ရန်လင်းအောင် - ကိုယ့်အရူးဇာတ် ကိုယ့်ပြန်ကျပ်



ရန်လင်းအောင် - ကိုယ့်အရူးဇာတ် ကိုယ့်ပြန်ကျပ်
( ပြောဇာတ် - ၁၂ )
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၆


တခါက
ပြစ်မှုကျူးလွန်မိတဲ့ လူတစ်ယောက်
အမှုအတွက် ရှေ့နေငှါးသတဲ့
ရှေ့နေခတော့
အမှုပြီးမှပေးမယ်ပေါ့လေ ၊

ဒီလိုနဲ့
ရုံးတော်မှာ စစ်တဲ့အခါကျတော့
ဒီတရားခံက မေးသမျှပြန်မဖြေဘဲ
ရှေ့နေမှာထားတဲ့အတိုင်း
ပါးစပ်က တရှူးရှူး နဲ့လုပ်နေသတဲ့
သူ စိတ်ရောဂါသည်ပေါ့ 
သူ ရူးနေတယ်ပေါ့ ၊

ဘာမှမေးမရတဲ့အဆုံး
ရုံးတော်က စိတ်မနှံ့ သူပဲဆိုပြီး
တရားသေလွှတ်လိုက်ရတယ်ဆိုပဲ ။

ကဲ . . . .
အမှုပြီးပြီဆိုတော့
ရှေ့နေက အမှုလိုက်ခ တောင်းရော
ဒီအမှုသည်က ဘာမှလည်းပြန်မပြော
တပြားမှလည်း မပေးဘဲ
တရှူးရှူးပဲ ဆက်အော်နေတယ်တဲ့
သူ ရူးနေဆဲပေါ့
သူ ရူးနေတုန်းပေါ့
ရှေ့နေ - ခမျာ
သူ့အရူးဇာတ်က သူ့ပြန်ကျပ်နေတော့
ဪ . . . .
ကိုယ့်ရှူးကိုယ်ပတ်
ကိုယ့်ရှူးကိုယ်ပတ် - လို့သာ
အကြံအိုက်စပ်စပ်နဲ့
ညည်းလုံးတွေထပ်ခဲ့ရဖူးတယ် ။ ။

ရန်လင်းအောင်

* ကိုယ့်ရှူးကိုယ်ပတ် - မြန်မာစကားပုံ