ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထွန်းဝင်းငြိမ်း - ဒဂုန်တာရာနှင့် ငြိမ်းချမ်းရေး (သို့) နိုင်ငံရေး ယဉ်ကျေးမှုအား လေ့လာခြင်း



 
မူရင်းဆောင်းပါးမှပုံကို ကူးယူဖော်ပြပါသည်။
ဆရာဒဂုန်တာရာက ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်၊ ဖဆပလခေတ်၊ လွတ်လပ်ရေးရပြီးသောခေတ်၊ ဒီမိုကရေစီလှုပ်ရှားသော ခေတ်စသည်ဖြင့် ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပာယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ကိုလိုနီခေတ်က တပြည်လုံး ရိုက်ခတ်ခဲ့သော ဒို့ဗမာသီချင်းတွင် ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ။ ဒို့ကိုယ်ကျိုး လုံးလုံးမပါ ဟူသော စကားများကို ကြားရပေလိမ့်မည်။ ယင်းသည် ကိုလိုနီခေတ်က သိရှိခဲ့သော နိုင်ငံရေးအနှစ်သာရဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
............


ထွန်းဝင်းငြိမ်း - ဒဂုန်တာရာနှင့် ငြိမ်းချမ်းရေး (သို့) နိုင်ငံရေး ယဉ်ကျေးမှုအား လေ့လာခြင်း
(မိုးမခ၊ သစ်ခက်သံလွင်) ဇွန် ၁၈၊ ၂၀၁၆

နိဒါန်း

ဆရာဒဂုန်တာရာသည် စစ်နှင့်တော်လှန်ရေးကို ဖြတ်ခဲ့ရသည်။ ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ဆရာက ဆန့်ကျင် ဘက်တို့၏ညီညွတ်ရေးကို ရရှိအောင်ဆောင်ရွက်ခြင်းသည် နိုင်ငံရေးဖြစ်သည်။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ပြောခဲ့ဖူးသည်။
ငြိမ်းချမ်းရေးဇာတ်ညွှန်းတွင် ထိုအရာများမှာ အခြေခံသဘောထားဟု ဆိုပါသည်။ ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှု၏ရည်ရွယ်ချက် သည် ငြိမ်းချမ်းရေး၊ ပြည်သူတို့၏ငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ စစ်မက်မရှိသော ကမ္ဘာသည် ထာဝရငြိမ်းချမ်းရေး၊ ထို့ကြောင့် ငြိမ်းချမ်းရေး သည် နိုင်ငံရေးယဉ်ကျေးမှု၏ စုစည်းလမ်းဖြစ်သည်ဟုဆိုခဲ့သော ဆရာဒဂုန်တာရာ၏ငြိမ်းချမ်းရေး အယူအဆကို ဤစာစုက ခြေရာကောက်ကြည့်ခြင်းမျှသာ ဖြစ်ပါသည်။

(တစ်) ပေါင်းစပ်ရေး

ကျွန်တော်တို့နိုင်ငံသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး မကြာမီပင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ထိုအချိန်မှစ၍ ငြိမ်းချမ်းရေးပျက်ခဲ့သည်။ ငြိမ်းချမ်းရေးမရှိသည့်အတွက် တိုင်းပြည်တည်ဆောက်ရေး ကောင်း မွန်စွာ မဆောင်ရွက်နိုင်။ ပြည်သူလူထုတရပ်လုံး၏ စားဝတ်နေရေးပြဿနာကိုလည်း ဖြေရှင်း ၍မရ။ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တိုင်းမှာ ငြိမ်းချမ်းရေးအခြေအနေပေါ်တွင် တည်သည်ဟု ဆရာဒဂုန်တာရာက သူ၏သမိုင်းဖြတ်သန်းမှု အတွေ့အကြုံအရ နားလည်သိမြင်ထားသည်။ ထိုကြောင့် နိုင်ငံရေးယဉ်ကျေးမူဟု သုံးနှုန်းရေးသားလိုက်သောအခါ နိုင်ငံတော်တ၀ှမ်းလုံး၏ (သို့မဟုတ်) တပြည်လုံး၏ ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း ဒဂုန်တာရာက ဆိုခဲ့သည်။
နိုင်ငံရေးဆိုသည်မှာအများနှင့် ပတ်သက်သော အနက်ရသည်။ တဦးတယောက်ကောင်းစားရေးမဟုတ်။ အများကောင်းစားရေး ဖြစ်သည်။ ယဉ်ကျေးမှုဆိုသည်မှာ ရိုင်းရာမှယဉ်လာသည်အထိ တိုးတက်လာခြင်း ပင် ဖြစ်သည်။နိုင်ငံရေးယဉ်ကျေးမှုဟုသုံးစွဲရာ၌ ပေါင်းစပ်ခြင်းသဘောလည်း သက်ရောက်သည်ကို ဆရာက ယခုကဲ့သို့ ဖော်ပြသည်။

“နိုင်ငံရေးသည် အများအတွက်၊ ပြည်သူတို့အတွက်ဖြစ်လေရာ ဧက၀ါဒတို့နှင့်လည်း ဆန့်ကျင်နေ ပြန်သည်။ ဧက၀ါဒနှင့် ဆန့်ကျင်သည်ဆိုလျှင် ဗဟုဝါဒအောက်သို့ ရောက်ရှိနေပြီ။ နိုင်ငံရေးယဉ်ကျေးမူသည် ဗဟုဝါဒ၏ တွဲဖက်အနက်။ ဗဟုဝါဒဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများဆိုသည်မှာလည်း ပေါင်းစပ်ခြင်းသဘောတရား ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုသည် ပေါင်းစပ်ခြင်းသဘောတရား။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၃)

