ခေါင်းမာသည့် ရီပတ်ဘလစ်ကန်များကို အမေရိကန်လွှတ်တော်မှာ ဒီမိုကရက်အမတ်များ ထိုင်သပိတ် ဆင်နွဲခဲ့



ခေါင်းမာသည့် ရီပတ်ဘလစ်ကန်များကို အမေရိကန်လွှတ်တော်မှာ ဒီမိုကရက်အမတ်များ ထိုင်သပိတ် ဆင်နွဲခဲ့
(နိုင်ငံတကာသာဂိ၊ မိုးမခ) ဇွန် ၂၄၊ ၂၀၁၆

ဇွန် ၁၃ ရက်နေ့က သေနတ်သမားတဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဖလော်ရီဒါ၊ သြလန်ဒို နိုက်ကလပ်မှာ လူ ၄၉ ဦး သေဆုံးပြီးနောက်မှာ အမေရိကန်လွှတ်တော် ၂ ရပ်ကနေ တင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြဌာန်းကာကွယ်နိုင်ဖို့ ဒီမိုကရက်ပါတီအမတ်တွေက တောင်းဆိုခဲ့ကြပါတယ်။ သေနတ်ကိုင်ဆောင်ခွင့်ကို အထိခိုက်မခံလိုတဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ အားလုံးက အဆိုပါဥပဒေကြမ်းတွေကို ငြင်းဆန်နေကြတာကြောင့် ဒီမိုကရက်အမတ်တွေဟာ ဇွန် ၂၂ မှာ အောက်လွှတ်တော်ကြမ်းပြင်မှာ ထိုင်သပိတ်မှောက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ရီပတ်ဘလစ်ကန်တွေဟာ လူများစုအမတ်တွေဖြစ်နေတာကြောင့် သူတို့ရဲ့ လွှတ်တော်ပြောရေးဆိုခွင့်ခေါင်းဆောင်အမတ်ဖြစ်တဲ့ ပေါလ်ရိုင်ရယ်က အောက်လွှတ်တော်ကို ဇူလိုင် ၄ ရက်နောက်ပိုင်းအထိ ရုတ်သိမ်းလိုက်ကြောင်း တဖက်သတ်ကြေညာပြီးတော့ တုန့်ပြန်ခဲ့ပါတယ်။ ဒီမိုကရက်တွေရဲ့ ထိုင်သပိတ်ကြောင့် အောက်လွှတ်တော်မှာ အလုပ်ဆက်လုပ် မရနိုင်ဖြစ်နေချိန်မှာ အခုလို လွှတ်တော်ကို ရပ်ဆိုင်းလိုက်တာ၊ ရွှေ့ဆိုင်းလိုက်တာမို့ ဒီမိုကရက်အမတ်တွေရဲ့ ထိုင်သပိတ်ဟာ အလကားဖြစ်သွားရသလို ဆိုပေမယ့် ဒီမိုကရက်အမတ်တွေက သူတို့ မိန့်ခွန်းတွေ ဆန့်ကျင်ကန့်ကွက်မှုတွေကို သူတို့ ဖုန်းတွေကနေ ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်တာနက်တွေကနေ ထပ်ဆင့် ထုတ်လွှင့်ခဲ့ကြတာမို့ အမေရိကန်တပြည်လုံးက ပြည်သူတွေနဲ့ သတင်းဌာနတွေက သိရှိ နားလည် သဘောပေါက်သွားကြတယ်လို့ ဆိုပါတယ်။

အဲသည်မတိုင်ခင် ဇွန် ၂၀ တုန်းက အထက်လွှတ်တော်မှာ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ ထိန်းချုပ်ကြပ်မတ်ရေး အဆိုတင်ခဲ့ရာမှာ ရီပတ်ဘလစ်ကန်မဲအများစုက ပယ်ချငြင်းဆန်ခဲ့ကြပါတယ်။ အဲသည်တုန်းက အဆိုတင်ခွင့် ရဖို့ရာကိုတောင် ဒီမိုကရက်အထက်လွှတ်တော်အမတ်တဦးက အမေရိကန်လွှတ်တော်နည်းဥပဒေတခုဖြစ်တဲ့ Filibuster နည်းကို သုံးပြီးတော့ အထက်လွှတ်တော်ကြမ်းပြင်မှာ တောက်လျောက်ရပ်ပြီး အဆိုတင်သွင်းတာကို ၁၅ နာရီ ကြာ တိုက်ပွဲဆင်ခဲ့ရတာပါ။ Filibuster လုပ်ပြီဆိုတာနဲ့ လွှတ်တော်ဟာ အခြားလုပ်ငန်းတွေ လုပ်ခွင့် မရှိတော့ဘဲ အဲသည်အမတ် ကြမ်းပြင်ကနေ ဆုတ်ခွာတဲ့အထိ စောင့်ဆိုင်းရတာမို့ လွှတ်တော်လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းသလို ဖြစ်တာကြောင့် လွှတ်တော်ရဲ့ ရပ်သပိတ်မှောက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အထက်လွှတ်တော်တုန်းက ရပ်သပိတ်ကြောင့် အဆိုတင်ခွင့် ရခဲ့သော်လည်း ရီပတ်လဘလစ်ကန် အမတ်အများစုက ပယ်ချလိုက်တာပါပဲ။

