ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂျော်ဒီး - မိုးမခရွာ ထွေလီကာလီဈေးဂေဇက် - ၃

Illustration - Thiha (Sakhan Thit)


ဂျော်ဒီး - မိုးမခရွာ ထွေလီကာလီဈေးဂေဇက် - ၃
(မိုးမခ) ဇွန် ၇၊ ၂၀၁၆

မိုးကား..စဲနိုင်သည်မရှိ..။ စွေပြီးရင်း စွေနေပေရာ..မိုးမခရွာဈေးအတွင်းလည်း
မိုးရေတက်ရေတဖွေးဖွေး ကွင်းကျယ်အဝေးဝေး ဖြစ်နေပေသည်။ မိုးရေအေးအေးနှင့်အပြိုင်
ကွမ်းယာသည်လေး ဖိုးထက်တယောက်လည်း ငိုင်တိုင်တိုင်..။ မနေ့က မိုးမခဂေဇက် သတင်းစာ ထဲမှာ ဖတ်လိုက်ရသည် ။ ရွာထောင်စုအစိုးရရဲ့  ရက် ၁၀၀ အစွမ်းပြပွဲထဲမှာ ကွမ်းယာဆိုင်တွေ ပိတ်ခိုင်းတော့မယ်တဲ့..။ ဘာတဲ့ မိုးမခရွာလူထုရဲ့ ကျန်းမာရေး..အတွက် ဆိုလား..။ လူတွေက စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေးတွေ ထွေးကြလို့ဆိုလား။ ဖိုးထက်တယောက် ထုံးပေနေသော သူ့လက်ချောင်းကလေးတွေကို အဓိပ္ပာယ်မဲ့ငေးရင်း အတွေးတွေ ဆက်နေသည်။
ထုံးဂျီး(ချေး) တွေကပ်နေသော သူ့လက်သန်းကလေးကို ငေးနေတုန်း ဗြုန်းခနဲ သူ့ဆိုင်ရှေ့ လူတယောက် လာရပ်သဖြင့် အလန့်တကြား အနားမှ လက်သုတ်ပုဆိုးစုတ်ကို ဆတ်ခနဲယူကာ သူ့ကွမ်းယာဗန်းကလေးပေါ် ကမန်းကတန်း ဖုံးလိုက်မိသည်။ တဟားဟား ရီသံကြားမှ မော့ကြည့်တော့ လေဘေးထည်ရောင်းတဲ့ သာဂိကို တွေ့လိုက်ရသည်။

သာဂိ။ ။ ဟား..ဟား..အဲဒီလောက်ကြီးလည်း မကြောက်ပါနဲ့ဗျာ။ အမိန့်စာတွေတော့ရောက်နေပြီတဲ့။ ဒါပေသိ ရွာသူကြီးလည်း မလှုပ်ရှားလောက်သေးပါဘူးဗျာ။ သူလည်း ကွမ်းကြိုက်တယ်ဗျ။ ဘယ် သကောင့်သားများ ရွှေဉာဏ်တော်စူးတယ် မသိပါဘူးဗျာ။ ဘယ့်နှယ်..ကွမ်းစားတယ်ဆိုတာ ကျနော် တို့ရိုးရာ ယဉ်ကျေးမှုဗျ.။ ရှေးမင်းတွေ လက်ထက်ကတည်းက ကွမ်းစားလာတာ။ ရှင်ဘုရင်တွေ မူးမတ်တွေဆို ကွမ်းတံတွေးထွေးတဲ့ ထွေးခံကိုင်ဖို့ ကွမ်းရေကိုင်ဆိုပြီးတောင် ခန့်ထားရတာဗျ၊ ..ဖွီ...ဗျစ်”

 သာဂိ က ပါးစပ်က ပြောလည်းပြော..ကွမ်းတံတွေးကိုလည်း ဘေးနားသို့ ကြုံသလို လှည့် ထွေးလိုက်ရာ ကပ်လျက်ဆိုင်မှ ဒေါ်အာကျယ့်ခြေထောက်ပေါ်သို့ ရဲခနဲ စင်သွားလေသည်။ ဒေါ်အာကျယ်မှာ စွေ့စွေ့ခုန်ရင်း..ခုနစ်သံချီလေသည်။

