မင်းကိုနိုင် ● ၀ါးတားဂိတ်များကို ဖြတ်ကျော်ခြင်း

 မင်းကိုနိုင် ● ၀ါးတားဂိတ်များကို ဖြတ်ကျော်ခြင်း
(မိုးမခ) ဇွန် ၅၊ ၂၀၁၆

(ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်)

ဒေါနတောင်တန်းဆိုသည်နှင့် နားထဲသေနတ်သံကြားလာ၊ မျက်စိထဲ ယမ်းငွေ့တွေမြင်လာစမြဲ၊ တကယ်လည်း မဝေးခဲ့သည့် အတိတ်မှာ အစိတ်စိတ်အမွှာမွှာကျကွဲခဲ့သောကြွေထည်တချပ်လို ထိုဒေသ။

တခါကဆို ဒီလမ်း (မြ၀တီလမ်း) ဆိုတာက မျက်နှာချင်းဆိုင် သွားမရ၊ အဆင်း တရက် အတက် တနေ့သာ။ နယ်စပ်ကုန် သွယ်ရေး၏ အချက်အချာလမ်းဆိုသည့်တိုင် စစ်ရေးအရလည်း မဟာဗျုဟာကျဆိုပြန်တော့ ဤလမ်းခမျာ ငြိမ်းချမ်းစွာဖြောင့် တန်းရကောင်းမလား၊ ကောက်ကွေ့အန္တရာယ်များ ရကောင်းမလား၊ အတော် ဇဝေဇ၀ါနိုင်စရာ ကောင်းလှပါသည်။

KNU ၏ တပ်မဟာများ စိုးမိုးရာရှိသလို တချို့နေရာတွေမှာက BGF ခေါ် နယ်ခြားစောင့်တပ်ဖွဲ့၊ ဟိုတောင်ကြော ကြည့်ပြန် တော့DKBA၊ ပြီးတော့အစိုးရတပ်စိုးမိုးနေတဲ့ နယ်မြေ။ ဒီမြေတကြော ပေါလိုက်ပါတဲ့ နတ်ရုပ်တွေ၊ နတ်ရုပ်မြင်သမျှ ချီလိုက်ရ တဲ့လက်အုပ်တွေဟု တခါက ကျနော် စာစပ်ဆိုဖူးသည်။

အဆင်းတရက် အတက်တနေ့ကာလများက ဒီမိုကရေစီအရေးတော်ပုံ ဘက်သားတယောက်မှာ အဖမ်းမခံ အလွတ်ပြေးရန် အတက်နေ့ကို စောင့်ချိန်မရ၍ အဆင်းနေ့မှာပင် ဆိုင်ကယ်ဖြင့် ဇွတ်ဆန်တက်ခဲ့ရသည့် ဇာတ်ဝင်ခန်းကိုပြခဲ့ရပါသည်။ ထိုအချိန်က လမ်းကလည်းကြမ်း၊ ရွှံ့တွေထဲရုန်းရင်း အတက်ကားတွေ၏ ကြိမ်းမောင်းသံကိုလည်း နားထောင် ခေါင်းချင်းဆိုင် တိုက်မည့် အရေးကိုလည်းရှောင်ရင်း လွတ်ရာပြေးခဲ့ရကြောင်း၊ တကယ်လည်း လက်နက်ကိုင်တော်လှန်ရေး လက်နက်မဲ့ ခုခံရေးသင်တန်းများပေးရာ အသွားအပြန် လမ်းကြောင်းလည်းဖြစ်ခဲ့သေးသည်ကိုး။

