ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခွန်းမတ်ရ်ကိုဘန် - ၁၉၄၇-ခုနှစ် ပင်လုံညီလာခံ မှ ၂၁-ရာစုပင်လုံညီလာခံဆီသို့ (အပိုင်း ၁)

art - than htay maung


ခွန်းမတ်ရ်ကိုဘန် - ၁၉၄၇-ခုနှစ် ပင်လုံညီလာခံ မှ ၂၁-ရာစုပင်လုံညီလာခံဆီသို့ (အပိုင်း ၁)
(မိုးမခ မှတ်စုမှတ်တမ်း) ဇွန် ၃၊ ၂၀၁၆


(စာရေးသူ ပြုစုထားသော စာတမ်းကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်)

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁-ရာစုပင်လုံညီလာခံကျင်းပရေးနှင့်ပတ်သက်၍ ထုတ်ဖော်ညွှန်ကြားလာသည့်အပေါ် တိုင်းရင်းသားပြည်သူများက ကြိုဆို ကြ မည် ဖြစ်သည်။

၂၁-ရာစုပင်လုံညီလာခံဟူ၍ခံယူထားသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များချုပ်ဆို ထားသောပင်လုံစာချုပ်နှင့်၊ ချမှတ်ထားသည့်ပဋိညာဉ်အခြေခံမူများ၊ ကတိကဝတ်များကိုအခြေခံထားပြီး ညီလာခံကြီးကို ကျင်းပသွားလိမ့်မည်ဟု တိုင်းရင်းသားပြည်သူများတို့က မျှော်လင့်ယုံကြည်ကြမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် ပင်လုံစာချုပ် ချုပ်ဆိုပြီး ပြည်ထောင်စုစိတ်ဓာတ် အင်အားဖြင့် လွတ်လပ်ရေးရရှိလာသည်မှာ နှစ်ပေါင်း(၇၀)နီးပါးရှိပြီး ဖြစ်သည်။ သို့ရာတွင် တိုင်းပြည်အုပ်ချုပ်သောအစိုးရ အဆက်ဆက်သည် တိုင်းပြည်၏ အသက်သွေးကြောတမျှ အရေးကြီးသည့် ပင်လုံစာချုပ်၊ ပင်လုံ ပဋိညာဉ်အခြေခံမူများ၊ ကတိကဝတ်များနှင့်ပတ်သက်၍ စာအုပ်စာတမ်းများစနစ်တကျပြုစုပြီးထုတ်ဝေခြင်း၊ အသိပညာပေးခြင်း မရှိခဲ့ပါ။ သို့ဖြစ်ပါ၍ တိုင်းရင်းသားပြည်သူများ လေ့လာသိရှိနိုင်ရန်နှင့် ညီလာခံအတွက် တထောင့်တနေရာမှအထောက်အကူပြုနိုင်ရန် ရည်သန် လျက် ရှင်းလင်းချက်အနည်းငယ်ဖြည့်စွက်ပြီး ပင်လုံစာချုပ်နှင့်ပတ်သက်သော သမိုင်းမှတ်တမ်းဝင်သည့် စာချုပ်စာတမ်းများ အပိုင်း(၃)ပိုင်းကို မူရင်းစာသားပါအတိုင်း ဖော်ပြလိုက်ပါသည်။

ပင်လုံစာချုပ်အပြည့်အစုံမှာ-

အပိုင်း(၁) တပြိုင်တည်းလွတ်လပ်ရေးရယူရေးဆိုသည်မှာ - ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များတို့က ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်(၇)ရက်နေ့ ပင်လုံတွင် သဘောတူထားသည့်အချက်(၅)ချက်နှင့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပင်လုံစာချုပ်တွင် ပါရှိသောအချက်(၉)ချက်တို့ ဖြစ်သည်။

အပိုင်း(၂) လွတ်လပ်ရေးရရှိပြီးပါက တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ဆိုသည်မှာ - ရန်ကုန်မြို့၊ ဂျူဗလီခန်းမကြီး၌ ၁၉၄၇-ခုနှစ်၊ မေလ (၂၃-၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော တိုင်းပြုပြည်ပြု ဖဆပလ ပဏာမညီလာခံသဘင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ၌ လိုအပ်သောအခြေခံ ထားရှိရမည့်မူများ၊ ကျောရိုးများချမှတ်နိုင်ရန် ချမှတ်ထားသောအခြေခံထားရှိရမည့်မူ (၁၄) ချက်မှတ်တမ်းနှင့် ၁၉၄၇-ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ထားရှိရမည့် အခြေခံမူ (၄) ချက်နှင့် လမ်းညွှန်ချက်(၇) ချက် သဘောတူညီချက် မှတ်တမ်းများတို့ ဖြစ်သည်။

