မြန်မာသည် အာရှဦးဆောင်နိုင်ငံလားနှင့် မောင်မိုးသူ

      မြန်မာသည် အာရှဦးဆောင်နိုင်ငံလားနှင့် မောင်မိုးသူ

မောင်မိုးသူ (သံတော်ဆင့် ဂျာနယ်တွင် ဖော်ပြပါရှိပြီး )      မိုးမခ   ဇွန် ၂၂- ၂၀၁၆



          မြန်မာနိုင်ငံဟာ အာရှရဲ့ဦးဆောင်နိုင်ငံလား။ ဒီမေးခွန်းကို မောင်မိုးသူ မေးရကောင်းမှန်းကို မသိတာကြာပေါ့။ တနေ့မနေ့က စင်ကာပူဝန်ကြီးချုပ်နှင့်ဇနီး နေပြည်တော်ကို ရောက်လာပြီး သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံတဲ့အခါကျမှ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမျက်နှာစာမှာ ဦးဆောင်မှုပေးရေး ဆွေးနွေးသံကြားခါမှ မောင်မိုးသူ အနှစ် ၆၀ ကျော် အိပ်ပျော်နေရာက လန့်နိုးသွားပါတော့တယ်။

          ဟုတ်သားပဲ၊ဟုတ်ပေသားပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀)ခန့်က ဘန်ဒေါင်းညီလာခံတို့ ဘာတို့ဆိုတာ တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်း၊ အိန္ဒိယ၀န်ကြီးချုပ်နေရူး၊ အင်ဒိုနီးရှားဝန်ကြီးချုပ် ဆူကာနိုနှင့်မြန်မာဝန်ကြီးချုပ် ဦးနုတို့က ဦးဆောင် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

          တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံ၊အိန္ဒိယနိုင်ငံဟာ ဒုတိယလူဦးရေ အများဆုံးနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံကလည်း အင်မတိအင်မတန် လူဦးရေများတဲ့နိုင်ငံ၊ အဲဒီလို နိုင်ငံကြီး ၃ နိုင်ငံအကြားမှာ လူဦးရေ သန်း ၄၀-၅၀ လောက်မှာရှိတဲ့ မြန်မာဟာ နိုင်ငံတကာဦးဆောင်မှုအခန်းမှာ ပါခဲ့ပါတယ်။

          နိုင်ငံရေးအဖြစ်သာ ဦးဆောင်နိုင်ခဲ့တာ မဟုတ်ဘူး။ ပညာရေး၊ စီးပွားရေးတို့မှာလည်း ဦးဆောင်မှုပေးတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ ၀မ်းဗိုက်စပါးကျီလို့ သတ်မှတ်ကြသလို မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးဟာ အာရှမှာ ရှေ့ဆုံးကဖြစ်ပြီး တိုင်းတပါးက ကျောင်းသူ ကျောင်းသားများ လာရောက် ပညာသင်ကြားရတဲ့ အရပ်ဒေသ တက္ကသိုလ်များ ရှိရာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ထုတ်ကုန်များအဖြစ် နိုင်လွန်များ၊စောင်များ၊ချည်ထည်များ၊သာမက ငါး၊ ငါးပိ၊စားသောက်ကုန်များ၊ ကောက်ပဲသီးနှံများ သာမက စီးကရက်နှင့် အရက်များအထိ အာရှတိုက်ရဲ့ အကောင်းဆုံး နိုင်ငံစာရင်း ပါခဲ့ပါတယ်။

          အဲဒီလို အဲဒီလို နိုင်ငံတကာ မျက်နှာစာမှာ အာရှတိုက်ရဲ့ ဦးဆောင်နိုင်ငံဖြစ်နေရာက ၆၂ခု ဗိုလ်ချုပ်နေ၀င်းရဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တဖြည်းဖြည်း ယုတ်လျော့၊ဆင်းရဲ၊တံခါးပိတ်ဝါဒကျင့်သုံး ၊ကမ္ဘာနှင့် အဆက်အသွယ်ပြတ် အထီးကျန်ဖြစ်လာပြီး ၀ါးလှောင်အိမ်၊ ၀ါးကန့်လန့်ကာ ပိတ်ဆို့ထားတဲ့ နိုင်ငံအဖြစ် ထင်ရှားအထီးကျန် ဖြစ်လာပါတယ်။စီးပွားရေးလုပ်ငန်းများကိုလည်း ပြည်သူပိုင်သိမ်းလိုက်ပြီး စီးပွားရေးလုပ်ငန်းများအားလုံး ဟာလည်း ချွတ်ခြုံကျ ဖြစ်သွားရပါတော့တယ်။

          မောင်မိုးသူရဲ့ ကောက်ချက်တခုရှိပါတယ်။ အဲဒါကတော့ တပ်မတော်၊ အဲ …. စစ်တပ်ရဲ့တာဝန်ဟာ ကာကွယ်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးတပ်မတော်လို့ခေါ်တာပေါ့။ တပ်မတော်ဟာ သူ့ရဲ့တာဝန်ဖြစ်တဲ့ ကာကွယ်ရေးမှာသာနေသင့်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေ၀င်းဟာ ဦးနုရဲ့ အိမ်စောင့်အစိုးရ တာဝန်ယူပြီးနောက် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဦးနုကို အာဏာပြန်အပ်ပြီးတဲ့နောက် ၆၂ မှာ တပ်က အာဏာပြန်သိမ်းပါတယ်။

