ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ ● အမျိုးသားပြန်လည်သင့်မြတ်ရေး (ဂိတ်ဆုံး)



ဂါမဏိ ● အမျိုးသားပြန်လည်သင့်မြတ်ရေး (ဂိတ်ဆုံး)
( ၂ ၁ ) ရာ စု ပ င် လုံ စာ စ ဉ် ( ၉ )
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၆

ဒီကနေ့ ပြည်မအစိုးရတပ်တွေ တိုင်းရင်းသားနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်တပ်စွဲထားပုံကို အခုလိုတွေ့နိုင်ပါတယ်။ (မပြည့်စုံသေးတဲ့စာရင်းဖြစ်လို့ လက်တွေ့မှာ ဒီ့ထက်များနိုင်ပါတယ်၊ လျော့ ဖို့မရှိပါ။)

ကချင်ပြည်နယ်မှာ ၁၉၆၂ ခုဝန်းကျင်က ခြေလျင်တပ်ရင်း ၉ ရင်းလောက်ပဲရှိခဲ့ရာက အခုဆိုရင် မပခလက်အောက်ခံ ၂၁ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၅ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၈ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၄၄ ရင်းနဲ့တကွ မစခ-၉၀၄ လက်အောက်ခံအမြောက်တပ် ၁၀ ရင်း၊ သစခ-၇၂ လက်အောက်ခံ တင့်ကား/ သံချပ် ကားတပ်ရင်း ၃ ရင်း၊ လစခ-၉ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၇ ရင်းနဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားကြပါတယ်။

ကယားပြည်နယ်မှာ ၁၉၆၂ ခုဝန်းကျင်က တပ်ရင်း ၁ ရင်းပဲ ရှိခဲ့ရာက အခုတော့ ဒကစ(လွိုင်ကော်) လက်အောက်ခံ ၁၀ ရင်း၊ စကခ-၇ လက်အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၁၄ ရင်း ရှိနေပါပြီ။ မစခ-၉၀၃ လက်အောက်ခံအမြောက်တပ် ၃ ရင်းလည်း ရှိနေပါတယ်။ ဒါ့အပြင် ကရင်နီမျိုးနွယ်ဖြစ်တဲ့ ကယန်းဒေသမှာလည်း နပတ လက်အောက်ခံ ၃ ရင်း၊ ရပခ လက်အောက်ခံ ၁ ရင်း၊ စကခ-၇ လက်အောက်ခံ ၂ ရင်း၊ ပေါင်း ၆ ရင်း တပ်ချထားပါတယ်။ ၁၉၈၈ မတိုင်ခင်က ကယန်းဒေသမှာ ပြည်မအစိုးရတပ် တရင်းမှ မရှိခဲ့ပါဘူး။

ကရင်ပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က တပ်ရင်း ၅ ရင်းလောက်ပဲ အများဆုံးရှိခဲ့ပါတယ်။ အခုအခါမှာတော့ ရတခလက်အောက်ခံ ၁၃ ရင်း၊ တပခလက်အောက်ခံ ၁၁ ရင်း၊ တပ်မ-၂၂ လက် အောက်ခံ ၅ ရင်း၊ စကခ-၁၂ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်းတပ်ရင်း ၃၉ ရင်း ရှိနေပါတယ်။ မစခ-၆၀၆ လက်အောက်ခံအမြောက်တပ် ၄ ရင်း လည်း ရှိပါတယ်။ ဒါ့အပြင် ထားဝယ်၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေ ရောပြွမ်းနေထိုင်တဲ့ တနင်္သာရီတိုင်းမှာလည်း တချိန်က တပ်ရင်း ၂ ရင်းပဲ ရှိ ခဲ့ရာက အခုတော့ ကရခလက်အောက်ခံ ၁၆ ရင်း၊ စကခ-၈ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၀ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၆ ရင်းအပြင် မစခ-၅၀၅ လက်အောက်ခံအမြောက်တပ်ရင်း ၁၂ ရင်း၊ လစခ-၂ လက်အောက်ခံ လေကြောင်းရန်ကာကွယ် ရေး ၁၁ ရင်းနဲ့ မြိတ်လေတပ်စခန်းဌာနချုပ်၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားပါတယ်။