ဆရာရည်ညွှန်းသော ဗဟုဝါဒ၏ အနှစ်သာရမှာ ပါတီစုံစံနစ်၊ အရင်းရှင်စီးပွားရေးနှင့် လစ်ဘရယ် ဒီမိုကရေစီကိုပြောသည်ဟုဆိုခြင်းထက် လူတဦးချင်းစီ၏ အတွေးအမြင်၊ အရည်အချင်း၊ ကျွမ်းကျင် ပိုင်နိုင်မှုများကို လွတ်လပ်စွာ ပျိုးထောင်ခွင့်၊ ရှင်သန်ကြီးထွားခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ပြဋ္ဌာန်းခွင့် တို့နှင့် လူ၏မွေးရာပါ လွတ်လပ်မှုများအပေါ် ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော ၀ါဒကို ညွှန်းဆိုလိုရင်းဖြစ်သည်ဟု ဆရာဖြတ်သန်းခဲ့သော ခေတ်စနစ်များ၏ အတွေ့အကြုံ ခံစားမှုများအရ ယူဆဖွယ်ရာရှိပါသည်။

(နှစ်) ညီညွတ်ရေး၊ တန်းတူရေး၊ လွတ်လပ်ရေး

တိုင်းနိုင်ငံတိုင်းတွင် အုပ်ချုပ်ခံပြည်သူနှင့်အုပ်ချုပ်သူတို့ ရှိသည်။ အုပ်ချုပ်သူမရှိဘဲ တိုင်းသူပြည်သား များကသာ အုပ်ချုပ်သော နိုင်ငံဟူ၍မရှိသေး။ ထိုအခြေအနေမှာ နိုင်ငံသားတဦးချင်းစီ၏ ယဉ်ကျေးမှု အဆင့်အတန်း အလွန်မြင့်မားမှ ဖြစ်မည်။ လူတိုင်းအသိတရား မြင့်နေမှ ဖြစ်မည်။ လူတိုင်းငြိမ်းချမ်း သာယာစည်ပင်ဝပြောနေမှ ဖြစ်မည်။
ထိုသို့မဖြစ်နိုင်။ သို့သော် မညီညွတ်ခြင်းကိုမည်သို့ဖြေရှင်းမည်လဲဟူသော မေးခွန်းရှိလာသည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ခြင်း စိတ်ဓာတ်ကသာလျှင်၊ လွတ်လပ်ရေးအခြေအနေကသာ လျှင် ဖြေရှင်းနိုင်သည်။ ယင်းသို့ဖြေရှင်းဖြင်းဖြင့် ညီညွတ်ရေး အတိုင်းအတာတခုရှိနေမည်ဆိုလျှင် ငြိမ်းချမ်း ရေး ရရှိမည်ဟုဆိုနိုင်သည်။ ထိုသို့ဖြေရှင်းရာတွင် အကြမ်းပတမ်းနည်း၊ လက်နက်နည်းနှင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်ခြင်းဟူ၍ နှစ်နည်းရှိသည်။ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမှသာလျှင် ညီညွတ်ရေးက ခိုင်မြဲမည်ဖြစ်ကြောင်း ဆရာဒဂုန်တာရာက ယခုလိုရေးသားသည်။

"နိုင်ငံရေးယဉ်ကျေးမူသည် ငြိမ်းချမ်းရေးဟုဆိုတော့ ငြိမ်းချမ်းရေးတည်မြဲရန်အခြေအနေများ ထည့်သွင်း စဉ်းစားကြရပေလိမ့်မည်။ ငြိမ်းချမ်းရေးရရှိရန်အခြေအနေများမှာ တန်းတူအခွင့်အရး၊ လွတ်လပ်ရေးနှင့် ညီညွတ်ရေးဖြစ်သည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးရရှိမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းရေး ရရှိမည်။ ငြိမ်းချမ်းရေးမရရှိခြင်းမှာ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးမရရှိခြင်းကြောင့် ဖြစ်သည်။ ယင်းသို့အကြောင်းတရားတို့သည် ဆက်စပ်မှီတွယ်နေကြပေသည်။ မညီညွတ်ခြင်းသည် သဘာဝတော့ဖြစ် သည်။ သို့သော် ညီညွတ်ရေးရရှိရန်အစဉ် လှုပ်ရှားအားထုတ်နေရမည်။ မညီညွတ်ရသောအကြောင်းမှာ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးမရှိသောကြောင့် ဖြစ်သည်။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၁၂)

(သုံး) ပြုစုပျိုးထောင်ခြင်း

ဆရာဒဂုန်တာရာက နိုင်ငံရေးယဉ်ကျေးမှုဟူသော ဝေါဟာရအနက်ကို ဆက်လက်ဖွင့်ဆိုရာ၌ ယဉ်ကျေးမှု၏ စကားရင်းအဓိပ္ပာယ်မှာ ပြုစုပျိုးထောင်ခြင်းအနက်လည်း ပါဝင်သည်ဟုဆိုပါသည်။ ပန်းပင်စိုက်သောအခါ မျိုးစေ့ကျရုံနှင့် ချက်ချင်းပွင့်လာသည်မဟုတ်။ ပေါင်းပင်များကို ဖယ်ရှင်းရသည်။ မြေကြီးကို နူးညံ့အောင်၊ အပင်ကြီးထွားနိုင်အောင် လုပ်ပေးရသည်။ အဆင့်ဆင့် အသေးစိတ်ပြုစု ပျိုးထောင်ပေးမှသာလျှင် ဖြစ် ထွန်းခြင်းအဖြစ်၊ သီးပွင့်ခြင်းအဖြစ်သို့ရောက်ရသည်။ ဆရာက ယဉ်ကျေးမှုကို ယင်းအနက်ဖြင့် ကောက် ယူကြောင်း အောက်ပါအတိုင်းရေးသည်။

“လူတို့၏သာမာန်မျက်စိဖြင့် မြင်နိုင်စွမ်းမရှိသောအဆင့်ဆင့်ကို ဖြတ်သန်းပြီးနောက် ဖူးရ၊ ပွင့်ရ၊ သီးရသည်။ ထိုအခါမှ ရနံ့ဖြစ်ထွန်း လာသည်။ အရသာဖြစ်ထွန်းလာသည်။ ဤသို့ အဆင့်ဆင့် သဘောဖြင့်ပင် လျှင် နိုင်ငံရေးယဉ်ကျေးမှုသည် ဖွဲ့စည်းဖြစ်ထွန်း လာရပေမည်။ ယင်းအဆင့်ဆင့်ဟူသော သဘောမှာ အချိန်ကာလကို ပြသည်။ တပွင့်နှင့်တပွင့် တသီးနှင့်တသီးတူသည်တော့ မဟုတ်။ မြန်လျှင် မြန်မည်။ ကြာလျှင်ကြာမည်။ ယင်းသို့ လူတို့၏သတ်မှတ်သောအချိန် ကာလနှင့် မှတ်သားနိုင်သည်။ အသီးအပွင့်တို့၏ သဘာဝသည် တခုနှင့်တခုတူကြသည်မဟုတ်။ ထို့ကြောင့် အချိန်ဖြင့် ပြောင်းလဲခြင်းအဆင့်ဆင့်ကို ဖူးပွင့်ခြင်း၊ သီးခြင်းအဆင့်ဆင့်ကို တရားသေ သတ်မှတ်၍ မရကောင်း။ နိုင်ငံရေးယဉ်ကျေးမှုသည်လည်း ယင်းအတိုင်းပင် ဖြစ်မည်။”