အထက်လွှတ်တော်ကို တင်သွင်းတဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းသိမ်းကြပ်မတ်ရေးအဆိုက အမေရိကန်အစိုးရရဲ့ အကြမ်းဖက်သမားအဖြစ် စာရင်းပေါက်သူများရဲ့ သေနတ်ဝယ်ယူခွင့်ကို တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ ဘယ်လိုနည်းနဲ့မှ သေနတ်ကိုင်ဆောင်ခွင့်ကို ဥပဒေနဲ့ ကြပ်မတ်တာကို လက်မခံနိုင်ကြပါဘူး။ အဲသည်အမတ်တွေနောက်မှာ သြဇာကြီးတဲ့ အမေရိကန်ရိုင်ဖယ်အသင်းက ထောက်ခံအားပေးနေတာမို့ ဒီကိစ္စဟာ အမေရိကန်မှာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်တဲ့ အရေးဖြစ်တယ်လို့ အများက သုံးသပ်ကြပါတယ်။

အဲသည်အတွက် အောက်လွှတ်တော်က လူနည်းစု ဒီမိုကရက်အမတ်တွေက အစကတည်းက ရှုံးမယ့်အဆိုကို လွှတ်တော်မှာ တင်သွင်းခွင့်လေး ရရင်တောင် ရီပတ်ဘလစ်ကန်အမတ်တွေက ကန့်ကွက်မဲပေးပြီး ဖျက်ချမှာကို တရားဝင်ထင်ရှားစေချင်တာကြောင့် သူတို့တွေက အဆိုတင်ခွင့် ကြားနာခွင့် ရရေးကို ထိုင်သပိတ်တိုက်ပြီး တောင်းဆိုခဲ့ကြတာပါ။ အများသိတဲ့အတိုင်း လွှတ်တော်ဥက္ကဌက ခွင့်ပြူမှ အဆိုတင်ခွင့်ရတာမို့ ရီပတ်ဘလစ်ကန်တွေက သူတို့မကြိုက်တဲ့ အဆိုကို လွှတ်တော်ကြမ်းပြင်ပေါ်တောင် ချပြခွင့် ပေးကြတာ မဟုတ်ပါဘူး။ သည်တော့လည်း လွှတ်တော်ဥက္ကဌက (သူတို့အခေါ် House Speaker) က လွှတ်တော်ကို အလုပ်ဆက်လုပ်လို့ မရမယ့်အတူတူ၊ ကြားနာခွင့် တင်သွင်းခွင့် မဲပေးခွင့် ဆောင်ရွက်ရမယ့်အစား တခါတည်းလွှတ်တော်ကို နောက်လအထိ ရွှေ့ဆိုင်း ရုတ်သိမ်းကြောင်း ကြေညာပြီး အနိုင်ယူလိုက်တာ ဖြစ်ပါတော့တယ်။

ဇွန် ၂၃ မနက်ခင်းမှာတော့ ဒီမိုကရက်လွှတ်တော်အမတ်တွေက ထိုင်သပိတ်ကို ရုတ်သိမ်းကြောင်း ထုတ်ပြန်ပါတယ်။ နောက်လွှတ်တော်ပြန်စရင်တော့ ဆက်လက် တိုက်ပွဲဝင်ကြဦးမယ်လို့ ဆိုပါတယ်။ အမေရိကန်သမိုင်းမှာ အခုလို လွှတ်တော်တွင်း ထိုင်သပိတ်ဆင်နွှဲရတယ်ဆိုတာ အထင်ကရ အရေးအခင်းတခုအဖြစ် မော်ကွန်းတွင်တော့မှာ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်တွေတုန်းက အမေရိကန်ပြည်မှာ civil rights movement လို့ခေါ်တဲ့ နိုင်ငံသားအခွင့်အရေး လူတိုင်းရရှိရေး တိုက်ပွဲကာလမှာတုန်းကသာ လွှတ်တော်တွင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း လွှတ်တော်ပြင်ပမှာပဲ သပိတ်ဆိုတာ ရှိခဲ့ပါတယ်။ အိုဘားမားလက်ထက်မှာ လူငယ်တွေက မြို့ကြီးတွေမှာ Occupy Movement လုပ်ခဲ့ကြသလို အခုကျတော့ အမတ်တွေကိုယ်တိုင် Occupy Movement တွေလုပ်ကြတဲ့အထိ ခေါင်းမာသော လက်ယာစွန်းရောက်သော ရှေးရိုးအစွဲကြီးလွန်းသော ရီပတ်ဘလစ်ကန် လူဖြူ သက်ကြီးအမတ်အများစုကို ဆန့်ကျင်ဆန္ဒပြနေရတဲ့ အဖြစ်ကို ရောက်နေရပါပြီ။

သူတို့လိုပဲ လက်ယာစွန်းရောက် ခေါင်းမာတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း တစ်ပြေးနေသူ ဒေါ်နယ်ထရန့်နဲ့ နောက်လိုက် နောက်ပါများ ခေါင်းထောင် ထကြွနေတဲ့ အမေရိကန်ရွေးကောက်ပွဲကာလမှာ ရီပတ်ဘလစ်ကန်တွေ ခေါင်းမာမှု ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင် ပိတ်ဆို့နေမှုတွေ တိုးသထက် တိုးနေတာကြောင့် အမေရိကန်နိုင်ငံရေး အပြောင်းအလဲ အလှည့်အပြောင်းကာလဟာ စိတ်ဝင်စားစရာ အရေးတကြီး ကာလဖြစ်တယ်လို့ အကဲခတ်တွေက ဆိုနေကြပါတယ်။