ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၂)

 မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ
အပိုင်း (၂)
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၆

၁၉၆၄
ငယ်စဉ်က ခုနှစ်များကိုတော့ အတိအကျမမှတ်မိတော့ပါ။ မိမိတောကျောင်းသားဖြစ်ခဲ့၍ အဆိုပါရွာကလေးသို့ရောက်ခဲ့ သည်မှာ ၁၉၆၂ ဝန်းကျင်က ပင်ဖြစ်သည်။ ထိုရွာလေးမှာ ရန်ကုန် ပြည်ရထားလမ်းပေါ်ရှိ သဲကုန်းနှင့် ဆင်မြီးဆွဲကြားရှိ ရွာကလေးဖြစ်သည်။ မီးရထားဘူတာရုံရှိသည်။ အမြန်ရထားမရပ်သော်လည်း ကျန်သောရထားများရပ်သည်။ ရွာနံမည်က စံပြကျေးရွာဟု ဆိုသော်လည်း အင်ပင်လှ စံပြကျေးရွာဟုခေါ်သည်။

အင်ပင်လှသည် ရွာဟောင်းဖြစ်သည် ရထားလမ်းအနောက်ခြမ်း၌ရှိသည်။

စံပြရွာ အင်ပင်လှနှင့် ရထားလမ်းခြား၍ အရှေ့ဖက်၌ တည်ထားသောရွာဖြစ်သည်။ တရွာလုံးခြေတန်ရှည် ပျဉ်ထောင်သွပ်မိုးအိမ်များဖြစ်သည်။ သေချာအကွက်ရိုက်၍ တည်ထားသောရွာဖြစ်သည်။ အလယ်တန်းကျောင်းရှိသည်။ တိုက်နယ် ဆေးပေး ခန်းရှိသည်။ ဘူတာရုံရှိသည်။ လျှပ်စစ်မီးရသည်။ ဖဆပလခေတ်က အထူးအစီအစဉ်ဖြင့် တည်ပေးခဲ့သော ရွာဖြစ်ပုံရ သည်။ ထိုစဉ်ထိုရွာ၌ သြဇာရှိသောရပ်ရွာလူကြီးတဦးမှာ သခင်မြဆိုသည့် သခင် လက်ဟောင်းကြီးတဦးဖြစ်ပေရာ ဖဆပလ ၏ပြည် တော်သာ စီမံကိန်းသည် ထိုရွာသို့ ရောက်ခဲ့ပုံရသည်။ လူတကိုယ် တိုက်တလုံး ကားတစီးစီနှင့် ပြည် တော်မသာနိုင် ခဲ့သော်လည်း အိမ်ပုံစံ တညီတညာထဲဖြစ်သော ပျဉ်ထောင်သွပ်မိုးအိမ်ကိုယ်စီနှင့် ထိုရွာသာခဲ့ပုံရသည်။

သို့နှင့် အဆိုပါကျေးရွာကလေးတွင် မိမိ၏ ရွာကျောင်းသား အစိုးရအတန်းကျောင်းသားဘဝ စခဲ့တော့သည်။ မိမိတို့တက် သည့် အလယ်တန်းကျောင်း၏ ဘေးတွင် ရွာဘုန်းကြီးကျောင်းရှိသည်။ ကျောင်းထိုင်ဆရာတော်၏ ဘွဲ့အမည်ကိုမမှတ်မိတော့။ တရွာလုံးကတော့ ဆရာတော်ကို ဗိုလ်တိုက်ဟုခေါ်ကြသည်။ အဘယ်ကြောင့်ခေါ်သည်ကို မမှတ်မိတော့သော်လည်း ဗိုလ်တိုက်ဟူသော အမည်ကိုတော့ မှတ်မိနေဆဲဖြစ်သည်။ မှတ်မိရသည့်အကြောင်းမှာ ဗိုလ်တိုက်ကို တရွာလုံးကြောက်ကြ သည်ဖြစ်ရာ မိမိတို့ကလေးများလည်း ကြောက်ကြသည်သာဖြစ်သည်။

