မြတ်စံ - ကျနော် နဲ့ ပုဒ်မ ၁၀/က၊ အန်တီစု နဲ့ ပုဒ်မ ၁၀/ခ


မြတ်စံ - ကျနော် နဲ့ ပုဒ်မ ၁၀/က၊  အန်တီစု နဲ့ ပုဒ်မ ၁၀/ခ
(သူ့ဖေစ့်ဘွတ်) မိုးမခ၊ ဇွန် ၁၊ ၂၀၁၆

(နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ)[ကိုကိုကြီးရဲ့ Post ပေါ်မှာ ဒီဥပဒေကို ရုပ်သိမ်းလိုက်တဲ့အပေါ် လေးလေးနက်နက် ထောက်ခံထားတာကို ဖတ်မိရင်း ယခုစာစုလေးကိုရေးဖို့အကြောင်းပေါ်လာပါတယ်။]

 ပြီးခဲ့တဲ့သီတင်းပါတ်က လွှတ်တော်နှစ်ရပ်လုံးမှာ တင်ပြဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဖျက်သိမ်းခဲ့တဲ့ ဒီဥပဒေဟာ အာဏာရှင်လက်ထက်တစ်လျှောက်လုံး လိုရင်လိုသလိုအသုံးချခဲ့တဲ့ဥပဒေပါ။ ၁၉၇၅ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ စတင်ပြဌာန်းခဲ့တာဖြစ်ပြီး မူလအစက နိုင်ငံတော်၏ဒေသတစ်ခုခုတွင်ဖြစ်စေ ဒေသအချို့တွင်ဖြစ်စေ နိုင်ငံတစ်ဝှမ်းလုံးတွင်ဖြစ်စေ အရေးပေါ်အခြေအနေကြေညာပြီး အဲ့ဒီဒေသများတွင် နေထိုင်တဲ့နိုင်ငံသားများရဲ့ မူလအခွင့်အရေး တစ်ရပ်ရပ်ကိုလည်းကောင်း။အများကိုလည်းကောင်း လိုအပ်သလိုကန့်သတ်နိုင်ရန်ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

 မြန်မာနိုင်ငံဒီမိုကရေစီရေးကြိုးပမ်းမှုသမိုင်းကာလ တစ်လျှောက်လုံးမှာ ကျနော်အနေနဲ့ ပုဒ်မ၁၀/က ဖြင့် ၄ ကြိမ် ထိန်းသိမ်းခံခဲ့ရ။ အန်တီစုဆိုလျှင် ပုဒ်မ ၁၀/ခ ဖြင့် ၃ကြိမ် ထိန်းသိမ်းခံရ။

 ပထမအကြိမ်ဖြစ်ခဲ့ရမှုမှာ ... ... ၁၉၈၉ မတ်လ ၂၀ ရက်နေ့ နေလည့်ပိုင်းအချိန်။ ကျနော့်အား ကမာရွတ် လှည်းတန်းမှာရှိတဲ့ ကျောင်းသားအရေးတော်ပုံ ပါတီမှာ ကျောင်းသားလူငယ်အဖွဲ့များအစည်းအဝေးက အပြန်တွင် တပ်မတော်ထောက်လှမ်းရေးမှ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းစရာရှိသည်ဟု ဆိုကာ တက္ကသိုလ်ဓမ္မာရုံအနီးတွင် ဖမ်းဆီးခေါ်ဆောင်ကာ ခေတ္တခဏ ဓမ္မာရုံတွင် ထိန်းသိမ်းပြီး အင်းစိန်အကျဉ်းထောင်ကို ရောက်ရှိခဲ့။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့တကွ ကျဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို အမှတ်တရအခမ်းအနာအဖြစ် စက်မှုတက္ကသိုလ်မြက်ခင်းပြင်၊ ရန်ကုန်တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်တို့မှာ မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ အဖြစ် သတ်မှတ်ပြီး နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ကြ။ ယင်းအခမ်းအနားဖြစ်မြောက်ရေးတွင် ဦးဆောင်ကော်မတီနဲ့ ပြန်ကြားရေးဆပ်ကော်မတီမှာ ကျနော်အပါအဝင် ဆေးတက္ကသိုလ်မှ ကိုပေါ်ထွန်း၊ စက်မှုတက္ကသိုလ်မှ မောင်ရစ် အပါအဝင်တို့ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့။ 

