သစ်ထူးဆက် ● မြက်ရိုင်းပင်တွေ

  သစ်ထူးဆက် ● မြက်ရိုင်းပင်တွေ
(မိုးမခ) ဇွန် ၉၊ ၂၀၁၆
ဆိုင်နာမည်ကိုမြင်ဖူးနေသလိုရှိ၍ စားပွဲထိုးလေးကိုမေးလိုက်ကာမှ အဖြေကရှင်းသွားသည်။ ဒီဆိုင်ကအမှတ်သုးံပါဆရာတဲ့။ သြော် လက်စသတ်တော့ ဒီဆိုင်က အမှတ်သုံးပါလား။ များပြားလိုက်တဲ့ ဘီယာဆိုင်တွေထဲမှာ အချို့နာမည်ကြီးဘီယာ ဆိုင်တွေက ဆိုင်ခွဲများဖွင့်လှစ်နိုင်သည်အထိ အောင်မြင်ကြသည်။ မီးချောင်းတွေထိန်ထိန်ညီး၍ နေရာအနှံ့အပြားမှာ တွေ့ရ လေ့ရှိသော ဆိုင်နာမည်တမျိုးတည်းနှင့် လက်ဖက်ရည်ဆိုင်ကြီးတွေကလည်း မြို့နယ်တိုင်းမှာ ရှောင်လွှဲမရ။ ကျွန်တော် ကတော့ ကွင်းပြင်ကျယ်ထဲတွင် အပြိုင်းအရိုင်းပေါက်နေသော မြက်ရိုင်းပင်တွေကိုသာ မြင်ယောင်နေမိသည်။
********
  
ဟိုမဂ္ဂဇင်းရပ်သွားပြီတဲ့။ မိတ်ဆွေပြောသောစကားကိုနားကြားများမှားသလားဟူ၍ ကျွန်တော် ပြန်မေးမိသည်။ ဟုတ်ရဲ့လား ဗျာ။ မိတ်ဆွေကတော့ ကြားခဲ့ရသောသတင်းကို အခိုင်အမာ ပြောဆိုနေသည်။ ဒီသတင်းမျိုးက စာပေလောကတွင် အဆန်း တကြယ်မဟုတ်သော်လည်း ကြားရသည့်အခါတိုင်း အံ့သြမှင်တက်ရမြဲ ဖြစ်သည်။

တချိန်ကစာပေအရှိန်အဝါကြီးခဲ့သော မဂ္ဂဇင်းများ နာမည်ကြီးမဂ္ဂဇင်းများထဲတွင် အချို့မဂ္ဂဇင်းများကား မရှိကြတော့ပြီ။ ယနေ့အချိန်အထိ ရှင်သန်ရပ်တည်နေကြသောမဂ္ဂဇင်းအချို့ကလည်း အကြောင်းကြောင်းသောဒေါက်တိုင်များနှင့် မနည်း ကျားကန်ထားရသော အခြေအနေမှာ ရှိသည်။ ဈေးကွက်အရ မဂ္ဂဇင်းရောင်းရနှုန်းမှာ အားရစရာမကောင်းလှ။ ဟိုးယခင် မဂ္ဂဇင်းများ ရွှေရောင်တောက်ပစဉ်ကာလတခုကို လွမ်းမိသည်။ လစဉ်ထုတ်မဂ္ဂဇင်းကို အချိန်မီဖတ်ရဖို့ဆိုတာက မလွယ်။ ငှားတဲ့လူကများတော့ မဂ္ဂဇင်းတအုပ်ကို စောစီးစွာဖတ်နိုင်ဖို့အရေးမှာ ဆိုင်ရှင်နှင့် ပလဲနံပသင့်ပြီး အခြားသောစာအုပ်များ ကိုလည်း အမြဲမပြတ် ငှားဖတ်နေသူဖြစ်ဖို့လိုသည်။ မဂ္ဂဇင်းသက်သက်သာ ငှားဖတ်သူဆိုပါက စောင့်ပါလေရော့။ လူအတော် များများ ဖတ်ပြီးကာမှ ကိုယ့်လက်ထဲရောက်မည်။ စာရွက်အဖြဲသန်သော ကိုကို မမများက မိမိထက်အရင်ဦးသွားပါက ခန္တီစ သည်းခံခြင်းဖြင့်သာ မဂ္ဂဇင်းကို ဖတ်ရလေတော့သည်။ မဂ္ဂဇင်းစာအုပ်အသစ်မှမွှေးပျံ့သောစာရွက်ရနံ့ကိုရှူရှိုက်ရင်း မဂ္ဂဇင်း ဖတ်ရသည့်အရသာမှာ အလွန်နှစ်လိုဖွယ်ရာကောင်းလှသည်။

