တူမောင်ညို - “၂၀ ရာစု ပင်လုံ နဲ့ ၂၁ရာစု ပင်လုံ ” ကို နှိုင်းယှဉ်ကြည့်ခြင်း





တူမောင်ညို - “၂၀ ရာစု ပင်လုံ နဲ့ ၂၁ရာစု ပင်လုံ ” ကို နှိုင်းယှဉ်ကြည့်ခြင်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၆



“၂၀ ရာစု ပင်လုံ” ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးစီးခဲ့တယ်။

“၂၁ ရာစုပင်လုံ” ကို ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်က ကြီးမှူးခေါ်နေယူတယ်လို့ နှိုင်းယှဉ်ရေးသားပြော ဆိုနေကြပါတယ်။ “ပင်လုံ” နှစ်ခုဟာအချိန်ကာလအရခြားနားသလို အခြေအနေအချက်အလက်တွေအရလည် မတူကွဲပြားတာတွေရှိပါ တယ်။ ဒါတွေကိုလေ့လာကြည့်ကြရအောင်။

နာမည်
“၂၀ ရာစုပင်လုံ” က နာမည်တစ်ခုထဲ တစ်မျိုးထဲသာရှိသော်လည်း “၂၁ရာစုပင်လုံ”က နာမည်နှစ်မျိုးနဲ့ဖြစ်ပါတယ်။ ဒီလို နာမည် နှစ်မျိုး ဖြစ်နေရတာကိုယ်က ပင်လုံရဲ့ကိုယ်ပိုင်လွတ်လပ်မှုကို ထိခိုက်နေတာလို့မြင်ပါတယ်။

ဦးဆောင်သူ

ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဒေါ်အောင်ဆန်းစုကြည်။

အဖေနဲ့သမီး၊ မတူတဲ့အချက် က ဗိုလ်ချုပ်အောင်ဆန်းက (de facto) အရ ရော (de jure) အရပါ အပြည့်အဝခေါင်းဆောင် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ (de facto) ခေါင်းဆောင်အဖြစ် ဘာမှအငြင်းပွားစရာမရှိသော်လည်း (de jure) အရ တော့ ၂၀၀၈အခြေခံဥပဒေ၊ ပုဒ်မ ၅၉(စ) နဲ့ တားဆီးပိတ်ပင်ကန့်သတ်ထားခြင်းကိုခံရတာကိုတွေ့ကြရပါလိမ့်မယ်။ တကယ်တော့ ပုဒ်မ ၅၉(စ) ဆိုတာဟာ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည့်အပေါ်ထားရှိတဲ့ “အာဃာတ” ကို “ဥပဒေပုဒ်မအဖြစ်” တမင်ရည်ရွယ်ချက်နဲ့ရေးသား ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

ဒီအတား အဆီးကို ဒီချုပ်ပါတီဘက်က “နိုင်ငံတော် ၏ အတိုင်ပင်ခံဥပဒေ” နဲ့ကျော်လွှားကြည့်ပါတယ်။ စစ်တပ်က မတ်တပ် ရပ်ပြီးကန့်ကွက်ပါတယ်။စစ်ဗိုလ်ရင့်မာကြီးတွေ ပါးစပ်က “အနိုင်ကျင့်ခံရတယ်” လို့လည်းဆိုပါတယ်။ ဒီဖြစ်ရပ်က “၂၀၀၈အခြေခံဥပဒေ” ရဲ့ ကမောက်ကမ နိုင်မှုနဲ့ အကျပ်အတည်းကို တဆင့်တိုးဖော်ပြနေပါတယ်။

အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာ

ဗိုလ်ချုပ်အောင်ဆန်းမှာအပြည့်အဝရှိပါတယ်။ “ပင်လုံစာချုပ်” မှာ (မြန်မာအစိုးရကိုယ်စား) ဗိုလ်ချုပ်က သူတစ်ယောက်ထဲ လက်မှတ်ထိုးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ အဲဒီလိုအခွင့်အာဏာမျိုးမရှိပါဘူး။ “၂၁ ရာစုပင်လုံညီလာခံ” မှာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ကိုယ်စားပြုမှုဘာလဲ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လား၊ ဒီချုပ်ပါတီအစိုးရရဲ့ ကိုယ်စားလှယ်လား) ဆိုတာ အချိန်အထိရှင်း ရှင်းလင်းလင်း မရှိသေးပါဘူး။ (“ပင်နီ” မဝတ်တာဘာကြောင့်လဲဆိုတဲ့ ဖြေရှင်းချက်ကို ထောက်ပြီးပြောရမယ်ဆိုရင်) နိုင်ငံသူနိုင်ငံသား အားလုံးကို ကိုယ်စားပြုတယ်ဆိုတဲ့ သဘောကိုတော့ ရည်ညွန်းထားပုံပေါ်ပါတယ်။

