစိုးရအပြောင်းအလဲဖြစ်ခဲ့ရင် ရက် ၁၀၀ အတွင်း တိုးတက်အောင်မြင်မှုတွေ သိသိသာသာကြီး မမြင်နိုင် မတွေ့နိုင်သေးတော့ကား အဖက်ဖက်က ချွတ်ခြုံကျ ပျက်စီးနေတဲ့ ရွှေပြည်ကြီးကို ရက် ၁၀၀ အတွင်း ကျွန်တော်တို့ ဘယ်လောက် မျှော်လင့်နိုင်မလဲဆိုတာ စဉ်းစား စရာပါ။

ဒီကြားထဲ ရူးကြောင်ကြောင်ပုဂ္ဂိုလ်တယောက်က စိတ်ရူးပေါက်ပြီး ကြော်ငြာလိုလို ဘာလိုလိုနဲ့ ရက် ၅၀၀ အတွင်း အာဆီယံ နိုင်ငံအတွင်း ထိပ်ဆုံးရောက်ရမယ် လုပ်နေပြန်သေးတယ်။  တကယ်တော့ တိုင်းပြည်တိုးတက်ဖို့ ကြိုးစားအားထုတ်ရာမှာ စနစ်ကောင်းဖို့နဲ့ လူကောင်းဖို့သာအဓိကဖြစ်တဲ့အတွက် မလိုအပ်ဘဲ ပိုစတာထောင်ပြီး စိတ်ကူးယဉ် အာသာဖြေတဲ့အလုပ် မျိုးတွေ ရပ်သင့်ပါပြီ။  မှတ်မိကြမှာပေါ့ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဆိုတာမျိုးတွေပေါ့။  အခုလည်း ရက် ၁၀၀ ပြည့်လို့ ဘာမှမည်မည်ရရမပြနိုင်ခဲ့ရင် “အလကား သင်္ကြန်အမြောက်ပါကွာ” ဆိုတဲ့အသံမျိုး ကြားရရုံကလွဲပြီး ပါတီနဲ့ အစိုး ရကို အထင်သေး အမြင်သေး ဖြစ်နိုင်တာမို့ ကိုယ့်အလုပ်ကို ရိုးရိုးသားသားကြိုးကြိုးစားစား လုပ်ပြနိုင်ရင် လုံလောက်ပါပြီ။  တချို့ကလည်း သိမ်ငယ်ရဖန်များလို့လားမသိဘူး ဘာမှမဖြစ်တောင် စင်ကာပူလောက်ဖြစ်ရင် တော်ပါပြီဆိုတဲ့ မ၀ံ့မရဲ မျှော် လင့်သံလေးတွေလည်း ကြားရတတ်ပါတယ်။

တိုင်းပြည်ကြီးတခုလုံးကြီးပွားတိုးတက်ဖို့ကိစ္စကို မဆိုထားနဲ့၊ မိသားစုတစုကြီးပွားတိုးတက်ဖို့တောင် လွယ်လွယ်နဲ့ မရတတ် တဲ့ လောကသဘာဝအရ ရက် ၁၀၀ ဆိုတဲ့ ကာလတိုအတွင်းမှာ ကျွန်တော်တို့ သိပ်မျှော်လင့်ထားလို့တော့မရပါဘူး။  တချို့ က ပြောကြတယ် စင်ကာပူလို သယံဇာတမရှိ ရေတောင် တခြားနိုင်ငံက မှာသောက်ရတဲ့နိုင်ငံ၊ ရွှေပြည်ကြီးက သယံဇာတနဲ့ ရွှေနဲ့မြေနဲ့ရေနဲ့  ဘာလို့ မဖြစ်ရမှာလဲပေါ့။ အသိဉာဏ်ပညာမရှိတဲ့ ကုဋေရှစ်ဆယ် သူဌေးသား နောက်ဆုံးမွဲပြာကြရသလို သယံဇာတမြောက်မြားစွာကို ဖင်ခုထိုင်ထားလည်း နလပိန်းတုံး ခေါင်းဆောင်အောက်မှာတော့ တိုင်းပြည်ကြီးမွဲပြာကျသွားတာ သဘာဝကျပါတယ်။  ဒါကိုသင်ခန်းစာမယူဘဲ စနစ်ဟောင်း လူဟောင်း အကျင့်ဟောင်း ဥပဒေဟောင်း နည်းပညာအဟောင်းနဲ့ ဆက်စခန်းသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ တွေးရဲစရာမရှိပါဘူး။

