မောင်ရင်ငတေ - ခရီးသွားခြင်းအနုပညာ- မဟာချိုင်အစုန်အဆန်



မောင်ရင်ငတေ - ခရီးသွားခြင်းအနုပညာ- မဟာချိုင်အစုန်အဆန်
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၆



วงเวียนใหญ่ Wongwian Yai ဝုန်ဝန်ယိုင်မှ มหาชัย Mahachai မဟာချိုင်သို့ (ဓါတ်ပုံ မရငတ)


Mahachai မဟာချိုင် . . ... .. အဲဒီ မဟာချိုင်ဆိုတဲ့ အမည်နာမကတော့ ယိုးဒယားပြည်ရောက် ရွှေ လူမျိုးတွေကြားမှာတော့ အသိများတယ် ပြောရမှာပါ၊ အဲဒီ နယ်မြေကို အကြောင်းမတိုက်ဆိုင်ကြလို့ မရောက်ဖူးကြပေမယ့် ကြားဖူးသူများလှပါတယ်၊ တကယ်တမ်းတော့ အဲဒီ နယ်မြေဟာ ဘီကေကေ မြို့တော်ကြီးကနေ ဘယ်လောက်မှ ဝေးလှတာ မဟုတ်ပါဘူး၊ တနာရီ သာသာ ကားမောင်းသွားရင် ရထားစီးသွားရင် ရောက်နိုင်တဲ့ နေရာပါ၊ ရထားစီးရင် ခရီးစရိတ်ကလည်း ဘယ်လောက်မှပေးရတာ မဟုတ်ပါဘူး၊ နိုင်ငံခြားသားမှ ထိုင်းငွေ ဆယ်ဘတ်လောက်သာ ပေးရပါတယ်၊ ထိုင်းစကားတတ်သူ မောင်ရင်ငတေတို့ ရုပ်မျိုးတွေနဲ့ သူတို့ ထိုင်းလူမျိုးတွေအတွက်ကတော့ ရထားခဈေးနှုန်းက ဒီထက် ပိုပြီးချိုသာပါတယ်လို့ ပြောကြပါတယ်၊ ဟုတ်နိုင်လောက်ပါရဲ့၊ ဘန်ကောက်မြို့တော်ရဲ့ တချို့သော ဘတ်စ်ကားလိုင်း တလိုင်းနှစ်လိုင်းဆိုရင် ကားခပေးစီးစရာ လုံးဝမလိုပါဘူး၊ အဲဒီ မဟာချိုင်ကို သွား ချင်လှပါတယ် ဆိုကြရင်တော့ ဘန်ကောက်မြို့တော်ရဲ့ အနောက်ပိုင်း Thonburi သွန်ဘူရီ မြို့နယ် ထဲမှာ တည်ရှိတဲ့ Wongwian Yai ဆိုတဲ့ ဘူတာလေးကနေ ရထားစီးသွားရင် ရပါတယ်၊



မဟာချိုင်ဆီသို့ ဦးတည် (ဓါတ်ပုံ မရငတ)
ဘီကေကေမြို့တော်ကြီးကနေ ကီလိုမီတာ ၄၀ သာသာဝေးတဲ့ မဟာချိုင်ရွှေမြို့တော်ဆီသို့ သွားတဲ့ ထိုင်းမမ မီးရထားကြီးက ခပ်စုတ်စုတ်ပေမယ့် ခပ်လှုပ်လှုပ်တော့ မဟုတ်ပါဘူး၊ တလမ်းတည်းသော ရထား သံလမ်းပေါ်မှာ ပြိုင်ဘက်မရှိ အရှိန်တင်လို့ မောင်းလိုက် တဘူတာပြီး တဘူတာ ဘူတာငယ် လေးတွေမှာ ဝင်ရပ်နားလိုက်နဲ့ တဝုန်းဝုန်းတဒိုင်းဒိုင်း မောင်းပါတယ်၊ ရထားလမ်းပေါ်ထိ ကျူးကျော် ရောက်ရှိနေတဲ့ အပင်မျိုးစုံရဲ့ အကိုင်းတွေအခက်တွေကို တိုးဝှေ့မောင်းနှင်သခိုက် ပေါ်လာတတ်တဲ့ တလျှပ်လျှပ် တဖျပ်ဖျပ် အသံတွေနဲ့ ရထားသံကတော့ စည်းချက်ညီ ကာရံမိလှပါပေတယ်၊






