နိုင်ငံတကာသာဂိ - ဗြိတိန်မှာလည်း အကွဲနဲ့ပါ တဲ့လား



နိုင်ငံတကာသာဂိ - ဗြိတိန်မှာလည်း အကွဲနဲ့ပါ တဲ့လား
(မိုးမခ) ဇွန် ၂၉ ၊ ၂၀၁၆


လွန်ခဲ့တဲ့ ကြာသာပတေးနေ့က ဗြိတိန်ပြည်သားတွေက မဲနှာတဖြားအသာနဲ့ အီးယူကနေ ခွဲမယ်လို့ အဆုံးအဖြတ်ခံယူလိုက်ပါတယ်။ ၂၁ ရာစုမှာ အကြမ်းဖက်ဝါဒီတွေကြောင့် မူးယစ်ကုန်သည်တွေကြောင့် လက်နက်ကုန်သည်တွေ မှောင်ခိုဝိသမသားတွေကြောင့် နိုင်ငံတွေ ပျက်စီး ကျဆုံးနေကြတယ်။ ဘာနွေဦး ညာနွေဦးဆိုပြီး တနိုင်ငံပြီးတနိုင်ငံဟာ အိုင်ဇစ် အကြမ်းဖက်သမားတွေ ခြေဖ၀ါးအောက် ပြားပြားမှောက်ကြတယ်။ မက္ကစီကိုမှာ တောင်အမေရိကားမှာ မူးယစ်ရာဇာတွေ မှောင်ခိုဂိုဏ်းဘုရင်တွေ မင်းမူသောင်းကျန်းနေကြတယ်။ သည်လို ကြမ်းတမ်းတဲ့ အချိန်ကာလမှာ ဗြိတိန် နိုင်ငံသားကောင်းကြီးတွေက ၅၀% ကျော် မဲအသာနဲ့ အီးယူသမဂ္ဂ အိမ်တော်ကြီးပေါ်က ထွက်တော်မူ နန်းကခွာပါတယ်။ သူတို့ရဲ့ အတိတ်က နေမ၀င်အင်ပါယာကြီးတုန်းကလိုမျိုး တထီးတနန်း တစခန်း တကျွန်းစံ သီးခြားနေတော်မူမယ်လို့ ဆန္ဒထုတ်ဖော်လိုက်ကြပါတယ် ခင်ဗျား။ 

လက်နက်နဲ့ အကြမ်းဖက်ခံနေရလို့လည်း မဟုတ်၊ ရာဇ၀တ်မှုတွေ မူးယစ်ဆေးဝါးတွေ မင်းမူသောင်းကျန်းနေလို့လည်း မဟုတ်ပါ။ သူတို့တိုင်းပြည်မှာ တပြည်သားတွေ ပြောင်းရွှေ့လာပြီး စားခွက်ဝင်နှိုက်နေလို့ ၊ အီးယူသမဂ္ဂနိုင်ငံတွေက စည်းကမ်းတွေ ချုပ်ချယ်လွန်းလို့၊ စီးပွားပျက်ကပ်ထဲမှာ သူများတွေနဲ့ ဝေမျှ မစားနိုင်လို့ ဆိုတဲ့ နေ့တဓူဝ စားဝတ်နေရေး ဒုက္ခတွေကြောင့် အီးယူကနေ ခွဲထွက်ရေး လုပ်ရတာ ဖြစ်ပါသတဲ့။ ဒီမိုကရေစီမရလို့ ဖယ်ဒရယ် မပေးနိုင်လို့ ခွဲထွက်ရတာမဟုတ်ဘဲ မျိုးချစ်စိတ် အမျိုးသားစိတ်တွေ အသည်းအသန် အပြင်းအထန် ထကြွသောင်းကျန်းပြီးသကာလ သူများတွေနဲ့ ၂၀ ရာစု နှောင်းပိုင်းကတည်းက ပေါင်းလာတဲ့ သမဂ္ဂမိသားစုထဲကနေ သန်းကောင်စာရင်း ခွဲထုတ်တာ ဖြစ်နေတာကိုး။ သန်းကောင်စာရင်းတစောင်ကို နို့ဆီတဗူးပဲ ခွဲတမ်းရနေတာမို့ သန်းကောင်စာရင်း ခွဲထုတ်လိုက်မှ ငါလည်း နို့ဆီတဗူး သီးခြားရအောင် ရွှေဥာဏ်တော် ကြီးသော ခွဲရေး အရေးတော်ပုံကြီး ဖြစ်နေတော့ပါကလား။

အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ နိုင်ငံရေးကစားမှု ကို နံပါတ် ၁ အပြစ်တင်ရမှာ ဖြစ်ပါတယ်။ မိုးမပြိုဘူး ပြိုခဲ့သော် - ဗြိတိန်က အီးယူကနေ ခွဲရေး အနိုင်ရခဲ့သော် ဘယ်လို ရင်ဆိုင်မယ်ဆိုတာ ကြိုပြင်ဆင်ထားတာ မရှိပါဘူး။ ရွေးကောက်ပွဲကာလ လူတွေကြား ပေါ်ပြူလာဖြစ်အောင် လက်လွတ်စပယ်ပေးတဲ့ ကတိကို အကောင်အထည်ဖော်ပြီး မဲဆန္ဒခံယူပေးရတာ ဖြစ်ပါတယ်။ အဲသည်မှာ ကာလနာတိုက်ပြီး ခွဲရေးက အမှတ်မထင် မဲနှာတဖြားနဲ့ နိုင်ကုန်လို့ ရှက်ရှက်နဲ့ ခွဲပါ့မယ်လို့ အားတင်းဆုံးဖြတ်ရတာပါ။

နံပါတ် ၂ ပြသနာကတော့ လူထုဆန္̔ဒမဲ ကောက်ခံရာမှာ ကြိုတင်စည်းမျဉ်းကို ပေါ့ဆတာကလည်း တခု ဖြစ်ပါတယ်။ စကော့တလန် က ဗြိတိန်ထံမှ ခွဲရေး တွဲရေး ဆန္ဒခံတုန်းကလည်း အဲသလိုပဲ simple majority သာမန် မဲအသာနဲ့ တိုင်းပြည်ကံကြမ္မာကို ဆုံးဖြတ်ကြတာပါ။ ဗြိတိန်၏ ခွဲရေး မှာလည်း simple majority ဆိုတော့ ၃မဲ အသာ (၅၁ ခွဲ ။ ၄၈ တွဲ) နဲ့ တိုင်းပြည်ကံကြမ္မာကြီးကို ဆုံးဖြတ်ခံယူတာပါ။ ဘယ့်နှယ် မဲ ၆၇% က အသာရမှ၊ two third majority ဆိုတဲ့ စည်းမျဉ်းနည်းနာကို မသုံးခဲ့ကြပါဘူး။ မြန်မာပြည်မှာတော့ အခြေခံဥပဒေပြင်ရင်တော့ လွှတ်တော်က ၇၅% ကျော်မှ ပြင်ဖို့ စဉ်းစားမယ်။ ပြီးရင် ဆန္ဒခံယူပွဲမှာလည်း two third majority မဲဆန္ဒ အများစုရမှာ အခြေခံဥပဒေကို ပြင်မယ်လို့ ပြောထားပါတယ်။ ဗြိတိန်သားတွေက မိုက်ချက်က လူ ၁၀၀ ရှိတဲ့အထဲမှာ ၅၁ ဦးက တိုင်းပြည်ကြီးကို ထုခွဲချင်တယ်ဆို ထုပါ ခွဲပါဆိုပြီး သဘောထား သတဲ့ဗျာ။ မထုခွဲချင်တဲ့ ၄၉ ဦးက ဘာတတ်နိုင်မှာတဲ့လဲ။

နောက် တချက် ခွဲချင်တဲ့ အကြောင်းပြချက်တခုကလည်း ရယ်ချင်ပက်ကျိပါ။ လန်ဒန်ကို city state economy ဖြစ်အောင်လုပ်ချင်လို့ပါတဲ့။ မြိုံကြီးသား နိုင်ငံတော် ပေါ့ဗျာ။ တောတွေ လယ်တွေ ကျေးရွာတွေ ခေတ်ကုန်ပြီ။ မြို့တော်ကြီးအဖြစ် လန်ဒန်မြို့တော်က ဗြိတိန်ကို ဦးဆောင်မှုပေးတော့မှာ။ အီးယူက ကန့်လန့်ဝင်လုပ်နေတာ လက်မခံနိုင်ဘူး လို့ ဆိုကြပါသတဲ့။ သူတို့ အားကျတဲ့ နိုင်ငံတော်တွေက အာရှမှာဆို စင်ကာပူလို ဖြစ်အောင် လုပ်ချင်လို့ပါတဲ့။ ယခင်တုန်းက သူတို့ကိုလိုနီဖြစ်ခဲ့တဲ့ ကျွန်းနိုင်ငံလေးကိုတောင် တဖန် ပြန် အားကျပြီး စင်ကာပူ လို လုပ်ကြမယ်ဆိုတဲ့ အိုင်ဒီယာတွေနဲ့ ခွဲရေးကို လက်သိပ်ထိုးခဲ့ကြသတဲ့လေ။ ဖြစ်မှ ဖြစ်ရလေ။

