ငြိမ်းချမ်းအေး - လိုအပ်နေတဲ့ တကိုယ်ရေ တည်းဖြတ်မှု




ငြိမ်းချမ်းအေး - လိုအပ်နေတဲ့ တကိုယ်ရေ တည်းဖြတ်မှု
(The Ladies News Journal / မိုးမခ) ဇွန် ၂၈၊ ၂၀၁၆

စာရေးသူ တယောက်၊ အနုပညာရှင် တယောက်ဟာ ရေးသားတင်ပြလိုတဲ့ အကြောင်းအရာ၊ စာ၊ ဓာတ်ပုံ၊ ကာတွန်း၊ ရုပ်ရှင် အစရှိတဲ့ ဖန်တီးမှုတွေ၊ အမြင်အာဘော် စာတွေမှာ တည်းဖြတ်သူ အယ်ဒီတာ လက်ထဲ မထည့်ခဲ့ ကိုယ်တိုင် တည်းဖြတ်ရတဲ့ အဆင့်ကိုလည်း ကျော်ဖြတ်ရပါသေးတယ်။ ဒါကို Self-censorship လို့ ခေါ်ပါတယ်။ ဒီလို လုပ်ရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိတတ်ပါတယ်။

သိပ်မကောင်းလှတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင်တော့ အဂတိတရားကြောင့်လည်း မိမိ ဖန်တီးမှု ဒါမှမဟုတ် ယုံကြည်ရာ အတွေးအမြင်တခုခုကို တည်းဖြတ်မှု လုပ်ရတာရှိပါတယ်။ ကြောက်လို့၊ ချစ်လို့၊ မုန်းလို့ပေါ့။ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လေ့ရှိတဲ့ အာဏာရှင်တိုင်းပြည်တွေမှာတော့ ဖန်တီးသူ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ပြဇာတ်ဆရာများဟာ ကိုယ်ယုံကြည်ရာ၊ ကိုယ်ခံစားရာကို ထုတ်ဖော်ရာမှာ အာဏာလက်နက်ကိုင်ထားသူတွေကို ရှောင်ပြီး ဝှက်ပြီး ကွယ်ပြီး စကားလုံးတွေ၊ ခံစားမှုတွေကို ကိုယ့်ဘာသာ တည်းဖြတ် သွယ်ဝိုက် ဖော်ထုတ်ရပါတယ်။ စစ်သံဖိနောက်အောက်မှာ နှစ်ငါးဆယ်ကျော် ပြင်းထန်တဲ့ ဖိနှိပ်မှု ခံခဲ့ရတဲ့ ဗမာပြည်က အနုပညာဖန်တီးသူများဟာ ဒီလိုအလုပ်တွေကို ကျွမ်းကျင်ကြပါတယ်။

၂၀၀၃ ဒီပဲယင်းမှာ လူသတ်၊ အကြမ်းဖက်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လူထုအကြောင်း သွယ်ဝိုက်ဖွဲ့ဆိုတဲ့ ကဗျာဆရာ ကြည်မောင်သန်း (လှသန်း) ရဲ့ ဒီပရင်္ဂ (ဇွန်၊၂၀၀၈ ချယ်ရီ မဂ္ဂဇင်း ပုံနှိပ်) ကဗျာလိုမျိုးတွေဆိုရင် စာပေကင်ပေတိုင်လို့ နာမည်ကျော်လှတဲ့ နအဖ စစ်အစိုးရရဲ့ စိစစ်ရေးဆင်ဆာဗိုလ်အဖွဲ့ကို လှလှပပ ကျော်လွန် ပုံနှိပ်စာ အဖြစ်ရောက်ခဲ့တယ်။ နောက်ပိုင်း စစ်ဗိုလ်ချုပ်များ ကဗျာကို သဘောပေါက်ချိန် လိုက်ဖမ်းတာက တကဏ္ဍပေါ့။