အခုတော့ ထိုကာလသည်အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။

အရှူးံပေါ်၍ရပ်နားလိုက်ရသောမဂ္ဂဇင်းများရှိခဲ့ပြီ။ စာအုပ်ဆိုင်တွင် မျက်ကွယ်ပြုခံရသော မဂ္ဂဇင်းများလည်း ရှိခဲ့ပြီ။ ချောချော လှလှမင်းသားမင်းသမီးများ အဆိုတော်များ မော်ဒယ်များမဂ္ဂဇင်း မျက်နှာဖုးံတွင်ပါမှ မဂ္ဂဇင်းဟုထင်သူများလည်း  ရှိခဲ့ပြီ။ ကျွန်တော့်မိတ်ဆွေရပ်သွားပြီဟုပြောသော မဂ္ဂဇင်းသည် ဟိုတလောလေးကမှ စာအုပ်ဆိုင်တဆိုင်တွင် ယခုလထုတ်အဖြစ် ကျွန်တော် လှန်လှောဖတ်ရှုခဲ့သေးသည်။ မဂ္ဂဇင်းကိုထုတ်ဝေသူ စီစဉ်သူ အယ်ဒီတာတစုသည် တစောင်တည်းသော မဂ္ဂဇင်းကိုပင် မနည်းရုန်းကန်ကြရရှာသည်။ နာမည်ကြီးဘီယာဆိုင်များ လက်ဖက်ရည်ဆိုင်များလို ဆိုင်ခွဲများဖွင့်လှစ်နိုင်သည်အထိ မအောင်မြင်ပါ။ ဘယ်မဂ္ဂဇင်းကတော့ အရမ်းမြတ်လို့ ဘာမဂ္ဂဇင်းကိုထပ်ထုတ်တယ်ဆိုတာမျိုး ကျွန်တော်မကြား ဘူးပါ။ ကျွန်တော်ကြားဖူးတာကတော့ ရပ်သွားသောမဂ္ဂဇင်းများ၏သတင်းများကိုသာ ကြားဖူးသည်။ အနုပညာအရ အောင် မြင်သော်လည်း ငွေကြေးအရ မအောင်မြင်သောအခါ မဂ္ဂဇင်းတစောင်သည် ရှေ့ဆက်ဘယ်လိုမှ မရပ်တည်နိုင်တော့။ နေရာအနှံ့အပြားက စာအုပ်အငှားဆိုင်တွေ တစစပျောက်ကွယ်သွားချိန်မှအစပြု၍ မဂ္ဂဇင်းများ၏ရပ်တည်မူက ခဲခဲယဉ်းယဉ်း ဖြစ်လာသည်။ ဂျာနယ်များ နေ့စဉ်ထုတ်သတင်းစာများက အသီးသီး ခေါင်းထောင်လာကြသည်။ လူတွေက သတင်းကို ပြင်းပြင်းပြပြ ဆာလောင်လာကြသည်။ ရသစာပေထက် သတင်းကိုသာ အာသီသ ပိုပြင်းပြလာသယောင် ရှိသည်။ စာအုပ်အရောင်းဆိုင်များ၏အခြေအနေကလည်း ဈေးဝယ်စင်တာကြီး များကိုပင် အားပြုနေရသည်ဟု နာမည်ကျော်စာအုပ်တိုက်ထုတ်ဝေသူတဦး ပြောခဲ့ဖူးသည်။ အရောင်းရဆုးံစာရင်းထဲမှာပါဝင်တဲ့စာအုပ်တွေက နိုင်ငံရေး နည်းပညာနှင့် ကြီးပွားတိုး တက်ရေး စာအုပ်တွေကသာ များနေတာကိုတွေ့ရသည်။
********

