လောကပါလ - ဒေါ်နယ့်စိတ်ဓါတ် (၃)



လောကပါလ  - ဒေါ်နယ့်စိတ်ဓါတ် (၃)
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

[၆]

၁၈၂၉ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ဂျွန်ကွင်စီအဒမ် (John Qunicy Adams)၊ ဟင်နရီကလေး (Henry Clay) နှင့် ဝီလျံကရောဖို့ (William Crawford) တို့ကိုဖြတ်၍ အင်ဒရူးဂျက်ဆန် (Andrew Jackson) အနိုင်ရ ခဲ့၏။ သို့သော် ဂျက်ဆန်သည် အများစုမဲအရေအတွက်မရသဖြင့် အောက်လွှတ်တော်တွင် အနိုင်အရှုံးကို ဆုံးဖြတ်ရာ အဒမ် သမ္မတဖြစ်လာခဲ့လေသည်။ အဒမ်က ကလေးကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာ သူတို့နှစ်ဦးအကြား အဂတိပြွမ်းသောအပေးအယူ ပြုလုပ်ခဲ့သည်ဟု ဂျက်ဆန်ကို လိုလားသူတွေက ဒေါသထွက် ခဲ့ကြသည်။ ဝါရှင်တန်မှအကြီးအကဲများ လူထုဆန္ဒကိုမျက်ကွယ်ပြုခဲ့ကြသည်ဟု ယုံကြည်ခဲ့ကြ၏။ လူထု မကျေနပ်မှုလှိုင်းလုံးကြီးက ဂျက်ဆန်ကိုနောက်လေးနှစ်အကြာ၌အောင်မြင်မှုဆီ တွန်းပို့ခဲ့ပြီး အမေရိကန်နိုင်ငံရေး လောကတွင် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်စေခဲ့၏။ အနောက်ဘက်သား လယ်သမားများနှင့် နယ်စပ်ဒေသခံတို့၏ ယုံကြည်ကိုးစားခြင်းခံရသူ ဂျက်ဆန်မှာ မျက်နှာကြီးအမျိုးအနွယ်မဟုတ်သည့် ပထမဦးဆုံး သမ္မတဖြစ်လာခဲ့သည်။ သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်သည့်အခမ်းအနားသို့ လက်လုပ်လက်စား များအား ဖိတ်ကြားခဲ့သည့် တစ်ဦးတည်းသော သမ္မတလည်းဖြစ်၏။ တက်ရောက်လာသော လူအုပ်ကြီးထံမှ ရွှံ့ညွံများ အိမ်ဖြူတော်အတွင်း တင်ကျန်ရစ်ပြီး ပုဂံခွက်ယောက်များနှင့်အလှဆင်ပစ္စည်းများ ကွဲရှပျက်စီးကုန် သည့်အပေါ် နိုင်ငံရေးထိပ်သီးများ စိတ်ချောက်ခြားကြရသလို အတွင်းသိ ဝါရှင်တန်သားတို့ကလည်း ရှုတ်ချခဲ့ ကြသည်။