ပန်းချီဆရာ၊ ဝတ္ထုတိုဆရာ၊ ရေဒီယိုအသံလွှင့်ဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဆရာ ဝင်းဖေရဲ့ စာပေ၊ ရုပ်ရှင် အနုပညာဖန်တီးမှုတွေမှာလည်း ဖိနှိပ်အုပ်ချုပ်သူရဲ့ တည်းဖြတ်မှုတွေ အပြင် သူများ တည်းဖြတ်တာကို မခံချင်လို့ တဖက်လှည့် ဖန်တီးခဲ့ရတဲ့ စာတွေ၊ ရုပ်ရှင်တွေ အများကြီးရှိခဲ့ပါတယ်။ တိုင်းပြည်ကို ချောက်ထဲကျမှာ စိုးလို့ ကယ်တင်ရပါတယ်ဆိုတဲ့ စစ်အစိုးရ အဆက်ဆက်ရဲ့ ကျေးဇူးတော် ချီးမွမ်းခန်း ဖွင့် ဝါဒဖြန့်နေမှုကို ဘကြီးသိန်းနဲ့ မောင်ချူးရဲ့ ဇာတ်လမ်းကိုဖွဲ့တဲ့ မျက်မှန် (ရွှေအမြုတေမဂ္ဂဇင်း ၊ ဩဂုတ်၊ ၁၉၈၉) ဝတ္ထုတိုမှာ ကျေးဇူး အကြောင်း ထပ်ခါထပ်ခါ အပြောခံနေရတဲ့ မောင်ချူးဟာ ဘကြီးသိန်း ဝယ်ပေးတဲ့ မျက်မှန်ကို ရိုက်ခွဲပစ်လိုက်ပုံနဲ့ ကွယ်ဝှက်ပုံဖော် သရော်ပါတယ်။ ရှမ်းဂီတစာဆို စိုင်းခမ်းလိတ်ရဲ့ သီးချင်းတွေမှာဆိုရင်လည်း နောက်ကွယ်မှာ ဝှက်ပြီး ပါးပါးလေးထည့်ထားတဲ့ သီချင်းတွေ အပြည့်နဲ့ပါပဲ။ လူနည်းစုတိုင်းရင်းသားတွေခံစားနေရတဲ့ မညီမျှမှုကို အနုပညာနဲ့ တည်းဖြတ် ပုံဖော်တဲ့ “ဖြတ်သားသွားတယ်၊ မနားတယ်” လောပိတမဟာဓာတ်အားလိုင်းနောက်ခံ သီချင်းလို သီချင်းတွေ ရှိခဲ့ပါတယ်။ ဗမာပြည်က အနုပညာဖန်တီးသူတိုင်းမှာ ဒီလို ထုတ်ကုန်ပစ္စည်းတွေ ရှိကြတာချည်းပါပဲ။ ဆိုခဲ့တာတွေက ဥပမာ ထုတ်နှုတ်ခြင်းသာပါ။

ဒီလို မိမိဘာသာ တည်းဖြတ် ကွယ်ဝှက် သွယ်ဝိုက် ရမှုကို ဆရာ ဝင်းဖေကတော့ “နွံထဲကကြာတွေပါ” လို့ ပြောဖူးပါတယ်။ ဆိုးရွားလှတဲ့ ခေတ်စနစ်နွံအိုင်ထဲကနေ လှပတဲ့ ကြာပန်းတွေ ဖူးပွင့်နိုင်ခဲ့ခြင်းဆိုတဲ့ သဘောပါ။ ဒီလို ဒဲ့ပြောရင် ပြဿနာတက် ဒုက္ခရောက်မယ့် ကိစ္စတွေကို ဟိုဖြတ်၊ ဒီလှည့်ရင်း ဇာတ်လမ်းထဲမှာ လက်တွေ့ကြုံဆုံနေရတဲ့ အမြီးအမောက် မတည့်မှုတွေကို ခွေးပြောခိုင်း၊ ကြောင်ပြောခိုင်းလုပ်ရတဲ့ သူ့ရဲ့ စာရေးခြင်းအတတ်ပညာ ထုတ်ကုန်တွေကို ပဉ္စလက်သရုပ်မှန် (Magical Realism) နည်းနဲ့ အနုပညာပုံဖော်မှုတွေလို့ နိုင်ငံတကာ စာပေဆွေးနွေးပွဲတွေမှာ သတ်မှတ်ခံရကြောင်း ဆရာဝင်းဖေက စာပေဟောပြောပွဲ တခုမှာ ပြန်လည် ဝေမျှဖူးပါတယ်။

ဒါက လွတ်လပ်စွာထုတ်ဖော်ခွင့်မှာ ကန့်သတ်မှုတွေကြောင့် ကိုယ်တိုင် ဆင်ဆာလုပ် တည်းဖြတ်ရင်းနဲ့ ရခဲ့တဲ့ အကောင်းရလဒ်သဘောတွေပါ။

စာနယ်ဇင်းလွတ်လပ်ခွင့်၊ အနုပညာလွတ်လပ်ခွင့်နဲ့ ကိုယ်တိုင်တည်းဖြတ်ရမှု Freedom of Expression Vs. Self-Censorship ဆိုတဲ့ အကြောင်းအရာကြီးမှာ အငြင်းပွားဖွယ်ရာ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ အနုပညာ ခံစားမှုကို ဖော်ထုတ်ရာမှာ ရသကို ပုံဖော်ရာမှာ Self-Censorship လုပ်စရာမလို ဆိုတဲ့ နေရာ၊ အခြေအနေ ဖန်တီးထားဖို့ လိုတာလည်း မှန်ပါတယ်။

