ကျော်ဟုန်း - ဘဝ

From Ko Than Htay Maung's album


ကျော်ဟုန်း - ဘဝ
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၆

ဘဝဆိုတာ
မျိုးမတူ စု
တွန့် ခေါက်လွှာ ကျောက်သားထု။

ဘဝဆိုတာ
ကိုယ်ရပ်မှ ခဏနားရမယ့်
ပြေးလမ်းကိရိယာပေါ်က ခြေထောက်။

ဘဝဆိုတာ
အပြုံးတု-စစ်
ရော မျက်နှာသစ်ခြင်း အနုပညာ။

ဘဝဆိုတာ
နေလောင် ဒိန်ခဲဟောင်းကို
ကြိတ်ဝါး လျှာဖြားတို့  အရသာခံခြင်း။

ဘဝဆိုတာ
ဒုက္ခ၊ သုခ ပေါင်းစုံကို
ဆေးသကြား ရောကျိုထားတဲ့ ဧည့်ခံမှု။

ဘဝဆိုတာ
အဘိဓမ္မာဟန် ဖွင့်ဆိုချက်က
သန္ဓေတည်ခြင်းနဲ့ မရဏ ကြားကာလ။

အဲ့ဒိကာလအပိုင်းအခြား ကြားမှာပဲ
စက္ကန့် မလပ်
ဘာမဆိုဖြစ်နေတာ ဘဝတဲ့လေ။ ။

ကျော်ဟုန်း
၂၀၁၆၀၆၀၂