ထိုစဉ်က ဥပုတ်နေ့ဆိုလျှင် ရွာရှိဘုန်းတော်ကြီးကျောင်း၌ ဥပုတ်သီလယူသွားလေ့ရှိကြသည်။ လူရွယ် လူလတ်ပိုင်းထက် လူကြီးပိုင်းနှင့် ကလေးများ ဖြစ်ကြသည်။ မနက် ၁၀ နာရီလောက် ကျောင်းရောက်လျင် ဆရာတော်ထံမှ သီလယူကြ တရား နာကြပြီး ဘုန်းကြီးဆွမ်းကပ်ကြသည်။ ဘုန်းကြီးဆွမ်းကပ်ပြီးလျှင် မိမိတို့ယူလာကြသော ထမင်းချိုင့်ကိုယ်စီဖွင့်၍ ဥပုလ်သည် ဇရပ်တွင် ထမင်းစားကြသည်။ မိမိတို့ကလေးများအတွက်တော့ပျော်စရာဖြစ်သည်။ သူများအိမ်ထမင်းချိုင့်မှ ဟင်းများနှိုက်စားရကပျော်စရာကောင်းသည်။ နေ့စဉ်စားနေရသည့် မိမိအိမ်မှဟင်းထက် တခါတရံမှစားရသည့် သူများအိမ် က ဟင်းပို၍ ကောင်းနေတတ်သည် မဟုတ်ပါလော။

စားသောက်ပြီးလျှင် လူကြီးများက ဥပုတ်သည်ဇရပ်တွင်ထိုင်၍ တရားဆွေးနွေးကြသည်။ ရပ်ရေးရွာရေး တိုင်းရေးပြည်ရေး ဆွေးနွေးကြသည်။

ရေနွေးကြမ်းဝိုင်းဖွဲ့ကြသည်။ သနပ်ဖက်လိပ် ပြောင်းဖူးဖက်လိပ်တို့ဖွာကြသည်။ မိမိတို့ကလေးများကတော့ ကျယ်ပြန့်၍ သစ်ကြီးဝါးကြီးများဖြင့် အရိပ်ကောင်း လှပေရာ မိမိတို့ကလေးများအတွက် အကောင်းစားကစားကွင်း ဖြစ်နေပေတော့သည်။ တခါတရံ ဆရာတော်ကျိန်းနေသည့် အဆောင်နားကပ်သွားလျှင်တော့ ဦးပဇင်းငယ်တို့ ကိုရင်ကြီးတို့က ဟန့်တတ်သည်။ မိမိတို့လည်း ခပ်ဝေးဝေးပြန်ပြေးရသည်။ ဆရာတော် ကြိမ်လုံးနှင့်ဆော်လျှင် မလွယ်ဟုပြောသံတွေက ကြားဖူးထားသည်။ တကယ်တော့ ထိုရွာတွင် ၄ နှစ်ခန့်ကြာနေခဲ့သည့် ကာလအတွင် ဆရာတော် ဆူပူကြိမ်းမောင်းရိုက်နှက်သည်ကို မိမိလည်း မခံဘူး။ အခြားကလေးငယ်များ ခံရသည်ကိုမတွေ့ခဲ့ဖူးပါချေ။ နောင်ပြန်လည်စဉ်းစားကြည့်တော့ ချစ်ကြောက်ရိုသေဆို သည်မှာ ဤအရာမျိုးကိုခေါ်သည်ဟု ခံစားရသည်။ ကျေးလက်တောရွာများတွင် ဘုန်းတော်ကြီးများ၏ သြဇာကြီးမားသည်ကို လည်း ပြသခြင်း ဖြစ်ပုံရသည်။
နေ့လည် ၂ နာရီကျော်ခန့်မှာတော့ ဆော့နေသော မိမိတို့ကလေး တသိုက်အားခေါ်၍ မုန့်ကျွေးကြသည်။ ဥပုလ်သည်များ ကတော့ ဖျော်ရည်လေးဘာလေးသောက်ကြသည်။ ထို့နောက်ပစ္စည်းပစ္စယများသိမ်း၍ အိမ်ပြန်ဖို့ ပြင်ကြသည်။ အိမ်ပြန် ရောက်လျှင် ဥပုလ်သည်များက ဥပုတ်စောင့်၍ ညစာမစားကြတော့။ မိမိတို့ကလေးများက ညစာစောစောစား၍ စောစော အိပ်ကြသည်။ တနေ့ကုန် ဘုန်းကြီးကျောင်းတွင်ဆော့လာ၍ ပင်ပမ်းလာကြသည်မဟုတ်ပါလော။ ယခုတော့ ဥပုလ်နေ့တွင် ဘုန်းကြီးကျောင်းသို့သွား၍ တရားနာ သီလယူ ဥပုလ်စောင့်သည့်အလေ့အထ နည်းပါး သွားကြပေပြီ။ တခါတရံကျယ် ပြောသော ဘုန်းကြီးကျောင်းများကို ပစ်၍ အများသူငါသွားနေသည့် လမ်းပိတ်၍တရားပွဲကျင်းပခြင်းတော့ တွေ့ရသည်။ တုတ်ဒါးကိုင်၍ အမျိုးဘာသာစောင့်နေသူ အချို့ လည်း တွေ့ရသည်။ တည်ငြိမ်အေးချမ်းသည့် ဗုဒ္ဓဘာသာမူလအစဉ် အ လာများ နေရာတွင် စိတ်ပျက်စရာများ ဝင်ရောက်လာသည်ကို တွေ့ရသည်ဟုဆိုရမည်။
…..

