ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ

မောင်မောင်စိုး ● တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ
( ရှ မ်း တို င်း ရ င်း သား လ က် န က် ကို င် တ ပ် ဖွဲ့ များ )
အပိုင်း (၄)
(မိုးမခ) ဇွန် ၂၊ ၂၀၁၆

● စိုင်းလိတ်နှင့် ရှမ်းလူမျိုး ရှမ်းခေါင်းဆောင်
ဤနေရာတွင် စိုင်းလိတ်နှင့်ပတ်သက်၍ ကြုံတွေ့ခဲ့သည်ကိုဖော်ပြလိုပါသည်။ စိုင်းလိတ်အနေနှင့် နဝတနှင့်ငြိမ်းချမ်းယူရန်လက်မခံဘဲ နေသည့် အချိန် MTA သို့ လည်းမသွားမီကာလက တရုတ် မြန်မာနယ်စပ် တရုတ်ပြည်ပိုင်နက် ရွှေလီနယ်အတွင်း၌ မှီခိုနေထိုင်သည်။ တရုတ်ပိုင်နက် ရွှေလီပတ်ဝန်းကျင်ရွာအားလုံးသည် ရှမ်းရွာများဖြစ်ကြသည်။ အံ့သြဖွယ်ရာမှာ ထိုတရုတ် ပြည် ရှမ်းရွာများမှ ရှမ်းများသည် မြန်မာပြည်မှ ရှမ်းသူပုန်ခေါင်းဆောင်တဦးဖြစ်သူ စိုင်းလိတ်အား သူတို့ရှမ်းလူမျိုး များ၏ ခေါင်းဆောင်တဦးအဖြစ် လေးစားစွာဆက်ဆံကြခြင်းဖြစ်သည်။

ထိုတရုတ်ပိုင်နက်အတွင်းရှိ ရှမ်းရွာမှ ရှမ်းလူမျိုးများသည် စိုင်းလိတ်တို့ရပ်တည်နေနိုင်ရန် အလှူငွေလည်း ထည့်ကြသည်။ ဆက်ကြေးဟုဆို၍ လုံးဝမရပါ။ တရုတ်ပိုင်နက်အတွင်း စိုင်းလိတ်အနေနှင့် အဓမ္မ ဆက်ကြေးကောက်၍ မရနိုင်ပါ။ ကြည်ညို သဒ္ဒါ၍ ထောက်ပံ့ကြသည်ဟု ဆိုရမည်။ ထို့ပြင် တရုတ်ပိုင်နက် ရွှေလီနယ်အတွင်းရှိ ရှမ်းရွာများသို့ စိုင်းလိတ်သွားရောက်ပါက ထိုရွာများရှိ ရှမ်းအဘိုးကြီး အဘွားကြီးများပါ လက်အုပ်ချီ၍ ကြိုကြသည်ကို အံ့သြစွာတွေ့ရသည်။ အမိန့်မပါ အာဏာမပါ လက်နက်မပါဘဲ သူတို့၏ လေးစားမှုကိုပြကြသည်ဟုဆိုရမည်။

ဤသည်မှာ စိုင်းလိတ်၏ ထူးခြားချက်သက်သက်မဟုတ်ဟု ယူဆရသည်။ တိုင်းပြည်ကွဲနေသော်လည်း ရှမ်းများအနေနှင့် ရှမ်းခေါင်းဆောင်ဟု အသိမှတ်ပြုခံထားရသူများနှင့် ပတ်သက်သည့် လေးစားမှုဟုဆိုရပါမည်။

ဤသည်မှာ ရှမ်းလူမျိုးများနှင့်ရှမ်းခေါင်းဆောင်များ၏လေးနက်သော ဆက်ဆံမှုဟုဆိုရပါမည်။ သတိပြုဖွယ်ဖြစ်ပါသည်။

● ငြိမ်းချမ်းသောကာလနှင့် SSPP
၁၉၈၉ နှစ်ဆန်းတွင် CPB ပြိုကွဲပြီးနောက် နယ်စပ်ဒေသရှိ ယခင် CPB အခြေစိုက်ရာဒေသများမှ တိုင်းရင်းသားတပ်ဖွဲ့များသည် နဝတ အစိုးရနှင့်အပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့ကြသည်။ ဤတွင် SSPP/SSA သည်လည်း နဝတအစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်း ရေး ရယူခဲ့သည်။ နဝတက SSPP/SSA လှုပ်ရှားရာဒေသများကို ရှမ်းအထူးဒေသ ၃ အဖြစ် သတ်မှတ်ပေးခဲ့သည်။ ငြိမ်းချမ်း ရေးယူထားသော SSPP/SSA ဌာနချုပ်ကို သီပေါအနီး စိန်ကျော့တွင် အခြေပြုခဲ့သည်။