ခွဲရေးအောင်မြင်သွားရတဲ့ အကြောင်းတချက်ကတော့ ဗြိတိန်သားမဘသတွေရဲ့ သွေးထိုးလှုံဆော်မှုတွေ ပြင်းထန်လွန်းလို့ သွေးခွဲမှုတွေ အားကောင်းလို့ပါ။ ဗြိတိန်မှာလည်း မဘသတွေ (အဲလေ ယောင်လို့) အမျိုး ဘာသာ သာသနာ အဓိက ဆိုတဲ့ မျိုးချစ်စိတ်ဓာတ်တွေ အမျိုးသားစိတ်တွေ ဖောင်းပွလွန်းလို့ စိတ်ကြီးဝင် မာန်တက်ကြလွန်းလို့လည်း ဖြစ်ပါတယ်။ လက်ယာစွန်းရောက်လွန်းလို့ ဆိုတဲ့ အချက်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဒို့ပြည် ဒို့မြေ ဒို့လူမျိုးဆိုတဲ့ စိတ်ပြင်းထန်တာကြောင့် သမဂ္ဂစိတ်ဓာတ်ကို ဖယ်ရှားလိုက်ပါတယ်။ ပြီးတော့ သမိုင်းအစဉ်အလာမှာ အများသူငှာနဲ့ သာတူညီမျှ နေထိုင်မှုကို ပယ်ချလိုက်ပါတယ်။ ပေါတုန်းက ဝေစားမယ်၊ ရှားရင်တော့ ခွဲစားမယ်ဆိုတဲ့ စိတ်ထားကို ထုတ်ပြလိုက်တဲ့ ဗြိတိန်တို့ရဲ့ နိုင်ငံကြီးသားစိတ်ဓာတ်က သမိုင်းတွင်ရစ်စေသတည်းပေါ့။

ဝေဖန်ချင်စရာ သင်ခန်းစရာ ဗြိတိန်အကွဲတော်ပုံက ခေါင်းဆောင်မှု ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင် အားလုံးဟာ တွဲရေး ခွဲရေးကို နိုင်ငံရေးအမြတ်ထုတ်ဖို့ပဲ ကြည့်ကြပါတယ်။ ကွန်ဆာဗေးတစ်တွေက ခွဲရေးဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ လူထုကို လွယ်လွယ်ကတိပေးတယ်။ ပြီးတော့ တွဲရေးအတွက် ဟောပြောစည်းရုံးတယ်။ ခွဲရေးနိုင်သွားတော့ ၀န်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်မယ်။ ကျန်တာ ခေါင်းဆောင်အသစ်နဲ့ ဆက်လုပ်ကြလို့ ခေါင်းရှောင်ပါတယ်။ အခြား ကွန်ဆားဗေးတစ်ခေါငိးဆောင်တွေက ခွဲရေးဘက်က မဲတင်းကြတယ်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး ဟောပြောတယ်။ ခွဲရေးနိုင်သွားတော့ တိုင်းပြည်အာဏာကို အရင်တောင်းဆိုတယ်။ တိုင်းပြည်ကိုတော့ အခွန်တိုးကောက်မယ်၊ စီးပွားရေး တင်းကြပ်မှုတွေ လုပ်ရတော့မယ်လို့ လေသံပြောင်း ပြောပြန်ပါတယ်။ ခွဲလိုက်ရင်ပဲ တိုင်းပြည်ဟာ ထိန်းမရအောင် မိုးပေါ် ခုန်တက်သွားမလိုလို ပြောဟောနေရာက တိုင်းပြည်စီးပွားရေး ဈေးတွေ ကမောက်ကမ ဖြစ်ရိပ်မြင်တာနဲ့ အသံပြောင်းကုန်တာ မြင်ရတော့ စိတ်ကုန်ချင်စရာပါ။ အတိုက်အခံ လေဘာပါတီကလည်း တွဲရေးဘက်က အနိုင်တိုက်ဖို့ ပျက်ကွက်တာကြောင့် အချင်းချင်းတွေ သွေးကွဲပြီး ခေါင်းဆောင်ကို ဖြုတ်ချကြပါတယ်။ ကြံ့ဖွတ်ပါတီ ရှုံးတုန်းကလို နေမှာပေါ့ဗျာ။ သို့သော် ပြောချင်တာက ဗြိတိန်ဟာ နိုင်ငံရေခေါင်းဆောင်မှု ကျဆုံးနေခြင်း ပြယုဒ် ဖြစ်ပါတယ်။ အကြပ်အတည်းမှာ ခေါင်းဆောင်ကောင်း ပေါ်မှ တိုင်းပြည် ဟန်ကျမှာပါ။ အခု အကြပ်အတည်းဟာ နိုင်ငံရေးသမားတွေ အမြတ်ထုတ်ကစားကြရာက ပြည်သူတွေ ရေလိုက်လွဲပြီး ဟတ်ထိုးလဲကြရတာမို့ ခေါင်းဆောင်မှု ပြသနာဟာ တိုင်းပြည်အတွက် အရေးကြီးကြောင်း ရိပ်မိနိုင်ဖို့ပါ။