သူတို့က ဂျက်ဆန်ကို စိတ်ဆတ် မိုက်ရိုင်း ထုံထိုင်းထိုင်း လူတစ်ယောက်အဖြစ်မြင်ကြ၏။ ရန်ဘက်တွေကသူ့ကို ငတုံး (Jackass) ဟု ထုံထုံအအ မြည်းတစ်ကောင်နှင့်ခိုင်းနှိုင်းအမည်ပေး၍ခေါ်ကြရာ နောင်တွင်ထိုမြည်းပုံမှာ ဒီမိုကရက်ပါတီ၏ အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။ ၁၈၂၄ ခုနှစ်အတွင်း အမေရိကန်လွပ်ရေးဖခင်ကြီး သောမတ် ဂျက်ဖာဆန် (Thomas Jefferson) နှင့် အောက်လွှတ်တော်အမတ် ဒင်နီယယ်ဝဘ်စတာ (Denail Webster) တို့စကားစမြည်ပြောကြစဉ် ဂျက်ဖာဆန်က ဂျက်ဆန်သည် သူတွေ့ဘူးသမျှ အမေရိကန်သမ္မတအဖြစ်နှင့် မသင့်တော်ဆုံးသူတွေထဲမှ တစ်ယောက်ဖြစ်သည်ဟုပြောဘူးသည်။ အမြဲတန်းဒေါသနှင့်ဆို့နင့်ပြီး လူယဉ်ကျေး တစ်ယောက်လိုစကားမပြောတတ်သောကြောင့် အန္တရာယ်ရှိကြောင်းဖေါ်ပြခဲ့၏။ တိုင်းတစ်ပါးခေါင်းဆောင် တစ်ဦးဦး၏ အသေးအဖွဲရန်စမှုသည်ပင် စစ်ကြေညာသည်အထိ ဂျက်ဆန်အားတွန်းပို့လိုက်နိုင်သည်ကို ဂျက်ဖာဆင်က စိုးရိမ်လေသည်။ ဂျက်ဆန်၏ သူငယ်ချင်းများနှင့် သူ့ကိုလေးစားကြသူများပင်လျှင် ပေါက်ကွဲ လွယ်သော သူ့ဒေါသကိုကြောက်ကြ၏။ တစ်ယောက်ချင်းတိုက်ခိုက်ရသည့်ရန်ပွဲပေါင်း ၁၄ ပွဲကိုနွှဲခဲ့သူ ဂျက်ဆန် သည် ခန္ဓာကိုယ်အနှံ့အပြားခိုအောင်းကျန်ရစ်သော ကျည်စများနှင့်ပြည့်နှက်နေသူလည်းဖြစ်၏။ သူက သမ္မတ သက်တန်းအတွင်း ပြိုင်ဘက်ဟင်နရီကလေးကို သေနပ်နှင့်မပစ်လိုက်ရခြင်းနှင့် ဒုသမ္မတဟောင်းဂျွန်စီကာဟွန်း (John C. Calhoun) ကို ကြိုးမပေးလိုက်ရခြင်းတို့အတွက်သာလျှင်နောင်တရသည်ဟု ထုတ်ဖေါ်ဝန်ခံခဲ့ လေသည်။

အင်ဒရူးဂျက်ဆန်နှင့် ဒေါ်နယ်ထရန့်တို့ တူညီသောအချက်မှာ ရန်လိုစိတ်နှင့်ဝါရှင်တန်အသိုင်းအဝန်းပြင်ပမှ ဖြစ်ကြခြင်းတို့၌သာလျှင် ရပ်တန့်သွားသည်မဟုတ်ချေ။ သြဇာရှိသောလူမှုရေးဇာတ်လိုက်များအဖြစ် သူတို့နှင့် သူတို့ကိုကြည်ညိုသောပရိဿတ်များအကြား သက်ဝင်လှုပ်ရှားအင်အားတစ်ရပ် ဖန်တီးနိုင်စွမ်းအားတွင်လည်း တူညီကြသည်။ မျှမျှတတပြောရလျှင် ဂျက်ဆန်ကိုသူ့နိုင်ငံရေးပြိုင်ဘက်တွေ ကြောက်ရွံ့ကြသည်မှာလည်း ထို အင်အားပင်ဖြစ်လေသည်။ ဂျက်ဆန်အဟောအပြောကောင်းသည်ကိုသိသောကြောင့်သာ သူတို့ကဂျက်ဆန်ကို “သူပုန်ကြီး” (King of Mob) ဟု ခေါ်ကြခြင်းဖြစ်သည်။ ဂျက်ဆန်သည် ကျော်ကြားသော ဒေါသကုမ္မာရတစ်ဦး ဖြစ်သည်ဟု သူတို့ယုံကြည်ကြ၏။ လူထု၏အညှာလွယ်မှုကို ရေလာမြောင်းပေးလုပ်တတ်သော တောင်ပေါ်သား ဆံပင်ကြမ်းကြမ်း လူကြမ်းကြီးပင်ဖြစ်သည်။ လူမှုရေးသိပ္ပံပညာရှင်များ သက်ဦးဆံပိုင်ကိုယ်ရည်ကိုယ်သွေး၏ သဘောသဘာဝနှင့် သက်ဦးဆံပိုင်ခေါင်းဆောင်များအကြောင်းကိုရှင်းလင်းမပြနိုင်မီ နှစ် ၁၀၀ ခန့်ကပင် ဂျက်ဆန်ကိုအမနာပပြောသူတို့သည် ဒေါသထွက်နေသောလူအုပ်ကြီး၏ ကျောထောက်နောက်ခံရှိလာခဲ့လျှင် နာမည်ကြီးသူကြီး ဘာလုပ်မည်ကို တွေးတောကြောက်ရွံ့နေကြရသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းနှင့် စစ်ပြီးကာလတို့၌ စိတ်ပညာရှင်များသည် သက်ဦးဆံပိုင်ကိုယ်ရည်ကိုယ်သွေးကို ရိုးရာစံနှုံးအပေါ်စွဲလမ်းမှုများ ထိုစံနှုံးများအားဖန်တီးစောင့်ရှောက်သည့်အာဏာပိုင်ထံ အောက်ကျို့ခြင်းများနှင့် စံနှုံများအားစိမ်ခေါ်သူ သို့မဟုတ် စံနှုံးပြင်ပရောက်သူများအားရွံရှာမုန်းတီးခြင်း စသည်တို့တွင်ဝဲလည်နေသည့် အမူအကျင့်နှင့်တန်ဘိုးပါ ပုံစံတစ်မျိုးအားဖြင့် သတ်မှတ်ခဲ့ကြ၏။ အမေရိကန်လူဖြူများအတွင်း သက်ဦးဆံပိုင် ကိုယ်ရည်ကိုယ်သွေးမြင့်မားသူများမှာ လိင်တူနှစ်ခြိုက်သူများ၊ အာဖရိကန်အမေရိကန်ကပြားများ၊ ရွေ့ပြောင်း အခြေစိုက်လာကြသူများနှင့် မွတ်စလင်များစသည့် သင်းကွဲအုပ်စု (Out-groups) တို့အပေါ်တွင် ဆန့်ကျင် အမြင်စောင်းသူများ ဖြစ်ကြလေသည်။ ဤဝါဒ၌ လူသားဘဝနှင့်အနုပညာများအပေါ်ထားရှိသောသံသယ၊ လှေနံဓားထစ်စိတ်ထား၊ စစ်သွေးကြွစိတ်ဓာတ်နှင့် ခရစ်ယာန်ဘာသာရေးအစွန်းရောက်မှုတို့ ပေါင်းစပ်ပါဝင် ကြ၏။