ဒါပေမဲ့ အနုပညာဖန်တီးမှုပဲ ဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ် အမြင်သဘောထား ပြောဆို ရေးသားတာမျိုပဲဖြစ်ဖြစ်မှာ အဂတိနဲ့ ကြောက်လို့၊ ချစ်လို့၊ မုန်းလို့၊ ပုဂ္ဂိုလ်ရေး လိုလားလို့ မလိုလားလို့ ဖော့ရေးခြင်း၊ တည်းဖြတ်ခြင်း၊ ဖိရေးခြင်း၊ ပြင်းပြင်းထန်ထန်ရေးခြင်းတွေဟာလည်း အလေးထား ဆင်ခြင်ရမယ့် ကိစ္စပါ။ အထူးသဖြင့် မတူကွဲပြားမှုတွေကို အခြေခံပြီး သာစေ/နာစေ တဲ့ အသုံးအနှုန်းတွေ သုံးတာမျိုး အထူးသတိထား ရှောင်ကြဉ်နိုင်ရင် ကောင်းပါတယ်။ ဒါက ယဉ်ကျေးမှုပါ။ လူကြီးလူကောင်း၊ နိုင်ငံကြီးသားကောင်၊ စာရေးဆရာကောင်း၊ အနုပညာ ဖန်တီးသူကောင်း ဖြစ်လိုရင် စောင့်ထိန်းရမှာဖြစ်သလို သာမန်လူတိုင်းမှာလည်း နေ့စဉ်ပြောဆိုသုံးနှုန်းရမှာ ရှိသင့် ရှိအပ်တဲ့ Common Courtesy/Decency လူပီသတဲ့ယဉ်ကျေးမှု ဖြစ်ပါတယ်။

ဇာတိ နောက်ခံ လူမှုအလွှာ လူတန်းစား၊ အလုပ်အကိုင်၊ ကျား-မ လိင်၊ လိင်တိမ်းညွတ်မှု၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ သဘာဝအားနည်းချက်၊ ကျန်းမာရေးချို့ယွင်းချက် အစရှိတဲ့ မတူညီ ကွဲပြားခြားနားမှုတွေကြောင့် ဖြစ်လေ့ရှိတဲ့ ဓလေ့၊ သဘောသဘာဝနဲ့ အကြောင်းအရာတွေကို နင်းနှိမ် ပြောခြင်း (သို့မဟုတ်) ချီးမြှောက်ပြောခြင်းမျိုးတွေဟာ လူအများ သက်ရောက်စေတဲ့ နေရာ၊ ဒေသတွေမှာ ပြောမိ၊ ပြုမိ၊ ဆိုမိရင် မယဉ်ကျေးတဲ့ သဘောကို ၂၁ ရာစုခေတ် ယဉ်ကျေးပြီး လူသားတိုင်း နားလည်ကျင့်သုံးသင့်ပါတယ်။

ဒါကို လူထုပုံရိပ်ဖြစ်နေတဲ့ကျော်ကြားသူ Public Figure ခေါင်းဆောင်တွေ လူကြားကောင်းအောင်၊ အနှောင့်အသွားလွတ်အောင် နိုင်ငံရေးအကျိုး မှန်ကန်မှု ပုံဖော်ချင်လို့ Political Correctness လုပ် ဇွတ် ယဉ်ကျေးပြတဲ့ သဘောလို့လည်း ထောက်ပြချင်ကြပါမယ်။ မှန်ပါတယ်၊ Freedom of Expression Vs. Self-Censorship Vs. Political Correctness မှာ လက်ဝဲ၊ လက်ယာ နိုင်ငံရေးဝါဒ၊ ရှေးရိုးစွဲ၊ လစ်ဘရယ် မတူညီမှုတွေနဲ့ ကမ္ဘာ့စာမျက်နှာမှာလည်း အငြင်းပွားနေရဆဲ ဖြစ်ပါတယ်။

မည်သို့ဆိုစေ.. Political Correctness ရမှု မရမှုကြောင့် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မတူကွဲပြားမှု သဘော သဘာဝတွေနဲ့ ဇာတိ နောက်ခံ အလုပ်အကို တွေ မှီတည် လူ့တန်ဖိုးဖြတ်၊ သတ်မှတ် ခွဲခြားမှု စကားတွေကိုတော့ ဆိုခဲ့သလို ယဉ်ကျေးပြီး လူသားတိုင်း သတိထား ရှောင်ရမှာပဲဖြစ်ပါတယ်။

ဥပမာ - အသက်မွေး ဝမ်းကျောင်းရတဲ့ အလုပ်အကိုင် ဖြစ်တဲ့ တံခါးစောင့်၊ လုံခြုံရေး၊ ဧည့်ကြိုတွေကို လာသမျှလူ (အလုပ်သဘောအရ) ပြူငှာကြိုဆို ဝပ်တွားခယရလို့၊ အထုပ်ထမ်း ပစ္စည်းသယ်ရလို့ နိမ့်ကျသူတွေလို့ သတ်မှတ်ခြင်းမျိုးတွေဟာ မယဉ်ကျေးမှုကို ပြသရာ ရောက်ပါတယ်။