ဒေါ်အာကျယ်။ ။ ဟဲ့..ဟဲ့..ကြည့်ကြက်လည်း ထွေးကြ။ မင်းတို့လို စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူ တွေကြောင့်..ဒီလိုအမိန့်တွေ ထုတ်ရတာဟဲ့။ ကြည့်စမ်း..ငါ့ခြေထောက်ပေါ်ကွမ်းတံတွေးတွေ စင်ကုန် ပြီ။ ဒါတွေကိုသိလို့ရွာသူကြီး ဘကြီးဖြိုးက ကွမ်းဆိုင်တွေပိတ်ဖို့ အကြံပြုလိုက်တာဟဲ့..”

ဒေါ်အာကျယ်၏အော်ကြီးဟစ်ကျယ် ပြောသံကြောင့် ကွမ်းယာသည်ကလေး ဖိုးထက်၏ မှိုင်တွေချနေရှာသော မျက်နှာကြီးမှာ တမုဟုတ်ချင်း လင်းလက်ဝင်းပသွားသည်။ ထို့နောက် သူ့ရင်ဘတ်ပေါ်သူ လက်နှစ်ယှက်ကာ..မျက်စိစုံမှိတ်ပြီး တီးတိုးဆုတောင်းရှာလေသည်။

ဖိုးထက် ။ ။ အော်..ကွမ်းဆိုင်တွေပိတ်ဖို့ ဘကြီးဖြိုးအကြံလား။ ဒါဆို…တော်ပါသေးရဲ့ ။ သူက ဟိုတလောကလည်းရွာအနှိပ်သည်တွေကို လုပ်ငန်းလိုင်စင်ပိတ်ပြောပြီး တကယ်မပိတ်ပါဘူး..။
အေးလေ..ပိတ်လိုက်လို့ဘယ်ဖြစ်ပါ့မလဲ သူလည်းညောင်းတဲ့ညာတဲ့အခါ မာဆတ်ပြေးရ တာပဲလေ။ အခုလည်း..သူကွမ်းကြိုက်တယ်ဆိုပဲ။ ဘုရားသခင်စောင့်ရှောက်ပါစေ..အာမင်။

သာဂိ ။ ။ ကန်တော့ဗျာ..ကန်တော့၊ ဒေါ်အာကျယ်ရာ..မတော်လို့ပါ။ ရော့ရော့ ဒီမှာ အ၀တ်စုတ်ကလေး..သုတ်လိုက်ပါဦးဗျာ..”
ဒေါ်အာကျယ်က ဆူဆူစောင့်စောင့်နှင့် အ၀တ်စုတ်ကို လှမ်းယူသုတ်ရင်း ဗျစ်တောက်ဗျစ်တောက်။

ဒေါ်အာကျယ် ။ ။ “ဒီနေ့ ကံကို မကောင်းပါဘူး။ မနက်ကတည်းက အိမ်က အငယ်ကောင်ကလည်း ကျောင်းသွားခါနီး ဂျီကျပြီး ငိုနေတယ်။ ဗလာစာအုပ်ဝယ်မပေးလို့တဲ့။ သူ့အမေ့ ဘိုးအေတွေက ကျောင်းဖွင့်ရင် ဗလာစာအုပ် (၆) အုပ်ပေးမယ် ကြေညာထားပြီးတော့ မပေးကြသေးဘူး။ ပေးမယ်ပြောထားလည်း ကျောင်းဖွင့်အမီလေး စီစဉ်ပေးမှပေါ့”

ဟင်းရွက်သည် ဒေါ်ဆိတ်မကလည်း ဟင်းရွက်အနွမ်းကလေးများကို ပြန်လန်းအောင် ရေဆွတ်ရင်း

ဒေါ်ဆိတ်မ ။ ။ “ဟုတ်ပအေ..။ ရက်(၁၀၀)..ရက်(၁၀၀)ဆိုပြီး.. အစွမ်းတွေပြကြတာ..။ ရက်(၁၀၀)စီမံချက်တွေထဲမှာ.. ကျောင်းသုံးစာအုပ်ကလေးတွေ အချိန်မီထုတ်ပေးဖို့ စိတ်ကူး မရကြဘူးလားမသိ”