တကယ်တော့ တိုင်းပြည်တပြည်ရဲ့အသက်ဟာ သယံဇာတမဟုတ်ပါဘူး။  စနစ်နဲ့လူသာ အဓိကပါ။

ဥပမာဆင်ဆင်တခုပေးပါဦးဆိုရင် စက်နဲ့ စက်မောင်းတဲ့လူကိုပဲပြရပါလိမ့်မယ်။  ကျွန်တော် သြစတြေးလျ ရောက်ခါစက စက်ရုံတော်တော်များများမှာ လုပ်ခဲ့ဖူးပါတယ်။  ဆိုပါတော့ ဒီစက်ဟာ သူ့ Capacity တနာရီ အခုရေ တထောင်ကျတယ် ဆိုပါတော့ ဒီစက်ကို မောင်းမယ့် အော်ပရေတာကလည်း ကျွမ်းကျင်တယ် ဆိုပါတော့၊ စက်မောင်းနေစဉ်မှာ မခိုဘူး မကပ်ဘူး အိမ်သာ ခဏ ခဏ သွားလိုက် စက်ပိတ်ပြီး လက်ဖက်ရည်သောက်လိုက် အခြားလူနဲ့လေကန်လိုက်မလုပ်ဘူး၊ စက်ကလည်း လုံးဝမပျက်ဘူးဆိုရင် တနာရီမှာ အခု တထောင် သတ်မှတ်ထားတဲ့ အတိုင်းထွက်ပါတယ်။  အော်ပရေတာကတော့ တော်ပါ ရဲ့ စက်က အိုဟောင်းစုတ်ပြတ်နေတဲ့ ရပ်တလှည့်သွားတလှည့် စက်ဆိုလည်း မဖြစ်ပြန်ပါဘူး။  စက်ကတော့ ကောင်းပါရဲ့ အသစ်စက်စက် အော်ပရေတာကမကျွမ်းကျင် ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ အရည်အချင်း မပြည့်မီတဲ့လူဆိုလည်း ခရီးက တွင်မှာ မဟုတ်ပါဘူး။  စက်လည်းကောင်းမယ် လူလည်းတော်မယ် မခိုမကပ် ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် သတ်မှတ်လျာထားတဲ့ အတိုင်း ဖြစ်တဲ့အတွက် အကျိုးစီးပွားဆိုတာ ဖြစ်ထွန်းမှာ အသေအချာပါပဲ။  အောင်မြင်မှုဆိုတာရမှာပါပဲ။

စင်ကာပူဖြစ်ထွန်းတယ်ဆိုတာ အဲ့ဒါပါပဲ။  စနစ်ကောင်း လူကောင်းတဲ့ အကျိုး ခံစားသွားရတာပါ။  ဥပမာတခုပြပါရစေ မ လေးရှားကနေ ခွဲထွက်လာတဲ့ စင်ကာပူဟာ သူလွတ်လပ်ရေးရလာတော့ အင်္ဂလိပ်စာကို ရုံးသုံးစာအဖြစ် ဆက်လက် အသိအမှတ်ပြုပါတယ်။  တရုတ်စာကို အားပေးပါတယ်။  အင်္ဂလိပ် စကား၊ စာ တရုတ်စကား၊ စာ ကို ကျွမ်းကျွမ်း ကျင်ကျင်ပြောတတ်တဲ့ စင်ကာပူနိုင်ငံသားတွေဟာ ဘယ်နိုင်ငံရောက်ရောက် မျက်နှာမငယ်ရသလို အလုပ်အကိုင်လည်း သူတို့ရှာရတာ သိပ်မခက်လှပါဘူး။