ဆရာဒဂုန်တာရာက ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်၊ ဖဆပလခေတ်၊ လွတ်လပ်ရေးရပြီးသောခေတ်၊ ဒီမိုကရေစီလှုပ်ရှားသော ခေတ်စသည်ဖြင့် ခေတ်များကို ဖြတ်သန်းလာရင်း နိုင်ငံရေးအဓိပ္ပာယ်ကို သူ၏တွေ့ကြုံခံစားမှုဖြင့် နားလည်ခဲ့ရသည်ဟု ဆိုသည်။ ကိုလိုနီခေတ်က တပြည်လုံး ရိုက်ခတ်ခဲ့သော ဒို့ဗမာသီချင်းတွင် ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ။ ဒို့ကိုယ်ကျိုး လုံးလုံးမပါ ဟူသော စကားများကို ကြားရပေလိမ့်မည်။ ယင်းသည် ကိုလိုနီခေတ်က သိရှိခဲ့သော နိုင်ငံရေးအနှစ်သာရဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ နိုင်ငံရေးယဉ်ကျေးမှုသည် ယင်းနိုင်ငံ၏အရေးနှင့် ပြုစုပျိုးထောင်ခြင်းသဘော ကို ပေါင်းစပ်၍နားလည်ရသော သဘောတရားဖြစ်ပေသည်ဟု ဆရာက ဖွင့်ဆိုရေးသားခဲ့သည်။
ကိုလိုနီခေတ်၏နိုင်ငံရေးမှာ လွတ်လပ်ရေးအတွက်ကြိုးပမ်းရသော နယ်ချဲ့ဆန့်ကျင်ရေးဖြစ်သည်။ 

ဂျပန်ခေတ်တွင် ဖက်ဆစ်ဆန့်ကျင်ရေးမှာ နိုင်ငံရေးဖြစ်သည်။ လွတ်လပ်ရေးခေတ်တွင် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးမှာ နိုင်ငံရေးဖြစ်သည်။ ဒီမိုကရေစီအစိုးရခေတ်တွင် ဒီမိုကရေစီ အခွင့် အရေးလှုပ်ရှားမှုများသည် နိုင်ငံရေးဖြစ်ကြောင်း ဆရာက ထောက်ပြသည်။

ဒီမိုကရေစီဟူသောဝေါဟာရမှာ ပြည်သူတို့က စိုးမိုးခြင်း၊ ပြည်သူ့အာဏာဟု အဓိပ္ပာယ်ရသည်။ ပြည်သူ ဟူသော စကားရပ်၏ အဓိပ္ပာယ်မှာလည်း ရှေးခေတ်ကနှင့်မတူတော့။ စိုးမိုးခြင်းခံရသောပြည်သူ၊ အဖိနှိပ်ခံရသောပြည်သူ၊ ချုပ်ချယ်ခြင်းခံရသောပြည်သူဟူ၍ အဓိပ္ပာယ်ဖွင့် ကြသည်။ ပြည်သူတို့ အာဏာမရမချင်း (၀ါ) ပြည်သူတို့၏အစိုးရမပေါ်ပေါက်မချင်း ဤသို့နားလည် ကြမှာဖြစ်ကြောင်းနှင့် ယနေ့နိုင်ငံရေးယဉ်ကျေးမှု၏ ရည်ရွယ်ချက်ကို ဆရာက ယခုလို ဖွင့်ဆိုရေးသား ခဲ့သည်။

“ယနေ့အလိုအပ်ဆုံး၊ ပြည်သူတို့အလိုအပ်ဆုံးကား ညီညွတ်ရေး၊ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ကမ္ဘာ့ပြည်သူတို့ကလည်း ငြိမ်းချမ်းရေး ကို လိုအပ်နေသည်။ ငြိမ်းချမ်းရေးရရှိမှသာလျှင် ပြည်သူတို့၏ စွမ်းအားကို အကုန်အသုံးပြုပိုင်ခွင့်ရှိသည်။ ပြည်သူတို့၏ကိုယ်စား အုပ်ချုပ်ရေးရှိမှသာလျှင် ငြိမ်းချမ်းရေး ရနိုင်သည်။ ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှု၏ရည်ရွယ်ချက်သည် ငြိမ်းချမ်းရေး၊ ပြည်သူတို့၏ ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စစ်မက်မရှိသောကမ္ဘာသည် ထာဝရငြိမ်းချမ်းရေး၊ ထို့ကြောင့် ငြိမ်းချမ်းရေး သည် နိုင်ငံရေးယဉ်ကျေးမှု၏ စုစည်းလမ်းဖြစ်သည်ဟု ဆိုချင်ပါတော့သည်။”
(ရနံ့သစ်၊ အောက်တိုဘာ၊ ၁၉၉၅)


(လေး) မတူသော အကြောင်းအရာများ ပေါင်းစပ်ခြင်း

ပေါင်းစပ်ခြင်းဆိုသည်မှာ မတူသောအကြောင်းအရာများကိုပေါင်းစပ်ခြင်းဟု ဆရာဒဂုန်တာရာက ညွှန်းဆို ပါသည်။ မတူခြင်းသည် သဘာဝတရားဖြစ်ပြီး မတူ၍ ခြားနားနေခြင်းမျိုးလည်း မဖြစ်သင့်ပေ။ ကမ္ဘာကြီးတွင် ပေါင်းစပ်နေကြရသည်။ တဦးကိုတဦး အမှီသဟဲပြု၍ နေကြရသည်။ ယခင်ကကဲ့သို့သော တော တောင် ရေ မြေ ခြားနားသော တံတိုင်းကြီးများက ပြိုကွဲသွားပြီ။ မရှိတော့။ အီလက်ထရွန်းနစ် နည်းပညာကြောင့်လည်း ကမ္ဘာကြီးသည် ပို၍နီးစပ်နေကြသည်။ နီးကပ်နေကြသည်ကို ဆရာက အောက်ပါအတိုင်း အသေးစိတ် တင်ပြခဲ့သည်။