သက်ဦးဆံပိုင်အယူဝါဒအပေါ် တိမ်းညွှတ်သူတစ်ဦးချင်းစီတို့သည် သူတို့၏ဘဝရပ်တည်ရေးကိုခြိမ်းခြောက်ခံနေ ရသည်ဟု မြင်လာသည့်အခါ သူတို့ဘဝကိုကယ်တင်မည်ဟု ကတိကဝတ်ပေးထားသော ဒေါ်နယ်ထရန့်လို အားကောင်းမောင်းသန် ခေါင်းဆောင်မျိုးထံ ချဉ်းကပ်တတ်ကြ၏။ နိုင်ငံရေးသိပ္ပံပညာရှင် မက်သယူးမက်ဝီလျံ (Mathew MacWilliams) မကြာမီကကောက်ယူခဲ့သော အမျိုးသားစစ်တမ်းတစ်ခုတွင် သက်ဦးဆံပိုင် ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုသည် ဒေါ်နယ်ထရန့်ကိုထောက်ခံစေသည့်တစ်ခုတည်းသော အခိုင်မာဆုံးနိမိတ်ပြ လက္ခဏာအဖြစ် ထွက်ပေါ်လာခဲ့သည်။ ထရန့်ပေးခဲ့သော မက္ကဆီကိုဘက်မှ တရားမဝင်ခိုးဝင်သူများကို ပိတ်ပင်ရန် တံတိုင်းကြီးတည်ဆောက်ပေးမည့်ကတိနှင့် မွတ်ဆလင်နှင့်အခြားပြင်ပမှဝင်ရောက်လာသူများကို တားဆီးရန်အစီအမံများ ရိုက်ခတ်လှုပ်ရှားလာသည့်သဘောဟု ယူသော်ရနိုင်သည်။

[၇]

လူမှုရေးစိတ်ပညာရှင် ဂျက်ဆီဂရေဟန် (Jesse Graham) မှတ်ချက်ပြုသကဲ့သို့ပင် ထရန့်က ရှေးဟောင်း အကြောက်တရားတစ်ခုဖြစ်သော ‘ကူးစက်မှာ’ ကိုကြောက်ရွံ့ဘို့သိမ်းသွင်းနေခြင်းသာဖြစ်၏။ ကပ်ပါးများ အဆိပ် အတောက်များ အခြားမသန့်ရှင်းမှုများကို သင်းကွဲအုပ်စုများနှင့် ထပ်တူပြုနိုင်းယှဉ်ပြခြင်းဖြစ်လေသည်။ ထရန့် တစ်ယောက် ပိုးမွှားများကိုကြောက်တတ်ခြင်း ခန္ဓာကိုယ် (အထူးသဖြင့် မိန်းမများ) မှ ထွက်ပေါ်သော အရည် ဟူသမျှကို ရွံရှာတတ်ပုံပေါ်ခြင်း တို့မှာ စိတ္တဗေဒဆိုင်ရာတိုက်ဆိုင်မှုတစ်ရပ် မဖြစ်နိုင်ချေ။ ဖေါက် (Fox) သတင်း ဌာနမှ မက်ဂျင်ကယ်လီ (Megyn Kelly) ကို “တစ်ကိုယ်လုံး နေရာအနှံ့သွေးတွေယိုစီးနေတဲ့မိန်းမ” ဟု သူဝေဖန် ခဲ့ပုံမှာ ကမ္ဘာကျော်သွားသလို ဒီမိုကရက်စကားရည်လုပွဲတစ်ခု၌ ဟီလာရီကလင်တန် ရေအိမ်ဝင်ဘို့ ခေတ္တ အနားပေးရသည့်သတင်းအား “ရွံစရာကြီး” ဟု ထပ်ခါတလဲလဲပြောခဲ့ခြင်းဖြင့် သူ့စရိုက်ကိုလှစ်ဟပြခဲ့၏။