ရွှေပြည်ကြီးကိုကြည့်ပါ။  ၆၂ ခု ဗိုလ်နေ၀င်းတက်လာတယ်၊ မကြာဘူး ၆၄ မှာ စနစ်သစ်ပညာရေးဆိုတာကြီး ပေါ်လာပြီ။  ဘာသာအားလုံး မြန်မာလိုသင် အင်္ဂလိပ်စာကို သားကြောဖြတ်ပါတယ်။  ငါးတန်းက စလို့ A B C D သင်ရတဲ့ကလေး ဆယ်တန်းအောင်လို့ တက္ကသိုလ်မှာ တနှစ်ပဲ အင်္ဂလိပ်စာသင်ရပြီး နောက်ပိုင်းနှစ်တွေမှာ အင်္ဂလိပ်စာမရှိတော့ပါဘူး။  အဲသလို ပုဂ္ဂိုလ်ရေးကိုပဲ အခြေခံသလား၊ မျိုးချစ်စိတ်ကိုပဲ အခြေခံသလားတော့ မသိပါဘူး အင်္ဂလိပ်စာကို သင်းကွပ်လိုက် တော့ အကျိုးကျေးဇူးက နောင်နှစ်ပေါင်း ၃ ၄ ၅ ဆယ်ကြာလာတဲ့အခါမှာ အင်္ဂလိပ်စာ မတတ်တော့ဘူး။  မြန်မာပြည်က တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာ အားမပေးတဲ့အတွက် နေမ၀င်အင်ပါယာကြီး ဘာမှ မဖြစ်သွားသလို အင်္ဂလိပ်ဘုရင်မကြီးလည်း အနေအစားမပျက်ပါဘူး။  ဖြစ်သွားတာက စနစ်သစ်ပညာရေးကို စထွင်ခဲ့တဲ့ ဗိုလ်နေ၀င်းသမီးတွေ အင်္ဂလန်က စာမေးပွဲ ကျပါတယ်။  မကြာခင်က စစ်ဗိုလ်ချုပ်ကြီး အရေခွံချွတ်ပြီး သမ္မတဆိုတဲ့ ရာထူးကြီးနဲ့ နိုင်ငံခြားရောက်တော့ ဘိုလို အိုးနင်းခွက်နင်းနဲ့ အရှက်ကွဲတော့တာပါပဲ။  မြန်မာပြည်ကလာငယ်လေးတွေ နိုင်ငံခြား အလုပ်သွားရှာတော့ ဘိုလို အားနည်း တော့ ကူလီဘ၀က မတက်တော့ပါဘူး။  အင်္ဂလိပ်စကား ဘိုလိုကောင်းရင် မျိုးချစ်စိတ်ကင်းမဲ့တော့မှာပဲ ဆိုတဲ့ အတွေးအ ခေါ်ဟာ ကျွန်တော်တို့ အောက်ဆုံးရောက်ရခြင်း အတွေးအခေါ်တွေထဲက တခုပါတယ်လို့ ဆိုချင်ပါတယ်။  ဂျပန်တော် တော်များများ အင်္ဂလိပ်စာ မတတ်ကြပါဘူး၊ မျိုးချစ်စိတ်နဲ့ပတ်သက်လို့ ဂျပန်ကို သွားမစမ်းပါနဲ့၊ ကိုယ့်တိုင်းပြည်နဲ့ လူမျိုး တိုတက်ကောင်းစားချမ်းသာနေရင် မျိုးချစ်စိတ်ရှိဖို့ ဘယ်သူကမှ လှုံ့ဆော်နေစရာမလိုပါဘူး။  မျိုးချစ်စိတ်နဲ့ ဘာသာစကား ထပ်တူပြုလို့မရပါဘူး။