“တယောက်ယဉ်ကျေးမှုကို တယောက်ကယူနေကြသည်။ မိမိတို့၏အမျိုးသားကိုယ်ပိုင်ယဉ်ကျေးမှု ရှိလင့်ကစား ယင်းယဉ်ကျေးမှုတို့ပင်လျှင် အသွင်ပြောင်းစပြုလာသည်။ ပေါင်းစပ်ခြင်းဆိုသည်မှာလည်း  ညီညွှတ်ရေးသဘောတရားပင် ဖြစ်သည်။ မတူသော်လည်း ပေါင်းစပ်လျှင် ညီညွှတ်နိုင်သည်။ ညီညွတ်သွားခြင်းဆိုသည်မှာလည်း ဆန့်ကျင်မှုများ နည်းပါးသွားသည်ဟု ယူ၍ရသည်။
ဆန့်ကျင်မှုများ နည်းပါးသွားသည်ဆိုလျှင် ရန်ပြုခြင်းလည်း နည်းပါးသွားနိုင်သည်။ ရန်ပြုခြင်းသည် မတည်မငြိမ်ဖြစ်ခြင်းကို အားပေးသည်။ ဒဿနတရပ်တွင် ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေးဟူသော သဘောတရားပင် ပေါ်ထွန်းလာသည်မှာ အမှန်ပင်။
မတူသောအရာများပေါင်းစပ်၍ ရသလော။ ရနိုင်သည်။ ရသည်။ လူတို့၏အတွေးအခေါ်သည် ကမ္ဘာတည်စနှင့်မတူ၊ ပြောင်းလဲတိုးတက်လာသည်။ ပြောင်းလဲခြင်းသည် သဘာဝတရားဖြစ်သည်။ ပြောင်းကိုပြောင်းလဲရမည်။
မတူသောအင်အားစုများ ပေါင်းစပ်မိလျှင် အောင်မြင်ခြင်းအထွတ်အထိပ်သို့ ရောက်နိုင်ပေလိမ့်မည်။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၁၉၊ ၂၁)

(ငါး) ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေး

ဆရာဒဂုန်တာရာက ဆန်ကျင်ဘက်တို့၏ညီညွတ်ရေးကို ရရှိအောင်ဆောင်ရွက်ခြင်း သည် နိုင်ငံရေး ဖြစ် သည်။ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ပြောခဲ့ဖူးသည်။ ငြိမ်းချမ်းရေးဇာတ်ညွှန်းတွင် ထိုအရာများမှာ အခြေခံသဘောထားဟု ဆိုပါသည်။
ကမ္ဘာမြေပေါ်တွင် လူတို့သည် အမျိုးမျိုး ရှိကြသည်။ မတူကြ။ နေရာဒေသ၊ လူမျိုး၊ ဘာသာစကားများ တခုနှင့်တခု မတူနိုင်။ ထို့ကြောင့် ဆန့်ကျင်ဘက်ဆိုသည်မှာ ရှိစမြဲ။ သဘာဝကျသည်ဟုဆိုသည်။ လူတို့၏ဘ၀လမ်းကြောင်းတလျှောက်တွင် ဆန့်ကျင်ဘက်များကို တွေ့ရမည်။ ရှောင်လွှဲ၍ မရ။ ပြည်ထောင်စု အတွင်း၊ အဖွဲ့အစည်းအတွင်းဖြစ်စေ မတူသောအရာများ ရှိသည်။ အခြေခံနောက်ခံကားချပ်မတူ၊ သို့သော် ထိုသို့မတူညီသော ဆန့်ကျင်ဘက်တို့၏ ညီညွတ်ခြင်းသည် သာလျှင် ငြိမ်းချမ်းရေးနှင့် နီးစပ်နိုင်ကြောင်း ယခုလိုရေးသား ဖော်ပြခဲ့သည်။ 

“ နိုင်ငံရေးယဉ်ကျေးမှု၊ လူမူရေးနောက်ခံကားချင်းမတူ။ ထို့ကြောင့်ပင် မတူသောအရာများ ရှိနေသည်မှာ မတတ်နိုင်။ သို့သော် ယင်းမတူသော ဆန့်ကျင်ဘက်များကို ဆောင်ရွက်ခြင်းဖြင့် ကွဲလွဲချက်များရှိလင့်ကစား ညီညွတ်စွာဆောင်ရွက်နိုင်သောအခြေအနေကို ရယူဖန်တီးကြရမည်ဟု ကျွန်တော်ယူဆထားသည်။ ရယူမဖန်တီးနိုင်လျှင် အခြေအနေသည်တည်ငြိမ်မည်မဟုတ်။ မညီညွတ်လျှင် ငြိမ်းချမ်းရေးနှင့် လည်း ဝေး သွားနိုင်သည်။”
(ဒဂုန်တာရာ၊ နိုင်ငံရေးယဉ်ကျေးမူ၊ စာ-၂၃)

