ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မသီတာ (စမ်းချောင်း) ● အမိန့်

မသီတာ (စမ်းချောင်း) ● အမိန့်
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

အမိန့်ဟာ ခေါင်းရင်းခန်းမှာ မိန့်မိန့်ကြီးနဲ့ (မရိုသေ့စကား) မစင်စွန့်လာတာ ကြာတောင်းကြာရှည်ကြာခဲ့ပြီမို့ အမိန့်မှ မပါရင် ဘယ်စာမှ မပြီး၊ မမြောက်နိုင်တော့ဘူးလို့ သူ့ဘာသာ ထင်နေသလို တခြားသူတွေကလည်း ထင်လာကြပါတယ်။ ဒီလိုနဲ့ အမိန့်ကိုယ်တိုင်အမိန့်ကို ဘိန်းစွဲသလို စွဲလာလိုက်တာ အမိန့်ထုတ်နိုင်သူ၊ အမိန့်ထုတ်ခွင့်ရှိသူတချို့ကတောင်အမိန့်ထုတ်ဖို့အမိန့်ဟာ သူ မပိုင်တဲ့အရာလို့ သဘောထားပြီး အမိန့်ကို အမိန့်နဲ့ တားဖို့ရော၊ အမိန့်ကို ဆန်တဲ့အမိန့် ထုတ်ရဲဖို့ရော သတ်္တိ တွေ ပျောက်ဆုံးကုန်ပါတော့တယ်။

အမိန့်ဟာ တဖြည်းဖြည်း အမိန့်ပါးအ၀လွန်လာရာက အမိန့်အာဏာတချို့ကို အပိုင်စားရထားသူတချို့ကိုယ်တိုင်က အမိန့် ဟာ သူ့အထက်မှာ ရှိနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီး တာဝန်ယူရမဲ့ကိစ္စမျိုးပေါ်ရင် သူ့မှာ အဲဒီအမိန့်အာဏာမျိုး မရှိ ဘူးလို့ ပြန်ပြောလိုက်ရတာကို အရသာ တွေ့နေတုန်းပေါ့။ လူကြီးမင်းတချို့ဆို အမိန့်ကို အသားကျ အရှိန်လွန်လွန်းတော့ သူ့ကိုယ်သူ လူကြီးမင်းဆိုတာကို မေ့လျော့ပြီး အလှူခံလာရင် လူကြီး မရှိဘူးလို့ ထွက်ပြောဖို့ အမိန့်ပေးတာ ခံခဲ့ရတဲ့ ငယ်ဘ၀အလွမ်းပြေအဖြစ် သူ့ဆီက ရပိုင်ခွင့်တောင်းသူတွေကို လူကြီး မရှိပါဘူးခင်ဗျာလို့ အမိန့်သား ပြန်လည်မိန့်ကြား တတ်လာပါတယ်။  အမိန့်ဟာ ‘အ’ လာတဲ့သဘော ရှိလာတယ်ဆိုပါတော့။

ဒါ့အပြင် အမိန့်ဟာ သူ့ကိုယ်သူတင်မက အမိန့်ပေးပိုင်ခွင့် ရှိသူတွေကိုပါ ပိုင်တယ်လို့ ထင်ကာ မြင်မြင်သမျှကို အမိန့်ပေးဖို့ ချည်း ချောင်းလာပါတယ်။  မီးကို စက္ကူနဲ့ထုတ်နည်း မသိသူများလိုပဲ လိုင်စင်ရအမိန့်ရှင်တွေဟာလည်း သူတို့လက်ထဲက မီးနဲ့တူတဲ့အမိန့်ကို ဘယ်လိုသုံးရမလဲ မသိဘဲ ခံနေကျအတိုင်း အမိန့်ပေးခံရဖို့ မိန့်မိန့်ကြီး စောင့်မျှော်တတ်ကြပါတယ်။  အဲဒီ လို အမိန့်မျှော်နေရတာကိုက အမိန့်ကို ကျိုးနွံသူအဖြစ်စန်း တက်နိုင်တယ်လို့လည်း ထင်မြဲအတိုင်း ဆက်ထင်ပြန်ပါတယ်။ အမိန့်ကလည်း နိုင်လို့ရတိုင်း ဖိနိုင်တဲ့အကျင့်ကို မဖျောက်နိုင်တော့ အမိန့်ပေးခွင့် ရှိသူဖြစ်ရက်နဲ့ အမိန့်မပေးဘဲ အမိန့်မျှော်နေ သူတွေကို အမိန့်သုံးနည်းကား မတတ်အောင်ဖိပြီးလေ့ကျင့်ပေးထားလေရဲ့။