မဟာချိုင် ရွှေတို့၏ မြို့တော်ဆီသို့ ရောက်ပါပြီ (ဓါတ်ပုံ မရငတ)
သိပ်မကြာလှပါဘူး၊ တနာရီခွဲသာသာလောက် မောင်းအပြီးမှာတော့ ရွှေတို့၏မြို့တော် မဟာချိုင်သို့ ရောက်လာပါပြီ၊ ဘူတာနဲ့ဈေး ဈေးနဲ့ဘူတာ ခွဲခြားမရနိုင်တဲ့ နေရာတွေထဲက တခုပါ၊ ဘူတာရှေ့ကို ထွက်လာတော့လည်း ဈေးတန်းတွေက တမျှော်တခေါ်ကြီးပါ၊ ဒီ ခရီးကို အတူလာတဲ့ ကဗျာဆရာနဲ့ မောင်ရင်ငတေ နှစ်ယောက်သား စကား မပြောနိုင်တော့ပါဘူး၊ လမ်းဘေးဈေးတန်းကို လျှောက်ရင်း ငေးရင်း မှတ်တမ်းပုံတွေကို ရိုက်ရင်း မှင်သက်မိနေသလိုပါ၊



ရထားသံလမ်း နဘေးက မဟာချိုင်ရဲ့ ဆိတ်ငြိမ်တနေရာ (ဓါတ်ပုံ မရငတ)
တကယ်တော့ မဟာချိုင်ဆိုတဲ့ အခေါ်က အခုခေတ် အခေါ် မဟုတ်ပါဘူး၊ ၁၇၀၄ ခုနှစ်က စတင်ပြီး ဖောက်လုပ်ခဲ့တဲ့ khlong Mahachai မဟာချိုင်တူးမြောင်းကို အမှီပြုပြီးတွင်တဲ့ အမည်ပါ၊ Mongkut ဘုရင်လက်ထက်နောက်ပိုင်းမှာ Samut Sakon လို့ပြောင်းလဲခေါ်တွင်စေခဲ့ပြီး ဒေသခံတွေကတော့ နှုတ်ကျိုးပြီး အခုထိ ခေါ်နေကြတဲ့အမည်သာ ဖြစ်ပါတယ်၊ ဘူတာရုံနဲ့ရထားလမ်းကိုတော့ မဟာချိုင် အမည်နဲ့ ခေါ်ကြပါတယ်၊ အဲဒီ ထိုင်းပင်လယ်ကွေ့ဒေသမှာ Samut Sakon နဲ့ Samut Songkhram ဆိုပြီး မြို့လေးနှစ်မြို့ ရှိပါတယ်၊ 

နှစ်မြို့စလုံးက ပင်လယ်ထွက်အစားအစာတွေနဲ့ နာမည်ကြီးလာတဲ့ မြို့လေးတွေပါ၊ ရှေးနှစ်ပေါင်း များစွာထဲက တရုတ်ငါးဖမ်းလှေကြီးများ ဆိုက်ကပ်ရာ ဒေသဖြစ်သလို သမိုင်းကြောင်းတလျှောက်မှာ ဗမာတွေ မွန်တွေ ကရင်တွေနဲ့ မကင်းရာမကင်းကြောင်း နယ်မြေများ ဖြစ်ခဲ့ပါတယ်၊ ဒီကနေ့မှာ ဗမာတွေမွန်တွေ ကရင်တွေ ဘယ်လောက်တောင်မှ ရှိနေလိမ့်မယ်ဆိုတာ ကိုတော့ တရားဝင် စာရင်းတွေ ရှာဖွေဖို့ မလွယ်ကူတာကြောင့် ဘယ်သူမှ အတိအကျ ပြောနိုင်မယ် မထင်ပါဘူး၊ ထိုင်းနိုင်ငံတဝှမ်းလုံး မောင်ရင်ငတေ ရောက်ရှိခဲ့ဖူးတဲ့နေရာတွေ တော်တော်များများမှာ ရွှေပြည်တော်သားတွေနဲ့ ကင်းဝေးလှတဲ့နေရာရယ်လို့ မရှိလှပါဘူး၊ ဘယ်နေရာသွားသွား ရွှေစကား ရွှေအသံတွေကို တသံနှစ်သံတော့ ကြားရစမြဲပါ၊