စနစ်ကောင်းတယ်၊ အဲ့ဒီစနစ်ကို အကောင်အထည်ဖော်တဲ့ လူတွေရိုးသားဖြောင့်မတ်မယ် တော်တယ် ဆိုရင် ဘယ်လို နည်းနဲ့မှ ဟိုး အောက်ဆုံးအဆင့်ကို ရောက်စရာ အကြောင်းမရှိပါဘူး။  အခုတော့ ခေတ်အဆက်ဆက် အစိုးရတွေဟာ သူတို့ရဲ့ ညံ့ဖျင်းမှု လွဲမှားမှုတွေကို ၀န်ခံခြင်း တောင်းပန်ခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း လုံးဝမရှိပါဘူး။  မတော်တဆမှု ဆိုတာ တခါတလေဖြစ်ရင်တော့ မတော်တဆမှုပေါ့။  ခဏခဏဖြစ်နေရင်တော့ ဒါ မတော်တဆမှုလို့ မခေါ်နိုင်တော့ပါဘူး။  တာဝန်ရှိသူရဲ့ ညံ့ဖျင်းမှုလို့ပဲ ပြောရမှာပါ။ ဖားကန့်မှာ မြေပြိုပြီး ရေမဆေးကျောက်ရှာသူတွေ အသက်ဆုံးရတဲ့ သတင်းတွေ ကြားရတာ တခါလည်း မက နှစ်ခါလည်းမက ရွာတွေမြို့တွေမှာ ဓါတ်လိုက်သေတဲ့ သတင်းတွေလည်း မကြာမကြာ၊ အင်တာနက်ထဲမှာ မြင်နေရတဲ့ လေးလောင်းပြိုင်ကလေးတွေရဲ့ ဓာတ်ပုံ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ကြရတယ်။  ဘယ်သူ့မှာ တာဝန်ရှိလို့ ဘယ်သူ့ကို တောင်းပန်ရမှန်းလည်း မသိ၊ ဒီကြားထဲ မိုးတွင်းထဲမှာ မြို့လည်ကောင်ရေတွေလျှံတော့ လွှတ်တော်အမတ်ဆိုတဲ့ ပညာရှိသုခမိန်အမတ်မင်းက ပြည်သူတွေမှာလည်း တာဝန်ရှိတယ်တဲ့။  လုပ်ကိုင်ရှာဖွေစားသောက် ရတာ ပင်ပန်းခက်ခဲရတဲ့အထဲ တဆိတ်ရှိ ပြည်သူတွေမှာ တာဝန်ရှိတယ်ဆိုတော့ အမတ်မင်း အစိုးရမင်းတို့မှာ တာဝန်မရှိဘူးလားလို့ မေးရမလိုဖြစ်နေပါပြီ။

လူ့အခွင့်အရေးကို လေးစားလိုက်နာရမှန်းသိတဲ့ အစိုးရတွေ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ ပြည်သူကို အပြစ်ပုံတဲ့ လေသံမျိုးကြားရခဲပါတယ်။  အစိုးရကပဲ ပြည်သူအတွက် အဆင်ပြေအောင် အခက်အခဲမ၇ှိအောင် ဘယ်လို လုပ်ပေးရမလဲဆိုတဲ့ ရေတို ရေရှည် စီမံကိန်းတွေပဲ သူတို့ခေါင်းတဲမှာရှိပါတယ်။  ပြည်သူဟာ ပြည်သူပါပဲ။  တည်ဆဲဥပဒေကို လိုက်နာမယ်။ ပေးဆောင်စရာရှိတဲ့ အခွန်အခကို ပေးဆောင်မယ် တိုင်းပြည်အန္တရာယ်နဲ့ကြုံရင် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမယ်ဆိုရင် ပြည်သူရဲ့တာဝန်ကျေပါတယ်။  တခါလာလည်း ပြည်သူတွေမှာ တာဝန်ရှိတယ်။  တခါလာလည်း ပြည်သူတွေက ပူးပေါင်းကူညီရမယ် ဆိုရင်တော့ အစိုးရဆိုတာ အယူချည်းလို ဖြစ်နေပါတယ်။  တကယ်တော့ အစိုးရဆိုတာ ပြည်သူကို “ပေး” ရပါတယ်။  သက်သာချောင်ချမှုကို ရှေးရှုရပါတယ်။  ဥပမာ ဆိုပါတော့ သြစတြေးလျမှာ ကျောင်းတက် နေတဲ့ အထက်တန်းကျောင်းသားလေးတွေ ကား ရထား စီးတဲ့ အခါ ပိုက်ဆံပေးစရာမလိုပါဘူး။ အနာဂာတ်အညွန့်အဖူး လေးတွေ ကျောင်းသွားကျောင်းပြန်ကိစ္စ နိုင်ငံတော်က တာဝန်ယူရမှာပါ။ တလောကရွှေပြည်ကြီးမှာ ကျောင်းတွေပြန်ဖွင့် တော့ အစိုးရက ကျောင်းသားလေးတွေကို စာအုပ်ခဲတံ ကျောင်းဝတ်စုံတွေ အစိုးရက အခမဲ့ထောက်ပံ့တယ်ကြားတော့ သာဓုခေါ်မိပါတယ်။  ဒါမျိုးလုပ်သင့်တာကြာပါပြီ။