ရှောင်ကြဉ်သင့်တာတွေကတော့ အများကြီးပါပဲ။ ဥပမာ စကားလုံးတွေနဲ့ ဆွေးနွေးပါ့မယ်။

လူအတော်များများ ခုအချိန်ထိတောင် နှုတ်ကျိုးနေဆဲဖြစ်တဲ့ အိမ်ဖော်၊ အိမ်အကူ အလုပ်သမား (Domestic Helper) ကို “အစေခံ၊ အခိုင်းအစေ၊ အစေအပါး (Servant/Maid)” လို့ သုံးစွဲခြင်း မျိုးပါ။ လူလူချင်း ကျွန်ပြုနိုင်တဲ့ ပဒေသရာဇ်စနစ်ရဲ့ အငွေ့အသက် မကုန်သေးတဲ့? အိမ်ရှင်ကို ဘုရားထူး၊ လက်အုပ်ချီရတဲ့ လွန်ခဲ့တဲ့ခေတ်ဟောင်းမှာ “အစေခံ” ဆိုတဲ့ စကားလုံးဟာ ဂုဏ်သရေရှိ၊ ခေတ်ပညာတတ်၊ လူချမ်းသာ ဆိုသူများရဲ့ နှုတ်ဖျားမှာ တင့်တယ်ကောင်း တင့်တယ်နိုင်ပေမယ့် လူအချင်းချင်း ခွဲခြားဆက်ဆံ၊ နှိမ့်ချမှုကို စက်ဆုပ်ရွံ့ရှာ ရှောင်ကြဉ်ပြီး လူတိုင်းမှာ တူညီစွာ မွေးရာပါ တည်ရှိလာတဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ အားလုံး တန်းတူညီမျှ နေနိုင်အောင် ကြိုးစားရမယ့် ယဉ်ကျေးတဲ့ ခေတ်သစ်ကမ္ဘာ အတွက်တော့ အဲစကားလုံးဟာ မသတီ စရာ ခွဲခြားနှိမ့်ချ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းသာ ဖြစ်သွားပါတယ်။ ဒါကြောင့် “အစေခံ (Servant/Maid)” ဆိုတဲ့ စကားလုံးအစား “အိမ်တွင်းအကူ အလုပ်သမား / အိမ်တွင်းအလုပ် ကူညီသူ (Domestic Worker/Helper) ” စတဲ့ အသုံးအနှုန်းတွေ အစားထိုး သုံးစွဲနိုင်ဖို့ လိုပါတယ်။

အလားတူပဲ မဟာဖိုဝါဒ၊ ယောက်ျားဗဟိုပြု (Patriarchy) အရ ကျားများသာ စွမ်းဆောင်နိုင်၊ သိနိုင်၊ မြင်နိုင်၊ လုပ်နိုင် တယ်ဆိုတဲ့ ယောက်ျားကြီးဝါဒ (Male Chauvinism) သဘော အနက် သက်ရောက်တဲ့ Chairman” ၊ Policeman ၊ Fireman ၊ Mailman ၊ Doorman ၊ Tradesman စတဲ့ ကျားဗဟိုပြု အသုံးအနှုန်းတွေ အစား Chairperson ၊ Police Officer ၊ Firefighter ၊ Mailperson ၊ Doorperson ၊ Tradesperson စတဲ့ “Man” ကျား အသုံးအနှုန်းနေရာမှာ ကျာ-မ တန်းတူ ခွဲခြားဖော်ပြမှုမရှိတဲ့ Gender-neutral Term “Person” ကို သတိထား သုံးနိုင်ရင် ကောင်းပါတယ်။

အသားအရောင် ကွဲပြားသူတွေကို ခွဲခြားဆက်ဆံသလို မပြုမိစေဖို့အတွက်လည်း အာဖရိကနွယ်ဖွား အမေရိကန်၊ အာဖရိကနွယ်ဖွား အင်္ဂလိပ်၊ အိန္ဒိယနွယ်ဖွား ဘယ်နိုင်ငံသား၊ တရုတ်နွယ်ဖွား ဘယ်နိုင်ငံသား စတဲ့ ယဉ်ကျေးဖွယ် စကားတွေကို ပြောင်းလဲ သုံးလာရပါတယ်။ အရင်တုန်းက အသုံးတွေဖြစ်တဲ့ “နီဂရိုး၊ ကပ္ပလီ၊ လူမည်း၊ ကုလား” စတဲ့ အသုံးဟာ ခေတ်သစ် ကမ္ဘာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် မသင့်လျော်တဲ့အတွက် ရှောင်ကြဉ်လာရပါတယ်။