နောက် သူတို့ လက်ညိုးထိုး ပြစ်တင်နေတဲ့ အီးယူရဲ့ ခေါင်းဆောင်မှု၊ နိုင်ငံရေးပေါ်လစီ အကြပ်အတည်များကိစ္စပါ။ ကမ္ဘာနဲ့ တ၀ှမ်းမှာ တပြည်သားတွေ ကူးပြောင်းလာမှု အရေးအခင်းတွေ ရင်ဆိုင်နေရတယ်၊ အကြမ်းဖက်မှုတွေ စစ်ပွဲတွေ ရင်ဆိုင်နေရတယ်။ စီးပွားရေး လူမှုရေး နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်နေတယ်၊ ဖြေရှင်းနေရတယ်။ အစိုးရတွေ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ နိုင်ငံရေးစည်းမျဉ်း ဥပဒေ ဘောင်အတွင်းကနေ ဖြေရှင်း အဖြေရှာမှာ မို့လို့ လွှတ်တော် အစိုးရ ဥပဒေ တရားရေးရာ ဘဏ္ဍာရေးစနစ်တွေ တီထွင် ဖန်တီး လုပ်ဆောင် နေကြတာပေါ့။ တဆိတ်ရှိ ကွဲလိုက် ပြန်ပေါင်းလိုက် လုပ်နေကြမယ်ဆိုရင် စိတ်အခန့်မသင့်တဲ့ သမီးရည်းစားဇာတ်ကားရိုက်နေသလို ဖြစ်နေမယ်လေ။ 

ဥရောပသမဂ္ဂမှာ နိုင်ငံတွေ စုစည်းပြီး ဖြေရှင်းမယ်၊ တာဝန်ယူမယ်၊ အဖြေရှာမယ်၊ ငြင်းခုန်မယ်၊ နိုင်ငံရေးနည်းလမ်းတွေ လမ်းကုန်အောင် သုံးရမှာပါ။ သို့သော် ဗြိတိန်က နိုင်ငံရေးပြသနာကို လူကြီးလူကောင်း အဖြေရှာသလို မလုပ်ဘဲ “အိမ်က လူကြီးတွေက သဘောမတူလို့ ခင်ကို မုန်းလိုက်ပါ ကိုကိုရယ်” ဆိုတဲ့ ဖြတ်လမ်းနည်းသုံး ရည်းစားဖြတ်တဲ့ ကလေးကွက်တွေ ထုတ်ကစားတာပါ။ ဆီရီးယား၊ အီရန်တွေ၊ အီရတ်တွေ၊ တရုတ်တွေ ရုရှားတွေ မြောက်ကိုရီးယားတွေနဲ့ ရင်ဆိုင်ရာမှာ ဥရောပသမဂ္ဂကော အမေရိကားတွေပါ နိုင်ငံရေးနည်းနဲ့ စုပေါင်း အဖြေရှာ ညှိနှိုင်းပါတယ်။ ဥရောပသမဂ္ဂနိုင်ငံများအတွင်း ပြသနာတွေကိုလည်း သည်လိုပဲ အချင်းချင်း စုပေါင်း ဆွေးနွေး ညှိနှိုင်းအဖြေရှာကြရမှာပါ။