 ဒါပေမယ့် ရွှေသူရွှေသားတွေ အများအပြားရှိတယ်  ဆိုပြီး လူပြောသူပြောများလှပါတဲ့ မဟာချိုင်ရဲ့ ငါးတွေ ပုဇွန်တွေ ဂုံးတွေ ဂဏန်းတွေ ရေဘဝဲတွေနဲ့ ခရု ပင်လယ်ထွက်ကုန်အမျိုးစုံ ရောင်းချနေပါတဲ့ ငါးစိမ်းတန်းလမ်းမကြီးပေါ်မှာတော့ ရွှေ စကား ရွှေ လေသံ ခပ်သဲ့သဲ့မျှ မကြားခဲ့ရတာတော့ တကယ် အမှန်ပါ၊ သူတို့လေးတွေ ထိုင်းစကား ကျွမ်းကျင် သွားကြလေသလား ဒါမှမဟုတ် ၂၄ နာရီ စက်ရုံအလုပ်ရုံထဲမှာသာ အချိန်ကုန်လို့နေကြလေသလား

ဒါမှမဟုတ် လမ်းသွားတော့မယ်ဆိုရင် အကြောင်း အမျိုးမျိုကြောင့် ဝစီပိတ် လေ့ကျင့်ခဏ်းတွေများ လုပ်နေကြလေသလားတော့ မပြောတတ်ပါဘူး၊ ဘာဆိုဘာသံမှ မကြားခဲ့ရတာကတော့ သေချာလှ ပါတယ်၊ မောင်ရင်ငတေ တခွန်းစနှစ်ခွန်းစ ‘ဟ’ ကြည့်ပေမယ့် သူတို့ကတော့ နှုတ်ဆိတ်လှပါတယ်၊ ဆိပ်ခံဘောနားမှာ ကျောက်ချကပ်ရပ်ထားတဲ့ ငါးဖမ်းလှေတွေ ပေါ်ကများ တွံတေးသိန်းတန်သီချင်း သံလေးများ လေအဝှေ့မှာ တစွန်းတစ ကြားရလေမလား နားစွင့်ကြည့်ပေမယ့် မထူးခြားလှပါဘူး၊



လတ်လတ်ဆတ်ဆတ် ရေထွက်အစာများနဲ့ မဟာချိုင်ဈေးတန်း (ဓါတ်ပုံ မရငတ)
တဈေးလုံးမှာကတော့ ငါး ပုဇွန် ဂဏန်း ကင်းမွန် ခရု ပြည်ကြီးငါး ရေထွက်ပစ္စည်းပင်လယ်စာတွေနဲ့ ပြည့်လျှံလို့နေပါတယ်၊ လတ်လတ်ဆတ်ဆတ်ရှိပေမယ့် ဈေးနှုန်းကတော့ မသေးပါဘူး၊ တချို့ဆိုရင် ဥရောပ သားငါး ဈေးနှုန်းနဲ့ ထပ်တူနီးပါးလောက် ကျသင့်နေပါတယ်၊

ဘယ်လိုပင် ဖြစ်ဖြစ်ပါ၊ Samut Sakhon (สมุทรสาคร) ဆိုတာ ဒီကနေ့ ထိုင်းနိုင်ငံထဲက မထင်မရှား  သာမန်တောမြို့လေးတမြို့ ဆိုပေမယ့်လည်း မဟာချိုင်ရထားလမ်းနဲ့ မဟာချိုင်ဈေးကတော့ တနေ့ ထက်တနေ့ ပိုလို့ နာမည်ကြီးလာနေတာကတော့ အမှန်ပါ ခင်ဗျား၊ စိတ်ဝင်စားဖွယ်ရာ ကောင်းပါတဲ့ နေရာတနေရာပါ၊ အဲဒီလို ဂျောင်ကျကျ နေရာကို ရောက်ဖူးကြတယ် ရှိအောင် သွားကြည့်ချင်ကြသူ  လူဖြူဆိုသူတွေရဲ့ကြားမှာ ကန့်လန့်ကန့်လန့် ပါနေတာကတော့ မောင်ရင်ငတေဆိုတဲ့ ငတိပေါ့လေ၊






