ဇေမှိုင်း - လက်ယက်တွင်း



ဇေမှိုင်း - လက်ယက်တွင်း
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၆

တပေါက်ပေါက်
ကျနေတာ
မျက်ရည်တွေလား?
ချွေးစက်တွေလား?
ငုံနေတဲ့
ရာဇဝင် တပွင့် ပွင့်ဖို့
အားစိုက်လိုက်ရတာ.....

ဒီ-လက်ယက်တွင်းကလေးက
သွေးစက်တွေ, ချွေးစက်တွေနဲ့ရော
ဘယ်တော့မှ ကောမသွားတဲ့ ရေချိုစမ်းကလေး
ဖြစ်လာဖို့လေ…

နွေတာကလည်း ရှည် ရှည်လွန်း
မိုးကလည်း နောက်ကျ ကျလွန်း
ဥတုကလည်း ပူ ပူလွန်း
ဟောဒီ လက်နှစ်ဖက်ကလည်း
နု နုလွန်းသလေ....

ကဲပါလေ- ဒီတနွေ ဒီရေကြည် ရဖို့
ဒဏ်ရာတွေက သွေးတွေ၊ လက်တင်မက
နှလုံးသားပါလိမ်းကျံ
ရစေတော့................။

၂၂-၆-၁၆