အဲ့ဒီအခမ်းအနားအပြီး မတ်လ ၁၆ရက်နေ့တွင် အင်းလျှားကန်ဘောင် တံတားနီနေ့အထိမ်းအမှတ်အဖြစ် သမဂ္ဂမြက်ခင်းပြင်မှာ ထပ်မံပြုလုပ်ပြီး RASUကျောင်းဝန်းထဲက တဆင့် ကန်ဘောင်ဖက်ကို ပန်းခွေချရန်သွားဖို့ အခမ်းအနားအစီအစဉ်အရ ပြုလုပ်နေစဉ် ... ၁၉၈၈ စက်တင်ဘာ ၁၈ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသာလှုပ်ရှားမှုပြန်ပေါ်ပေါက်လာတာကို စိုးရိမ်ထိတ်လန့်နေတဲ့ နဝတ အစိုးရအနေနဲ့ လုံခြုံရေးထူထပ်စွာပိတ်ဆို့ထားတဲ့ ကန်ဘောင်အပေါ် မရောက်နိုင်ကြတော့ပဲ ဘွဲ့နှင်းသဘင်ခန်းမဘေးတွင်သာ ပန်းခွေချပြီး ပြီးဆုံးခဲရ။

အကျိုးဆက်အဖြစ် ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်မှာ ရုံးခန်းအဖြစ် ရထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးကော်မတီ (မကသပဖ) ရုံးလည်း မတ်လ ၁၇ ရက်နေမှာ ပြန်ရုပ်သိမ်းခံရပါတယ်။ ကျောင်းဝန်းထဲကိုလည်း ဝင်ထွက်သွားလာခွင့် မရတော့ပါ။


 ဖြစ်ခြင်တော့ မတ်လ ၂၀ ရက်နေ့ကျနော့်ကို တက္ကသိုလ်ဓမ္မာရုံထဲမှာ ခေတ္တထိန်းသိမ်းထားစဉ် ကျောင်းဝန်း ပင်မတံခါးဂိတ်ပေါက်မှာ ကျောင်းထဲသို့ဝင်ခွင့်မရလို့ အပေါက်ဝမှာ ဆန္ဒပြနေကြတဲ့ ကျောင်းသားလူငယ်အုပ်စုတွေရဲ့ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီကျောင်းသားတွေထဲမှာ ကျနော့် သုံးရောင်ရောင်ခြယ်ကျောင်းသားလူငယ်အဖွဲ့ထဲက ကျော်ဇောဦး၊ မင်းအောင် ၊ ရန်မျိုးအောင်အပါအဝင် ကျောင်းသားကျောင်းသူများကို တွေ့လိုက်ရပါတယ်။ အနီးအနားမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်သားတွေဟာ အဲ့ဒီကျောင်းသားလူငယ်အုပ်စုကို ဖမ်းဆီးခဲ့ပြီး လှည်းတန်း ကမာရွတ်မီးပွိုင့်အနီးမှာရှိတဲ့ ကမာရွတ်ရဲစခန်းထဲကို ဖမ်းဆီးခေါ်ဆောင် သွားကြပါတယ်။ ကျောင်းသားလှုပ်ရှားမှု အမြင့်ဆုံးအချိန်ရောက်နေချိန်ဆိုတော့ အခုလို တစ်ပတ်အတွင်း အခမ်းအနားတွေလုပ်နေချိန်ဆိုတော့ ဒီသတင်းကြားကြားခြင်း ကျောင်းသားလူငယ်အားလုံး စုဝေးရောက်ရှိလာပြီး အဖမ်းဆီးခံနေရတဲ့ ကျောင်းသားလူငယ်တွေ ပြန်လွှတ်ပေးဖို့ ကမာရွတ်ရဲစခန်းရှေ့မှာ ကိုပေါ်(ကိုမင်းကိုနိုင်)၊ ကိုကိုကြီး၊ ကိုစိုးသိန်း(စစ်ကိုနိုင်)၊ ကိုအောင်ဒင်၊ ကိုဇော်မင်း (မကသပဖ)၊ ကိုဇော်မျိုးအောင်၊ ကိုဌေးအောင် စတဲ့ ဖုန်းမော်နှစ်ပတ်လည်ဖြစ်မြောက်ရေးကော်မတီဝင်တွေဟာ ထိုင်သပိတ်ဆန္ဒပြပြီး တောင်းဆိုနေကြပါတယ်။ ညနေပိုင်း နည်းနည်းမှောင်စပျိုးချိန်မှာ တင်းမာမှုပိုများလာပြီး အခြေအတင်ဖြစ်နေချိန်။ အန်တီစုဆီမှ လာရောက်ဆွေးနွေးညှိနှိုင်းရန် ရောက်ရှိလာတဲ့ အန်ကယ်ဦးလှဖေ (ဗိုလ်မှုးကြီးဟောင်း)၊ အကိုကြီး ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း)တို့ ရောက်လာပြီး စစ်ဒေသမှူး ဗိုလ်မှုးကြီးကက်စိန် နဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့သိခဲ့ရ။ ည ၆:၃၀ နာရီမှာ လုံခြုံရေးကားတန်းများခြံရံပြီး အင်းစိန်ထောင်ကို ဓမ္မာရုံမှ ခေါ်လာတဲ့ ကျနော်နဲ့ပေါင်းပြီး စုစုပေါင်းကျောင်းသားလူငယ် ၈ ဦးကို အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့ကာ ကျနော့်ကို အင်းစိန်ထောင်ကြိုးတိုက် [၂ တိုက်]၊ (သေဒဏ်ပြစ်ဒဏ်ကျ အကျဏ်းသာများသာ ထားတဲ့တိုက်) မှာထားပြီး လေး ငါး ရက် စစ်ကြောမေးမြန်းမှု အကြမ်း ပြုလုပ်ပြီး မင်္ဂလာဒုံရှိ ရေကြည်အိုင်စစ်ကြောရေးစခန်းသို့ ခေါ်သွားခဲ့ပါတယ်။

 ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ကိုပေါ်(မင်းကိုနိုင်)ကို နောက်တစ်ရက် မတ်လ ၂၁ ရက်နေ့မှာ စက်မှု ၁ အနီး လမ်းနီမှတ်တိုင်မှာ ဖမ်းဆီးခံခဲ့တယ်လို့ သိခဲ့ရ။ နောက်သိပ်မကြာခင် ကိုကိုကြီး၊ ကိုအောင်ဒင်၊ ကိုစိုးသိမ်း၊ ကိုမင်းဇေယျ စတဲ့ ဦးဆောင်မှုအပိုင်းမှာ ရှိတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးကာ ဒီပုဒ်မ ၁၀/က နဲ့ ထိန်းသိမ်းထားလိုက်ပါတယ်။

အဲ့ဒီကာလအတွင်း ကျနော့်ကို ဖမ်းဆီး ထိန်းသိမ်းထားဖို့အတွက် အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ရဲ့ပုဒ်မ ၁၀/ကဖြင့် ရက် ၆၀ စတင် ထိန်းသိမ်းးလိုက်ပါတယ်။

 ကျနော်တို့ အင်းစိန်ထောင်ကို ရောက်နေစဉ် ရှေ့မှာရောက်နှင့်ပြီးသား ပုဒ်မ ၁၀/က စီနီယာပုဂ္ဂိုလ်များလည်း ရှိကြပါသေးတယ်။ ကိုသူရ ( ဇာဂနာ)၊ ချန်ပီယံတင်ညွန့်၊ မင်းသားကြီးဦးဇင်ဝိုင်း၊ အဆိုတော် ဂျေညီညီ၊ မင်းသိင်္ခ၊ ကိုစံဇာဏီဘို၊ ဗိုလ်မှုးဂျွန်လှဝင်း (အန်ကယ်ဂျွန်)၊ ဗိုလ်မှုးစံသာ စတဲ့ ပုဂ္ဂိုလ်များလည်း ရောက်နေကြပါတယ်။

ဥပဒေအရ ထိန်းသိမ်းပိုင်ခွင့်မှာ အနည်းဆုံး နိုင်ငံသားတစ်ယောက်ကို နိုင်ငံတော်လုံခြုံရေးအတွက် ရက်ပေါင်း ၆၀၊ အများဆုံး ၃ နှစ်ထိ ထိန်းသိမ်းထားပိုင်ခွင့် ရှိပါတယ်။ မေလ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ် ရက် ၆၀ ထပ်မံတိုးပြီး ဇူလိုင်လဆန်းမှာ အရေးပေါ်စီမချက် ပုဒ်မ ၅/ည နဲ့ ကမာရွတ်မြို့နယ်တရားရုံးက အမှုစွဲဆိုကာ ထောင်ဗူးဝအနီးမှာရှိတဲ့ အထူးတရားရုံးမှာ ရုံးထုတ် တရားစီရင်ခံခဲ့ရပါတယ်။

 ၁၉၈၉ ခုနှစ် ( ၁၉ ဇူလိုင် အာဇာနည်နေ့အပြီး ) ဇူလိုင်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်(အန်တီစု) ကိုလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ၅၄/၅၆ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာပင် လုံခြုံရေးအစောင့်အကြပ် ထူထပ်စွာချထားပြီး နေအိမ်အကျယ်ချုပ် (ပုဒ်မ-၁၀/ခ)ဖြင့် စတင်ထိန်းသိမ်း။ ဘဘ ဦးတင်ဦးကိုလည်း တပြိုင်တည်းပဲ အလားတူ ပုဒ်မ - ၁၀/ခ နဲ့ နေအိမ်အကျယ် ချုပ်ထိန်းသိမ်းထားလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါ့မယ်။)