ဆရာက ဘ၀ခရီးတွင် ဆန့်ကျင်ဘက်အရာများနှင့် ပဋိပက္ခကြုံရသည့်အခါ စေ့စပ်ရေးနှင့် သင့်မြတ်အောင်နေထိုင်ခဲ့ခြင်းမှာ သူ၏မူ ဖြစ်သည်ဟု ဆိုသည်။ ဆန့်ကျင်ဘက်ကိစ္စများ လျော့ပါးသွားအောင်၊ သင့်မြတ်အောင် လုပ်ကြရမည်ဟု ဆိုသည်။ သူကတော့ မည်သူ့ကိုမျှ ရန်သူလိုသဘောမထား၊ တခါတရံ အကြောင်းအကျိုး မခိုင်လုံဘဲ၊ အကြောင်းတစုံတရာမရှိဘဲ ရန်လုပ်ခြင်းများနှင့် ကြုံရတတ် သည်။ သို့သော် သူက ရန်ပြန်မလုပ်တတ်။ မတုံ့ပြန်။ ရန်ကိုရှောင်သဖြင့် ပြဿနာမရှည်တော့။ ဤသည်မှာ ဆရာဒဂုန်တာရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိဟု သဘောထားနိုင်လျှင် ညီညွတ်ရေး လမ်းနှင့်နီးလာသည်ဟု ယုံကြည်ထားသော အချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဆရာက သူ၏ယုံကြည်မှုကို ယခုလိုဖော်ပြသည်။

“အယူအဆမတူခြင်းသည် သဘာဝဖြစ်၍ နီးစပ်လာသည်အထိ ညှိနှိုင်းမည်ဆိုလျှင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ အခြေအနေသို့ လုံးဝရောက်ရမည်ဟု ကျွန်တော်၏ ဘ၀အတွေ့အကြုံ၊ သမိုင်းအတွေ့အကြုံအရ ယုံကြည်လျက် ရှိနေပေသည်။”
(စံပယ်ဖြူ ၊ ဇန်န၀ါရီ ၂၀၁၄)

(ခြောက်) အချစ်နှင့် အမုန်း

ဆရာဒဂုန်တာရာသည် ၁၉၅၀ ခုနှစ်လောက်ကစ၍ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ လောက်က စပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုအကြောင်း ရေးသား ဖော်ပြခဲ့သည်။ ဆရာသည် ယုံယုံကြည်ကြည်နှင့် ရေးသားဆောင်ရွက်ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများတွင် အာဏာနိုင်ငံရေးသမားအချို့၏ ပြုမူချက်ကိုစိတ်ပျက်မိသော်လည်း ဆက်လက်ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။
ထိုအချိန်က လက်နက်နိုင်ငံကြီးတချို့သည် တဖက်ကငြိမ်းချမ်းရေးစကားပြောနေသော်လည်း စစ်ပွဲများ ခင်းနေကြသည်ကိုတွေ့ရ၍ စိတ်ပျက်ရသော်လည်း သူသည် ငြိမ်းချမ်းရေးတရားဓမ္မကိုကား မစွန့်လွှတ်နိုင် ခဲ့ပေ။ ယုံကြည်မြဲယုံကြည်လျက်ပင် ရှိနေကြောင်း ယခုလိုရေးသားသည်။

“နိုင်ငံတော်စနစ်ချင်းမတူသော်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သည်ဟူသောတရားကို ကျွန်တော်နှစ်သက်သည်။ သို့သော် သူတို့သည် မကျင့်သုံးကြပေ။
လူတို့၏အင်အား(၀ါ)အများစုကြီးဖြစ်သော ပြည်သူတို့၏စွမ်းအားကို ကိုယ်စားပြုသော၊ တကယ်ကြီးမားလွှမ်းမိုးသော ခေတ်တွင်ကား ငြိမ်းချမ်းရေးသည် ထာဝစဉ်တည်ရှိမည်ဟု ယုံကြည်မိပေ သည်။ ထိုအခါလူသားတို့၏ ချစ်ခြင်းမေတ္တာတရားသည် လွှမ်းမိုးနေမည်ဟု ယုံကြည်မိပေသည်။”

ယင်းယုံကြည်ချက်ဖြင့်ပင် ဆရာက ၁၉၈၁တွင် “အချစ်နှင့်အမုန်း” ဟူသော ကဗျာကို ရေးသားခဲ့သည်။ ထိုကဗျာ အပိုဒ်အချို့မှာ
------------------------------
------------------------------
-------------------------------
--------------------------------
အချစ်ပင်ပျိုး
စိုက်ပျိုးသူကား၊ သနားကြင်နာ
ညှာတာသည်းခံ၊ စံလျှင်ဝေမျှ
ခံစရာရှိက၊ ရှေ့မှသူရပ်
မားမားမတ်သည်၊ အများပြည်သူ
လူတကာက၊ မြတ်နိုးခံရ
မေတ္တာခံရ၊ ရန်သူမရှိ
လိုလားသူသာ၊ ၀န်းရံကာလျက်
နှစ်သက်ခင်မင်၊ လွတ်လပ်ပျော်ရွှင်
စည်ပင်ဝပြော၊ လှပလန်းဆန်း
ငြိမ်းချမ်းသာယာ၊ အေးမြမြဲ။
အမုန်းပင်မျိုး
သည်အမျိုးလျှင်၊ အချစ်ပင်မပေါက်
မုန်းညှောက်ညွန့်ကြွ၊ သူ့ဘ၀၏
ဓမ္မတရား၊ သင်ကြားခဲ့သည်
သင်ဘယ်သစ်ပင်စိုက်မည်နည်း။

(၁၉၈၁၊ အောက်တိုဘာ၊ ရှုမ၀မဂ္ဂဇင်း)

ဆရာသည် ပန်းပွင့်ချိန်ကို မျှော်မှန်းတွေးခေါ်ကာ ရေးဖွဲ့ခြင်းဖြစ်သည်။ လူသားတို့၏မျှော်မှန်းချက်၊ လူသားတို့၏မေတ္တာတရားကို ပန်းပွင့်ချိန်နှင့် ကိုယ်စားပြုတင်ပြထားခြင်းဖြစ်သည်။ အချစ်ပန်းပွင့်ချိန်တွင် ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာ၊ အနုပညာတို့ လွတ်လပ်စွာ ဖူးပွင့်ဝေဆာမည် ဖြစ်ကြောင်း ရေးဖွဲ့ပုံကို ထိုကဗျာတွင် တွေ့နိုင်ပေသည်။