လမ်းတလျှောက် လုံခြုံရေးဂိတ်တွေကလည်း ဟောတဂိတ်ဟောတဂိတ်။ တခါသားမှာဖြင့် ထိုင်းဘက်သွား၍ လှုပ်ရှားရန် ရုပ်ဖျက်ထွက်ခဲ့သူတယောက် တခုသော အချိုးအကွေ့ကို ညွှန်ပြရင်းဇာတ်ကြောင်းပြန်သည်။ “အဲဒီနားမှာပေါ့ဗျာ ကျနော်က ဆံပင်အတုတပ်၊ မျက်မှန်တပ်ပြီး ရုပ်ဖျက်လာပါတယ်။ စစ်ဆေးရေးဂိတ်ဖြတ်တော့ ပြီးခါနီးမှ တယောက်က “အကို..အကို မျက်မှန်ကြီးက မှန်ပြုတ်နေတယ်” လို့ လက်ညှိုးထိုးပြလိုက်တာလူကို ဇောချွေးတွေပြန်သွားတာပဲ”။
▬*▬*▬

မြ၀တီကိုရောက်တာဒီနှစ်ထဲ သုံးခေါက်ရှိပြီ။ ရောက်တိုင်းလည်း ကျနော့်အတွက် သဘာဝတရား၏ ရက်ရောသော အလှူကို ယူတတ်သမျှ ယူချင်စိတ်ဖြစ်ရမြဲ၊ ဒီနယ်တကြောမှာက ကျောက်ကလပ်တောင်တွေ ပေါသလို၊ စိမ်းစိုသောအလှကို ထိမ်း ထားနိုင်သေးသည်။ ဘားအံဆိုလျှင် မြစ်ကမ်းနားတလျှောက်မြင်ကွင်းက ရှု့မဆုံးမျှော်မဆုံး၊ ရေပြင်နှင့်တောင်တန်းတွေ မြူ ခင်းတွေက ပုလဲတကန့် ရွဲတကန့် ခင်းထားသလို။

ဒါပေမယ့် ဒီအလှတွေကြားကပင် စိတ်ကိုစနိုးစနောင့်ဖြစ်စရာတွေ ကြုံရပါလိမ့်မည်။ မနိုင်ဝန်ထမ်းလာသော ကုန်ကားကြီး များကြောင့် လမ်းအပြည့်ပိတ်နေပြီး ကျော်မရတက်မရ ခရီးမတွင်ရသည့်သောက၊ ၀န်ပိုကားများကြောင့် လမ်းပျက်သည်ဟု သတိပေးထားသည့်ကြားက ခါးကျိုးမတတ်သယ်လာသည့် ကုန်ကားများကို မျက်မြင်နှင့်ပင် မသက်မသာမြင်နေရသည်။

တောင်နံရံတွေကို ကိတ်မုန့်လို လှီးဖဲ့ပြီး အသစ်ဖောက်ထားသည့်လမ်းတလျှောက် မြေထိမ်းနံရံ လမ်းသားတွေကိုကြည့်ပြီး အားရမဆုံးရှိသူတွေအတွက် ဒေသခံတဦးက ဒါ ထိုင်းလက်ရာပဲရှိသေးတာ၊ ဂျပန်ကလှူတဲ့လမ်းတွေ စိတ်မထင်လို့ မသင်္ကာ ရင် လမ်းကို မြေလှန်ပြီးပြန်စစ်တာဟု သတင်းပေးသည်။

ယခင်တခေတ်လုံး ဒီလမ်းတလျှောက် စိတ်အနှောက်အယှက်အဖြစ်ရဆုံးက ၀ါးတားဂိတ်တွေပင်။ ၀ါးတားဂိတ်တွေဆိုလို့ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး သမ္မတနစ်ဆင် နှုတ်ထွက်ခဲ့ရသည့် ၀ါးတားဂိတ်အရေးခင်းမျိုးတော့ မဟုတ်ပါ။ ၀ါးလုံးတချောင်းဖြင့်တားကာ လမ်းကြေး ပိုက်ဆံတောင်းသည့် ဂိတ်ကိုဆိုလိုပါသည်။

မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ၀ါးလုံးတချောင်း အသုံးချကြီးပွားနည်းဟု တက်ကျမ်း တစောင်ရေးရမလို ၀ါးတားဂိတ်ဓလေ့မှာ ကျယ်ပြန့်ခဲ့ပါသည်။ ၁၂ လက်မ တစ်ပေ ၃ ပေ တကိုက် အစား ၃ ပေ တဂိတ်ဟု သရော်ရသည်အထိ ၀ါးတား ဂိတ်တွေ စိပ်ခဲ့သည်။ ယခုကော ရှိသေးလားဆိုတော့ ၀ါးတားဂိတ်တော့မရှိတော့ဘူး၊ တခြားတားဂိတ်တော့ ရှိသေးတယ်ဟု မချိုမချဉ် ဖြေယုံသာ ။
▬*▬*▬