သြစတြေးလျမှာနေတဲ့ မိသားစုတိုင်း ၀င်ငွေကောင်းကြတာမဟုတ်ပါဘူး။  အကြောင်း ကြောင်း ကြောင့် မိသားစုတခုလုံး ၀င်ငွေတခုထဲရှိတဲ့ မိသားစုတွေလည်း ရှိကြလေတော့ ဒီအခက်အခဲကို အစိုးရက ကြားဝင်ရပါတယ်။  ကလေးတွေရှိရင် သူတို့အတွက် မုန့်ဖိုးထောက်ပံ့ရပါတယ်။  ဆွံ့အနားမကြား မသန်စွမ်းတွေပါရင်လည်း ထောက်ပံ့ရပါတယ်။  မိသားစုတခုမှာ တပတ်ဝင်ငွေ (Tax မနှုတ်ခင်) ၉၁၃ ဒေါ်လာထက်နည်းရင် ဒီမိသားစုကို Low Income Family လို့ခေါ်ပါတယ်။  ငွေကြေးအခက်အခဲရှိတဲ့ မိသားစုဖြစ်တဲ့အတွက် သူတို့ကို အစိုးရက Health Care ကဒ်ထုတ်ပေးပါတယ်။  အဲ့ဒီ ကဒ်ပြားရှိရင် ဆရာဝန်လက်မှတ်နဲ့ ၀ယ်ရတဲ့ ဘာဆေးဖြစ်ဖြစ် ၅.၂၀ ဒေါ်လာပဲပေးရပါတယ်။  တပတ်ဝင်ငွေ ၉၁၃ ထက် တဒေါ်လာပဲ ပိုပါစေ အဲ့ဒီကဒ်ပြားရမှာ မဟုတ်သလို ၉၁၃ ဒေါ်လာအောက် တဒေါ်လာ လျော့ရင် သူတို့ ကဒ်ပြားပေးပါလိမ့်မယ်။  စနစ်ဆို တာ အဲ့ဒါပါ။  နားလည်မှုတို့ လာဘ်ပေး လာဘ်ယူမှုဆိုတာ တိကျတဲ့ စနစ်အောက်မှာ ရှိလို့ မရပါဘူး။  အဲ ၀င်ငွေစစ်ဆေးလို့ Pay Slip မှာမမှန်မကန် လုပ်ပါရင်တော့ တည်ဆဲဥပဒေအတိုင်း အရေးယူခံရမှာပါ။  သြစတြးလျအစိုးရ ၀န်ထမ်းဖြစ်ဖြစ် ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ် သူတို့ လူကို စိတ်မ၀င်စားပါဘူး။ သူ့ဘာသာ ဘာကောင်ကြီးပဲဖြစ်နေနေ သူတို့လိုချင်တဲ့ အထောက်အထား အချက်အလက် စာရွက် စာတမ်းတွေကိုပဲ စိတ်ဝင်စားတာပါ။  စနစ်ပေါ်မှာ ဆံချည်တမျှင်မှ ရွေ့လို့မရပါဘူး။