အခုတလော ခပ်စိပ်စိပ်ကြားလာရသည့်သတင်းများမှာ သမီးရည်းစားချင်းစကားများရာကတဆင့် ယောကျာ်းလေးဖြစ်သူက ကိုယ်ထိလက်ရောက်ကျူးလွန်သည့်သတင်းများချည်း ဖြစ်၏။ မိန်းကလေးက မှားသလား ယောက်ျားလေးကပဲ မှားသလား။ ပြဿနာရင်းမြစ်တခုရှိရမည်ဖြစ်သော်လည်း အများအားဖြင့် ယောက်ျားလေးမှသာ မိမိချစ်သူမိန်းကလေးကို လက်နက်တစုံ တရာဖြင့် ရက်ရက်စက်စက် ပြုမူလိုက်ကြတာချည်းပဲ ဖြစ်သည်။ သမီးရည်းစားသဘာဝအရ စကားများရန်ဖြစ်သည်ကမဆန်းသော်လည်း မိမိချစ်သူကိုလက်နက်ဖြင့် ရက်ရက်စက်စက်ဖြေရှင်းလာကြသည့် အပြုအမူတို့ကတော့ အဆန်းတကျယ် ဖြစ်လာသည်။ ဘာကြောင့်လဲ။ ဒီလိုရက်ရက်စက်စက်ပြုမူဖို့ ဘယ်အရာတွေကများ သူတို့ခေါင်းထဲမှာ စိုးမိုးထားသလဲ ကျွန်တော်စဉ်းစားကြည့်မိသည်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံအရလည်း မိန်းမကအားနည်းသူ။ ယောက်ျားက ခွန်အားကြီးမားသူ။ ကိုယ့်ဇနီးကိုယ် ရိုက်မောင်းပုတ်မောင်းလုပ်တတ်သူတို့ကိုတောင် ကျွန်တော်တို့လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက ရွံရှာစက်ဆုပ်ခဲ့ကြသည်။ အခုဟာက အကြင်လင်မယားတောင်မဖြစ်သေး။ စကားများရန်ဖြစ်ကြရင်း ပြဿနာတစုံတရာဖြေရှင်းကြရင်း ယောကျာ်းရင့်မကြီး တွေဖြစ်ပါလျက် ခွန်အားသာသူဖြစ်ပါလျက် လက်နက်နဲ့ပါ ရက်ရက်စက်စက် ဖြေရှင်းကြသည်။ လူငယ်တွေရဲ့နှလုးံသား တွေဟာ ရိုင်းစိုင်းကြမ်းတမ်း ကုန်ပြီလား။ ခက်ထန်မာကြောကုန်ကြပြီလား။ သူတို့ခေါင်းထဲကဆင်ခြင်တုံတရားက သူတို့ကို အဲဒီလိုရှက်စရာအဖြစ်မျိုး ထိတ်လန့်စရာကောင်းတဲ့ အပြုအမူမျိုးကို လုပ်ဖို့ခွင့်ပြုခဲ့သလား။ သမီးရည်းစားချင်းဖြစ်တဲ့ ပြဿနာဟာ နျူကလီးယားလက်နက်နဲ့ခြိမ်းခြောက်တာလောက် ဒေါသထွက်စရာကောင်းလား။ ကိုယ့်နိုင်ငံရဲ့ရေပိုင်နက်ကို သူတို့ကပိုင်သယောင်ယောင်လေသံလွှင့်တာလောက် စိတ်တိုစရာကောင်းသလား။ မျိုးရိုးစဉ်ဆက် ရန်ကြွေးအရကလဲ့စား ချေစရာအကြောင်းက ချစ်သူနှစ်ဦးကြားမှာ ဖန်လာလေသလား ကျွန်တော်မသိပါ။ သေချာတာကတော့ ချွန်းအုပ်၍မရနိုင် တော့သော ဒေါသ၏လောင်မြိုက်ခြင်းကိုမတွန်းလှန်နိုင်တာပဲ ဖြစ်သည်။ လူတို့၏စိတ်ကို စာအုပ်များကပြောင်းလဲပေးနိုင်သည်။ စာအုပ်များက ဆင်ခြင်တုံတရားကို ပေးစွမ်းသည်။ နှလုးံသားကို နူးညံ့ ပျော့ပျောင်းစေသည်။ တကယ့် အရှိဘဝ မဟုတ်သော ရိုင်းစိုင်းကြမ်းတမ်းသော အတုအယောင်ကမ္ဘာများ ဂိမ်းများသည် တကယ်တမ်းဘဝတွင် ဘာမှအရေးမပါ သည်ကို အချိန်တန်ရင် ကလေးငယ်များသိလာပါလိမ့်မည်။ အချိန်တော့ အနည်းငယ်ယူရပါမည်။ ရေလောင်းပေါင်းသင်၍ လိုအပ်သော နေရောင်ခြည် ဓတ်မြေသြဇာများဖြင့် စနစ်တကျ ပျိုးထောင်ထားသောအပင်တပင်ရှင်သန်ဖို့ နည်းနည်းတော့ ဂရုစိုက်ဖို့ လိုပါသည်။ အကြောင်းမှာ ရေမလောင်းပေါင်းမသင်ဘဲ တောထအောင် ထူထပ်ကြီးပြင်းတတ်သောမြက်ရိုင်းပင်တွေလို ခပ်လွယ်လွယ်ပေါက်ဖို့ မလွယ်ကူသောကြောင့်ဖြစ်သည်။ ကွင်းပြင်ကျယ်များတွင်မြက်ရိုင်းပင်များသည် မည်သည့် အကူအညီမှမပါဘဲ ပေါက်ရောက်နိုင်စွမ်း ရှိပါသည်။ တခုတော့ရှိသည်။ ထိုမြက်ရိုင်းပင်များသည် သန်စွမ်းသော်လည်း မည်သည့်တန်ဖိုးမှမရှိ။ ဝမ်းနည်းစရာကောင်းတာတခုက သေချာပြုစုပျိုးထောင်ထားသောအပင်များထက် မြက်ရိုင်းပင်များ က ပို၍များပြားနေခြင်း ဖြစ်လေသည်။

သစ်ထူးဆက်