ဒေါ်အာကျယ် ။ ။ ထားပါတော့အေ..။ ကိုယ်အနှစ်နှစ်အလလက ထောက်ခံခဲ့မဲပေးခဲ့တဲ့ ရွာထောင်စု အစိုးရကလေးကို..ဝေဖန်ချင်ရင်တောင်..အရမ်းမဝေဖန်ကြပါနဲ့..။ သွားလေသူအဘတို့
ဝမ်းသာနေပါမယ်။

သာဂိ ။ ။ အဘတို့ဆိုလို့… ဟိုနေ့က အဘတို့သူခိုးပြိုင်ပွဲကြီးအကြောင်း သတင်းစာရှင်းလင်းပွဲလုပ်တာ ကြားလိုက်ကြသေးလား။ ဆင်လောက်ခိုးတဲ့သူနဲ့ ယုန်လောက်ခိုးတဲ့သူနဲ့ .. ပုရွတ်ဆိတ်လောက်ခိုးတဲ့ သူနဲ့.. ဖြုတ်လောက်ခိုးတဲ့သူနဲ့ပြိုင်ကြတာ.. နောက်ဆုံးတော့ အကုန်သူခိုးကြီးချည့်ပဲဗျို့ ..။

ထိုစဉ်…မိုးသည်းသည်းကြားမှာ ထီးစုတ်ကလေးမလုံ့တလုံနှင့် မိုးရေတရွှဲရွှဲ.. ချောင်းတဟွတ်ဟွတ်ဆိုးနေသော.. ဂျီးဒေါ်ရောက်လာသည်။

ဂျီးဒေါ်။ ။ ဈေးပေါင်ကျိုး ဘာဓာတ်စာကလေးများ ရမလဲလို့ အဟွတ်..အဟွတ်။
ဒေါ်အာကျယ် ။ ။ ဂျီးဒေါ်နေမကောင်းဘူးလား..အဟွတ်..အမလေး ငါ့ပါဓါတ်ကူးသွားပြီ..။
ဂျီးဒေါ် ။ ။ ဟုတ်တယ်..။ ချောင်းတွေဆိုးပြီး ရင်တွေကြပ်နေလို့..။ဆေးခန်းလည်း မပြနိုင်လို့
ဈေးထိပ်ဆေးဆိုင်က“တစ်ရာဖိုးသုံးထုပ် စပ်ဆေးလေး..”၀င်ဝယ်တာ..။ ဆိုင်မဖွင့်ဘူး..အဟွတ်..အဟွတ်..။

သာဂိ ။ ။ အော်..ဟုတ်တယ်..။ ဟုတ်တယ်..။ ဆေးဆိုင်တွေလည်း ခုရက် ဆေးအတုတွေ အရည် အသွေးမမီတဲ့ဆေးတွေ ၀င်စစ်မယ်ကြားလို့ ပိတ်တဲ့ဆိုင်ပိတ်..။ မကျေနပ်လို့ ဆန္ဒပြမယ့်သူ ပြမယ်တကဲကဲ ဖြစ်နေကြတယ်..။

ဒေါ်ဆိတ်မ ။ ။ ဟဲ့ …အစစ်မခံချင်ရင် ဆေးအတုတွေမရောင်းနဲ့ပေါ့..။ သူတို့ကပဲ ဆန္ဒပြမယ် လုပ်ရသေးလား။ ငါတို့ပြည်သူတွေမှာ ဆေးအတုတွေမိလို့ အသက်တိုနေရတာကြ ထည့် မတွက်ကြဘူး။
ဟိုနေ့ကလည်း အားဆေးလေး သွားဝယ်ပါတယ်။ ဆေးပေါ်မှာ အသားတံဆိပ် ပါတာယူမလား..။ တံဆိပ်မပါတာယူမလားတဲ့။ အသားတံဆိပ်ပါတာက အစစ်လားဆိုတော့.. အာမမခံနိုင်ဘူးတဲ့..။ ဒီလိုပဲ ရာဝင်ဗူးကြီးတွေနဲ့လာတာ.. ပြန်ခွဲရောင်း ရတာပဲတဲ့..။ ဘယ် နိုင်ငံတွေက ၀င်လာတာတွေမှန်းတောင် မသိပါဘူး..ဒီလိုပဲ ရောင်းနေရတာပဲတဲ့..။ မရှိဆင်းရဲသားတွေခမျာလည်း စစ်လား..တုလား တောင် ခွဲမနေနိုင်ပါဘူးအေ။ သေကာမှသေရော.. တစ်ရာဖိုးသုံးခွက်.ဆေးဆိုင်တွေက စပ်ဟပ်ပေးနေတဲ့ ဆေးလေးတွေနဲ့ပဲ အသက်ဆက်နေရတာကိုး။