အပိုင်း(၃) ပင်လုံကတိကဝတ်များဆိုသည်မှာ- ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများနှင့် တိုင်းပြုပြည်ပြုလွှတ်တော်တွင် အရေး ကြီသော ဆွေးနွေးဖြေကြားသည့် သမိုင်းဝင်မှတ်တမ်းများတို့ ဖြစ်သည်။

အပိုင်း(၁) တပြိုင်တည်းလွတ်လပ်ရေးရယူရေး

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် သီးခြားစီတည်ရှိသော ဗမာပြည်မ(Burma Prop- er) နယ်မြေ၊ ရှမ်းပြည်ထောင်စု (Federated Shan States) နယ်မြေ၊ ကချင်တောင်တန်းဒေသ (Kachin Hill Tracts) နယ် မြေနှင့် ချင်းတောင်တန်းဒေသ (Chin Hill District) နယ်မြေ(၄)ခုကိုကိုယ်စားပြုကြပြီး အမြော်အမြင်ကြီးမားစွာဖြင့် တိုင်ပင် ဆွေးနွေးအပေးအယူလုပ်ကြရာမှ-

၁။ သီးခြားစီတည်ရှိသော နယ်မြေများ တပြိုင်တည်း လွတ်လပ်ရေးရယူရန်၊

၂။ လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံတော် တည်ထောင်သွားရန် ဖြစ်သည်။


ပင်လုံစာချုပ်အခြေခံမူများ
အနာဂတ်ပြည်ထောင်စုမဖွဲ့စည်းမီ ကြားဖြတ်ကာလအတွက် ဗမာပြည်မနှင့် ဘယ်ပုံဘယ်နည်းပူးပေါင်း ဆက်သွယ် မည်ကို ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ(၆-၇)ရက်နေ့ပင်လုံတွင်ကျင်းပသော ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းလူထု ကိုယ် စားလှယ်များ၊ ကချင်ခေါင်းဆောင်များ၊ ချင်းခေါင်းဆောင်များပါဝင်သောအစည်းအဝေးက အောက်ပါအတိုင်း ဆုံးဖြတ်ကြ သည်။

နယ်စပ်ဒေသခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စုဖွဲ့စည်းရေးနှင့်ပတ်သက်၍ တိုင်းပြုပြည်ပြုလွှတ်တော် သို့တက်ရောက်ရန် တညီတညွှတ်တည်း သဘောတူကြသည်။

ရှမ်းနှင့် ကချင်ကော်မတီအစည်းအဝေးက ဗမာပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်းနှင့် ကချင်တို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာရရှိမည်ဟု ယုံကြည်သည့်အလျောက် အကူးအပြောင်းကာလတွင် ဗမာပြည်မအစိုးရအမှု ဆောင်ကောင်စီ၌ ပါဝင်ဆောင်ရွက်ရန်အတွက် မိမိတို့လူမျိုးအသီးသီးကိုယ်စားလှယ်များကို အောက်ပါအချက်အလက်များ အရ ပို့လွှတ်မည်။

(၁) ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။

(၂) အမှုဆောင်ကော်မတီတွင်ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုး အသီးသီး၏ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြား ရေး၊ မီးရထား၊ အကောက်တော် အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံးစုပေါင်း တာဝန်ယူဆောင် ရွက်ကြရမည်။

(၃) ကချင်တို့က သီးခြားကချင်ပြည် အလိုရှိကြောင်းတောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။

(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ အောင်ဆန်း-အက်တလီစာချုပ်သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်း မရှိစေရ။

(၅) လွတ်လပ်ရေးရပြီးသည့်နောက် ဗမာ “ပြည်ထောင်စု” မှ ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက် ခွင့် ရှိစေမည်။

(က) ဗဟိုအခွန်တော်ငွေနှင့်စပ်လျဉ်း၍ ရှမ်းတို့ခံစားရသော အခွင့်အရေးနှင့် ရပိုင်ခွင့်အားလုံးတို့အတိုင်း ချင်းနှင့် ကချင်တို့ ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်ရှိခဲ့သော် ဗမာပြည်အခွန်တော်ဆက်ငွေများမှ ဖြည့်တင်းသုံးစွဲရမည်။