မယ်တော်ဆေးခန်းဆိုလျှင် ထိုင်းနိုင်ငံမဲဆောက်မြို့ကဆိုတာ လူသိများပြီးသား (၈၈) အရေးတော်ပုံနှင့်အတူ ပေါ်လာသော ဆေးခန်း (ဆေးခန်းသာခေါ်ရသည်။ ဆေးရုံကြီးတခုလောက်နီးနီး) ဆေးဝန်ထမ်းအင်အား ခုနှစ်ရာဖြင့် လည်ပတ်နေရ သည်။ လွန်ခဲ့သည့် ၂၈ နှစ်က လယ်မြေတွေပေါ် ရွှံ့ထဲ နွံတောထဲဝါးတဲ၊ သစ်အိမ်လေးများဖြင့် စခဲ့သည်။ တောခိုကျောင်း သားအများစုအတွက် ကျန်းမာရေးအားထားရာ ရွှေ့ပြောင်းလုပ်သားအများစုအတွက် ဆေးကုသစောင့်ရှောက်မှု ခံယူရာဖြစ် လာခဲ့သည်။

ဆရာမဒေါက်တာစင်သီယာမောင်ကို ကမ္ဘာကသိစေ လေးစားစေသည့်အချက်မှာ ခြေဖ၀ါး လက်ဖ၀ါးသာရှိသည့် ဘ၀က စခဲ့ပြီး ယခု သိန်းချီနေသည့် ရွှေ့ပြောင်းလုပ်သားများ ကျန်းမာရေးအတွက် အားပြုရာ ဆေးရုံဆေးခန်းတည်ထောင် စောင့် ရှောက်သူဆိုသော အချက်ပင်။ ရွှေ့ပြောင်းလုပ်သားများသာမက ရန်ကုန်လို မြို့ကြီးအပါအ၀င် ပြည်တွင်းမှာ လူနာများလည်း အားကိုးတကြီး လာနေကြသည်။

ဘယ်လောက်ရှိသလဲဆိုတော့ ဆေးရုံလူနာ၏ ငါးဆယ်ရာခိုင်နှုန်းမှာ ပြည်တွင်းကတဲ့၊ ထမင်းသုံးနပ်တောင် အလကား ကျွေးနိုင်တဲ့ စေတနာနှင့် အင်အားကလည်း မယ်တော်ဆေးခန်းအပေါ် အားကိုးလိုစိတ်တွေ ဖြစ်လာစေပါသည်။

မဲဆောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသား တည်းခိုခန်းပိုင်ရှင်တဦးက အခုလိုပြောပြပါ၏။ “ကျနော့်တည်းခိုခန်းမှာ လာတည်းသမျှ ခရီးသည်အားလုံးနီးပါးဟာ မယ်တော်ဆေးခန်းနဲ့ ပတ်သက်တဲ့သူတွေချည်းပဲ။ တာဝန်လာထမ်းဆောင်ကြတဲ့ နိုင်ငံတကာက ဆရာဝန်တွေ ပြီးတော့ လေ့လာသူတွေ သုတေသနလာလုပ်သူတွေ အများဆုံးပဲ၊ ကျနော်လည်း မယ်တော်ဆေးခန်းနှင့် ဆရာမအကြောင်း နယ်ခံတယောက်အနေနဲ့ လာသမျှတွေကိုဒိုင်ခံရှင်းပြလမ်းညွှန်နေရတာ မောရမှန်းတောင်မသိပေါင်ဗျာ ဂုဏ်ယူနေတာကို ဗျာ့” တဲ့။