သက်ဦးဆံပိုင်ခွင့်သည် သင်းတူအုပ်စု (In-Groups) ကို ကောင်းမွန်သန့်ရှင်းလုံခြုံစေခြင်းအလို့ငှါ ကောင်းသော အရာတွေသိမ်းဆည်းပြီး မကောင်းသည်များကို ပ ထုတ်ပစ်ရန်အတွက်ဖြစ်လေသည်။ ၁၈၂၀ခုနှစ်များက ဂျော်ဂျီယာပြည်နယ်အတွင်းသို့ လာရောက်အခြေချသူလူဖြူအပေါင်းတို့သည် အမေရိကန်အင်ဒီးယန်းများ၏ ရန်ကို အမြဲတစ်စေ စိုးရွံ့ထိတ်လန့်လျက်နေကြရ၏။ သူတို့တစ်တွေက ဖက်ဒရယ်အစိုးရအပေါ် အဆိုပါ အသက်ဘေးခြိမ်းခြောက်မှုကြီးနှင့် ညစ်ထေးသောစာရိတ္တကူးစက်မှုကြီးတို့မှ လုံခြုံအောင်ဆောင်ကြဉ်းမပေးကြ သည့်အတွက် ကျေနပ်မှုမရှိချေ။ ထိုအတွက် သမ္မတဂျက်ဆန်သည် အင်ဒီးယန်းဖယ်ရှားရေးဥပဒေ (Indian Removal Act) ပြဌာန်းချက်များကိုအတင်းအကျပ်ကျင့်သုံးစေခြင်းဖြင့် အမေရိကန်အင်ဒီးယန်း ၄၅၀၀၀ တို့အား အဓမ္မရွှေ့ပြောင်း နေရာချထားပေးခဲ့၏။ ဂျော်ဂျီယာမှ အိုကလာဟိုးမား နယ်မြေများအထိ ဆက်သွယ်သော မျက်ရည်လမ်းကြောင်း (Trail of Tears) အတွင်း ချာရော့ကီး (Cherokee) အင်ဒီးယန်း ၄၀၀၀၀ ကျော် တိမ်းပါးခဲ့ရသည်။

သုံးကြိမ်သုံးခါအိမ်ထောင်ကျခဲ့ပြီး အပြောဆိုးသည့် ထရန့်က မျက်နှာဖြူအမေရိကန် ဧဝံဂလိ ခရစ်ယာန်တွေကို ဘာကြောင့်များ သည်လောက်ဆွဲဆောင်မှုရှိနေပါလိမ့်ဟူသောအမေးကို အမေရိကန်အနွယ် သက်ဦးဆံပိုင်ဝါဒ ဖြင့်ရှင်းပြနိုင်သည်။ ဖေဖေါ်ဝါရီလအတွင်း ဂျယ်ရီဖေါ်ဝဲ(ဂျူနီယာ) (Jerry Falwell Jr.) က နယူးယောက်တိုင်း သတင်းစာအားပြောခဲ့သလို “အိုင်းစစ် (ISIS) တို့ကမြို့ကြီးအချို့ကိုဖေါက်ခွဲလိုက်လျှင်ဖြစ်စေ နယ်စပ်တွေကို ခိုင်ခံ့အောင်ဆောင်ရွက်နိုင်ခြင်းမရှိလျှင်ဖြစ်စေ အစဉ်အလာမိသားစုတန်ဘိုးများနှင့် ပဋိသန္ဓေဖျက်ချမှုစသည့် လူမှုရေးပြဿနာအားလုံး ဆင်ခြေဆင်လက်တွေသာဖြစ်သွားပေလိမ့်မည်”။ ဧဝံဂလိဘာသာဝင်အားလုံး ကြီးကြီး ငယ်ငယ် တိုင်းပြည်ကိုကာကွယ်ဘို့ ကြိုးစားနေကြသည် ဟု ဖေါ က ဆို၏။ ကယ်တင်ခံရခြင်းဟူသည် ဧဝံဂလိအဝန်းအဝိုင်း၌ အထူးတလည်ပဲ့တင်ထပ်သောသဘော တစ်ခုဖြစ်၏။ ဒုစရိုက်နှင့် အပြစ်များမှ ကယ်တင် ခံရခြင်းဖြစ်သည် မှန်သော်လည်း ဖေါက်ပြန်ပျက်စီးအန္တရာယ်ကြီးမားသော ကမ္ဘာ့အညစ်အကြေးများ၏ ခြိမ်းခြောက်မှုများမှ ကယ်တင်ခံရခြင်းလည်းမည်သည်။