(ဂ) ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားများ စည်းလုံးညီညွှတ်ရေးအဖွဲ့ ဦးစီးအမှုဆောင် ကောင်စီတရပ်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် ဗမာပြည် အစိုးရ တို့အကြားတွင် ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာကိစ္စရပ်အားလုံးနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာ အပြည့်အစုံ ရှိရမည်။

လက်မှတ်ရေးထိုးကြသူများ-
ရှမ်းကော်မတီ (၁၄) ဦး၊ ကချင်ကော်မတီ(၆) ဦး၊ ချင်းကော်မတီ (၃) ဦး

အထက်ပါ ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် ဆုံးဖြတ်ပြဋ္ဌာန်းသည့်အတိုင်း ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သော ဗမာ့ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းရန် အောက်ပါပုဂ္ဂိုလ်များပါဝင်သော ဆပ်ကော်မ တီသို့ တာဝန်လွှဲအပ်လိုက်သည်။

(၁) ဦးကြာပု (ရှမ်း)

(၂) မိုင်းပွန်စော်ဘွားကြီး (ရှမ်း)

(၃) ဆမားဒူးဝါးဆင်ဝါးနောင် (ကချင်)

(၄) ဒူးဝါးဇော်လွန်း (ကချင်)

(၅) ဦးလွှာမှုန်း (ချင်း)

(၆) ဦးသောင်ဇာခပ် (ချင်း)

ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် တောင်တန်းဒေသများက ဗမာပြည်မနှင့်တပြိုင်တည်း လွတ် လပ်ရေးရယူရန် မိမိတို့သဘောတူညီချက်များကို ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် အပြီးပြင်ဆင်ထားပြီးဖြစ်၍ ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များ သဘောတူညီချက်သည် သမိုင်းဝင်ပင်လုံစာချုပ်ကြီး၏ရှေ့ပြေးအခြေခံအချက်များပင် ဖြစ်သည်။ ပင်လုံစာချုပ်၏ပဋိညာဉ်အခြေခံအချက်များလည်း ဖြစ်ပေသည်။

၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ပင်လုံသို့ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာခေါင်းဆောင်များနှင့် အတူ ဗြိတိသျှအစိုးရကိုယ်စားလှယ် မစ္စတာဘော်တွမ်လေတို့ ရောက်ရှိလာရာ ဗမာပြည်မနှင့် နယ်စပ်ဒေသပူးပေါင်းရေး ပြဿနာမှာ အထူးတလည်ဆွေးနွေးစရာမလိုတော့ဘဲ ပြီးစီးသလောက်ပင် ဖြစ်ပေသည်။ နယ်စပ်ဒေသကိုယ်စားလှယ်များ ၏ ဆုံးဖြတ်ချက်များကို အချောကိုင်လိုက်ခြင်းဖြင့် ပင်လုံစာချုပ်ကြီး ပေါက်ဖွားလာလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် ရှမ်း၊ ကချင်၊ ချင်းသဘောတူညီချက် (၅) ချက် အပေါ် အမြော်အမြင်ကြီးမားစွာဖြင့် ဖေဖော်ဝါရီ (၈-၉) ရက်များတွင် ကြိုတင်ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြရာ သဘောတူညီ နိုင်မည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်အစိုးရကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကြီးများ၊ ရှမ်းပြည်လူထုကိုယ်စားလှယ်များ၊ ကချင်ဒူးဝါး ကြီးများ၊ ကချင်လူထုကိုယ်စားလှယ်များနှင့် ချင်းတောင်တန်းဒေသမှ ခေါင်းဆောင်များသည် ပင်လုံညီလာခံကြီးကို စတင် ကျင်းပနိုင်ခဲ့သည်။

၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့ ပင်လုံညီလာခံကြီး စတင်ကျင်းပလျှင်ကျင်းပခြင်း ဗိုလ်ချုပ်အောင်ဆန်း ကမိန့်ခွန်းပြောကြားရာမှာ တောင်တန်းနယ်များအား ဗြိတိသျှအုပ်ချုပ်သည်ကို ဗမာများက မကြိုက်ကြောင်း၊ ဗမာများသည် တောင်တန်းဒေသအတွက် ပြောဆိုခြင်းမှာ ဗမာပြည်နှင့်တန်းတူအဆင့်အတန်း၊ အခွင့်အရေး ရစေလိုသောကြောင့် ဖြစ် ကြောင်း၊ ဗမာလူမျိုးသည် ဗြိတိသျှကျွန်မဖြစ်လိုကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများ ဗြိတိသျှကျွန်ဖြစ်သည်ကို ဗမာ က မကြိုက်ကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများသည် ဗမာကျွန်အဖြစ်မဖြစ်စေရကြောင်း ရှေးဦးစွာပြောကြားသွား သည်။