အဆိုပါရွာကလေးသည် တောရွာလေးမို့အေးချမ်းလှသည်တော့ မထင်ကြစေလို။ ညဖက်ရောက်လျှင်တော့ စိုးထိတ်ရ မှုတွေတော့ရှိသည်။ ထိုစိုးရွံ့ရကား အခြားမဟုတ် ဓားမြတိုက်ခြင်းဖြစ်သည်။ ထိုကာလက ရပ်ရွာများအေးချမ်းမှုမရှိလှသေးချေ။ ညဘက် လသာလျှင်လည်း လသာလို့ လမိုက်လျှင်လည်း လမိုက်လို့ ဓားပြကြောက်ရသည်။ အချို့ညများတွင် သေနတ်သံကြားရတတ်သည်။ မနက်မိုးလင်းလျှင် ဘယ်ရွာက ဘယ်သူ့အိမ် ဓားပြတိုက်လို့တဲ့ဟူသော သတင်းကြား ရတတ်သည်။ သို့မဟုတ် ဘယ်နားကနတ်စင်မှာ ဓားပြတွေနတ်တင်နေကြတုန်း နတ်စင်မှာ ထောင်ထားတဲ့ သေနတ်ကလဲပြီး ကျည်ထွက်လို့တဲ့ ဓားပြတိုက်ဖို့ အစီအစဉ်ပျက်သွားသတဲ့ဟူသော အသံဗလံများ ကြားရတတ်သည်။ ရွာထဲက အိမ်တွေ ဓားပြရန်ကိုရင်ဆိုင်ဖို့ ညဆိုအဆင်သင့်ရှိနေတတ်ကြသည်။ တုတ်ဓားများ အဆင်သင့် ဆောင်ထားတတ်ကြသည်။

အချို့အိမ်များဆိုလျှင် အိမ်အတက်လှေခါးတွင် လျှပ်စစ်မီးကြိုးချ၍ ဓားပြတက်လာလျှင် ဓာတ်လိုက်ဖို့ စီစဉ်၍ပင်ထားကြသည်။ သို့သော် မိမိနှင့် ဓားပြနဖူးတွေ့ဒူးတွေ့တော့ ဆုံခဲ့ဖူးခြင်းမရှိပါ။ သို့သော်သေနတ်သံကြားသည့် ညမျိုးဆိုလျှင်တော့ လူကြီးများစိုးရိမ်စိတ် မိမိအားကူးစက်၍ ဆိတ်ဆိတ်တော့နေခဲ့ရဖူးပါသည်။ မအေးချမ်းသောခေတ်ကာလဟုဆိုရမည်။