တစ်ခါက ကျွန်ုပ်နှင့်ကျွန်ုပ်၏သုတေသနပြုဖေါ်များ နိုင်ငံရေးတွင်ရှေးရိုးဆန်သော ခရစ်ယာန်များအား မေးခွန်း ထုတ်ခဲ့ဘူးသည်။ ထိုသူများသည် အဆင့်မြင့်သက်ဦးဆံပိုင်ဝါဒီများဖြစ်ကြပြီး မေးခွန်းမှာ အကယ်၍ ကိုးကွယ် ယုံကြည်စရာ ဘာသာတရားကိုသာမတွေ့ရှိခဲ့လျှင် သူတို့၏ဘဝများမည်သို့ရှိချိမ့်မည်ကို စဉ်းစားမိပါသလား ဟူ၍ ဖြစ်၏။ အများအပြားဖြေဆိုပုံမှာ ကမောက်ကမနိုင်လှသည်။ မိသားစုပြိုကွဲမည်။ အမုန်းတရားနှင့် သစ္စာမဲ့မှုများ ပြန့်ပွားမည်။ မြို့ကြီးများ မီးဘေးသင့်မည်။ ရင်ထဲမှာငရဲခေါ်သံတွေ ဗလောင်ဆူမည်။ ဘာသာတရားကိုင်းရှိုင်းမှု ချင်းအတူတူ အဆင့်နိမ့်သက်ဦးဆံပိုင်ဝါဒီတို့ကမူ ဘာသာမဲ့ကမ္ဘာကို လမျက်နှာပြင်ကဲ့သို့ ခြောက်သယောင်းပြီး အပျော်ကင်းမဲ့ အရာရာဆိတ်သုဉ်းသည့် ဖုန်းဆိုးတော အဖြစ်ဖေါ်ပြခဲ့ကြလေသည်။ သက်ဦးဆံပိုင်ခရစ်ယာန်တို့ အဖို့ ပြင်းပြသောယုံကြည်ချက်သည် အားကြီးသောခေါင်းဆောင်ကဲ့သို့ပင် ကြောက်ရွံ့ခြင်းနှင့် ပဋိပက္ခများကို နှိမ်နင်းပြီး အရှုပ်အထွေးများမှကယ်တင်လိမ့်မည်။ ပဋိသန္ဓေဖျက်ချသည့်ကိစ္စ၌ သူ့အဖြေတွေ ဝေဝါး ကြမ်းတမ်း သူ့ကိုယ်သူအမွှမ်းတင်လွန်းသည့်တိုင် ဒေါ်နယ်ထရန့်သည်သူတို့အတွက် ကယ်တင်ရှင်ဖြစ်လေ၏။

မြောက်ကရိုလိုင်းနားဒေသ ရာလေး (Raleigh) မြို့၌် ဒီဇင်္ဘာလအတွင်းပြုလုပ်ခဲ့သောမဲဆွယ်ပွဲတွင် ထရန့်က “ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်တော့မယ်” “တစ်ကယ့်အန္တရာယ် ကျရောက်နေပြီ” စသည်ဖြင့် ထပ်တစ်လဲလဲ ပြောဆိုရင်း အကြောက်တရားတွေကို နှိုးဆွခိုက် ၁၂ နှစ်အရွယ် ဗာဂျီးနီးယားသူလေးတစ်ဦးက “ကျွန်မ ကြောက်တယ် ဒီတိုင်းပြည်ကို ကာကွယ်ဘို့ ဦးလေးက ဘာလုပ်ပေးမှာလဲ” ဟုမေး၏။

ထရန့်ကပြန်ဖြေသည်။ “သိတယ်မို့လား သမီး”၊ “သမီးကြောက်စရာမလိုတော့ဘူး၊ သူတို့တွေသာ ကြောက်ကြရ တော့မှာ”။

[ဆက်လက်ဖေါ်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခ တစ်ဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။

ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါသည်။