SSPP/SSA တို့ငြိမ်းချမ်းရေးယူရာတွင် သဘောမတူခဲ့သည့်သူမှာ ဥက္ကဋ္ဌစိုင်းလိတ်ဖြစ်သည်။ သို့သော် စိုင်းလိတ် တရုတ်နယ် စပ်ရောက်နေချိန်တွင် စဝ်ဆေထင်ဦးစီး၍ ငြိမ်းချမ်းရေးယူခဲ့ကြသည်ဟု ဆိုသည်။ သို့နှင့် စိုင်းလိတ်မှာ ငြိမ်းချမ်းရေးယူထား သည့် SSPP သို့ပြန်မသွားဘဲ တရုတ်နယ်စပ်တွင်သာ လှုပ်ရှားနေခဲ့တော့သည်။ နောက်ပိုင်းတွင် ခွန်ဆာဦးစီးသည့် Mong Tai Army MTA မှ ကမ်းလှမ်း၍ MTA ဌာနချုပ်ရှိရာ ဟိုမုန်းသို့ရောက်ရှိသွားပြီးနောက် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ဆိုပါသည်။

SSPP/SSA နှင့် နဝတ၏ ငြိမ်းချမ်းရေးရယူပြီး မကြာမီပင် SSPP ခေါင်းဆောင်ပိုင်းအပြောင်းအလဲ  ဖြစ်သည်။ စဝ်ဆေထင် အနားပေးခံရပြီး ဥက္ကဋ္ဌအဖြစ် စဝ်လွယ်မောင်း ဒုဥက္ကဋ္ဌအဖြစ် စဝ်ကိုင်ဖနှင့် စစ်ဦးစီးချုပ်အဖြစ် စဝ်ပန်ဖတို့က ပြောင်းလဲ တာဝန်ယူသည်။ SSPP/SSA တပ်ဖွဲ့အနေနှင့် တခုလုံးအရ အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့သော်လည်း အဖွဲ့အချို့ခွဲထွက်၍ လက်နက်ချခြင်းရှိခဲ့သည်ဟု ဆိုသည်။ မည်သို့ဆိုစေ ငြိမ်းချမ်းရေးကာလတွင် စီးပွားရေးလုပ်ဆောင်မှုများ စကဲလာပြီး တပ် ပိုင်းဆိုင်ရာတည်ဆောက်မှုမှာ လျော့ကျလာခဲ့သည်ဟုဆိုရမည်။

SSPP ခေါင်းဆောင် စဝ်ဆေထင်မှာမူ ရှမ်းပြည်ရှိ ရှမ်းနိုင်ငံရေးပါတီများ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေး အတွက် ဆွေးနွေးပွဲများဆော်သြလှုံဆော်စည်းရုံးမှုများပြုလုပ်ခဲ့ရာ ၂၀၀၅ ခုနှစ်တွင် SNLD ခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးခံရပြီး နှစ် ၁၀၀ ဝန်းကျင်ခန့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ သို့သော် ရှမ်းပြည်ရှိ ရှမ်းတိုင်းရင်းသားလက်နက် ကိုင်များ၊ ရှမ်းနိုင်ငံရေးပါတီများစည်းလုံးညီညွတ်ရေး လုပ်ဆောင်မှုများကား ယနေ့တိုင် ကြိုးပမ်းနေကြဆဲဖြစ်သည်ကို တွေ့ရ သည်။

SSPP နှင့်စစ်အစိုးရ၏ ငြိမ်းချမ်းကာလသည် ၁၉၈၉ မှ ၂၀၀၉ ထိ အနှစ် ၂၀ ခန့်ကြာခဲ့သည်။ ၂၀၀၉ တွင် အပြောင်း အလဲများဖြစ်သည်။ နအဖ အစိုးရက အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ရန်ဖိအားပေးသကဲ့သို့ ကွတ်ခိုင် ကောင်းခါးအခြေစိုက် မထုနော် ဦးစီး KDA နှင့် သီပေါ စိန်ကျော့ဒေသအခြေစိုက် SSPP/SSA တပ်များအား ပြည်သူ့စစ်အဖြစ် ပြောင်းလဲခိုင်းလာသည်။