(ခုနှစ်) မဲဇာပို့ခြင်းနှင့် ဒိုင်နိုဆော



ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေးအပေါ်သဘောထားကို သူ၏စာ၊ ကဗျာများတွင် တွေ့ရသည်။ ဆောင်းပါး၊ ၀တ္ထုအနေဖြင့် အများအပြားရှိပြီး ဤနေရာတွင် ထင်ရှားသောကဗျာနှစ်ပုဒ်မှ စာပုဒ်အချို့ ကို ထုတ်နုတ်တင်ပြလိုပါသည်။ ပထမကဗျာမျာ မိမိကိုယ်ကို မဲဇာသို့ပို့ခြင်း (မိုးဝေ၊ သြဂုတ် ၁၉၈၆) ဖြစ်သည်။

ဆရာက မြို့တော်မှခွဲ၍ တောကျေးလက်တွင် သွားရောက်နေထိုင်စဉ်ကရေးသားခဲ့သော ကဗျာ။ သူ၏ယုံကြည်ချက်ကို ဖော်ပြသောကဗျာ။ သူသည်သမိုင်းခေတ်များ၊ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်း ပြီးနောက် ရရှိခဲ့သောအတွေးအခေါ်လည်း ဖြစ်သည်။ သူနေထိုင်ရာ ပဲခူးရိုးမအစွန်အဖျားမှ သစ်ပင်တော အုပ်စိမ်းစိမ်း၊ ပန်းပွင့်များ၏မွှေးရနံ့၊ စိမ်းလဲ့သောစပါးကွင်း၊ ပြာလဲ့လဲ့၊ နီဝါ၀ါချောင်း ကလေး စသော ကျေးလက်ဝန်းကျင်တွင် အေးအေးဆေးဆေး နေထိုင်နေပုံကို ဖွဲ့သည်။ ရုပ်သဘာဝပတ်ဝန်းကျင် အေးချမ်းခြင်းဆိုသည်ထက် ဝေဖန်သူမရှိ၊ တိုက်ခိုက်သူမရှိ၊ အမိန့်မရှိ၊ လျှောက်လွှာမရှိ၊ အမုန်းမရှိ၊ စစ်ပွဲမရှိသည့်ဒေသသည်သာ ပကတိ စိမ်းရိုင်းလတ်ဆတ်၊ လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေဟု တင်စားထားသည်ကို တွေ့ရသည်။
------------------------------------
------------------------------------
ဤမဲဇာကျွန်း
စခန်းသာမော၊ ကျေးလက်တောတွင်
ငါလျှင်မွေ့ပျော်၊ တစ်ကိုယ်တော်တည့်
ရေးဖော်မရှိ၊ ဖတ်ဖော်မရှိ
ဝေဖန်သူမရှိ၊ တိုက်ခိုက်သူမရှိ
အမိန့်မရှိ၊ လျှောက်လွှာမရှိ
ငါ့ကိုမသိ၊ ငါ့စာမသိ
အမုန်းမရှိ၊ စစ်ပွဲမရှိ
ပကတိထင်ဟပ် ၊ စိမ်ရိုင်းလတ်ဆတ်
လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။ ။

ဒုတိယကဗျာတပုဒ်မှာ “ဒိုင်နိုဆောနှင့်ပန်းလိပ်ပြာ” (ရုပ်ရှင်တေးကဗျာ ၊ မတ် ၁၉၉၉) ဖြစ်သည်။
၁၉၉၀ ကျော်ကာလများက စာပေနယ်တွင် မော်ဒန်၊ ပို့စ်မော်ဒန်ရောဂါများ သည်းထန်ခဲ့ဖူးသည်။ ထိုကာလတွင် မော်ဒန်ကဗျာဆရာဆိုသူတဦးက ဆရာဒဂုန်တာရာကို လှောင်ပြောင်သရော်ကာ သူက မော်ဒန်၊ ဆရာက ဂန္ထ၀င်သက်ရှိကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောနှင့်တင်စားခဲ့သည်။ ဆရာကတော့ မျိုးဆက် ဘာသာစကား အသိခက်သားဟုရေးကာ သူ၏ဘ၀ဒဿနမှာ အချစ်၊ ငြိမ်းချမ်းရေး၊ အလှ တရားဖြစ်ကြောင်း သူ့ကိုယ်သူ ပန်းလိပ်ပြာနှင့် တင်စားရေးဖွဲ့ခဲ့သည်ကို တွေ့ရသည်။
-------------------------------
--------------------------------
-------------------------------
လူသားတို့၏
အာရုံခံစားမှု၊ မခြားနားကြ
ခြားနားသည်က၊ ပင်လယ်ဖြတ်ကူးသူ
ကမ်းစပ်ရောက်သူ၊ ရေနစ်ကြသူ
ငြိမ်းချမ်းဒေသ၊ စစ်ပွဲဒေသ
လွတ်လပ်ဒေသ၊ ချုပ်နှောင်ဒေသ
အခွင့်အရေးရှိသူ၊ အခွင့်အရေးမဲ့သူ
အသိများသူ၊ အသိနည်းသူ
ငြင်းခုံဝိ၀ါဒ၊ ရန်မစဲ။
ငါတမူကား
နေရာမပျက်၊ ယုံကြည်ချက်မပျက်
ငြိမ်းချမ်းရေးဘက်တွင်၊ အစဉ်ရှိလျက်
သမိုင်းသက်သေ၊ ရှာဖွေနိုင်သည်
ငါသည် သစ္စာဖောက်သလော။
ငါ့ဘ၀ကား
အချစ်၊ ငြိမ်းချမ်းရေး၊ အလှတရား
အမုန်းမရှိ၊ စစ်ပွဲမရှိ
ရန်သူမရှိ ၊ မိတ်ဆွေသာရှိ
ငါ၏ဘ၀ဒဿန။ ။

ဆရာက အချစ်နှင့်အမုန်းတရားကို သူ၏အတွေ့အကြုံ၊ သမိုင်းခေတ်အတွေ့အကြုံဖြင့် မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ကဗျာစကားလုံးများ ရင်ထဲမှစီးကျလာခြင်း ဖြစ်သည်။ ထိုရသသည်ပင်လျှင် သူ၏ဘ၀ဒဿန ဖြစ်ပေသည်။