မယ့်နမ်သာချင်းမြစ် (ဓါတ်ပုံ မရငတ)


မယ့်နမ်သာချင်းမြစ်ကူး ကူးတို့သင်္ဘောပေါ် (ဓါတ်ပုံ မရငတ)


မယ့်နမ်သာချင်းမြစ် ကူးတို့ဆိပ်ရောက် (ဓါတ်ပုံ မရငတ) (ဓါတ်ပုံ ခအအ)
မယ့်နမ်သာချင်းမြစ်က ကျောက်ဖုရားမြစ်ကနေ ခွဲဖြာထွက်လာခဲ့တဲ့ မြစ်ခွဲတခုဖြစ်ပြီး ဖြတ်သန်းခဲ့ရာ အရပ်ဒေသတွေကိုလိုက်ပြီး အမည်အမျိုးမျိုးတွင်ပါတယ်၊ မယ့်ကလောင်မြစ်ကတော့ နာမည်ကျော် ရေးဗားကွေး မြစ်နှစ်စင်း ဖြစ်တဲ့ Khwae Noi နဲ့ Khwae Yai ပေါင်းဆုံမိရာက ဖြစ်ပေါ်လာခဲ့တဲ့ မြစ် တစင်းပါ၊ အဲဒီလို မြစ်သုံးမြစ်နဲ့ မြို့သုံးမြို့ (ဘန်ကောက်ကတော့ တိုးလ်ရစ်တွေရဲ့နာမည်ကျော်မြို့) ပေါ့၊ မြို့သုံးမြို့တည်ရာ ထိုင်းပင်လယ်ကွေ့ တနည်းအားဖြင့် ဘန်ကောက်ပင်လယ်အော် ဒေသဟာ ပင်လယ်ရေသတ္တဝါတွေ ဘယ်လောက်ပေါများတယ် မသိနိုင်ပေမယ့် ဘန်ကောက်မြို့ရဲ့ လမ်းကြား လမ်းကြို လမ်းဘေးနဲ့ လမ်းမကြီးများပေါ်က ဆိုင်ကြီးဆိုင်ငယ်တွေမှာတင် စားလို့မကုန်နိုင် ရုံမျှမက ထိုင်နိုင်ငံဟာ ကမ္ဘာ့ရေထွက်ပစ္စည်းတင်ပို့မှု ထိပ်ဆုံးနိုင်ငံတွေထဲကတနိုင်ငံ ဖြစ်နေတာက ကြာပါပြီ၊

သူ့ရဲ့ရှေ့မှာ နော်ဝေးတို့ တရုတ်တို့လို နိုင်ငံကြီးတွေသာ ရှိပါတော့တယ်၊ ဒါပေမယ့်လို့ သူတို့ဟာ သူတို့ ဒေသထွက် ငါး ပုဇွန် ရေထွက် ပစ္စည်းတွေရဲ့ အပုတ်နံ့တွေကို လျှော့ချနိုင်သလို အခြားသော ဒေသတွင်းက လှိုင်လှိုင်ထွက်နေတဲ့ အပုတ်နံ့ မျိုးတွေကို လျှောချနိုင်လာခဲ့ရင်တော့ အဲဒီ ဒေသဟာ ပိုမို လှပမွှေးပျံ့လို့ လာမှကတော့ မြေကြီးလက်ခတ် မလွဲပါလို့သာ မောင်ရင်ငတေ ဆိုချင်မိပါတယ်၊ ထိုင်းနိုင်ငံအတွက် မဟာချိုင်ဟာ ဆက်လက်ပြီး ပိုမို အရေးပါလာမယ့် နေရာတနေရာလို့ ဆိုနေကြ သူတွေက ဆိုနေကြပြီ မဟုတ်ပါလား၊