ရွာ၏အရှေ့ဖက်ခြမ်းသည် ပဲခူးရိုးမဖြစ်သည်။ ထိုစဉ်က ပဲခူးရိုးမ၌ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်သည်။ သို့သော် မိမိတို့နေသည့် ရွာကလေးအထိတော့ သြဇာသက်ရောက်သည်ကို မတွေ့ရ။ ရံဖန်ရံခါ သတင်းပလင်းတော့ ကြားရတတ်သည်။ ထိုအချိန်မျိုးဆိုလျှင် လူကြီးများ ခေါင်းချင်း ဆိုင်နေတတ်သည်။ မိမိတို့ကလေးများ အနားကပ်သွားလျှင်မောင်းထုတ်ခံရတတ်သည်။

သို့သော်ထိုစဉ်ကာလက အင်ပင်လှ စံပြရွာအရှေ့ဖက်ရှိ ပဲခူးရိုးမတောသည် ရွာသူရွာသားများအတွက် စိုးရွံ့စရာ တော့မဟုတ်ပေ။ နှစ်စဉ် ဝါဆိုလျှင်ဝါဆိုပန်းခူးထွက်သည်မှာ ပဲခူးရိုးမတောင်ရိုး တောင်စွယ်သို့ ဖြစ်သည်။ မိုးဦးကျ မိုးရေစက် များနှင့် ပဲခူးရိုးမသစ်တော၏ သစ်ရွက်စိမ်းနံ့များ သင်းပျံ့နေသည့် ပဲခူးရိုးမတောတောင်သည်နှစ်လိုဖွယ်ဖြစ်သည်။ ပဲခူးရိုးမ တောင်စွယ်ရှိ တောရကျောင်းလေသည် ရွာမှ ဝါဆိုပန်းခူးထွက်သူများအတွက် တထောက်နား အပမ်းဖြေရာ ဖြစ်သည်။ တောတောင်ထဲတွင် အေးချမ်းဆိတ်ငြိမ်စွာတရားအားထုတ်နေသော ရဟန်းတို့သည် ရွာသားများအား တည်ကြည်နှစ်လိုဖွယ်အပြုံးဖြင့်ကြိုဆိုကြသည်။

ဘုရားလည်းဖူး လိပ်ဥလည်းတူးဟုဆိုသည်။ ဝါဆိုပန်းခူးထွက်လာသောရွာသူရွာသားများကတော့ လိပ်ဥ မတူး အင်ဥ တူးကြသည်ဟု ဆိုရမည်။

ကျွန်းပင်များ အင်ပင်များ ပြည့်နှက်နေသည့် ပဲခူးရိုးမတောကြီးအတွင်း အင်ဥရှာရသည်မှာမခက်လှချေ။ မိုးဦးကျ နှစ်လို ဖွယ်ရာ ရာသီစာဟုဆိုရပါမည်။

ထုတ်ထုတ် ထုတ်ထုတ်ဝါးစားရသည်မှာပင် တမျိုးအရသာရှိလှသည်။ သုတ်စားစား ချက်စားစား ကျော်စားစား စား၍ အရ သာရှိလှ ဆိမ့်လှပေသည်။ ယခုရက်ပိုင်း အင်ဥစားချင်စိတ်ပေါ်၍ ဈေးသွားသည့် သမီးဖြစ်သူကို မှာလိုက်သည်။ ရတော့ရလာ သည်။ သမီးဖြစ်သူက အဖေ့ အင်ဥကလည်း ဈေးကြီးလိုက်တာဟု ဆိုသည်။ ရန်ကုန်တွင် ယခုတော့ တပိသာ ၅၀၀၀ ကျပ်ဈေးဟုဆိုပါသည်။