တိုင်းရင်းသားအင်အားစုတွေ
“၂၀ ရာစုပင်လုံ” မှာ တိုင်းရင်းသားတွေအတွက် အကန့်အသတ် မရှိသလောက်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားက စော်ဘွားတွေဘက်နေ ပင်းပြီး တောင်တန်းနဲ့ပြည်မကို သွေးခွဲနေတာ မဟုတ်လား။

ဒါ့အပြင် (ရှမ်း၊ ကချင်၊ ချင်း) ကိုယ်စားပြုသူတွေကပဲ “ပင်လုံစာချုပ်” မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

“၂၁ ရာစုပင်လုံ” မှာတော့ တိုင်းရင်းသားတွေ အတွက် “၂၀၀၈ အခြေခံဥပဒေ” နဲ့ ကာချုပ်က ဖန်တီးထားတဲ့ “စစ်တပ်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်” လို၊ “(NCA) စာချုပ်မှာလက်မှတ်ရေးထိုးရေး” ၊ “ မတရားသင်းဥပဒေ”လို အကန့်အသတ်တွေ မျိုးစုံရှိနေပါတယ်။

ဟိုတုန်းက စော်ဘွားတွေမှာ ဒီလိုမျိုး အကန့်အသတ်တွေ မရှိဘူး။

ဒါ့အပြင် ဟိုတုန်းက စော်ဘွားတွေလိုလည်း ယနေ့ခေတ်တိုင်းရင်းသားအင်းအားစုတွေက တစုတစည်းထဲ မရှိပြန်ပါဘူး။ “အိုးတော်လုပ် ဖုတ်ရင်းက မကျက်” ဆိုတာလို စုဖွဲ့လိုက်ကြ ၊ကွဲအက်ကြ ၊ ခွဲထွက်ကြနဲ့ အပိုင်းအပိုင်းအစိတ်စိတ်ဖြစ်နေပါတယ်။

ယနေ့တိုင်းရင်းသားအင်အားစုများရဲ့အနေအထားကိုကြည့်ရင် တည်ရှိမှုအရ အခြေခံအားဖြင့် ၂ ပိုင်းကွဲနေတာကိုတွေ့နိုင်ပါ လိမ့်မယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီများအပိုင်း

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအပိုင်း

တိုင်းရင်းသားနိုင်ငံရေးပါတီများအပိုင်း

ဒီအပိုင်းထဲမှာလည်း ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ပါတီနဲ့ရွေးချယ်ခြင်းမခံရတဲ့ပါတီတွေဆိုပြီး နှစ်ပိုင်းရှိပြန်ပါတယ်။

“၂၁ ရာစုပင်လုံ”မှာ ဘယ်ပါတီတွေ တက်ရောက်ဆွေးနွေးခွင့်ရှိသလဲဆိုတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် လမ်းညွန် ပေးထားတဲ့ မူသဘောထားက “အနိမ့်ဆုံးသက်ဆိုင်ရာပါတီကို ကိုယ်စားပြုသောလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဦးသည် လွှတ်တော် တစ်ရပ် ရပ်၌ရှိရမည်” ဆိုတာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအပိုင်း
ဒီအပိုင်းမှာတော့ အောက်ပါအတိုင်း အကြမ်းဖျင်း ၃ ပိုင်း၊ ပိုင်းလို့ရနိုင်ပါလိမ့်မယ်။

(၁) ဝအဖွဲ့ (UWSP/UWSA) နဲ့ မိုင်းလားအဖွဲ့တို့လို အင်အားအခိုင်အမာရှိတဲ့ အင်အားစုတွေ

(၂) (NCA) စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့

[ “၈ ဖွဲ့” လို့ ဆိုသော်လည်း တိုင်းရင်းသားအရ ဆိုရင် ကရင်၊ ချင်း၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်းဖြစ်ပြီး၊ ပြောလောက်ဆိုလောက်တဲ့ အင်အားရှိတာဆိုလို့ (KNU) နဲ့ (RCSS) လို့ ဆိုရမယ်ထင်ပါတယ်]

(၃) (NCA) စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမပြုသေးတဲ့အဖွဲ့

[ ဒီအထဲမှာလည်း “ကိုးကန့်(MNDAA)၊(TNLA)၊ (AA)တို့ကို ငြိမ်းချမ်းရေးဆွေးနွေးသည့်အထဲ ဖိတ်ခေါ်ရန်မသင့်ကြောင်း၊ ၄င်းတို့နှင့်ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ကြောင်း၊ တကယ်တမ်းလုပ်ရမည်မှာ လက်နက်စွန့်ဖို့ပင်ဖြစ်ကြောင်း” လို့ စစ်တပ်က အပြတ်ပြော ထားပါတယ်]