ဒေါ်အာကျယ် ။ ။ ဆေးဝါးတင်လားအေ…ကျုပ်တို့ လူအများစု စားနေရတဲ့ဆီကရော။ လူနည်းစုကသာ တစ်ပိသာ ၅၀၀၀..၆၀၀၀တန် နှမ်းဆီ ပဲဆီစားနိုင်တာ။ တနေ့လုပ်မှ တနေ့စား ရတဲ့သူတွေခမျာ.. ဈေးပေါတဲ့ဈေးသက်သာတဲ့ စားအုံးဆီပဲ စားနိုင်တာအေ့။ ဆီဆိုင်တွေမှာ မီးနဲ့ကြိုမှပျော်တဲ့ အဲဒီစားအုံးဆီခဲခဲကြီးတွေပဲ ၀ယ်စားနေရတယ်။ ဗိုက်ထဲကျမှ သွေးကြောတွေ ပိတ်ခဲပြီး.. လူတွေရောဂါထူတယ်။ အသက်တိုတယ်။ အခု ဂျီးဒေါ်ချောင်းတဟွတ်ဟွတ်ဆိုး နေတာလည်း စားအုံးဆီတန်ခိုးတွေပေါ့။ အဲဒီ စားအုံးဆီတွေဘယ်က ဘယ်လိုများမျက်စိလည်လမ်းမှားပြီး..နှမ်းတွေ ပဲတွေထွက်တဲ့ တို့ရွာထဲ ရောက်လာပါလိမ့်အေ..။

သာဂိ ။ ။ ဘယ်ကမှ မျက်စိမလည်ဘူးဗျို့ ။ အဲဒါ အဘတို့ လမ်းပြခဲ့တာ။ ဒင်းတို့ပေးခဲ့တဲ့ဆိုးမွေတွေ ပေါ့ဗျာ။ တကယ်တော့ ဒီလိုစံမမီတဲ့ ဆေးဝါးတွေ စားသုံးဖို့ မသင့်တဲ့ဆီတွေအစားအသောက် လူသုံးကုန်တွေ..ရွာတွင်းကို တင်သွင်းတာတွေမှန်သမျှ မစစ်မစီခွင့် ပြုခဲ့တယ်။ ၀ိသမ လောဘ သမားတွေနဲ့ တကြိတ်တည်းတဉာဏ်တည်း ပုလင်းတူဗူးဆို့ လုပ်ကြတယ်။ နောက်ဆုံးတော့ ကျုပ်တို့ရွာဂံတော်ပဲ ချွတ်ခြုံကျ..ရွာသူရွာသားတွေ ဆင်းရဲမွဲတေ အသက်တိုကြတော့တာပဲဗျ။ ဒီကိစ္စတွေဟာရွာဂံတော်အစိုးရဟောင်းအဆက်ဆက်က လုပ်ခဲ့ဖျက်ခဲ့တဲ့ အမှိုက်တွေပဲဗျ။
ဒီအမှိုက်တွေကို အခုရွာဂံတော် အစိုးရသစ်ကလည်း အဂတိတရားကင်းကင်း တာဝန်ယူဖြေရှင်း ရမှာပေါ့ဗျာ။

ဒေါ်အာကျယ် ။ ။ ဟေ့ …တို့အစိုးရက အဂတိလိုက်စားမှုကင်းတယ်ဟေ့..။ အဂတိ ကင်းစင်အောင် တိုက်ဖျက်မယ်လို့ အစောကြီးကတည်းက ကြွေးကြော်လာတာ..သိလား။