အဆိုပါ ပဲခူးရိုးမတောင်စွယ်တွင် အင်းကြင်းကျောက်ကိုစတွေ့ဖူးသည်။ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့သည့် သစ်ပင်၏ကျောက်ဖြစ် ရုပ်ကြွင်းများ ခန့်ထည်စွာ သဘာဝအတိုင်း ရှိနေသည်။ ကြီးမားခန့်ညားသော သဘာဝအတိုင်းဖြစ်တည်နေသော တောနှင့် တောင်နှင့် ပနာရနေသော အင်ကြင်းကျောက်များဖြစ်သည်။ ယခုတော့ ထိုအင်ကြင်းကျောက်များ ပဲခူးရိုးမတောတွင်း၌ ရှိမှရှိပါလေစ။ တရုတ်သို့ရောက်သွားသော မြန်မာ့သယံဇာတများတွင် ပါသွားဖွယ်ရှိသည်။ ထိုစဉ်ကနေပျောက်မထိုးသော ပဲခူးရိုးမတောကြီးပင်လျှင် သင်္ခါရသဘောကို ကြုံခဲ့ရပြီမဟုတ်ပါလော။ များမကြာမီ လေယျာဉ်စီး၍ ခရီးသွားစဉ် တောင်က တုန်းပြောင်များ ဖြစ်နေသော ပဲခူးရိုးမတောင်တန်းကို စိတ်မချမ်းမြေ့ဖွယ် မြင်ခဲ့ရသည်။ ဆင်ခြင်တုံတရားကင်းမဲ့သူတို့၏ လက်ချက်ဖြင့် ပဲခူးရိုးမတောနက်ကြီးလည်း တောင်ကတုံးဘဝသို့ သက်ဆင်းရချေ ပြီ။

အင်ပင်မှ အင်ရွက်သည် သဘာဝ မြန်မာ့စားစရာထုတ်ပိုးပစ္စည်းဖြစ်သည်။ အင်ပင်လှ စံပြကျေးရွာ၏ နောက်တစ်ဘူတာ ဖြစ်သော ဆင်မြီးဆွဲဘူတာတွင် ခေါက်ဆွဲကြော်ရောင်းလေ့ရှိသည်။ အင်ဖက်နှင့်ထုတ်ထားသော အဆိုပါခေါက်ဆွဲကျော်ထုပ် တွင် အသားဖတ်အနည်းငယ်ပါတတ်သည်။ အင်ဖက်နံ့တသင်းသင်းနှင့် ဆင်းမြီးဆွဲခေါက်ဆွဲကြော်သည် တမျိုးစားလို့ ကောင်းသည်။ တရုတ်ဆိုင်က ခေါက်ဆွဲကြော်ထုတ်လို အများကြီးလည်း မဟုတ်။

လက်သီးဆုပ်သာသာ အာသာပြေဖြစ်သည်။ ထိုစဉ်က တထုပ်ကို ပြား ၅၀ လားပေးရသည်ထင်သည်။ ကောင်းစွာတော့ မမှတ်မိတော့ပေ။

ထိုစဉ်က ရွာသည် ကမ္ဘာကြီးနှင့်မဆိုထားနှင့် မြို့နှင့်ပင်အဆက်ပြတ်လှသည်။ သတင်းစာက တရက်နောက်ကျသည်။ ထိုနောက်ကျ သည့် သတင်းစာပင်ယူသူ နှစ်အိမ် သုံးအိမ်မျှသာရှိသည်။ ရေဒီယိုသတင်းနားထောင်ကြသည်သော် အိမ်တိုင်းစေ့မရှိကြ။ သတင်းစကားကို တဆင့်စကား တဆင့်ကြားဖြင့် ကမ္ဘာကြီးကို နားလည်ယူကြသည်။ ဤသို့သောအခြေ အနေတွင် မိမိတို့ ကျောင်းသားများအကြား အကြီးအကျယ် စိတ်ဝင်စား၍ အငြင်းပွားကြရသည့် သတင်းစကားတခု ကြား သိရသည်။ ထိုသတင်းမှာ အမေရိကန်ဆိုသည့်နိုင်ငံတွင် ကလေးနှင့်လူကြီးထိုးကြရာ ကလေးနိုင်သည် ဆိုသည့် သတင်းဖြစ် သည်။ ရက်အတော်ကြာ စိတ်ဝင်တစားငြင်းခဲ့ရသည့်သတင်းဖြစ်သည်။