အစိုးရပိုင် ကြေးမုံသတင်းစာအယ်ဒီတာ့အာဘော် (၂၉ မေ ၂၀၁၆) မှာတော့ အခုလိုဖော်ပြထားပါတယ်။

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ရေး” သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ၂၁ ရာစုပင်လုံညီလာခံဆိုင်ရာ ပထမအခြေခံမူ။

“ဒုတိယအခြေခံမူသည်ပြုပြင်ပြောင်းလဲသင့်သည့်ကိစ္စရပ်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ဘောင် အတွင်းမှ ပြုပြင်ပြောင်းလဲရေး ဖြစ်သည်ဟု ဆိုနိုင်ပါသည်” ဟူ၍ ဖြစ်ပါတယ်။

ဒီအခြေခံမူ ၂ ရပ်လုံး ဖြစ်မြောက်ရေးအတွက်အဖြေက စစ်တပ်က လက်ခံမှ ဖြစ်မယ် ဆိုတာပေါ်လွင်ပါတယ်။ ဘာကြောင့်လဲ။

“၂၁ရာစုပင်လုံဆိုင်ရာ ပထမအခြေခံမူ” ဖြစ်မြောက်ဖို့ရင် (NCA) စာချုပ်မှာပါဝင်လက်မှတ်ရေးထိုးရမယ်လို့ စစ်တပ်က ကြိုတင်စည်းကမ်း သတ်မှတ်ထားလို့ပါပဲ။ ( အဖွဲ့ ၈ ဖွဲ့ထိုးပြီးပြီ၊ ကျန်အဖွဲ့တွေလည်း ဒီလမ်းကြောင်းအတိုင်း လျှောက်ကြလို့ ပြောနေ တာပါ)

သွားစရာလမ်းကစစ်တပ်အလျှော့ပေးလာအောင်/လက်ခံအောင်ဒေါ်အောင်ဆန်းစုကြည်ဖြောင့်ဖြနိုင်မလား(သို့တည်းမဟုတ်) လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ (NCA)စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးလာအောင် စည်းရုံးဆွဲဆောင်နိုင်မလားဆိုတဲ့လမ်းပဲရှိပါတယ်။

“၂၁ရာစု ပင်လုံဆိုင်ရာ ဒုတိယအခြေခံမူ” ဖြစ်မြောက်လာဖို့ဆိုရင်လည်း စစ်တပ်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းရမှာပါ။ ဒါကြောင့် ဒီအခြေခံမူ ၂ ရပ်လုံးအတွက် အဖြေက စစ်တပ်သဘောထားက အခရာပဲ/စစ်တပ်က လက်ခံမှသာဖြစ်မြောက်လာနိုင်စရာရှိ တယ်လို့ ပြောရတာပါ။ ဆိုလိုချင်တာက “၂၁ ရာစု ပင်လုံ” ဖြစ်မြောက်ရေး/မဖြစ်မြောက်ရေးဟာ စစ်တပ်နဲ့ကာချုပ်သဘောထား အပေါ် မှာ အဓိကမူတည်နေပါတယ်။ အဓိကတော့ စစ်တပ်က အသေစွဲကိုင်ထားတဲ့ “ကာချုပ်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ရပ်နဲ့ (NCA)စာချုပ် လက်မှတ်ထိုးရေး” ကိစ္စပါပဲ။

“၂၀ ရာစု ပင်လုံ” မှာ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ဒီလိုမျိုး အခက်အခဲတွေဘေးကြပ်နံကြပ်တွေ မကြုံခဲ့ရပါဘူး။ “၂၁ရာစု ပင်လုံ ”ကျင်းပမယ့် ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်မှာ ဒီလိုမျိုး အကြပ်အတည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပါတယ်။

ဘာပေးပြီး ဘာယူခဲ့သလဲ

နောက်ဆုံးတင်ပြချင်တာတော့ ဗိုလ်ချုပ်အောင်ဆန်းဘက်က တိုင်းရင်းသားတွေကို ဘာပေးပြီး/ဘာယူခဲ့သလဲဆိုတာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းက “ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး” ကို ပြည့်ပြည့်ဝဝအာမခံခဲ့တယ်။ “ ခွဲထွက်လိုက ခွဲထွက်ပိုင် ခွင့်”ပေးခဲ့တယ်။ ဗိုလ်ချုပ်ကွယ်လွန်ခဲ့ပေမယ့်၊ ဒီသဘောထားကို ၁၉၄၇ အခြေခံဥပဒေ၊ အခန်း (၁၀) ခွဲထွက်နိုင်သောအခွင့်အရေး (Right of Secession) အတိအကျထည့်သွင်းပြဋ္ဌာန်းပေးခဲ့တယ်။ လက်တွေ့မှာ ဒီပြဋ္ဌာန်းချက်အတိုင်း ကျင့်သုံးနိုင်ခြင်း ရှိတာ/မရှိတာ တော့ တပိုင်းထားပြီး သုံးသပ်ကြရမှာပါ။