အဆိုပါ SSA တပ်ဖွဲ့အား ပြည်သူ့စစ်အဖြစ်ပြောင်းလဲခြင်းနှင့် SSPP ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုများဖြစ် ပေါ်ခဲ့သည်။ နအဖ၏ပြည်သူစစ်အသွင်ပြောင်းရေးကို SSPP ဥက္ကဋ္ဌ စဝ်လွယ်မောင်းနှင့် ဒုဥက္ကဋ္ဌစဝ်ကိုင်ဖတို့က လက်ခံခဲကြပြီး စစ်ဦးစီးချုပ်ဖြစ်သူ စဝ်ပန်ဖက ငြင်းပယ်ခဲ့သည်။ နအဖ၏ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်ဖွဲ့စည်းရေး ပြည်သူ့စစ်ဖွဲ့စည်းရေး ပေါ်လစီကြောင့် SSPP ခေါင်းဆောင်မှုနှင့် အင်အားများ ထပ်မံကွဲပြားခဲ့သည်ဟု ဆိုရပါမည်။

ထို့နောက် စဝ်လွယ်မောင်း သြဇာရှိသည့် တပ်မဟာ ၃ သည် စိန်ကျော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့သည်။ စဝ်ကိုင်ဖ သြဇာရှိသည့် တပ်ဟာ ၇ သည် ကာလိပြည်သူ့စစ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ စဝ်ပန်ဖကို ထောက်ခံသည့် တပ်မဟာ ၁ ကတော ဝမ်ဟိုင်းကို ဌာနချုပ်ပြု၍ SSPP/SSA အဖြစ်ဆက်လက်ရပ်တည်ခဲ့သည်။ သို့ဖြစ်ရာ စဝ်ပန်ဖနှင့်သူအား ထောက်ခံ သူများကြောင့် SSPP/SSA သည် ဆက်လက်ရှင်သန်ခွင့်ရခဲ့သည်ဟု ဆိုရပါမည်။ SSPP/SSAအနေနှင့် ၁၉၈၉ ခုနှစ်နောက်ပိုင်း အင်အားအနဲဆုံးသို့ ရောက်ရှိသွားသည့်အချိန်ဟု ဆိုရပေမည်။

● SSPP/SAA ဝမ်ဟိုင်း
ထို့နောက်တွင်တော့ ပြည်သူစစ်ဖွဲ့ရေးကို လက်မခံသည့် SSPP/SSA ဝမ်ဟိုင်းတပ်ဖွဲ့များနှင့် မြန်မာစစ်ဖက်တို့ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြန်ခဲ့သည်။ ထိုသို့ တိုက်ပွဲများကြားကပင် SSPP/SSA အနေနှင့် တကျော့ပြန်ခေါင်းထောင်လာခဲ့သည်ဟု ဆိုရပါမည်။ စဝ်ပန်ဖဦးစီး SSPP/SSA တပ်များသည် မိုင်းရှူး ကျေးသီး မိုင်းနောင် မိုင်းရယ်ဒေသများကို အခြေပြု၍ အင်အား
များပြန်လည်စုဆောင်းခဲ့သည်ဟုဆိုပါသည်။ ထို့အတူ နှစ်ရှည်ထောင်ကျရာမှ သမ္မတ လွတ်ငြိမ်းခွင့်နှင့် ပြန်လည်လွတ်မြောက် လာသော စဝ်ဆေထင်မှာလည်း SSPP/SSA သို့ ပြန်လည်ရောက်ရှိလာပါသည်။

လက်ရှိ SSPP/SSA ခေါင်းဆောင်ပိုင်းမှာ

နာယက စဝ်ဆေထင်
စိုင်းနောင့်မိန်လုံ
ဥက္ကဋ္ဌ စဝ်ပန်ဖ
ဒုဥက္ကဋ္ဌ စဝ်ခေးတိုင်း
အတွင်းရေးမှူး စဝ်ခွန်ဆိုင်း
စစ်ဦးစီချုပ် စဝ်ခင်မင်
တပ်ပေါင်းစု စဝ်စိုင်းထူး တို့ဖြစ်ကြသည်ဟု ဆိုပါသည်။