Bangkok-Mahachai-Mae Klong Railway (ဓါတ်ပုံ မရငတ)
အဲဒီ Bangkok-Mahachai-MaeKlong Railway ရထားလမ်းရဲ့ မူလအစ ပထမကတော့ ရေထွက် ကုန်ပစ္စည်းများကို ဘန်ကောက်မြို့တော်သို့ တင်ဖို့နိုင်ဖို့ လုပ်ငန်းရှင်များ စုပေါင်း တည်ဆောက်ခဲ့တဲ့ ရထားလမ်းသာပါ၊ ကီလိုမီတာ ၆၇ ကျော်ရှည်လျှားတဲ့ ရထားလမ်းမှာ လမ်းပိုင်းက Wongwian Yai –Mahachai နဲ့ Mahachai-Mae Khlong ဆိုပြီး နှစ်ပိုင်း ဖြစ်နေတာပါ၊ မဟာချိုင် Samut Sakon ရဲ့  Mae Nam Tha Chin မြစ်ကို ကူးတို့ခ သုံးဘတ်ပေးပြီး ကူးရပါမယ်၊ မဟာချိုင် Ban Laem ဘူတာ ကမှ တဖန်ဆက်လက် ရထားတခါ ထပ်စီးပြီးမှ Samut Songkhram မြို့ကလေးရဲ့ ဂိတ်ဆုံးဘူတာ Mae Khlong ကိုရောက်မှာပါ၊ တကယ်ဖတ်ကြည့်မိတော့မှ ဒီရထားလမ်းဟာ ထိုင်းပင်လယ်ကွေ့က အဓိကမြစ်သုံးမြစ်ကို ဆက်စပ်ထားတာဖြစ်ကြောင်း တွေ့ရှိရပါတယ်၊ ဘီကေကေ ကျောက်ဖုရားမြစ် စမွတ်စခွန် မယ့်နမ်သာချင်းမြစ် စမွတ်ဆုန်ခရမ် မယ့်ကလောင်မြစ် တို့ကို ဆက်စပ်ပေးထားတာပါ၊




ဆယ်ဘတ်တန် မဟာချိုင်မီးရထားရဲ့ ဖတ်စစ်ကလပ်စ် (ဓါတ်ပုံ မရငတ)
ဒါပေမယ့် ဒီကနေ့ ထိုင်းနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးက ရထားလမ်းထက် ကားလမ်း ဦးစားပေး ဖြစ်တာမို့ ဒီရထားလမ်း ခပ်စုတ်စုတ်မှာ တနေ့ကို လေးငါးဆယ်စင်းမက ပြေးဆွဲနေသေးတာ တော် ပါသေးရဲ့ ပြောရမလိုပါ၊ ဘန်ကောက်ကနေ မီနီဘတ်စ်ကားတွေနဲ့တော့ အလွယ်သွားမယ်ဆို သွား လို့ရပါတယ်၊ မောင်ရင်ငတေကတော့ အဲဒီရထားမျိုး ခပ်ချာချာ ခပ်စုတ်စုတ်ကို စီးချင်လို့ တမင်သွား ဖြစ်ခဲ့တာပါ၊ ဒါပေမယ့် ခရီးစဉ် တဝက် မဟာချိုင်အထိသာ ရောက်ခဲ့ရပါတယ်၊ ဂိတ်ဆုံးဘူတာ Mae Khlong ဆီကို အချိန်မရလို့ ခရီးမဆက် ဖြစ်ခဲ့ရပါဘူး၊ အဲဒီ Mae Khlong ဘူတာ ဆိုတာက တခြား မဟုတ်ပါဘူး၊ နာမည်ကျော် Maeklong Railway Market (Talad RomHub) ရထားလမ်းဈေးရှိရာ ဘူတာပါ၊ ရထားကြီး ဘူတာရုံဆီသို့ ဝင်ရောက်လာခိုက်မှ ရထားလမ်းပေါ်ခင်းထားတဲ့ ဈေးဗန်းတွေ အမိုးအကာတွေ ရုတ်သိမ်းကြတဲ့ ဈေးပါ၊ အဲဒီဈေး ဘယ်နေရာမှာ ရှိမှန်းသိသူ နည်းကောင်းနည်းနိုင် ပေမယ့် အွန်လိုင်းအင်တာနက် You Tube မှာတော့ လူအတော်များများ ကြည့်ဖူးကြမှာ သေချာလှ ပါတယ်၊ ကဗျာဆရာကြီးရေ နောက်တခေါက်တော့ အဲဒီ ဘူတာလေးအထိ ရောက်ဖူးတယ်ရှိအောင် အချိန်ပေး စီစဉ် သွားကြည့်ကြပါစို့၊