(ရှစ်) ရန်သူမှ မိတ်ဆွေသို့

ဆရာဒဂုန်တာရာက သူ့ကိုယ်သူနိင်ငံရေးသမားဟု မသတ်မှတ်။ သို့သော် နိုင်ငံရေးရာကိစ္စများကို စိတ်ဝင်စားသူ၊ ဖတ်ရှုလေ့လာသူ၊ ယဉ်ကျေးမှုရေးရာအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ အဖြစ်သာ သတ်မှတ်ထားသည်။ ယင်းသို့သော လူထုလှုပ်ရှားမှု အတွေ့အကြုံဖြင့် သူ၏ဘ၀ဒဿနကို ရရှိခဲ့သည်။ နိုင်ငံရေးဆိုသည်မှာ ရန်သူမှမိတ်ဆွေသို့ ပြောင်းလဲစေရေး ဖြစ်သည် ဟူ၍ ….။ ဆရာက သူ၏ဖြတ်သန်းမှုကို ယခုကဲ့သို့ သုံးသပ်ကြည့်သည်။

“စစ်ပြီးခေတ်တွင်ကြီးပြင်းလာသူများသည် စစ်အေးကာလကို ဖြတ်သန်းသွားကြသူများဖြစ်သည်။ စစ်အေးခေတ်ကာလဆိုသည်မှာ ဆန့်ကျင်ဖက်အုပ်စုများ တဖက်နှင့်တဖက် သင့်မြတ်ပေါင်းစည်း လာရေးမဟုတ်ဘဲ ဆန့်ကျင်တိုက်ခိုက်လာရေး၊ ရန်သူစိတ်ဓာတ် တိုးပွားလာရေးတို့သာဖြစ်သည်။ ထို့ကြောင့် တဖက်ကိုတဖက် အကောင်းမမြင်နိုင်ကြ။ အမှန်တရားကို ရှာဖွေလေ့လာ စူးစမ်းသော ကာလမဟုတ်။ တဖက်သတ်အမှန်တရားဟုသာ နားလည်နေသောခေတ်ကာလဟု ကျွန်တော် ထင်သည်။ ယင်းကာလသည် စုံလင်ထွေပြား များမြောင်ရှုပ်ထွေးသည်။ သို့သော် ရှုပ်ထွေးသည့် အထဲမှာပင် ရှင်းလင်းလာအောင် ကြည့်မြင်ကြရပေမည်။ လွယ်တော့မလွယ်။ အတွေ့အကြုံ သမိုင်း ဖြစ်ရပ်များက သင်ကြားပေးနေသည်”။
(ဒဂုန်တာရာ၊ နိုင်ငံယဉ်ကျေးမှု၊ စာ-၄၃)

ဆရာဒဂုန်တာရာက စစ်အေးလွန်ကာလတွင် ကမ္ဘာကြီးမှာ အင်အားကြီးနိုင်ငံများသည် ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲရမည်ဟူသော နိုင်ငံရေးဆန်းသစ်လာပြီဟု သုံးသပ်သည်။ တနည်းအားဖြင့် နိုင်ငံရေးယဉ်ကျေးမှုထွန်းကားစပြုလာပြီဟု ယူဆသည်။ စစ်လက်နက်အပြိုင်အဆိုင် ထုတ်လုပ်ရေး၊ တဖက်ရန်သူကို ၀ိုင်းပယ်ရေး၊ တဖက်ရန်သူ၏အပြစ်များကို ထုတ်ဖော်ကာ ၀ါဒဖြန့်ရေး၊ အညစ်အကြေးများ ကင်းစင်လာလျှင် ပူးပေါင်းဆောင်ရွက်မည်၊ ကူညီထောက်ပံ့မည်ဟူသော ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်တို့ ဆန်းသစ်လာရပေမည်ဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် ဆရာက သူ၏ဒဿနကို ယခုလို အနားသတ်ရှုမြင်ခဲ့ပေသည်။

“ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာ့လူသားတို့အတွက် တိုးတက်ရေးဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးသည် တည်ဆောက်ရေး ဖြစ်သည်။ ဖျက်ဆီးခြင်းမဟုတ်။ အနုပညာသိပ္ပံပညာတို့ အချင်းချင်းပူးပေါင်းဆောင်ရွက်ရင်း လူသားတို့၏ ယဉ်ကျေးမှုကြီးသည်လည်း အရှိန်လျှင်မြန်စွာဖြင့် အားကောင်းစွာ ထွန်းကားစည်ပင်လာရပေမည်။ ထိုအခါ ရန်သူမှ မိတ်ဆွေသို့ပြောင်းလဲသော နိုင်ငံရေးယဉ်ကျေးမှု ၀ါဒသည် ရှင်သန်လာရပေမည်။ နိုင်ငံရေးယဉ်ကျေးမှုဝါဒသည် ဗုဒ္ဓအလိုကျမေတ္တာဝါဒဖြင့်သာလျှင် အချစ်ကမ္ဘာကြီးကို တည်ဆောက်နိုင် ပေလိမ့်မည်။”
(ရနံ့သစ်၊ဖေဖော်ဝါရီ ၂၀၀၂)

နိဂုံး

ဆရာဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှုအတွေးအမြင်၊ ငြိမ်းချမ်းရေးအယူအဆဖြစ်သော ရန်သူမရှိ၊ မိတ်ဆွေမရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်း လဲအောင်လုပ်တာ ဟူသောအယူအဆကို ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ညနေ ၄း၃ဝ နာရီ အချိန်က တော်ဘုရားကလေးစာပေဆုပေးပွဲ စိမ်းလန်းစိုပြေတွင် ပြောကြားသော အဖွင့်အမှာစကား တွင် ယခုလို အကျယ်တ၀င့် ရှင်းလင်းထားသည်ကို တွေ့ရသည်။