SSPP/SSA တို့နှင့် မြန်မာစစ်ဖက်ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးနောက် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၂၀၁၁ တွင် ပြန်လည်ပေါ်ပေါက်လာရာ SSPP/SSA တပ်ဖွဲ့သည် ၂၀၁၂ တွင် ယခင်အစိုးရနှင့် ပြည်နယ်အဆင့်ရော ပြည်ထောင် စုအဆင့်ပါ အပစ်ရပ်လက်မှတ် ထိုးထားနိုင်ခဲ့သည်။

SSPP/SSA သည် ၁၉၇၀ ခုနှစ်များကထဲက K.U ခေါင်းဆောင်သည့် မဒတတွင်ပါဝင်ခဲ့ပြီး နောင် UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီတွင်လည်း ဆက်လက်ပါဝင်ခဲ့သည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် NCCT အဖွဲ့ဝင်အဖြစ် UNFC အဖွဲ့ဝင်များနှင့်အတူ ဆွေးနွေးခဲ့သည်။ SSPP/SSA အနေနှင့် UNFC အဖွဲ့ဝင်အဖြစ် ရပ်တည်ခဲ့သကဲ့သို့ မြန်မာပြည် အရှေ့ မြောက်ပိုင်းရှိ UWSA ဝ NDAA မိုင်းလား KIA ကချင် MNDAA ကိုးကန့် TNLA တအန်းပလောင် AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့နှင့်လည်း နီးနီးစပ်စပ်ရှိခဲ့သည်ဟု ဆိုရမည်။

ယခင်ဦးသိန်းစိန်အစိုးရနှင့်ဆွေးနွေးရာတွင် SSPP/SSA သည် UNFC မူအတိုင်း ရပ်ခံခဲ့သည်။ NCA တနိုင်ငံလုံးအပစ်ရပ် ရေးစာချုပ်လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးမူကိုဆုပ်ကိုင်ထား၍ ယနေ့တိုင် NCA လက်မှတ်မထိုးရသေးသော အဖွဲ့ များထဲတွင်ပါဝင်သည်။ ထို့ကြောင့်လည်းမြန်မာစစ်ဖက်နှင့် မကြာခဏဆိုသကဲ့သို့ စစ်ရေးပဋိပက္ခများဖြစ်ပွားနေ ၏သည်ကို တွေ့ နေရသည်။

လက်ရှိအချိန်တွင် SSPP/SSA အင်အားမှာ လက်နက်ကိုင်တပ်ဖွဲ့အပြင် ဒေသအုပ်ချုပ်ရေး ပညာရေး ကျန်းမာရေး အစရှိ သည့် နောက်တန်းအင်အားများပါ ပေါင်းပါက အင်အား ၁၂၀၀၀ ကျော်ခန့်ရှိသည်ဟုဆိုပါသည်။

လက်ရှိ SSPP/SSA တပ်လှုပ်ရှားမှုအရ ကြားသိရသည်မှာ မိုးမိတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုဂွင်၌ တပ်မဟာ ၆၁၂၊ လားရှိုး သိန္နီဂွင်တွင် တပ်မဟာ ၁၅၃ သီပေါ၊ မိုင်းရယ်၊ နမ့်လန်ဂွင်တွင် တပ်မဟာ ၁ တို့ လှုပ်ရှားနေသည်ကိုတွေ့ရသည်။ အဆိုပါ တပ်မဟာ ၃ ခုအား တပ်မ ၉၉၉ အဖြစ် ဖွဲ့စည်းထားသည်ဟုဆိုပါသည်။ ဝမ်ဟိုင်းဌာနချုပ်တဝိုက်တွင် SSA တပ်မဟာ ၃၆ တပ်မဟာ ၇၂ တပ်မဟာ ၇၄ တို့လှုပ်ရှားအခြေပြုနေသည်ဟု မြေပြင်သတင်းများက ဆိုပါသည်။ ထို့ပြင်  လွယ်လန်း လွယ်စေးတောင်ကြောတွင်လည်းကောင်း၊ ကျေးသီး မိုင်းကိုင်တဝိုက်တွင်လည်းကောင်း၊ SSPP/SSA တပ်များရှိသေးရာ အနည်းဆုံး နောက်ထပ်တပ်မဟာ ၃ ခုထပ်မံဖွဲ့စည်းထားနိုင်သည်ဟု ခန့်မှန်းရပါသည်။ အတည်ပြုဆဲမြေပြင်သတင်းများအရ SSPP/SSA တပ်ရင်းများမှာ အနည်းဆုံး ၃၀ ကျော်ခန့်ရှိပြီဟု ခန့်မှန်းရပါသည်။ (SSPP/SSA တပ်မဟာ ၁ ခုလျင် အနဲဆုံး တပ်ရင်း ၃ ရင်းမှ ၄ ရင်းခန့်အထိရှိနိုင်ပြီး ၁ ရင်းလျှင် အနည်းဆုံးအင်အား ၂၀၀ ခန့်ရှိနိုင်ပါသည်။)