ချင်းပြည်နယ်မှာ ၁၉၆၂ ခုနှစ်က တပ်ရင်းတရင်းမှမရှိခဲ့ပေမဲ့ အခုတော့ နမခ လက်အောက်ခံ ၃ ရင်း၊ ဒကစ (ကလေး) လက်အောက်ခံ ၃ ရင်း၊ စုစုပေါင်း ၆ ရင်း ရှိနေပါတယ်။ (ဒီထဲမှာ အာ ဏာရှင်ဟောင်းနေဝင်းရဲ့လက်ရင်းတပ်ဖြစ်ခြင်းပြစ်မှုနဲ့ ရန်ကုန်ကနေ မတူပီကိုနယ်နှင်ဒဏ်ပေးခံရတဲ့ သနက ၄ တဖြစ်လည်း ခမရ ၃၀၄ ပါဝင်ပါတယ်။) ဒါ့အပြင် ချင်းပြည်နယ်ထဲ မဟုတ်ပေမဲ့ ချင်းတိုင်းရင်းသားတွေကို ခြိမ်းခြောက်တပ်စွဲထားတဲ့ ဒကစ (ကလေး) လက်အောက်ခံ ၃ ရင်း၊ စကခ-၁၀ လက်အောက်ခံ ၃ ရင်း ပေါင်း ၆ ရင်းနဲ့ မစခ-၉၀၄ လက်အောက်ခံအမြောက်တပ်ရင်း ၂ ရင်းလဲ ရှိပါသေးတယ်။

နာဂနယ်မြေမှာ ၁၉၆၂ ခုတုံးက ခန္တီးမှာ တရင်းပဲ တပ်စွဲခဲ့ပါတယ်။ အခုတော့ ဒကစ(တနိုင်း) လက် အောက်ခံ ၁ ရင်း၊ ဒကစ(ကလေး) လက်အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၅ ရင်း တပ်ချထားပါတယ်။

မွန်ပြည်နယ်မှာ ၁၉၆၂ ခုတုံးက ခြေလျင်/ခြေမြန်တပ်ရင်း ၆ ရင်းချထားခဲ့ပါတယ်။ အခုတော့ ရတခ လက်အောက်ခံ ၃ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ တပ်မ-၄၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၉ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၂၈ ရင်း တပ်စွဲထားတဲ့အပြင် မစခ-၆၀၆ လက် အောက်ခံ အမြောက်တပ် ၅ ရင်း၊ သခစ-၇၄ လက်အောက်ခံ သံချပ်ကာတပ်ရင်း ၁ ရင်း၊ လစခ-၄ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ် ၈ ရင်းနဲ့ မောရဝတီရေတပ် စခန်းဌာနချုပ်တွေ ချထားပါ တယ်။

ရခိုင်ပြည်နယ်မှာ ဟိုတချိန်က ခြေလျင်တပ်ရင်း ၃ ရင်းထားခဲ့ပေမဲ့ အခုတော့ နပခ လက်အောက်ခံ ၂ ရင်း၊ ဒကစ (စစ်တွေ) လက်အောက်ခံ ၁၁ ရင်း၊ စကခ-၅ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၉ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၅ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၃ ရင်း တပ်စွဲထားပါ တယ်။ ဒါ့အပြင် မစခ-၉၀၅ လက်အောက်ခံအမြောက်တပ်ရင်း ၂ ရင်းနဲ့ ဓညဝတီရေတပ်စခန်းဌာန ချုပ်လည်း နေရာယူထားပါတယ်။