အဲဒီလိုလူတွေဟာ အမိန့်ပေးလိုက်ရင်တာဝန်ယူ၊ တာဝန်ခံရမှာကို ကြောက်တာမို့ မခုတ်တတ်တဲ့ကြောင်သူငယ်လို လူကြီး မင်းအထက် လူကြီးမင်းမှာသာ ယင်းမိန့်အာဏာ ရှိပြီး မိမိတွင်မရှိကြောင်း လျှာအရသာခံပြီး ပြောတတ်လာပါတယ်။ တာဝန် အရှိဆုံးသူ လူကြီးမင်းက သူ့ဆီ မှာ အဲဒီအမိန့်အာဏာ မရှိပါဘူးလို့ ပြောရတာဟာ တာဝန်မဲ့ရာ၊ တာဝန်မခံတတ်ရာ ရောက်တယ်လို့တောင်မတွေးနိုင်တော့လောက်အောင်လူကြီး မင်းတော်တော်များများကို အမိန့်က ချည်တုတ်ပြီး ညှို့ထားနိုင်ပါ တယ်။  ဒါကြောင့် အမိန့်ကို သုံးစွဲနည်းကျမ်းတစောင်ပြုစုရမတတ် အမိန့်ပိုင်ရှင်တွေ ဟာ အမိန့်ကို ကောင်းကောင်းမသုံးတတ်ကြ တော့ပါဘူး။  အမိန့်ဟာ တကယ်ကို ‘အ’ လိုက်လာပါတယ်။

မလိုတဲ့နေရာမှာ အမိန့်ကို အလွန်အကျူး သုံးဖို့ဆိုတာ အတိတ်ကာလတလျှောက်ဆည်းပူးသင်အံခဲ့တဲ့အရာမို့ အဲဒီလူကြီးမင်း များအဖို့ အမိန့်ကို ချွေတာဖို့ မတတ်နိုင်ဖြစ်လာပါတယ်။ ဒီလိုနဲ့ အမိန့်ဟာ အမိန့်မပေးနိုင်သူများအပေါ်မှာသာမက အမိန့်ပေး ပိုင်ခွင့်ရှိသူများ အပေါ်မှာပါ တန်ခိုးသြဇာသက်ရောက်နိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း အမိန့်ကို မုန်းသူတွေတောင်မှ အမိန့်ကို မသုံးရင်အရာ မရောက်နိုင်ဘူးဆိုတဲ့ ဖော်မြူလာကို နှုတ်တက်ရွရွ ရွတ်ဆိုကြ၊ ကိုး ကွယ်ကြဆိုပြီး လုပ်လာကြပါတယ်။ အမိန့်ဟာ အရင်တုန်းကလို အိမ်ဦးခန်းမှာ မစင်တက်စွန့်နိုင်ဆဲဖြစ်တယ်ဆိုတာကိုလည်း အမိန့်ချစ်သူရော မုန်းသူတွေကပါ လက်ခံလာရတော့တယ်။

အမိန့်ဟာ မသိမသာနဲ့ သူ့ကို မုန်းသူများရဲ့ ဦးနှောက်ကတဆင့် နှလုံးသားအပေါ် သြဇာညောင်းလာကာ အမိန့်မုန်းသူဘ၀ ကနေ အမိန့် ဆာသူဘ၀ကို တွန်းပို့လာပြန်တယ်။ အမိန့်ဟာ ဖြုန်းနိုင်လေ အလုပ်ဖြစ်လေလို့ ထင်ယောင်ထင်မှား ဖြစ်လာကြ တာကြောင့်လည်း အမိန့်ဖြုန်းတီးရေးကို နေရာတကာမှာ မိန့်မိန့်ကြီး အသုံးချလာကြပါတယ်။ ဒီလိုနဲ့ အမိန့်ထုတ်လေ့မရှိတဲ့ ထမင်းစား၊ရေသောက်၊ကွမ်းဝါး၊သေးပေါက်ဆိုတာမျိုးအပေါ်မှာပါ အမိန့်သစ်၊ အမိန့်ကျပ်ချွတ်တွေကို ပြည်သူကို မျက်နှာမူ သောအားဖြင့်ဆိုတဲ့ ခေတ်စားနေတဲ့ဝေါဟာရကို မိန့်မိန့်ကြီးနဲ့လှိုင်လှိုင်ကြီး သုံးပြီး အမိန့် တွေကို ဖြုန်းတီးလာကြပါတယ်။ အမိန့်ဟာ သစ်တောလို ခုတ်တိုင်း မကုန်တော့ အမိန့်ဖြုန်းတီးနေတာကို အမိန့်ဖြုန်းတီးနေတယ်လို့ သိသူလည်း ရှာမှရှားမို့ အမိန့်သယံဇာတကာကွယ်ရေးတွေဘာတွေလည်း မကြားရနိုင်ပါဘူး။ ဒီတော့ အမိန့်ဟာ မိန့်မိန့်ကြီး ဆက်လက်မင်းမူပါတယ်။