“ငြိမ်းချမ်းရေးအတွက် ကျွန်တော့်အတွေ့အကြုံအရပြောရရင် ရန်သူမရှိ၊ မိတ်ဆွေမရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲအောင်လုပ်တာ။ အဲဒီလိုပဲ ကျွန်တော်ထပ်ပြီးတော့ ပြောချင်ပါတယ်။ အယူအဆကတော့ တချို့ ကြိုက်နှစ်သက်ခြင်း ရှိဟန်မတူ ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကိုပဲ ထပ်ပြောချင်တဲ့အတွက် ဒီနေ့ အမှာစကားပြောရာမှာ ရန်သူ မရှိဆိုတဲ့ စကားအတွက် နည်းနည်းလေး ရှင်းခွင့်ရရင် ပြောချင်ပါတယ်။ ရန်သူမရှိဘူးလို့ ဆိုတာက တော့ ကျွန်တော်တို့နဲ့ဆန့်ကျင်ဖက်မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ရန်သူလို့ သဘော မထားတာ ဖြစ်ပါတယ်။ စကားအနေနဲ့ ကဗျာစကားလုံးလေးအဖြစ်၊ လေးလုံးစပ်ကဗျာထဲမှာ ရန်သူ မရှိလို့ပဲ ကျွန်တော်သုံးနှုန်းခဲ့ပါတယ်။ ရန်သူမရှိ မိတ်ဆွေသာရှိဆိုပြီး မိတ်ဆွေတွေလို့ အားလုံးကို သဘောထားရ မယ်။ ငြိမ်းချမ်းရေးရဖို့ဆိုရင် ရန်သူမရှိ၊ မိတ်ဆွေသာ ရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာလို့ ပြောရမှာပါ။
နောက်တချက်က ဒီနေ့ ကျွန်တော်တို့ နိုင်ငံဟာလည်း မငြိမ်းချမ်းဘူးပေါ့ဗျာ။ အားလုံးသိကြတဲ့အတိုင်းပဲ။ တော်တော်ဆိုးတဲ့နေရာတွေမှာဆိုရင် သတ်တာဖြတ်တာတွေတောင် နေ့တိုင်းဖြစ်နေကြတာပဲ။ အဲဒါတွေဖြစ်ရတဲ့အကြောင်းရင်းကတော့ သဘောထားဗျ။ နိုင်ငံရေး သဘောထားပေါ့။ တချို့စစ်ပွဲဖြစ်တဲ့အကြောင်းတွေကိုကြည့်ရင် ဘာသာရေးကိစ္စ၊ စီးပွားရေးကိစ္စတွေ စတာတွေကို တွေ့ရမှာပါ။ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့ကြလို့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ အဲဒီလို ရှုပ်ထွေးတဲ့ ပြဿနာတွေဖြေရှင်းဖို့ဟာ ငြိမ်းချမ်းတဲ့နည်း၊ နိုင်ငံရေးနည်းအရ ဖြေရှင်းမှသာ ပြေ လည် နိုင်ပါတယ်။ ဒါကြောင့်မို့ စစ်နဲ့ငြိမ်းချမ်းရေးကိုတွဲပြီး ပြောနေရတာ ဖြစ်တယ်။ အဲဒါကြောင့် ရန်သူမရှိ မိတ်ဆွေသာရှိ ကို ထပ်ပြီးပြောရဦးမှာပဲ။ အဲဒါကို ကိုင်စွဲသွားကြည့်မယ်ဆိုရင်ဖြင့် ကျွန်တော်တို့ နိုင်ငံဟာ အများကြီး ကြွယ်ဝချမ်းသာတဲ့နိုင်ငံဖြစ်တယ်။ သာယာတင့်တယ်တဲ့ နိုင်ငံဖြစ်မယ်။ စာပေ ယဉ်ကျေးမှုတွေ လွတ်လွတ်လပ်လပ်နဲ့ ဖွံ့ဖြိုးဖူးပွင့်တဲ့နိုင်ငံ ဖြစ်မယ်။ အင်မတန်အဆင့်အတန်း မြင့်တဲ့ နိုင်ငံရေးယဉ်ကျေးမှုကြီး ထွန်းကားမယ်။ ဒါကြောင့် ထပ်ပြီးပြောဦးမယ် ဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ပြောရင်းနဲ့ပဲ ဒီနေ့ကျင်းပတဲ့ စာပေဆုပေးပွဲပေါ့ဗျာ။ ကျွန်တော့်အခေါ်အရ မင်းသားနီနဲ့ ကျွန်တော်ပေါင်းသင်းခဲ့တဲ့ အတွေ့အကြုံအရ မင်းသားနီဟာ စာပေရဲ့အတွေးအမြင် အာနိသင်ကို ကောင်းကောင်းကြီးသိတဲ့အတွက် သူ့ရဲ့အမည်နဲ့ စာပေဆု ပေးခြင်းကို ကျွန်တော် အများကြီး ဝမ်းသာမိတယ်လို့ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။”

ဟူ၍ ဆရာဒဂုန်တာရာက သူ၏ ငြိမ်းချမ်းရေးအယူအဆဖြစ်သော ဘ၀ဒဿနလည်းဖြစ်သော ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်နေ ကြရသော ယနေ့ခေတ်တွင် ဆရာငယ်စဉ်ကတည်းက လိုလားခဲ့သော တန်းတူရေး၊ လွတ်လပ်ရေး၊ ကိုယ့် ကြမ္မာကိုယ် ဖန်တီးရေးတို့ကို အခြေခံသည့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် ကြိုးစားရုန်းကန် ရင်ဆိုင်နေရဆဲပင် ဖြစ်ပါတော့သည်။

ထွန်းဝင်းငြိမ်း
(၄၊ ၅၊ ၂၀၁၆)

(ဆရာဒဂုန်တာရာ ၉၇ နှစ်မြောက် မွေးနေ့အခမ်းအနား၊ မယ်ခိုတောင်၊ အောင်ပန်းမြို့တွင် ဖတ်ကြားသော စာတမ်း)

စာကိုး

၁။ စံပယ်ဖြူ မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၀၄
၂။ ရှုမ၀ မဂ္ဂဇင်း ၁၉၈၁၊ အောက်တိုဘာ
၃။ မိုးဝေ မဂ္ဂဇင်း သြဂုတ် ၁၉၈၆
၎။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း မတ် ၁၉၉၉
၅။ ရနံ့သစ် မဂ္ဂဇင်း ဖေဖော်ဝါရီ ၂၀၀၂
၆။ တော်ဘုရားကလေးစာပေဆုပေးပွဲ အဖွင့်အမှာစကား ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်
၇။ ဒဂုန်တာရာ နိုင်ငံရေးယဉ်ကျေးမှု တိုးမြစ်စာအုပ်တိုက် ပထမအကြိမ် ဇွန်၊ ၂၀၁၀