ရေးလက်စနဲ့ တခုရေးပြပါရစေ။  သြစတြေးလျမှာ ကျောင်းရှိတဲ့ လမ်းတွေမှာ School Zone ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပါတယ်။  ကျောင်းသားကလေးတွေ ယဉ်အန္တရာယ်ကင်းရှင်းရေးကို ရှေးရှုပြီး (မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ညနေ ၂ နာရီခွဲမှ ၄ နာရီအထိ) ကျောင်းတက် ကျောင်းဆင်းချိန်တွေမှာ ဘယ်ကားမှ ကီလို လေးဆယ်ထက် ပိုမမောင်းရပါဘူး။  40 zone လို့ခေါ်ပါတယ်။  ပိုမောင်းရင် ကင်မရာက ဖျက်ကနဲဓာတ်ပုံရိုက်ပြီး မကြာခင် ဒဏ်ငွေဆောင်ဖို့ စာလာပါလိမ့်မယ်။  တလောက ကျွန်တော့်သူငယ်ချင်း တယောက်ထိသွားလို့ ဒဏ်ငွေ ၈၀၀ကျော် ဆောင်လိုက်ရပါတယ်။  ဒီအချိန် ဒီနေရာ ဒီလမ်းကို ဒီသတ်မှတ်ချက်ကို ချိုးဖောက်ရင် ၀န်ကြီးဖြစ်ဖြစ်၊ ၀န်ကြီး ချုပ်ဖြစ်ဖြစ် ဥပဒေအတိုင်းသွားမှာပါပဲ။  လူ့မျက်နှာထက် ဥပဒေမျက်နှာက ပိုကြီးပါတယ်။

သြစတြီးလျမှာ အသက် ၆၅နှစ် ပြည့်ရင် ပင်စင်ထောက်ပံ့ငွေ အစိုးရက ပေးပါတယ်။ ခြွင်းချက်က သိပ်ချမ်းသာတဲ့သူ ၀င်ငွေကောင်းတဲ့ သူတွေတော့ မရပါဘူး။  ၆၅ နှစ်တော့ မပြည့်သေးဘူး ကြီးမားတဲ့ ရောဂါတခုခုကြောင့် အလုပ်မလုပ် နိုင်တော့ရင် Disable Pension ပေးပါတယ်။ အသက် ၆၀ပြည့်လို့ အလုပ်ကို နာရီနည်းနည်းပဲ လုပ်နိုင်မယ် ၀င်ငွေ သိပ်မရှိ တော့ဘူးဆိုရင် နယူးဆောက်ဝေးပြည်နယ်အစိုးရက Seniors ကဒ်ထုတ်ပေးပါတယ်။  အဲ့ဒီကဒ်ဆိုရင် ဘယ်သွားသွား ဘာစီးစီးတနေကုန်စီးမှ ၂ဒေါ်လာခွဲပဲပေးရပါတယ်။  ၀င်ငွေနည်းတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့ သဘောပါ။  Pension Age ရောက်တာနဲ့ ရေခွန် မီးခွန် မြူနီစပယ်ခွန်တွေ လျှော့ပေးပါတယ်။  ဒရိုင်ဘာလိုင်စင် သက်တမ်းကုန်ရင် အခမဲ့ လုပ်ပေးပါတယ်။

ဆိုလိုတာက အစိုးရဆိုတာ ပြည်သူတွေကို အပြစ်တင်ရမှာ မဟုတ်ပါဘူး။  “ဖေးမ” ရမှာပါ။  အယူချည်းမဟုတ် အပေးဆိုတာ လည်း ရှိရပါမယ်။  တဆိတ်ရှိ ပြည်သူတွေမှာ တာဝန်ရှိတယ်။  ပြည်သူတွေပူးပေါင်းကူညီပါ ဆိုတာကြီး လျော့သင့်ပါပြီ။  အားကောင်းမောင်းသန် စနစ်ယန္တယားကြီးကို ကျွမ်းကျင်သူတွေ ကိုင်တွယ် မောင်းနှင်မယ်ဆိုရင် ရက် ၁၀၀ မက ရက် တထောင်လည်း စောင့်နိုင်ပါတယ်။  စနစ်မကောင်း လူမကောင်းရင်တော့ ရက် တသောင်းကြာလည်း အကြောင်းသိပ်ထူးမယ် မထင်ပါ။

သာထက်အောင်
ဇွန် ၁၁၊ ၂၀၁၆