ထို့နောက် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်ကြီးများ၏ သဘောတူညီဆုံးဖြတ်ချက်များ (၅)ချက်အပေါ် တချက်ချင်း အလိုက် အောက်ပါအတိုင်း ပြန်လည်ဆွေးနွေးရှင်းလင်း တင်ပြသွားသည်။

၁။ ဆုံးဖြတ်ချက်(၁)နှင့်ပတ်သက်၍ ဗမာတို့နှင့်အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျခံစားခွင့် ရှိစေရမည်ဆိုသည့်အချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးနောက် ဗမာနိုင်ငံတွင် အဆင့်အ တန်းခွဲခြားခြင်းမရှိစေရန်နှင့် အားလုံးတန်းတူရည်တူခံစားခွင့်ရရှိစေရန် အစည်းအဝေးကြီးတွင် အာမခံချက်ပေးကြောင်း ပြောကြားလိုက်ရာ ကိုယ်စားလှယ်များက တခဲနက် သြဘာပေးကြသည်။

၂။ ဆုံးဖြတ်ချက (၂) နှင့်ပတ်သက်၍ မူအားဖြင့်လက်ခံပြီး အထူးပြောစရာမရှိကြောင်း ပြောကြားသည်။ ကိုယ်စားလှယ်အား လုံးကလည်း ထပ်မံဆွေးနွေးကြခြင်း မရှိချေ။

၃။ ဆုံးဖြတ်ချက် (၃) နှင့်ပတ်သက်၍ ကချင်တောင်တန်းဒေသတွင် အကျုံးမဝင်သည့် မြစ်ကြီးနား၊ ဗန်းမော်ခရိုင်နှင့်ကသာ မြေပြန့်ဒေသများမပါဘဲ ကချင်ပြည်ဟု ပြည်နယ်တခုအဖြစ်ရပ်တည်နိုင်လိမ့်မည်ဟုမိမိမယုံကြည်ကြောင်း၊ သို့သော် မိမိ အနေဖြင့် လုပ်ပိုင်ခွင့်မရှိသော်လည်း ကချင်လူမျိုးများ လိုလားတောင့်တလျက်ရှိသည့် ကချင်ပြည်နယ် ဖြစ်လာရေးကို လေးစား၍ မူအားဖြင့် မိမိထောက်ခံကြောင်း၊ ယင်းကိစ္စကိုလည်း ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်၌ကျင်းပ မည့် ဖဆပလညီလာခံတွင် မိမိကိုယ်တိုင် အဆိုတင်သွင်းမည်ဖြစ်ကြောင်းပြောကြားရာ ကိုယ်စားလှယ်များက တခဲနက် သြဘာပေးကြသည်။

၎။ ဆုံးဖြတ်ချက် (၄) နှင့်ပတ်သက်၍ အောင်ဆန်း-အက်တလီစာချုပ်ကို လက်ခံခြင်းမပြုဟူသောကိစ္စမှာ ယခုဆွေးနွေးနေ သည့်ကိစ္စနှင့် စပ်ဆိုင်ခြင်းမရှိသဖြင့် ဝေဖန်ဆွေးနွေးရန်မလိုကြောင်း ပြောကြားသွားသည်။

၅။ ဆုံးဖြတ်ချက် (၅) ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက မူအားဖြင့်လက်ခံပြီး ဤအစည်းအဝေးက ဆုံးဖြတ် နိုင်မည်မဟုတ်ကြောင်း၊ တိုင်းပြုပြည်ပြုတွင်တင်သွင်း၍ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်းတင်ပြရာ အများကလက်ခံကြ သည်။

တောင်တန်းဒေသခေါင်းဆောင်များ၏ ဘဏ္ဍာရေးငွေခွဲဝေသုံးစွဲရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းချက်များ ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးတင်ထွဋ်တို့က ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးနှင့် စပ်လျဉ်း၍ အချိုးကျခွဲဝေသုံးစွဲရမည်ဖြစ်ကြောင်း၊ ဗြိတိသျှအစိုးရလက်အောက်တွင် ရရှိစဉ်ကထက် ပို၍ရရှိစေရမည်၊ အာမခံချက်ပေးသည်ဟု ပြန်လည်ရှင်းလင်းသွားသည်။