၂၀၀၉ ခုနှစ် ပြည်သူစစ်ဖွဲ့ရန်ဖိအားပေးခံရစဉ်က တပ်မဟာ ၁ တခုသာ ကျန်ခဲ့သည့် အနေအထားမှတွက်လျှင် SSPP/SSA အနေနှင့် အတော်ပင်ခေါင်းထောင်ထလာနိုင်သည်ဟု ဆိုရပေမည်။ သို့သော် SSPP/ SSA အင်အားအများစုနှင့် ၎င်းတပ်ဖွဲ့၏ ထိန်းချုပ်နိုင်စွမ်းမှာ အဓိကအားဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ဖြစ်ပေရာ SSPP/SSA အား SSA မြောက်ပိုင်းဟူ၍လည်း ခေါ်ဆို ကြပါသည်။

● SSPP/SSA နှင့် တိုက်ပွဲများ
၂၀၁၂ ခုနှစ်တွင် SSPP/SSA တို့ အစိုးရနှင့် ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ပါ အပစ်ရပ် လက်မှတ်ထိုးခဲ့သည်။ အားလုံးပါဝင်ရေးမူကို အစိုးရကလက်မခံသေးသဖြင့် NCA လက်မှတ်ထိုးရာ တွင်တော့ မပါဝင်နိုင်သေးပေ။ SSPP/SSA နှင့် အစိုးရတို့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော်လည်း တိုက်ပွဲများကား ရပ်တန့်မသွားချေ။

SSPP/SSA ၏ ထုတ်ပြန်ပြောဆိုချက်အရ ၂၀၁၂ လက်မှတ်ထိုးပြီးသည်မှ ယနေ့အချိန်ထိ တိုက်ပွဲ ကြီးငယ် ၅၀၀ ကျော်ဖြစ် ပွားခဲ့ပြီဟု ဆိုပါသည်။

သိသိသာသာတိုက်ပွဲများပြင်ထန်လာသည်မှာ ၂၀၁၄ နောက်ပိုင်းတွင် ဟုဆိုရပါမည်။ ၂၀၁၄ တာဖာဆောင်တံတား အရေးကြောင့်တိုက်ပွဲများဖြစ်ပွားသည်။ တာဖာဆောင်တံတားတွင်တပ်စွဲထားသော SSPP/SSA တပ်များအား ဖယ်ခိုင်းရာမှ နှစ်ဖက် တပ်များ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ ၂၀၁၅ တွင် တာဆမ်ပူးကူးတို့တွင် တပ်စွဲထားသော SSPP/SSA တပ်များကိုဖယ်ခိုင်းရာ တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တိုက်ပွဲများမှာ အောက်တိုဘာ၊ နိုဝင်ဘာ ၂ လခန့်ကြာမြင့်သည်။ ဝမ်ဟိုင်း ပတ်ခြာလည် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီးနယ်များအတွင်း ပြင်းထန်စွာဖြစ်ပွားသည်။ မြန်မာစစ်ဖက်မှ လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့သည်။ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် အိုးအိမ်စွန့်ခွာပစ်ပြေးရသည်။ အိုးအိမ်များပျက်စီးခြင်း ကျွဲနွားများ သေဆုံးခြင်းတို့ အရပ်သားလူထုကြုံတွေ့ခံစားရသည်။ ထိုနယ်မြေတွင် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခဲ့ရသည်။ ယနေ့တိုင် ပြန်လည် မကျင်းပနိုင်သေးပေ။
နှစ်လခန့်အကြာတွင် နှစ်ဖက်ညှိနှိုင်း၍ ပြန်လည်အပစ်ခတ်ရပ်စဲခဲ့ကြသည်။