ဒီလိုပေးခဲ့လို့၊ အာမခံခဲ့လို့လည်း “တောင်တန်းနဲ့ပြည်မ အတူတကွ လွတ်လပ်ရေးယူမယ်” ဆိုတဲ့ ပေါင်းစည်းမှုကို (ပင်လုံ စာချုပ်)နဲ့ အရယူနိုင်ခဲ့တာ တနည်းအားဖြင့်ဗြိတိသျှကိုလိုနီနယ်ချဲ့သမားရဲ့သွေးခွဲမှုကို ဖြိုဖျက်နိုင်ခဲ့ပြီး လုံးဝလွတ်လပ်ရေးသို့ ဆိုတဲ့ လမ်း ဖြောင့်တန်းခဲ့တာပါ။

ဒါကြောင့် ဒီချုပ်ပါတီဘက်က (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ဘက်က ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းသားတွေကို စည်းရုံးခဲ့သလို ဘယ်လိုအာမခံချက်ပေးမလဲ။ တိုင်းရင်းသားအင်အားစုတွေဘက်ကတော့ “သီးခြားတိုင်းပြည်ထူထောင်ရေး” ကို စွန့် လွှတ်ခဲ့ကြပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းအာမခံခဲ့တဲ့ “ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဟာ အခရာပါပဲ။ ဒီအထဲမှာ “တန်းတူရေး” ဟာ အဓိက ဘက် အဆုံးအဖြတ်ပေးတဲ့ဘက်ဖြစ်ပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးတွေအကြားမှာ ပြည့်ဝတဲ့ တန်းတူမှုသာတကယ်တန်းရှိတယ်ဆိုရင် “ပြည်ထောင်စု”ကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမလဲဆိုတဲ့ကိစ္စဟာ လက်ဝင်မယ့်ကိစ္စ မဟုတ်နိုင်တော့ ပါဘူး။ (technical issue) ဖြစ်သွားမှာပါ။

တိုင်းပြည်နဲ့လူထုငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံဖြိုးရေးနဲ့တိုးတက်ကြွယ်ဝရေးကို ဦးတည်တဲ့ “ပြည်ထောင်စုပုံစံသစ်”ကို အချိန် အခါ အရ၊ ခေတ်ကာလအခြေအနေအရ ကိုက်ညီစွာ၊ အကျေအလည် ရွေးချယ်သတ်မှတ်နိုင်ကြမှာဖြစ်ပါတယ်။

ကိုယ်လိုချင်တဲ့ ပုံစံတစ်ခုအောက်ကို လက်နက်အင်အားနဲ့ဖြစ်စေ၊ ချော့မြှူအချိုသပ်လို့ဖြစ်စေ သိမ်းသွင်းယူတာမျိုးဟာ တာ ရှည် မခံပါဘူး။

“၂၁ရာစု ပင်လုံ” အတွက် အဓိကအနှောင့်အယှက်၊ အတားအဆီးတွေကတော့ “၂၀၀၈ အခြေခံဥပဒေ၊ ကာချုပ်မူ ၆ ရပ်နဲ့ (NCA)စာချုပ်ထဲက လက်နက်ချရမယ်” လို့ဆိုနေတဲ့အချက်တွေပဲဖြစ်ပါတယ်။

“၂၀ ရာစု ပင်လုံ”က အဓိက ဦးတည်ထိုးနှက်ခဲ့ကြတဲ့ အချက်ဟာ ကိုလိုနီနယ်ချဲ့သမားရဲ့သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ ဖြစ် တယ်ဆိုရင် “၂၁ ရာစု ပင်လုံ” ရဲ့ အဓိကတိုက်ဖျက်ပစ်ရမယ့် ဦးတည်ချက်ဟာ “စစ်အုပ်စုရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး ဘက် ပေါင်းစုံမှာ ထာဝစဉ် ဗိုလ်ကျလွှမ်းမိုးချုပ်ကိုင်ထားရေး” ဆိုတဲ့ အချက်ကလွဲပြီး အခြားဘာမှ မဖြစ်နိုင်ပါဘူး။