တကယ်တော့ ထိုသတင်းမှာ ကပ်စီယပ်ကလေးနှင့် ဂျိုဖရေဇီယာတို့ထိုးသတ်သည့်သတင်းဖြစ်သည်။ ကလေး လည်း ခလေးဖြစ်သွားခဲ့သည်။ ဆက်သွယ်ရေးလည်းမကောင်း ကမ္ဘာကြီးလည်း ရွာကြီး မဖြစ်ခင်က မြန်မာပြည်က ကျေးလက်ရွာ လေးတရွာတွင် ဖြစ်ပါသည်။ ထိုကဲ့သို့သော ခေတ်ကာလမျိုးဖြစ်ပါသည်။

ရေဒီယိုအိမ်တိုင်းစေ့မရှိ ။ ကက်ဆက်မရှိပေမင့် သူဟာနှင့်သူတော့ အဆင်ပြေအောင် ဖျော်ဖြေ၍ နေတတ်ကြပါသည်။ မိုးတွင်း၌ ရွာကလေးအတွင်း လောက်စပီကာဟုခေါ်ဆိုကြသည့် အသံချဲ့စက် သံကြားရတတ်သည်။

အသံချဲ့စက်ဖွင့်တိုင်း အလှူအိမ်တော့မဟုတ်ပေ။ လယ်စိုက်ကြပြီဆိုလျှင် ကောက်စိုက် သမများငှားကြလေ့ရှိရာ တတ်နိုင် သည့် အိမ်များက ကောက်စိုက်သမဝင်သည့်ညများတွင် အသံချဲ့စက်ငှား၍ ညဦးပိုင်းတွင် သီချင်းတို့ဇာတ်ထုပ်တို့ဖွင့်ပေးရသည်။ တနေ့တာပင်ပမ်းလာခဲ့သော ကောက်စိုက်သမတို့က ညစာစားပြီးသည်နှင့် အိမ်ခါးပန်းတွင် တန်းစီးခေါင်းအုံးကြရင်း အသံချဲ့စက်မှသီချင်းနားထောင်ကြသည်။ နားထောင်ချင်သည့်သီချင်းကို အသံချဲ့စက်ဆရာကို ပြောကြသည်။ သောတရှင် လိုရာဟု ဆိုရမည်။ နောက်ဆုံတော့ဇာတ်ထုပ်နှင့် သိမ်းသည်။ သူအရပ်နှင့်သူ သူ့အချိန် အခါနှင့် ထိုရွာသူရွာသားများ ပျော်ခဲ့ကြ အပမ်းဖြေခဲ့ကြသည်ဟုဆိုရမည်။ ရွာတိုင်းတော့ ထိုသို့ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော်ထိုရွာတွင်တော့ ကြုံခဲ့ရပါ သည်။

ထိုရွာလေးတွင် မြို့ပေါ်က လှုပ်လှုပ်ရွရွ သတင်းတခုကြားရသည်။ အခြားတော့မဟုတ် ၁၀၀ တန် ငွေစက္ကူတွေ အမှိုက်ပုံမှာ လာပစ်ထားသည်ဟူသည့် သတင်းကြားရသည်။ မုန့်ဖိုး ၁၀ ပြားလောက်ရသည့် မိမိအလွန်အံ့သြမိသည်။ အဘယ် ကြောင့်ပါနည်း။ ဖခင်ကိုမေးတော့ အစိုးရကတရားမဝင် ကြေညာလိုက်ပြီဟုဆိုသည်။ သုံးလို့မရတော့ဟု ဆိုပါသည်။ ဘာကြောင့် အစိုးရကထုတ်သည့် ပိုက်ဆံကိုအစိုးရက မသုံးရတော့ကြေညာရပါသနည်း။

မိမိဦးနှောက်သေးသေးလေးနှင့်စဉ်းစား၍ မရနိုင်ခဲ့။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံတွေ နှမြောစရာကြီးဟုတော့ တွေးမိသည်။

