ခက်သီ - လူ့အခွင့်အရေး ရှုဒေါင့်



ခက်သီ - လူ့အခွင့်အရေး ရှုဒေါင့်
(မိုးမခ) ဇွန် ၄၊ ၂၀၁၆


အသားထဲက လောက်ဟာ
အသားကုန်ရင်
လောက်အချင်းချင်းကိုက်မှာပဲ
ပူစီဖောင်းလို ဖောက်ခနဲ ဖောက်ခနဲ ကွဲထွက်ကြ
လျော့ရဲလာတဲ့အာပေါလည်း ယိုစီးထွက်တော့
အတွေးအခေါ်တွေလည်း ပျော်ထွက်သွားတယ် ချော်ထွက်သွားတယ်
ဘုရားသခင်သေပြီဆိုတဲ့ အယူအဆက မင်း တိုးတက်ဖို့
ကျေးဇူးရှင်သေပြီ ယူဆရင် မင်းမျိုးကန်းဖို့
လေတွေက ပွေတုန်း မှုန်တုန်း မှိုင်းတုန်း
သစ်ရွတ်နဲ့လိပ်ပြာမကွဲသေးဘူး
အပေါ်ယံပဲ ရှပ်တွေးရင် အပေါ်ယံသမားတွေ အားပေးမယ်
လက်ခုပ်သံနဲ့သတ်လို့သေရင် ပျော့ညံ့သူဟာ မင်းပဲ
စိတ်မဆိုးကြေး မနာကျင်ကြေး ဒါဟာ လောကီရေးတွေ
ဒဏ်ရာရသူအချင်းချင်းပဲ နာကျင်မှုရဲ့အတိမ်အနက်ကိုသိမယ်
မျက်နှာချိုသွေးတာမှ ရှက်စရာကောင်းတာမဟုတ်ဘူး
သေကောင်ပေါင်းလဲ အချင်းချင်း နာကျင်မှုကို ညည်းရတာလည်း ရှက်စရာပဲ
လောက်မကိုက် လောက်မကြိုက်တဲ့အရိုးဟာ ကျန်ခဲ့တယ်
အဲ့ဒီအရိုးကို ပန်းအိုးထိုးဖို့ အနာဂတ်ပန်တွေ ပွင့်လန်းဖို့
" မင်းအယူအဆကို လက်မခံဘူး
ဒါပေမဲ့ မင်းရဲ့ပြောရေးဆိုခွင့်ကို
အသက်ထက်ဆုံး အကာအကွယ်ပေးသွားမယ် "
ဘော်တဲဟာ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တယ် ။ ။


ခက်သီ