ဥပမာ အင်္ဂလိပ်လူမျိုး ကမ္ဘာကျော် လျှို့ဝှက်သည်းဖို စာရေးဆရာမကြီး အာဂ္ဂသာခရစ္စတီ (၁၈၉၀-၁၉၇၆) ရဲ့ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်တဲ့ “Ten Little Indians (And Then There Were Non)” ရဲ့ မူလ ပထမပုံနှိပ်ထုတ်ဝေစဉ် ၁၉၃၉ ခုနှစ် က နာမည်က “Ten Little Niggers” ပါ။ အာဖရိကန်အနွယ်လူမျိုးတွေကို နီဂရိုး (နစ်ဂါ) လို့ သုံးနှုန်းခြင်းဟာ နှိမ်ချခွဲခြားမှုဖြစ်သလို ကာယကံရှင်တွေကိုယ်တိုင်လည်း မနှစ်သက်တာကြောင့် လူအချင်းချင်းတန်ဖိုးထားတဲ့ လွတ်လပ်ယဉ်ကျေးမတဲ့ နောက်ပိုင်းခေတ်စနစ်တွေမှာ အဲဒီလို မသုံးနှုန်းတာကြောင့် အာဂ္ဂသာခရစ္စတီ နဲ့ မိသားစုဟာ အဲဒီ ဝတ္ထု နောက်ပိုင်း ပြန်လည်ထုတ်ဝေမှုတွေပါ နာမည်ကို တည်းဖြတ်ပြင်ဆင် ပြောင်းလဲခဲ့ပြီး ယဉ်ကျေးမှုကို ပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မတူကွဲပြားတဲ့ လိင်တိမ်းညွတ်မှုတွေရှိတဲ့ သူမျိုးတွေကိုလည်း နှိမ်ချ၊ လှောင်ပြောင် စေတဲ့ သဘောမျိုး၊ အသုံးအနှုန်းမျိုး မဖြစ်အောင်လည်း ရှောင်ကြဉ်ရပါတယ်။ မြန်မာ ဗန်းစကား “အခြောက်၊ ဘောပြား” စတဲ့ ရင့်သီးတဲ့ စကားလုံးတွေကို မသုံးစွဲဘဲ “လိင်တူချင်း ကာမတိမ်းညွတ်သူများ (ဝါ) လိင်တူချစ်သူများ” စသလို ယဉ်ကျေးဖွယ် သုံးနှုန်းခေါ်ဝေါ်ပြီး သူတပါး ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်နဲသဘာဝ အခွင့်အရေး ကို လေးစား၊ အသိအမှတ်ပြုကြောင်းလည်း ယဉ်ကျေးမတဲ့ ကမ္ဘာမှာ ပြသရပါတယ်။ ဒါမှလည်း ခေတ်သစ်ရဲ့ မတူကွဲပြားမှု သဘောတွေကို လက်သင့်ခံနိုင်တဲ့ ယဉ်ကျေးတဲ့ ခေတ်လူသား စစ်စစ် ဖြစ်လာမှာပါ။

ကျန်းမာရေးချို့ယွင်းချက် ရှိနေသူတွေ ဖြစ်တဲ့ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အ နေသူများကိုလည်း “အမြင်၊အကြား၊ အာရုံ ချို့တဲ့သူ၊ ဆွံအသူ” စတဲ့ နားခံဖွယ်အသုံးသာ သုံးစွဲရပြီး “နားကန်း/ပင်း၊ မျက်ကန်း၊ အ အ” လို့မသုံးသင့်ပါဘူး။ အင်္ဂလိပ်လိုဆိုရင်လည်း Blind ၊ Deaf စတဲ့ ရင့်သီးတဲ့ စကားလုံးတွေကို ရှောင်ကာ Visually Impaired ၊ Hearing Impaired ဆိုပြီး သူများရဲ့ အားနည်းချက်ကို ဖိနင်းပြောဆိုမှု မပြုဘဲ စာနာ၊ နားလည်၊ ဖေးမ တဲ့ အသုံးအနှုန်းမျိုး သုံးရပါတယ်။ မြန်မာမှာလည်း အခု တွင်ကျယ်လာပြီဖြစ်တဲ့ “မသန်မစွမ်း” လို့ မခေါ်ဘဲ “မသန်စွမ်း” လို့ ခေါ်တဲ့ သဘောပါပဲ။