          အဲဒီလို အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ သူ့ရဲ့စွမ်းရည်၊ ကျွမ်းကျင်မှုနယ်မြေထက် အုပ်ချုပ်ရေး စီမံခန့်ခွဲမှုမှာ ပါဝင်လုပ်ဆောင်သလို စီးပွားရေးမှာလည်း ဦးဆောင်ဦးရွက်၊ ဦးပိုင်ဆိုပြီး လုပ်ပါတော့တယ်။ အုပ်ချုပ်စီမံမှုရော၊ နိုင်ငံစီးပွားရေးရော လုံးဝ လုံးဝ မအောင်မြင်ခဲ့တော့ ယခင့် ယခင်က အာရှတိုက်ရဲ့ ဦးဆောင်မှုနေရာမှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံက အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။

          အရင်က ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာဘက်က မြို့ပြ၊ထိုင်းဘက်က ကျေးလက်၊မြန်မာနိုင်ငံက ကြေးမုံသတင်းစာဟာ ပထမဆုံးပတ်လည်စက်နှင့် ရိုက်တဲ့သတင်းစာ၊ ထိုင်းက သတင်းစာသမားတွေ လာကြည့်ရတယ်။

          ယခုစင်ကာပူဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက် စက်မှုနည်းပညာအတတ်သင်ကျောင်းတွေလည်း ပေးမယ်ဆိုတော့ ၀မ်းသာပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံက စက်မှုတက္ကသိုလ် (R.I.T) မပြောနဲ့၊မြန်မာနိုင်ငံက G.T.I စက်မှုကျောင်းတို့၊နတ်မောက်ကျောင်းထွက်တွေဟာ အရှေ့တောင်အာရှနိုင်ငံရဲ့ စက်မှုဖွံ့ဖြိုးရေးတွေမှာ သွားရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

          ထိုင်းနိုင်ငံက တက္ကသိုလ်မှာလည်း မြန်မာပြည်က ဖြစ်ပါတယ်။စင်ကာပူက ကွန်ပျူတာဘက်မှာ ရှားတယ်လို့ ပြောနေပါတယ်။စင်ကာပူမှာ ကွန်ပျူတာ ထွန်းကားလာတာဟာ မြန်မာနိုင်ငံက KMD ၊ ACE တို့ရဲ့ ဆရာဖြစ်တဲ့ ဆရာဦးခင်မောင်ကြည် ရောင်းချင်မှ ဖြစ်တာပါ။

          နောက်တော့ လူလည်ကြီးသားသမီးဖြစ်တဲ့ စင်ကာပူဟာ နတ်မောက်လောက်ရှိတဲ့၊ G.T.I လောက်ရှိတဲ့ ပေါ်လီတက် ဆိုတဲ့ကျောင်းမှာ မြန်မာကျောင်းသားတွေဆီက ပိုက်ဆံတွေယူ၊ ဘွဲ့ရတာမဟုတ်ပါဘူး။ ဒီပလိုမာ ရတော့ သူတို့နိုင်ငံမှာ အလုပ်ပေး၊ အလုပ်ခန့်၊ မောင်မိုးသူတို့ မြန်မာကတော့ ငွေလည်းဆုံး၊ကျောင်းသားလည်းဆုံး၊ မိအေးနှစ်ခါနာဖြစ်ခဲ့ကြရတာပါ။

          ယခု စင်ကာပူဝန်ကြီးချုပ်က အဲဒီလို စက်မှုနှင့် နည်းပညာ ၊အတတ်ပညာကျောင်း လာဖွင့်ပေးမယ်ဆိုတော့လည်း ၀မ်းသာရတာပဲပေါ့။

          ဒါပေမဲ့ မောင်မိုးသူ လန့်ပြီး တရေးနိုးသွားပါတယ်။ အာရှတိုက်ရဲ့ ဦးဆောင်မှုနေရာက မောင်မိုးသူတို့ မြန်မာနိုင်ငံရဲ့ နေရာပဲဟာ။ ယခင် အိန္ဒိယကနေရူး၊ တရုတ်က ချူအင်လိုင်း၊ အင်ဒိုနီးရှားက ဆူကာနိုတို့နှင့် ဦးနုက ခေါင်းဆောင်ခဲ့တာပါ။

          ဦးနုဆိုတာ မြန်မာ့လွတ်လပ်ရေးကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ မြန်မာအစိုးရရဲ့ ၀န်ကြီးချုပ်ဖြစ်ပါတယ်။

          ယခုစစ်တပ်က နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာပြီးတဲ့နောက် ၂၀၁၀ မှာ စစ်တပ်အသွင်ပြောင်း ကြံ့ခိုင်ရေးက လွှတ်တော်အစိုးရအဖြစ် သမ္မတဦးသိန်းစိန် ဖြစ်လာတာပါ။ အစိုးရ သမ္မတဦးသိန်းစိန်ကလည်း မိဘပြည်သူများ ခင်ဗျားနဲ့ လေချိုသွေးတာကလွဲပြီး ဖွံ့ဖြိုးတိုးတက်မှု ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

          ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုက လက်သန်းကို မှင်အစွတ်ခံပြီး ရွေးကောက်ပွဲမှာ တခဲနက် မံပေးလိုက်ကြလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီအစိုးရ၊ ပြည်သူ့အစိုးရ ပေါ်ပေါက်လာပါပြီ။

          ပြည်သူ့အတွက် ရက် ၁၀၀ ဆိုပြီး စီမံကိန်းတွေ လုပ်ဆောင်နေပါပြီ။နေရာမှန်ကိုတော့ လျှောက်ကြရဦးမှာပေါ့။

          မြန်မာသည် အာရှတိုက်ရဲ့ ဦးဆောင်မှုနိုင်ငံလားနှင့် မောင်မိုးသူပါ။