ဖေဖော်ဝါရီလ(၁၂) ရက်နေ့ ပင်လုံစာချုပ်

ဗမာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှအဖွဲ့ဝင်အချို့နှင့် စဝ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင် တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် …

ကြားဖြတ်ဗမာအစိုးရနှင့်ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့်ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍လျင်မြန် စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြ လေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွှတ်ရေးအဖွဲ့ (တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကိုဘုရင်ခံကရွေးချယ်ပြီး နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင် ရွက်ရန်အတွက် ဘုရင်ခံ၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ၊ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ရောက် ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကိုဆောင်ရွက်ရန်ဖြစ် ၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအားလုံးတို့၏ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏တဦးတည်းသောကိုယ် စားလှယ်အဖြစ်ပါဝင်ရမည်ဖြစ်သော်လည်း၊ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့်သက်ဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။

၅။ အထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကိုတိုးချဲ့မည်ဖြစ်သော်လည်း၊ နယ်စပ်ဒေသများ ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက် လွှတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့်ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသောဗမာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်စေရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅-ခုနှစ်၊ ဗမာ နိုင်ငံတော်အစိုးရအက်ဥပဒေအရ၊ နောက်ဆက်တွဲစာရင်းပါအပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ ၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားပြီးသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာ ရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေများ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ။ မြန်မာပြည်နှင့် ရှမ်း ပြည် နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများတို့အတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။


လက်မှတ်ရေးထိုးကြသူများ-

ရှမ်းကော်မတီ (၁၄) ဦး၊ ကချင်ကော်မတီ (၆) ဦး၊ ချင်းကော်မတီ (၃) ဦး၊ ဗမာနိုင်ငံတော်အစိုးရ (၁)ဦး

မှတ်ချက်

၁။ ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၆-၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်း၊ ကချင်၊ ချင်း အစည်းအဝေးဆုံးဖြတ်ချက် (၅) ချက်သည် ပင်လုံစာချုပ်၏ အခြေခံမူဖြစ်ပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုထားသောစာချုပ်သည် အကောင် ထည်ဖော်ရန်လုပ်ငန်းစဉ် ဖြစ်သည်။

၂။ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ပဋိညာဉ်များသည် တိုင်းရင်းသားလူမျိုးများအတွက် စစ်မှန်သောပြည်ထောင်စုစိတ် ဓာတ်ကို တည်ဆောက်ပေးနိုင်သဖြင့် ဗမာပြည်နှင့် ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည် စသည့် တောင်တန်း၊ မြေပြန့် နယ်မြေများ တပြိုင်တည်းလွတ်လပ်ရေးကို အမိအရဆွတ်ခူးပေးနိုင်ခဲ့သည်။

၃။ ပင်လုံစာချုပ်သည် လူမျိုးကိုယ်စားပြုစာချုပ် မဟုတ်ပါ။ နယ်မြေကိုယ်စားပြု စာချုပ်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဗမာပြည်မ (Burma proper)နယ်မြေတွင် အတူတကွနေထိုင်ကြသော ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်တိုင်းရင်းသား လူမျိုးကိုယ်စား ပြုအဖွဲ့အစည်းများသည် ဖဆပလအဖွဲ့ချုပ်တွင်ပါဝင်သည့်ပြင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောအစိုးရတွင် အား လုံး ပါဝင်ကြသည်။ ထို့ကြောင့် ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဝန်ကြီးချုပ်အဖြစ် အားလုံးကိုယ်စားပြု လက်မှတ်ထိုးထားခြင်း ဖြစ်သည်။

၎။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် ပင်လုံစာချုပ်၊ ပင်လုံပဋိညာဉ်များ၊ ပင်လုံကတိက ဝတ်များချမှတ်ပြီး ပြည်ထောင်စုစိတ်ဓာတ်အင်အားဖြင့် သီးခြားစီရှိသော နယ်မြေ (၄) ခု လွတ်လပ်ရေးကို တပြိုင် တည်း အမိအရ ဆွတ်ခူးပေးနိုင်ခြင်းဖြစ်သည်။

ပင်လုံစာချုပ်နှင့် ပင်လုံပဋိညာဉ် စိတ်ဓာတ် ကို အစဉ်ဂါဝရပြုပါလျက်

ပြုစုတင်ပြသူ

ခွန်းမတ်ရ်ကိုဘန်

(၁၉၉၀ ခု ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

၂၀၁၆ ခု မေလ ၂၇ ရက်

(ဆက်လက်ဖော်ပြပါမည်)