ဗြိတိန်အခက်ဟာ ပြိုင်ဖက်နိုင်ငံတွေအတွက် အချက် ဖြစ်တယ်ဆိုတာ တချက်ထောက်ပြချင်ပါတယ်။ ရုရှားသမ္မတ ပူတင်က ဗြိတိန် ခွဲထွက်သင့်တယ်လို့ အကြံပေးတာ ဖြစ်ပါတယ်။ ရုရှားဟာ အီးယူနဲ့ ပြိုင်ဖက်နိုင်ငံတော်ပါ။ သူကိုယ်တိုင်လည်း ဆိုဗီယက်တပြည်ထောင်စုကနေ ရုရှားဖယ်ဒရေးရှင်းဘ၀ သက်ဆင်းထားရလို့ ထရူမာ (စိတ်ဒါဏ်ရာ) ရထားတာပါ။ သည်တော့ သူကိုယ်တိုင်က ခရိုင်းမီးယားကိုသိမ်း၊ ယူကရိမ်းကို ခြိမ်းခြောက်၊ အရှေ့ဥရောပနိုင်ငံတွေကို အနိုင်ကျင့်စိန်ခေါ်စကားပြောနေတဲ့ကြားက ဗြိတိန်ကို အီးယူကနေ ခွဲထွက်ပါလို့ အားပေးတိုက်တွန်းပါတယ်။ အလွန်သံသယရှိဖွယ် နိုင်ငံရေးခြေထိုးမှုဆိုတာ သိသာပါတယ်။ ဗြိတိန်တွေကတော့ မမြင်နိုင်တော့ပါဘူး။ 

အမေရိကားက သမ္မတလောင်းဖြစ်ချင်သူ ဒေါ်နယ်ထရန့်ကလည်း သူ့စီးပွားရေးအင်ပါယာကို စကော့တလန်မြေမှာ လာချဲ့ထွင်ရင်း ဗြိတိန်ကို မြှောက်ပေးပါတယ်။ မင်းတို့ ပေါင်စတာလင် ဈေးကျရင် ငါတို့ အမေရိကန်တွေ များများ လာဖြုန်းမှာပေါ့ကွာတဲ့။ အဲသည်ကျ မင်းတို့ ထောပြီပေါ့လို့ ခပ်ကြောင်ကြောင် ခပ်ပေါပေါ သွေးထိုးစကား ပြောကြားပါသတဲ့။ ဗြိတိန်တွေ ဆင်ခြင်တုံ နားလည်း လေးကုန်ပါပြီ။ ထရန့်ကိုယ်တိုင်ကလည်း ဗြိတိန်လိုမျိုး အမေရိကားကို ဇာတ်သွင်းချင်သူပါ။ အမေရိကားကို စည်းရိုးကာ ဘောင်ခတ်ပြီး အပြင်လူမ၀င်ရ ဇာတ်ခင်းဖို့ ဟောပြောနေတာမို့ပါ။ ခေတ်နောက်ကျ ကျန်ရစ်သူ မျိုးဆက်တွေကို မျက်ကန်းမျိုးချစ်တွေဖြစ်အောင် လှုံဆော်သွေးထိုးပြီး လမ်းမှား ပို့နေသလိုပါပဲ။

ကဲ ... သည်လောက်ဆို တော်လောက်ပါပြီ။ ၂၁ ရာစုရဲ့ အကြီးကျယ်ဆုံးသော စိန်ခေါ်မှုက ခေတ်နောက်ပြန်ဆွဲခြင်းပါ။ အစွန်းရောက်အကြမ်းဖက်တွေ၊ အာဏာရှင်တွေ၊ မူးယစ်နဲ့ မှောင်ခို ရာဇာတွေ၊ မျက်ကန်းမျိုးချစ်တွေကြောင့် တိုင်းပြည်တွေ နိုင်ငံရေးကပ်တွေ ဆိုက်နေပါတယ်။ အဲသည်ထဲကနောက်တိုး အရေးအခင်းကတော့ လက်ရှိ ဗြိတိန်ရဲ့ အီးယူကနေ ခွဲထွက်ခြင်း အကွဲတော်ပုံ ဖြစ်ပါတယ်။ မြန်မာတွေမှာလည်း အကွဲသမားတွေ များပါတယ်။ တွဲပြီး ဖြေရှင်းကြဖို့ထက် ခွဲပြီး ဖြေရှင်းကြတာကို အားသန်ကြတာက သမိုင်းနဲ့ ချီခဲ့ပြီ ဆိုရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသက်တမ်း အတွင်းမှာ လက်တွဲပြီး အဖြေရှာ ဖြေရှင်းတာတွေ ဆက်လက် မြင်တွေ့ကြရဖို့သာ မျှော်လင့် ဆုတောင်း နေမိပါတော့တယ်။