မဟာချိုင်ရဲ့ တဘက်ကမ်းက ငခြောက်တန်း (ဓါတ်ပုံ မရငတ)


မဟာချိုင် တဘက်ကမ်းက ထားဝယ်လမ်း (ဓါတ်ပုံ မရငတ)
အဲဒီ မဟာချိုင် ဒေသ Samut Sakon နဲ့ Samut Songkhram မြို့လေးတွေ အကြောင်းကို ဒေသခံ  ထိုင်းတွေက ထိုင်းဘာသာစာနဲ့ ရေးထားတဲ့စာတွေ ရှိမရှိတော့ မောင်ရင်ငတေ သေချာမသိပေမယ့် အဲဒီဒေသတွေကို တိုးလ်ရစ်နယ်မြေမဟုတ်သော်လည်းဘဲ တမင်သက်သက်ကို ရောက်ဖူးချင်ကြလို့ သွားခဲ့ပြီးကြသူ ပြင်သစ်အမေရိကန် အင်္ဂလိပ်လူမျိုးတွေက သူတို့ကိုယ်တွေ့တွေကို သူတို့ကိုယ်တိုင် ရေးသားထားကြတာကိုတော့ အင်တာနက်အွန်လိုင်း စာမျက်နှာတွေမှာ အများအပြား ဖတ်ရှုရနိုင်ပါ တယ်၊ အဲဒီ ဂျုံးဂျုံးဂျက်ဂျက် မီးရထားတွေကို စီးဖူးချင်ကြတာလည်း ပါရှိနိုင်ပါတယ်၊ မောင်ရင်ငတေ တောင်မှ အဲဒီ ရထားစီးချင်တာကြောင့် ဒီတခေါက်မှာ မရောက်မရှိအောင် သွားခဲ့တာပါ၊ ရထားပေါ် မှာတော့ တကယ်တမ်းကြ တိုးလ်ရစ် လူဖြူတွေကို တယောက်စ နှစ်ယောက်စ ခပ်နည်းနည်းမျှသာ တွေ့ရပါတယ်၊ မောင်ရင်ငတေလိုရုပ်မျိုးနဲ့ တယောက်တည်း ကင်မရာတကားကားနဲ့ အဲဒီ ရထားကို စီးသွားခဲ့ရင် ဒေသခံရထားစီးသူတွေ မျက်စေ့နောက်ကြမှာ အသေအချာပါ၊ ဒါပေမယ့် ခရီးသွားဖော် ဘန်ကောက်သား ကဗျာဆရာကြီးတယောက်ပါလာလို့ အတော်အစဉ်ပြေ သွားခဲ့ပါတယ်၊ ကျေးဇူးပါ ကဗျာဆရာကြီး ကိုခအအခင်ဗျား၊ နောက်တကြိမ်များ ထပ်မံသွားဖြစ်ခဲ့ရင်လည်း အတူတူသွားချင်မိ ပါသေးတယ်၊ ကြုံဆုံရလိမ့်ဦးမယ်လို့လည်း မျှော်လင့်မိကြောင်းပါ ခင်ဗျား၊




မဟာချိုင်ရဲ့ တဘက်ကမ်း (ဓါတ်ပုံ မရငတ)
၁၉၉၀ ကျော်နှစ်များက တခါတခေါက် ရောက်ခဲ့ဖူးပြီးနောက် မရောက်ဖြစ်ခဲ့တဲ့နေရာကို အမှတ်တရ  ပြန်လည် ခြေရာခံခဲ့ခြင်းနဲ့အတူ ဒီဒေသမှာ နေထိုင် ဖြတ်သန်းခဲ့ဖူးသော ဘော်ဒါဟောင်းကြီးရဲ့ မရိုး နိုင်တဲ့ ပေါက်ကွဲသံစဉ်များကို ပြန်လည်ကြားယောင်မိရင်းးးးးးးး (မရငတ) ခံစားရေးသားပါတယ်၊

မောင်ရင်ငတေ ၁၀၁၀၂၀၁၅