ရှမ်းပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က ပြည်နယ်တခုလုံးမှာ ၁၄ ရင်း ချထားခဲ့ပါတယ်။ အခု တော့ ရမခ လက်အောက်ခံ ၂၆ ရင်း၊ ရပခလက်အောက်ခံ ၄ ရင်း၊ ရလခလက်အောက်ခံ ၁၈ ရင်း၊ တသခလက်အောက်ခံ ၂၁ ရင်း၊ မပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၇ လက်အောက်ခံ ၆ ရင်း၊ စကခ-၁၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၆ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၇ လက် အောက်ခံ ၁၀ ရင်း၊ စကခ-၁၈ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၂ ရင်း စုစု ပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၁၄၈ ရင်းတပ်စွဲထားပြီး မစခ ၉၀၉ လက်အောက်ခံ အမြောက် တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၂ လက်အောက်ခံအမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၃ လက် အောက်ခံ အမြောက်တပ်ရင်း ၈ ရင်း၊ သစခ ၇၁ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၇ ရင်း၊ လစခ ၃ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁၄ ရင်းနဲ့ နမ့်စန်လေတပ် စခန်းဌာနချုပ်တွေ တပ်စွဲသိမ်းပိုက်ထားပါတယ်။

ရှမ်းပြည်နယ်ထဲက ဝ နယ်မြေမှာ အရင်က ပြည်မအစိုးရတပ် တရင်းမှမရှိခဲ့ပေမဲ့ အခု ရမခ လက် အောက်ခံ တပ်ရင်း ၃ ရင်းအခြေစိုက် ထားပါတယ်။ ကိုးကန့်နယ်မြေမှာ ဒကစ(လောက်ကိုင်) လက် အောက်ခံ တပ်ရင်း ၅ ရင်း တပ်စွဲထားပါတယ်။ ပလောင်နယ်မြေမှာ ရမခ လက်အောက်ခံ ၄ ရင်း ချထားပါတယ်။ ဟိုတုန်းက တရင်းမှ မရှိခဲ့ပါဘူး။ ဓနုနယ် မြေမှာ အရင်က ဗထူးတပ်မြို့က စစ်ကျောင်းတွေဘဲ ရှိခဲ့ရာက အခုတော့ ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၂ ရင်း ပေါင်း ၃ ရင်းပါထပ်ဆောင်းတပ်စွဲထားပါတယ်။ ပအိုဝ်းနယ်မြေမှာ ၁၉၆၂ ခုတုန်းက ပြည်မ တပ်တရင်းမှမရှိခဲ့ပေမဲ့ အခုဆိုရင် ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ ၅၅ လက်အောက်ခံ ၂ ရင်း၊ စကခ-၇ လက် အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၇ ရင်းအပြင် ဟိုပုံးမှာ စစ်ဂျီတီအိုင်ပါ ထိုင်ထားပါ တယ်။

လက်ရှိပြည်မအစိုးရစစ်တပ် စုစုပေါင်း ၅၂၇ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၃၈၉ ရင်း အမြဲတန်းတပ်စွဲ အခြေစိုက်ထားတဲ့အတွက် ခြေလျင်တပ်အင်အားရဲ့ ၇၄% ဖြစ်ပါတယ်။ (တိုင်းရင်း သားလူဦးရေပေါင်းက တပြည်လုံးလူဦးရေရဲ့ ၃၀% မရှိဘူးလို့ စစ်အစိုးရကိန်းဂဏန်းတွေက ဆို ထားပါတယ်။) ရှမ်းပြည်မှာဆိုရင် တပ်အားလုံးရဲ့လေးပုံတပုံကျော် ချထားပါတယ်။

၁၉၆၂ ခုမှာ ခြေလျှင်တပ်ရင်းပေါင်း ၈၄ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၄၁ ရင်း သို့ မဟုတ် ၄၈% ဝန်းကျင်နေရာယူခဲ့ပါတယ်။ လက်ရှိတပ်အင်အား ၃၈၉ ရင်းဆိုတာ ၁၉၆၂ ခုကာလ က ၄၁ ရင်းထက် ၉ ဆခွဲ သို့မဟုတ် ၉၅၀% တိုးပွားလာတာ ဖြစ်ပါတယ်။ အမြှောက်တပ် လေတပ် ရေတပ် စတဲ့ အကူလက်ရုံးတပ် ဝန်ထမ်းတပ် ၁၂၃ ရင်း မကကိုပေါင်းလိုက်ရင် ၁၂၅၀ % လောက် ရှိပါတယ်။ (ဟိုတုံးက ရှမ်းပြည်နယ်မှာပဲ အမြောက်တပ် ၁ ရင်း ရှိခဲ့ပါတယ်။) တိုင်းရင်းသား ငြိမ်း အဖွဲ့တွေကို တပ်အင်အားမတိုးရ၊ သတ်မှတ်နယ်မြေပဲနေရမယ်လို့ ထိန်းချုပ်ထားပြီးတော့ တဖက် မှာ အခုလိုညစ်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မက ပြည်မအခြေစိုက် တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့နဲ့ တခြားစကခတွေကလည်း မကြာခဏ ဝင်ဝင်ပြီး နှိပ်စက်သောင်းကျန်းသွားတတ်ပါသေးတယ်။