ဒါတွေက အလေးအနက်ပြု သတိထားလိုက်ရင် လူတိုင်းကျင့်ကြံ လက်တွေ့ ကျင့်သုံးပြောဆိုနိုင်ပါတယ်။ အထူးသဖြင့် အယ်ဒီတာ တည်းဖြတ်သူ စာတည်းဆရာစားပွဲကို ဖြတ်စရာမလိုဘဲ အမြင်၊ အာဘော် သဘာထား၊ စာ၊ ကဗျာ၊ ရုပ်ပုံတွေကို မိမိဘာသာ တကိုယ်ရေ လူအများ ပရိသတ်ဆီ တင်ဆက်လို့ အင်မတန်လွယ်ကူနေတဲ့ အွန်လိုင်းလူမှုကွန်ရက် အင်တာနက်ခေတ်မှာ ဒီလို မိမိကိုယ်တိုင် ကျင့်ဝတ်စံနှုန်းများနဲ့အညီ တည်းဖြတ်နိုင်မှု အရည်အချင်း ရှိဖို့ ကြိုးစားသင့်ပါတယ်။ မကြားဝံ့မနာသာ များနဲ့ နေ့စဉ် ပြည့်နှက်နေတဲ့ မြန်မာအင်တနက်လောက အတွက် ပိုလို့ ကြိုးစားလေ့လာ ခေတ်သစ်ယဉ်ကျေးမှုကို တည်ဆောက်သင့်ပါတယ်။

ဒါ့အပြင် ပိုမိုအကဲဆတ် အနုစိတ်တဲ့ အကြောင်းအရာ တခုကတော့ မတူကွဲပြားမှု ဓလေ့ထုံးစံတွေကို လှောင်ပြောင်ခြင်းပါ။ နတ်ကိုးကွယ်မှု၊ လူ (ဘိုးတော်) ကိုးကွယ်မှုတွေကို စစ်မှန်တဲ့ ဘာသာသာသနာ ဆိုတဲ့ ရှုထောင့်တခုတည်းက ရပ်တည် သရော်ခြင်းမျိုးတွေပါ။ သူတပါးကို မထိခိုက်စေတဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ဆည်းကပ်မှုတွေကို အကျိုးအကြောင်း ဝေဖန်ထောက်ပြတာမျိုးပဲ လုပ်အပ်ပါတယ်၊ လှောင်ပြောင်သရော်ခြင်းကတော့ မယဉ်ကျေးရာ ရောက်ပါတယ်။ ဒီလိုကိစ္စမှာလည်း လူအများ တကိုယ်ရေ တည်းဖြတ်နိုင်ရပါမယ်။

ဝေဖန်ထောက်ပြခြင်းမှာလည်း မတူကွဲပြားတဲ့ ဓလေ့အပေါ် ပြင်းထန်သက်ရောက်မှုရှိတဲ့ စကားလုံးသုံးမှုတွေဟာ ဆင်ခြင်တတ်ရပါတယ်။ စာရေးသူ ကျနော်ရဲ့ ကိုယ်တွေ့ ဖြစ်စဉ်ကိုပဲ ဥပမာပြပါမယ်။

ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်တွင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ ကျနော့်ရဲ့ “လူအချင်းချင်း ရှိခိုးခြင်း ကင်းဝေပါစေ” ဆောင်းပါးဆိုရင် ရေးသားစဉ်က ခေါင်းစဉ်ကို အလေးအနက်ပြုစေချင်လို့ တည်းဖြတ်မှု မလုပ်ခဲ့ပါဘူး။ အဲဒီဆောင်းပါး အာဘော်ဖြစ်တဲ့ ပဒေသရာဇ်စနစ်၊ သက်ဦးဆံပိုင် အာဏာရှင်စနစ်ခေတ်အတိုင်း အုပ်စိုးသူ လူတန်းစားကို လူနဲ့လူချင်း ရှိခိုးနေရတဲ့ ဓလေ့ပျောက်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းချက် သဘောကို လွန်ခဲ့တဲ့ လေးငါးနှစ်အတွင်း အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရာမှာ ခေါင်းစဉ်မှာ “လူအချင်းချင်း” ဆိုတဲ့ စကားကို ကိုယ်တိုင် တည်းဖြတ်ခဲ့တာ ရှိသလို၊ ဆောင်းပါးပုံနှိပ်ခဲ့ရာ စာနယ်ဇင်းများရဲ့ အယ်ဒီတာများက တည်းဖြတ်ခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ ဆိုခဲ့တဲ့ သင်္ကြန်တွင်း ပြန်ထုတ်ချိန်မှာတော့ ဆောင်းပါးအစမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား “ရဟန်းသံဃာမပါဘူး၊ ရှိခိုးစရာမလို” ဆိုတဲ့ ညွှန်းဆိုမှုကို ထိပ်ကတင်ရေးသားခဲ့ခြင်းနဲ့အတူ ဘုန်းကြီး၊ သံဃာ မပါ လူအချင်းချင်း သဘောကို သာ ဆောင်တယ်၊ ဒါကို အသားပေး ရေးသားထောက်ပြတယ် ဆိုတဲ့ ရိုးသားတဲ့ စိတ်အခံနဲ့ ခေါင်းစဉ်တည်းဖြတ်မှု မလုပ်ခဲ့ပါဘူး။