သို့သော် ယနေ့တိုင် ဝန်ဟိုင်းဒေသ ဟိုက်ပါဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည် တထောင်ကျော်မှာ မိမိရပ်ရွာသို့ပြန်လည် အခြေမချနိုင်သေးဟုဆိုပါသည်။

သို့နှင့် လအနည်းငယ် တိုက်ပွဲများရပ်တန့်သွားပြီးနောက် ၂၀၁၆ ဧပြီလတွင် တင်းမာမှုများပြန်လည်အစပြုသည်။ SSPP/SAA တပ်များအခြေပြုရာ တန့်ယန်းနှင့် မိုင်းရှူးကြား သံလွင်မြစ်အနောက်ခြမ်းရှိ လွယ်လန်းလွယ်စေးတောင်ကြောပေါ်ရှိ စခန်းများအား မြန်မာစစ်ဖက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခအား ဖယ်ခိုင်းရာ SSPP/SSA ကမဖယ်နိုင်ဟုအကြောင်း ပြန်ရာမှ တင်းမာမှုများရှိလာသည်။ သို့သော် ၂၀၁၆ ဧပြီလကုန်ပိုင်းတွင် နှစ်ဖက် ညှိနှိုင်းမှုအရ ထိုလွယ်လန်း လွယ်စေးဒေသရှိ SSPP/SSA တပ်စခန်းအချို့အား မြန်မာစစ်ဖက်မှ တက်ရောက်စစ်ဆေးရန် သဘောတူခဲ့၍ တင်းမာမှုအတန်ငယ်လျော့ သွားသည်ဟု ဆိုရမည်။

လွယ်လန်း လွယ်စေးဒေသအား မြန်မာစစ်ဖက်မှတက်ရောက်စစ်ဆေးသည့် မေလ ၁၂ မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား တော့သည်။ မြဝတီသတင်းအရ တိုက်ပွဲငယ်များသည် မေလ ၅ ရက်နေ့မှစတင်သည်ဟု ဆိုသည်။

တိုက်ပွဲငယ်အချို့ မိုင်းရှူးဖက်တွင် ဖြစ်ပွားသည်။ အကျအဆုံးများသော တိုက်ပွဲကတော့ မေ ၁၃ ရက်တွင် ကျောက်မဲအရှေ့ တောင်ဖက် မိုင် ၂၀ ခန့်အကွာ ပုံဝိုးဒေသ ဒုဌဝတီမြစ်ဘေးတွင် ဖြစ်ပွားသည်။ ထိုရက်မှစ၍ မြန်မာစစ်ဖက်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးအသုံးပြု၍ တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ထိုနေ့မှစ၍ မေလ ၂၀ ရက်ခန့်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများသည် ကျောက်မဲ နောင်ပိန်တဝိုက်တွင်၎င်း၊ ကျောက်မဲမြို့နယ်အတွင်း ပန်လော့၊ နမ့်ဝိုင်၊ ဟိုမိန်းနှင့် နောင်ကန်ကျေးရွာများတဝိုက်တွင် အခြေပြုထားသော SSPP/SSA စခန်းများတွင်လည်းကောင်း၊ သီပေါနှင့် မိုင်းရယ်ကြားနမ့်ပေါင် နမ္မ ဘောဒနယ်မြေများတွင် တိုက်ပွဲများဖြစ်ပွားပြီး မြန်မာ စစ်ဖက်မှ နေ့စဉ်လို လေကြောင်းပစ်ကူသုံး၍ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ ထိုတိုက်ပွဲများအတွင်း ဒေသခံ ၁၀၀၀ ကျော်ခန့် သီပေါနှင့်နောင်ပိန်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ တိုက်ပွဲများအပြီး တိုက်ပွဲဖြစ်ပွားရာနယ်မြေသို့ SNLD လွှတ် တော်ကိုယ်စားလည်နှင့်ဒေသခံသတင်းသမားများ သွားရောက်ကြည့်ရှုသောအခါ အိမ်အချို့မီးလောင်ထားသည်ကို တွေ့ရပြီး မီးလောင်ထားသော အလောင်း ၉ လောင်းခန့်တွေ့ရကာ အများစုမှာ အရပ်သားများဖြစ်ဖွယ်ရှိသည်ဟု ဆိုပါသည်။ အကြောင်းရင်းကို သက်သေအထောက်ထား ပြည့်စုံစွာဖြင့် ဖော်ပြနိုင်ခြင်းမရှိသော်လည်း စစ်ပွဲအတွင်းအရပ်သားများထိခိုက်မှုရှိခြင်းကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ သူလွန်သည်ကိုယ်လွန်သည်ဟု အပြန်အလှန် စွပ်စွဲပြစ်တင်လေ့ရှိသည်။ မြန်မာစစ်ဖက်၏ သဘောထားမှာ SSPP/SSA အား ဝမ်ဟိုင်းတွင်အခြေပြု နေထိုင်ရန်ခွင့်ပြုထားကြောင်း ကျော်လွန်လာ၍ တိုက်ခိုက်ရသည်ဟု အကြောင်းပြလေ့ရှိပြီး SSPP/SSA ကတော့ သူတို့အနေနှင့် သူတို့တပ်စခန်းများတွင်သာနေကြောင်း မြန်မာစစ်ဖက်က လာရောက်တိုက်ခိုက်၍ တုန့်ပြန်တိုက်ခိုက်ရကြောင်း ချေပလေ့ရှိပါသည်။