မရှေးမနှောင်းပင် သဲကုန်းမြို့ပေါ်မှ ဈေးဆိုင်များ ကုန်စုံဆိုင်များမှ ပိုင်ရှင်များ သူတို့ဆိုင်မှပစ္စည်းများကို ရွာကသူတို့၏ အသိ အကျွမ်းများအိမ်တွင် လာရောက်ဝှက်ထားကြသည်ဟု သူငယ်ချင်းများက ပြောကြသည်။ မြို့ပေါ်က သူဌေးတွေ ကိုယ့်ပစ္စည်း ကိုယ်အိမ်မှာ မထားဘဲ အဘယ်ကြောင့် တောရွာမှာ လာထားကြသည်ကို နားလည်၍ မရနိုင်ခဲ့ပေ။ ဖခင်ဖြစ်သူ ကိုမေးတော့ ပြည်သူပိုင် သိမ်းတာဟု ဆိုသည်။ သတင်းစာကပုံတွေပြသည်။ ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိက ပိုင်ဆိုင်များ ကုမ္ပဏီများကို မူလဆိုင်တိုင်းဘုတ်များ ဖြုတ်ချပြီးပြည်သူ့ဆိုင်ဟု ဆိုင်းဘုတ်တင်နေသော စစ်သားများပါသည့်ဓာတ်ပုံများကို တွေ့ရသည်။

ထိုအချိန်မှစ၍ ခေတ်ပြောင်းတော်လှန်ရေးတို့ ဆိုရှယ်လစ်တို့ဆိုသည့် ဝေါဟာရများကို သတင်းစာတွင် နေ့စဉ်တွေ့ရသည်။ ထိုစဉ်က နံမည်ကြီးနိုင်ငံရေးသမားတယောက်ဖြစ်သူ ဝိဓူရသခင်ချစ်မောင်က ဆိုရှယ်လစ်စနစ်ကို ခွေးကတက်က အလုပ် ကျွေးပြု ရပြုရဟုပြောသည်ကို တွေ့ရသည်။ မိမိဖခင်တို့စကားဝိုင်းတွင်တော့ ခွေးကတက်ချစ်မောင်ဟု သုံးနှုန်းပြော ဆိုကြ သည်ကို ကြားနေရသည်။ ထိုစဉ်က လူကြီးများစကားဝိုင်းတွင် စစ်တပ်အာဏာသိမ်းမှု တစ်ရာတန်ငွေစက္ကူ တရားမဝင် ကြေညာမှု ပြည်သူပိုင်သိမ်းမှုတို့ကို စိတ်ဝင်တစားဆွေးနွေးနေကြတော့သည်။

အဆိုပါ ပြည်သူပိုင်သိမ်းသည်ဆိုသည်နောက်တွင်တော့ ယခင်လွယ်လင့်တကူ ပေါပေါများများ ဝယ်ယူ၍ရသော ကုန် ပစ္စည်းများ ရှားပါးပျောက်ကွယ်ကုန်သည်။ ဈေးကြီးကုန်သည်။ တိုးတိုးတိတ်တိတ်ဝယ်ရသည့် မှောင်ခိုပစ္စည်းများ ဖြစ်ကုန် သည်။ အစိုးရပြည်သူဆိုင်များတွင် မဲနှိုက် တန်းစီတိုးရသည့်တိုင် ဘာကုန်ပစ္စည်းမှ မရှိတော့သည့်ခေတ်တခေတ် အစပြု တော့သည်။ ခွဲတမ်းဟူသော ဝေါဟာရခေတ်စားလာသည်။

ထိုနှစ်သည် ၁၉၆၄ ခုနှစ်ဖြစ်သည်။ ထိုနှစ်မှစ၍ အစစအရာရာရှားပါးသည့် စစ်ခေါင်းဆောင် ဗိုလ်နေဝင်း၏ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအောင်ပွဲကြီး အစပြုတော့သည်ဟု ဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)
photo credit Ko Zaw Oo Kzo