အမိန့်ဟာ တကယ်တော့ လူတကာသုတ်တဲ့ လက်သုတ်ဝတ်အစုတ်ဘ၀ ရောက်နေရတာကို စိတ်မချမ်းမြေ့တဲ့တိုင် လူ့အ လွှာအသီးသီး၊ အသိုင်းအ၀ိုင်းအဖုံဖုံကြားမှာ ခေတ်စားသထက်စားလာတဲ့ သူ့ကိုယ်သူလည်း တဘက်က ပြန်ကြည်ညိုနေပြန် တယ်။ သူ့ကို ကြည်ညိုသူတွေကလည်း အမိန့်ကို လက်ဝယ်မှာ ထားနိုင်တဲ့အခါမျိုးမှာတောင်မသုံးရက်၊ မစွဲရက်ဖြစ်သလိုနဲ့ အမိန့်ရဲ့နောက်ဆက်တွဲစာမျက်နှာတွေကို ရှောင်ဖို့ ကြံစည် လာတယ်။ အဲဒီအခါမှာတော့ အမိန့်ဟာ သူ့အနေနဲ့ ဒီလိုသာ အမိန့်တွန့်သူတွေလက်ထဲမှာ တွန့်လိမ်ခွေခေါက်နေရရင်ကြာလာတာနဲ့အမျှ ခပ်တုံးတုံး ခပ်အအ အမိန့်မျိုး ဖြစ်သွားမှာကို လည်း တွေးပူရပြန်ပါတယ်။ မင်းမူခွင့်ရနေတဲ့တိုင်အတုံးအအ အမိန့်ဖြစ်နိုင်ခြေကလည်း ရှိနေသကိုး။




အမိန့်ဟာ အိမ်ဦးခန်းမှာ မိန့်မိန့်ကြီး ချေးထိုင်ပါလို့ရတဲ့ အရသာကို ခံတွင်းမြိန်နေပေမဲ့ သူ့ကို မတို့ရဲ မထိရက်ဘဲ ဘာပြဿနာပဲလာလာ လူကြီး မရှိလို့ပါခင်ဗျာဆိုပြီး သူ့ကို သုံးရကောင်းမှန်း မသိသူတွေရဲ့ အမိန့်ရှောင်ကုထုံးကိုတော့ မျက်ခမ်းခပ်စပ်စပ်ပဲ။  ဒါကြောင့် အမိန့်ဆိုတာ လွန်ဆန်ဖို့ရော၊ ၀န်ခံဖို့ပါ အသုံးတည့်တဲ့လက်နက်လည်း ဖြစ်လာပါတယ်။ အမိန့်ဟာ သူ့ကိုယ်သူ နှစ်ဘက်ချွန်ဘ၀ကို ရောက်မှန်းမသိရောက်သွား ပြီလို့ သတိထားမိလာတာနဲ့အမျှ ၀မ်းနည်းစိတ်ပျက်လည်း ဖြစ်လာပါတယ်။  တကယ်တော့ သူဟာ ဖြစ်ချင်းဖြစ်ပြောတိုင်းထိ၊ ထုတ်တိုင်းလိုက် နာရတဲ့ အမိန့်မျိုးတော့ ဖြစ်ချင်တာ အမှန်ပါ။  ဒါပေမဲ့ ခက်တာက အမိန့်ရဲ့ဘ၀ဟာ သူ့သဘောနဲ့သူ အမိန့်ထုတ်လို့ရရိုး မရှိတဲ့အတွက်သူ့ကို ထုတ် ပြန်ပေးမဲ့သူအပေါ်မှာ အစဉ်ထာဝရ မှီခိုနေရခြင်းပါပဲ။

ဒီလိုနဲ့ အမိန့်ဟာ သူ့ကို အတုံးအအ အမိန့်မျိုးဖြစ်အောင်ချောက်မချဘဲ မိန့်မိန့်ကြီး အမိန့်မျိုးဖြစ်အောင်စောင်မပေးမဲ့ လူကြီးမင်းကို မျှော်တတ်လာပါတော့တယ်။  အမိန့်ဟာ အမိန့်တမ်းစေ့တဲ့အမိန့်မျိုးကလည်း ဖြစ်ချင်ပါတယ်။  အမိန့်ဖြုန်းတီးသူမျိုးရဲ့ လက်ထဲမှာလည်း ပေါပေါပဲပဲ မကုန်ဆုံးချင်ပါဘူး။  အမိန့်သုံးနည်းကား နားမလည်တဲ့ လူကြီးမင်းရဲ့လက်ထဲက ကြောက်ချွေးစက်တွေကြားမှာလည်း မနစ်မွန်းချင်ပါဘူး။  ခက် တော့တာပါပဲ။  အမိန့်ခမျာ သူ့ကို အကောင်းဆုံး အမိန့်ပေးနိုင်မဲ့ အမိန့်ပေးသူကို မျှော်နေရတဲ့ ၀ဋ်က မကုန်ရှာသေးပါဘူး။  ဒါကြောင့် ခုနေခါမှာ အမိန့်ဟာ အိမ်ဦးခန်းမှာ ကျောခင်းရင်ကောင်းမလား၊ မီးဖိုချောင်ပြောင်းရ ကောင်းမလားနဲ့ ဇဝေဇ၀ါ ဖြစ်နေဆဲပါပဲ။  ။

မသီတာ (စမ်းချောင်း)
၁၆ ဂျွန်၊ ၂၀၁၆

ဓာတ်ပုံ - မိုးမခ