အတားအဆီးများစွာကြားထဲက ထိုင်းရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ရ



အတားအဆီးများစွာကြားထဲက ထိုင်းရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ရ
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၆

ဇွန် ၂၃ က ထိုင်းနိုင်ငံကို အလည်ရောက်လာတဲ့ မြန်မာပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများက ထိုင်းအစိုးရရဲ့ အတားအဆီး ကြပ်မတ်မှု ဟန့်တားမှု များစွာကြားထဲက ရုန်းကန်ပြီးတော့ ကြိုဆိုနှုတ်ဆက်ခဲ့ကြရတယ်လို့ သတင်းများမှာ တွေ့ရှိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရားဝင်ဖေ့စ်ဘွတ်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံရောက် မြန်မာတို့ ဆုံတွေ့ခဲ့ပုံနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်တာကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

■ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား ■

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံရန် ထိုင်းအစိုးရ၏ စီစဉ်ပေးမှုအရ ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးခန်းမတွင် ထိုင်းရောက်မြန်မာအလုပ်သမားများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန်
 ဆောင်ရွက်ထားခဲ့သည်။

အရေအတွက် ကန့်သတ်ချက်အရ ခန်းမတွင်း ဝင်ရောက်ခွင့် မရရှိသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများမှာ ခန်းမ အပြင်ဘက်တွင် စုစည်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံနိုင်ရန် စောင့်ဆိုင်းခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ခန်းမနေရာသို့ ရောက်လျှင်ရောက်ချင်း "အမေစု ကျန်းမာပါစေ" ဟု အော်ဟစ်၍ နှုတ်ဆက်နေကြသော အဆိုပါ လူအုပ်ကြီးအကြောင်း မေးမြန်းခဲ့ရာ မြန်မာသံရုံးတာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ခန်းမတွင်း ဝင်ခွင့်မရ၍ ပြင်ပတွင် စောင့်ဆိုင်းနေသည့် ထိုင်းရောက် မြန်မာအလုပ်သမားများကိုလည်း မိန့်ခွန်း ပြောကြားရန် ညှိနှိုင်းစီစဉ်ခဲ့သော်လည်း မိုးသည်းထန်စွာရွာသွန်းလာမှုကြောင့် ခန်းမအပြင်ဘက်ရှိ ထိုင်းရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ မိန့်ခွန်းပြောကြားရန် အဆင်မပြေ ဖြစ်ခဲ့ရသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများနှင့် ထလေးထိုင်းဈေးခန်းမ အတွင်း တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
 အောက်ပါအတိုင်း ပြောကြားခဲ့သည် -

“အခုကျွန်မတို့ ဒီထိုင်းနိုင်ငံကိုလာတယ်ဆိုတာ အဓိကအားဖြင့်တော့ နိုင်ငံ နှစ်နိုင်ငံကြားထဲမှာ နားလည်မှုပိုပြီးတော့ရှိဖို့ ချစ်ကြည်မှုပိုပြီးတော့ တိုးတက်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ အဓိက နိုင်ငံသူနိုင်ငံသားတွေကြားထဲမှာ နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။ အစိုးရတွေကြားထဲမှာ လည်း နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။ အဲဒီဟာအတွက်ကို ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ ဒီမှာလာအလုပ်လုပ်နေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေကိုကူညီသလို ကျွန်မတို့ကိုလည်း ပြန်ပြီးတော့ ကူညီနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဘယ်လိုကျွန်မတို့ အဆင်ပြေအောင် လုပ်ပေးရမလဲဆို တာဟာ ကာယံကာရှင်တွေက ပြောမှ ကျွန်မတို့သိမှာပေါ့။ ကာယံကာရှင်တွေရဲ့ အသံကို နားထောင်ပြီးတော့မှ ကျွန်မတို့က ဘာလုပ်ပေးသင့်လဲ။ ဘာလုပ်ရမလဲ။ ဘာလုပ်နိုင်မလဲဆိုတော ဆုံးဖြတ်ရမှာပါ။”

“အရေးကြီးတာကတော့ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားအားလုံးဟာ လုံလုံခြုံခြုံနဲ့ ကိုယ့်ရဲ့ လုပ်ငန်းထဲမှာ ဆက်ပြီးတော့ ကိုယ်နေချင်တဲ့အချိန်အထိ နေနိုင်ဖို့က၊ ဒါက ဟိုဘက်ဒီဘက်ပေါ့ ကိုယ်နေချင်တဲ့ အချိန်အထိဆိုတာ လုပ်ငန်းချင်တွေအတွက်လည်း အဆင်ပြေရမယ်၊ အလုပ်လုပ်တဲ့ သူတွေအတွက်လည်း အဆင်ပြေရမယ်။ ကျွန်မက ရှည်ရှည်ဝေးဝေး သိပ်ပြီး မပြောချင်ပါဘူး။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားရဲ့အသံကို နားထောင်ချင်ပါတယ်။ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်တာက ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ၊ ဘာတွေမျှော်လင့်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ဒါပေမယ့်လည်း လက်တွေ့ကျကျပြောပါ။ တချို့ကိစ္စတွေက မဖြစ်နိုင်မှန်းသိရဲ့သားနဲ့ ပြောလို့ရှိရင်တော့ ကျွန်မတို့ကနေပြီးတော့ မဖြစ်နိုင်ဘူးဆိုတာကို ပြန်ပြောဖို့ ရှိတာပေါ့။"

"ကျွန်မတို့ အခုအချိန်မှာ ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားများဟာ CI (certificate of identity- မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ်) ရဖို့အတွက် ကြိုးစားနေပါတယ်။ တကယ်တော့ ကျွန်မတို့က နိုင်ငံကူးလက်မှတ်ရစေချင်တာပါ။ ဒါကိုလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းကလည်း ကန့်ကွက်တာမဟုတ်ပါဘူး။ ဒါပေမယ့်အစတုန်းက ကျွန်မတို့နိုင်ငံအစိုးရ CI ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီအတိုင်း လိုက်လျောပြီး လုပ်ခွင့်ပေးထားတာပါ။ နောင်ဆိုရင် ကျွန်မတို့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒါအပြင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ဒီနိုင်ငံရဲ့ ဥပဒေဘောင် အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် ကြိုးစားနေပါတယ်။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ် လုံခြုံရေး၊ ချေမွေ့စေရေးအတွက် ထိုင်းအစိုးရ တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုများကို ထိုင်းရောက် မြန်မာနိုင်ငံသားများ နားလည်သည်းခံပေးကြစေလိုပါသည်။

[Video - ခန်းမအပြင်မှ စောင့်ဆိုင်းနေကြသော ထိုင်းရောက် မြန်မာနိုင်ငံသားများ၏ မြင်ကွင်းအား Thai PBS News မှ ရိုက်ကူးတင်ပြထားစဉ်]