ပြဿနာမှာတခုမှာ UWSA ဝ တပ်ဖွဲ့ NDAA မိုင်းလားတပ်ဖွဲ့တို့မှာ သီးခြားဒေသ သီးခြားတပ်နယ်အဖြစ် ပိုင်းခြားသတ်မှတ်ရ သည်မှာ လွယ်ကူသော်လည်း SSPP/SSA ကဲ့သို့ ပြောက်ကျားဒေသများကို စိုးမိုးလှုပ်ရှားနေသူများအနေနှင့် နယ်မြေတိတိ ကျကျ သတ်မှတ်ပိုင်းခြားရန် ခက်ခဲသည်။ မူလပြောက်ကျားသဘာဝအရ မြန်မာစစ်ဖက်မှ စစ်ကြောင်းများဝင်လာလျှင်ရှောင် ပေးလိုက် ထွက်သွားလျှင် ပြန်ဝင်နေရာယူလိုက်လုပ်သည်ဖြစ်ရာ တိတိကျကျ နယ်မြေသတ်မှတ်ရန် ခက်ခဲပေသည်။

တဖက်တွင်လည်း SSPP/SSA တပ်ဖွဲ့အနေနှင့် ၂၀၀၉ နောက်ပိုင်း ပြည်သူ့စစ်ပြောင်းလဲရေးကို လက်မခံဘဲ ရပ်တည်လာခဲ့ရာ တစတစအင်အားကောင်းလာသည်ကို တွေ့ရသည်။ တပ်ဖွဲ့တခုသည် အင်အားကောင်းလာသည်နှင့်အမျှ နယ်မြေစိုးမိုးလှုပ်ရှားနိုင်စွမ်းအား မြင့်လာရာ မြန်မာစစ်ဖက်အနေနှင့် ၎င်းအခြေအနေကိုထိန်းချုပ်နိုင်ရန်ဆောင်ရွက်ရာမှ တိုက်ပွဲများပြန်လည် ဖြစ်ပွားသည်ဟု သုံးသပ်ရသည်။
တိုက်ပွဲများဖြစ်နေသော်လည်း ထူးခြားသည့်အချက် ၂ ခုရှိသည်။ ပထမအချက် တိုက်ပွဲများဖြစ်နေသော်လည်း SSPP ဆက် ဆံရေးရုံးမှာ လားရှိုးတွင်ရှိနေဆဲဖြစ်ပြီး ဆက်သွယ်ဆွေးနွေးရန် လမ်းကြောင်းရှိနေခြင်း အပစ်ရပ်သဘောတူချက်များအရ ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

ဒုတိယအချက် နှစ်ဖက်စလုံးက တိုက်ပွဲအား စစ်မျက်နှာအားလုံးသို့ ပြန့်မသွားစေရန် ထိန်းချုပ်၍ ပဋိပက္ခဖြစ်ပွားရာ နယ်မြေ တွင်သာ အကန့်အသတ်နှင့်တိုက်ခိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေးသဘောတူညီချက်တခု ခိုင်ခိုင်မာမာ မရမချင်း အဆိုပါတိုက်ပွဲများကို ရှောင်လွှဲရန်ခက်ခဲနေဦးမည်ဟု သုံးသပ်ရပါ သည်။

ဆက်လက်ဖော်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)