ဆေးခန်းသစ်ဖွင့်ပွဲက ခမ်းနားသည်ဆိုတာထက် စိတ်လှုပ်ရှားစရာကောင်းလှသည်။ မြန်မာနိုင်ငံမှ ကရင်လူမျိုး အများစုအပါ အ၀င် တိုင်းရင်းသားပေါင်းစုံက ရိုးရာအ၀တ်အစားတွေနှင့် တေးသီချင်း အကတွေနှင့်။ ဒီမျှနှင့် ကရိုးလား။ ဟိုးအထက် မြန် မာပြည်မှ ဆင်အကအဖွဲ့များ၊ မန္တလေးမှ ကလျာဏမိတ္တလို လူမှုရေးအသင်းအဖွဲ့ များစွာကလည်း တခဲနက် ၀န်းရံလျက်။ ပြည်တွင်းမှ နာရေးကူညီမှုအသင်း (ရန်ကုနု) နှင့် ချိတ်ဆက်သွားမည့်အစီအစဉ်များ၊ ထိုင်းနိုင်ငံမှ ဒေသန္တရအုပ်ချုပ်ရေး အ ပါအ၀င် ဆရာဝန်ကြီးများကလည်း အားပေးထောက်ခံမှုအပြည့်၊ မယ်တော်ဆေးခန်း ဒီထက်ပို အားကောင်းဖို့အရေး ဥပဒေ အရဘောင်ဝင်အောင် ဆောင်ရွက်တာကအစ ကူညီဖေးမပေးကြသည်။
▬*▬*▬

နွံတော ရွှံ့တောထဲ တဗိုင်းဗိုင်းလဲခဲ့သမျှ တခါလဲရင် နှစ်ခါပြန်ထတဲ့စိတ်ဓါတ်နဲ့ မယ်တော်ဆေးခန်းတည်နေရာက သောင်ရင်း မြစ်တစ်ဖက်ကမ်း ။

ထိုင်းနိုင်ငံဘက်အခြမ်း သောင်ရင်းမြစ်ဆိုတာက အပိုင်းခြားနယ်နိမိတ် ဒီမြစ်ကိုကူးခဲ့လို့ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုနဲ့ အရေးယူခံရသူတွေ ဒုနဲ့ဒေး ပုဒ်မ (၁၃) နဲ့ ထောင်ဒဏ်သုံးနှစ်ကျခဲ့သူတွေ လူဝင်မှုအက်ဥပဒေတဲ့၊ ကုန်သွယ်ရေး နိုင်ငံရေးအ ရေးမျိုးစုံအတွက် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ဗီဇာလိုပါသတဲ့။ ကျနော် မြန်မာပြည်ဘက်အခြမ်းကို လှမ်းမျှော်ကြည့်သည်။

ဟိုမှာ ဒီမှာ ညို့အားပြင်းအလှများနှင့် တောစိမ်း တောင်ယာ ဒေါနတောင်တန်းက နတ်ပန်းချီလိုဆွဲချလိုက်သမျှ ရစ်ခွေစီးပြတဲ့ သံလွင်ရဲ့အကွေ့အ၀ိုက်ရေစီးထဲကြားလိုက်ရတဲ့ ဂီတ ၊ ဒီနယ်တကြောဟာဖြင့် ဟိုနေရာက ဟိုအဖွဲ့အစည်းပိုင်၊ ဒီနယ်က ဒီ အဖွဲ့အစည်းပိုင် အပိုင်စားများနှင့် သူတို့၏နယ်ခြားဂိတ်များ….။
▬*▬*▬

မယ်တော်ဆေးခန်းဘက် ကျနော်ပြန်လှည့်ကြည့်သည် “မေတ္တာတရားနှင့် လူသားချင်းစာနာမှုအတွက်တော့ ပတ်စ်ပို့ဗီဇာမလို ဘယ်နေရာမဆို ဖြတ်ကျော်ရောက်နိုင်သည်” မဟုတ်ပါလား...................။

-‪#‎မင်းကိုနိုင်‬
[ပြည်သူ့အရေးဂျာနယ် အတွဲ ၂၊ အမှတ် ၈၆]