ဒါကို ဘာသာရေး၊ လူမျိုးရေး အခြေခံပြီး သွေးထိုးလိုသူ၊ သွေးကွဲစေလိုသူတွေက ဆောင်းပါးက သဘာတရား အနှစ် အတွင်း စာကိုယ်ကို မဖတ်ဘဲ ခေါင်းစဉ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာက ဓာတ်ပုံကို တွဲ အသားပေးထောက်ပြ ဝေဖန်ကြရင်းနဲ့ ဆောင်းပါးရဲ့ ဆိုလိုရင်း ပစ်ချက်က လွဲကုန်ဖြစ်ခဲ့ရတယ်။

ဒီအတွက် စာရေးသူ ကျနော်နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး တို့ သင်္ကြန်အပြီးနှစ်ဆန်းနှစ်ရက်နေ့မှာ တွေ့ဆုံခဲ့တယ်။ သင်္ကြန်အတက်နေ့သတင်းစာရှင်းလင်းပွဲပါ စွပ်စွဲချက်တွေ မမှန်ကန်ကြောင်း ရှင်းပြခဲ့ရတယ်။ ဒီမိုကရေစီစံချိန်မီ ဘာသာရေးလောင်းရိပ်ကင်းတဲ့ Secular လူမှုနိုင်ငံရေးစနစ် တည်ဆောက်ချင်ရင် တရားဝင် အစိုးရအဖွဲ့စနစ်နဲ့ ဆက်စပ်တဲ့ တရားဝင် စာမျက်နှာတွေမှာ ဘာသာရေးဆက်စပ်ဓာတ်ပုံတွေ မတင်သင့်ကြောင်းနဲ့ ဘာသာရေး ယဉ်ကျေးမှု ဓလေ့တွေဟာ ပုဂ္ဂလိက အတွက်သာ ဖြစ်ရမယ် ဖြစ်ကြောင်း၊ ဒေသ အစိုးရအဖွဲ့ရဲ့ တရားဝင် စာမျက်နှာပေါ် မရောက်သင့်ကြောင်းတွေ ရှင်းပြရာမှာလည်း ဝန်ကြီး ဘက်က အပြုသဘောဆောင်တဲ့ နားလည်မှု ရခဲ့တယ်။ ဒါဟာ ဒေသအစိုးရအဖွဲ့တခုရဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ Public Relation Team ရဲ့ တကိုယ်ရေ တည်းဖြတ်မှု Self-Censorship အားနည်းမှုပါ။ အလားတူပဲ ထောက်ပြသူ ကျနော့်ဘက်မှာလည်း Self-Censorship အားနည်းခဲ့ပါတယ်။

ဒီမိုကရေစီအစိုးရစနစ်ရဲ့ နိုင်ငံရေးမှန်ကန်မှု အရ ရပ်တည်ရမယ့် သဘောကို ဇောင်းပေးပြီး ကျနော့်ရဲ့ မိမိဘာသာ တည်းဖြတ်မှု မလုပ်ခဲ့တဲ့ ခေါင်းစဉ်ဟာ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလိုသူတွေရဲ့ ပယောဂအကပ်ခံခဲ့ရပါတယ်။ ရန်ကုန်သင်္ကြန်ပွဲမှာ လှိုင်းဘွဲ့က ကရင်ကလေးငယ်တွေရဲ့ ဒုံးယိမ်းအက ပါဝင်နိုင်အောင် စေတနာသန့်သန့်နဲ့ ဦးဆောင် ဦးစီးခေါ်လာတဲ့ ဘုံကျော်ကျောင်း ဆရာတော် ဦးပဏ္ဍဝံသနဲ့ ကရင် ဒါယကာများဖြစ်တဲ့ ဦးမန်းဖိုးစော၊ ကိုကျော်စွာတို့နဲ့ ကန်တော့ခဲ့သူ ကလေးငယ်များရဲ့ အလုပ်ကောင်း တခုကို မလိုသူတွေရဲ့ တရားလွန်ထောက်ပြနိုင်စရာ ဖြစ်သွားခဲ့တယ်။ ဆရာတော်နဲ့ အဖွဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသလို ဖြစ်သွားခဲ့တယ်။ ဆရာတော်နဲ့အဖွဲ့ဟာ ကရင်လူမျိုးကလေးငယ်တွေ ပညာရေးနဲ့ လူမှုဘဝမြင့်မားရေး အတွက် ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသူများ ဖြစ်ပါလျက်နဲ့ အခုလို ကရင်လူမျိုးချင်း ဘာသာရေးအရ သပ်လျှိုချင်စရာ ပုံဖော်ခံခဲ့ရခြင်းဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ တရားဝင်စာမျက်နှာက တည်းဖြတ်မှု မလုပ်ခဲ့တဲ့ ဓာတ်ပုံကြောင့် ဖြစ်သလို ထောက်ပြခဲ့တဲ့ ကျနော့်ရဲ့ ဆောင်းပါး ခေါင်းစဉ်ကြောင့်လည်း ပါပါတယ်။