ဗမာပြည်မထဲမှာတော့ ၁၉၆၂ ခုတုန်းက တပ်ရင်းပေါင်း ၄၃ ရင်းကနေ အခု ၁၃၈ ရင်း ဖြစ်လာတဲ့ အတွက် ၃၂၀% သို့မဟုတ် ၃ ဆကျော် အင်အားတိုးလာတယ်။

ဒါလောက်များတဲ့တပ်တွေအတွက် အနိမ့်ဆုံးပုံမှန်အခြေအနေမှာတောင် မြေသိမ်းမှုတွေ၊ အဓမ္မ လုပ်အားပေးခိုင်းမှုတွေ၊ ဆက်ကြေးတောင်းမှုတွေ၊ သီးစားချ အစိမ်းရောင်းအစိမ်းဝယ် ငွေတိုးချေး စား စတဲ့ စီးပွားရေးသွေးစုတ်မှုတွေဒဏ်ကို ဒေသခံတိုင်းရင်းသားတွေ ထောင်းလမောင်းထအောင် နင့်နင့်သီးသီးခံနေရမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ စစ်ဆင်ရေး အကြောင်းပြစရာရလာရင် တော့ ကြက်ခိုး၊ ထမီခိုး၊ ဝက်ပစ်၊ နွားပစ်၊ ရွာမီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်တွေကို ထမင်းစား ရေသောက်လုပ်တော့တာပါဘဲ။

သေချာတာကတော့ ဒါလောက်တပ်တွေ တပြွတ်ကြီးချ သိမ်းပိုက်ထားပေမဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးတိုက်ပွဲနဲ့ စိတ်ဓာတ်မီးတောက်မီးလျှံကို ဘယ်လို မှမငြိမ်းသတ်နိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ့်ဘာသာ အေး အေးဆေးဆေးနေချင်တာ ဖြစ်ပါတယ်။

အခုလို ဘာသာစကားမတူ ရေမြေမတူ ယဉ်ကျေးမှုမတူတဲ့နယ်မြေဒေသတွေမှာ ပြည်မကတပ် တွေလာချတာဟာ ဟိုးတုန်းက ဗြိတိသျှ၊ ပြင်သစ်၊ စပိန်တွေ အာရှ အာဖရိက လက်တင်အမေရိက မှာ တပ်ချခဲ့သလို ကိုလိုနီစစ်တပ်အသွင် နယ်မြေသိမ်းတပ်အသွင်ကလွဲပြီး တခြားဘာသဏ္ဍာန်မှ မပေါက်ပါဘူး။ ဒါပေမဲ့ ဗြိတိသျှ ပြင်သစ်ကိုလိုနီတပ်တွေလို ပံ့ပိုးမှုတွေ ထောက်ပံ့မှုတွေကလည်း မလိုက်နိုင်၊ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ ရွံရှာမုန်းတီး ဆန့်ကျင်မှုလဲခံနေရတော့ တပြည် တရွာရောက် နယ်စိမ်းမြေစိမ်းရောက် ဗမာစစ်သားတွေ စိတ်ဓာတ်ကျ တပ်ပြေးတာများပြီး ဆန္ဒ အလျောက် စစ်ထဲဝင်တာ အကြီးအကျယ်ကျဆင်းလာပါတယ်။