ကလောင်သွား စူးရှမှုက မလိုလားအပ်ဘဲ မရည်ရွယ်တဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှု မတူ လူအုပ်စု ဖြစ်တဲ့ ရိုးရာအရ ရှိခိုးကန်တော့တဲ့ ဓလေ့မှာ အသားကျနှစ်လိုပျော်ဝင်နေတဲ့ ကရင် ဗုဒ္ဓဘာသာ လူနည်းစုကိုပါ ရိုက်ခတ်သွားတယ်။ ဒါကြောင့် နှစ်ဆန်းနှစ်ရက်နေ့မှာပဲ ဆရာတော်ရဲ့ ကျောင်းကို သွားတွေ့ ရှိခိုးကန်တော့ရင်း ဆောင်းပါးသဘောကို ရှင်းပြခဲ့ရတယ်။ ဆရာတော်နဲ့ နောက်လိုက် ဒါယကာ ကရင် ဗုဒ္ဓဘာသာဝင် လူနည်းစုတွေ စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရခြင်း အတွက် စိတ်မကောင်းဖြစ်ကြောင်း ဆိုခဲ့ရတယ်။ ဒီ ဖြစ်စဉ်မှာ ဆရာတော်က သဘောထားကြီးစွာနဲ့ ချီးမြှင့်ခဲ့တဲ့ ဆုံးမသြဝါဒစကားနဲ့ မေတ္တာဓာတ်ကို နာခံယူရင်း ငြိမ်းငြိမ်းချမ်းချမ်း အဲဒီချိန် ဧပြီလကတည်းက ပြီးဆုံးခဲ့ပါတယ်။

အခုဒီဆောင်းပါးမှာ အဆိုပါဖြစ်စဉ်ကို ဥပမာ ထည့်ဆိုခြင်းက Self-Censorship လိုအပ်တဲ့ နေရာတွေ ရှိကြောင်း ထင်ရှားစေလိုတဲ့အတွက် ကိုယ်တွေ့နဲ့ ယှဉ်ဆိုပြခြင်းပါ။ အင်မတန် သိမ်မွေ့နက်နဲ အလေးထားရမယ့် အရေးအသား၊ အပြောအဆို တကိုယ်ရေ တည်းဖြတ်ခြင်း လိုအပ်ပုံကို ခေတ်သစ် အင်တာနက်ကွန်ရက်တွေမှာ ကိုယ်တိုင်လည်း စာရေးသူ၊ အမြင်ဖော်ထုတ်သူ ဖြစ်နိုင်နေတဲ့ စာဖတ်သူ လူအများ ဆင်ခြင်နားလည် သဘောပေါက်စေလိုတဲ့ ရည်ရွယ်ရင်းပါပဲ။

ပြန်ချုပ်ရရင် အုပ်စိုးသူကို ကြောက်လို့ မိမိဘာသာ တည်းဖြတ်ရတာမျိုး မဟုတ်ဘဲ မတူကွဲပြားမှုတွေအပေါ် ထိခိုက်စေမှု အသုံးအနှုန်းတွေကို ရှောင်ကြဉ်တဲ့ ယဉ်ကျေးမှုအရ ပြုလုပ်ရတဲ့ တကိုယ်ရေ တည်းဖြတ်မှုဓလေ့ကို မြန်မာ အွန်လွန်း၊ ပုံနှိပ် စာနယ်ဇင်း၊ ဆိုရှယ်မီဒီယာ အင်တာနက် ကွန်ရက် နေရာတိုင်းမှာ အမြစ်တွယ်ရှိစေချင်ပါတယ်။ လူတိုင်း အသိ၊ သတိနဲ့ ဉာဏ်နဲ့ယှဉ်၊ နှလုံးသားနဲ့ ခံစားပြီး ရေးသားပြောဆို ဝေဖန်ထောက်ပြကြဖို့ တိုက်တွန်းလိုပါတယ်။ မတူညီတဲ့ နောက်ခံအနေအထားနဲ့ လူသားအချင်းချင်း နိုင်ငံသားအချင်းချင်း ချစ်ခြင်းမေတ္တာ တည်ဆောက်နိုင်ကာ လွတ်လပ် ခေတ်မီ ယဉ်ကျေးတဲ့ ဒီမိုကရေစီ မြန်မာ့လူဘောင်ကို တည်ဆောက်နိုင်စေကြောင်း မျှော်ရည်လျက် ရေးသားတင်ပြလိုက်ပါတယ်။

ငြိမ်းချမ်းအေး
ဇွန် ၀၅၊ ၂၀၁၆
(ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

The Ladies News Journal တွင်လည်း ဖော်ပြခဲ့သည်။
http://theladiesnewsjournal.com/articles/mon-2016-06-27-1634/2642

https://web.facebook.com/News.TheLadies/posts/585829561592017:0