ဗမာဘုရင်ခေတ်က ရှမ်းပြည်တခုလုံးမှာ မိုးနဲနဲ့ မိုးကောင်းမှာပဲ ဘုရင့်အလံစောင့်တပ် အင်အား ၆၀ စီလောက်ချထားခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးခဲ့လို့ အေးဆေးသာယာနေလေ့ ရှိပါတယ်။ တနှစ်တခါ စတိသဘော ပဏ္ဏာဆက်ရတာလောက်ပဲ ရှိခဲ့ပါတယ်။ ညံ့ဖျင်းဆိုးသွမ်းလွန်း တဲ့ ဘုရင်တွေ စော်ဘွားတွေလက်ထက်မှာပဲ ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။

အလားတူ တရုတ်နိုင်ငံမှာ ဟောင်ကောင်ကျွန်းဒေသကို အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထား တဲ့အတွက် ပြည်မတပ်အင်အား စတိသဘောပဲချပြီး ထိန်းထားနိုင်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝမရတဲ့ တိဘက်၊ စင်ကျန်း ပြည်နယ်တွေမှာတော့ ဆူပူအုံကြွမှုတွေ ဒရစပ်ပေါ်နေပြီး စစ် အင်အားကြီးကြီးမားမားနဲ့ ထိန်းနေရပါတယ်။

အင်္ဂလိပ်ကိုလိုနီခေတ်မှာ တိုင်းရင်းသားအခွင့်အရေး ၃ မျိုးအနက် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ (အင်္ဂ လိပ်မှအပ ကျန်တိုင်းရင်းသားတွေနဲ့) တန်းတူရေး ၂ မျိုးရှိခဲ့လို့ ဘယ်တိုင်းရင်းသားမှ သီးခြား အခွင့်အရေးမတောင်းခဲ့ဘဲ အင်္ဂလိပ်တပ်အင်အားနည်းနည်းနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။ ကိုလိုနီ ခေတ်မှာ ရခိုင်၊ မွန်၊ ရှမ်းနိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးပဲ တောင်းခဲ့ကြပါတယ်။ လွတ်လပ် ရေးဆိုရာမှာ အင်္ဂလိပ်နဲ့တကွ နိုင်ငံတကာနဲ့တန်းတူရေးကို တောင်းတာ ဖြစ်ပါတယ်။ ရခိုင် နဲ့ မွန် နိုင်ငံရေးသမားတွေဟာ ဗမာအပါအဝင် တနိုင်ငံလုံးကပြည်သူတွေကို ခေါင်းဆောင်ပြီး တနိုင်ငံ လုံးလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းရဲ့ဂိတ်ဆုံးကိုမရောက်မီ အဓိကနယ်ခြား မှတ်တိုင်က ရာနှုန်းပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့တပါတည်း တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ပြည် မအစိုးရတပ်တွေကို စတိသဘောသာချန်ထားပြီး အားလုံး ပြည်မကိုပြန်ရုပ်သိမ်းရေး ဖြစ်ပါတယ်။ နယ်မြေသိမ်းတပ်တွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဗလာစကားဘဲ ဖြစ်နေ ပါလိမ့်မယ်။ ဒါဟာ တိုင်းရင်းသားရေးရာ ထာဝရငြိမ်းချမ်းရေးသဘော တူညီချက်မှန်သမျှရဲ့ ခွဲမရ တဲ့အစိတ်အပိုင်း၊ ပင်လုံစာချုပ်ပါ ရာနှုန်းပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေးရဲ့အဓိကအစိတ်အပိုင်း ဖြစ်ပါ လိမ့်မယ်။ ဒီကတဆင့်သွားမှ မြန်မာပြည်ဖွား ပင်ရင်းတိုင်းရင်းသားအားလုံးအတွက် တန်းတူရေး၊ ရာနှုန်းပြည့် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပူးတွဲလွတ်လပ်ရေးဆိုတဲ့ ပင်မတိုင်းရင်းသားအခွင့်အရေး (၃) ပါး ဂိတ်ဆုံးပန်းတိုင်ကိုရောက်နိုင်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် စစ်မှန်တဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းပြမြေပုံမှန်သမျှမှာ မပါမဖြစ်တဲ့အဆင့်တွေ ဖြစ်ပါတယ်။

ဂါမဏိ