သာဂိ ။ ။ အဂတိကင်းတယ်ဆိုရာမှာ.. ဘယာဂတိလည်း လည်း ပါတယ်နော်..။ အဘတို့ လုပ်ခဲ့တဲ့ မတရားမှု အဂတိလိုက်စားမှုတွေကိုရွာလူထုရဲ့ အကျိုးကိုထောက်ပြီး ပြတ်ပြတ်သားသား အရေးယူ ရမှာဗျ..။ ရက်(၁၀၀) စတန့်အတွင်း..ကွမ်းယာဆိုင်သေးသေးလေးတွေနဲ့ တသက်လုံးကွမ်းစိုက်လာတဲ့ ကွမ်းစိုက်တောင်သူတွေရဲ့ထမင်းအိုးကို ရိုက်ခွဲမယ့် ကွမ်းကင်းစင်ရေးမျိုးလုပ်မယ့်အစားပြည်ပက တရားမ၀င်သွင်းလာတဲ့ စားသုံးသူကို အန္တရာယ်ပေးတဲ့ကွမ်းစားဆေးတွေ၊ လူသုံးကုန်အတုတွေ၊ ဆေးဝါးအတုတွေ၊ အရည်အသွေးညံ့ဖျင်းတဲ့စားအုံးဆီတွေသွင်းနေတာတွေ အရင် ကင်းစင်ရမယ်..။ အဲလို တရားမ၀င်တင်သွင်းနေတဲ့ခရိုနီကြီးတွေနဲ့ အဂတိလိုက်စားပြီး ခွင့်ပြုခဲ့တဲ့ တာဝန်ရှိသူတွေ ကင်းစင်ဖို့သူတို့ကိုအရေးယူဖို့ စီစဉ်နိုင်ရင် နတ်လူသာဓုခေါ် မှာပါဗျာ။
ဆင်ဖမ်းမယ်ကျားဖမ်းမယ်တွေ လျှောက်အော်မနေပါနဲ့ဗျာ.။

ဒေါ်အာကျယ် ။ ။ သူများ မျက်ချေးပဲမမြင်နဲ့..။ မောင်ရင်တို့လည်း..ကွမ်းတံတွေးကို စည်းနဲ့ကမ်းနဲ့ထွေးဖို့ လေ့ကျင့်ရမယ်..။

သာဂိစကားကို နားထောင်ပြီးနောက် ဖိုးထက်တယောက် ၀မ်းသာရွှင်လန်းစွာ ၀င်ရောက်ဆွေးနွေး လေသည်။

“ဟုတ်တယ်၊ ဟုတ်တယ်.၊ ကွမ်းက ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် မစားဘဲနေလို့ရတယ်ဗျ။ စားအုံးဆီတွေ..
ဆေးအတုတွေက ရွေးစရာမရှိလို့သုံးနေရတာ။ ဒါတွေကိုမျက်စိမှိတ်..အဂတိလိုက်စားပြီး ခွင့်ပြုထား ရင် အားလုံးမာလကီးယားမှာဗျ။ ဒီတော့ဗျာ…ကွမ်းကင်းစင်ရေးလုပ်မယ်အစား.. အဂတိကင်းစင် ရေး ခရိုနီကင်းစင်ရေးအရင် လုပ်ကြပါဗျာ”

ဒေါ်ဆိတ်မက..ဟိုဟိုဒီဒီ ကြည့်ရင်း အသံတိုးတိုးဖြင့်…

“ဟဲ့…ခရိုနီကင်းစင်ရေးက ကွမ်းကင်းစင်ရေးလောက် လွယ်ပါ့မလားဟဲ့ ”

ဂျီးဒေါ် ။ ။ အခုလောလောဆည်တော့ ငါ့ချောင်းဆိုးကင်းစင်ဖို့ နင့်ဆီကကွမ်းရွက်ကလေးတရွက် လောက် ပေးပါဟယ်။ ကွမ်းရွက်ဆိုတာ ဆေးဘက်ဝင်တဲ့ မိရိုးဖလာ ချောင်းဆိုးပျောက်ဆေးဟဲ့..။

ဖိုးထက် ။ ။ စိတ်တော့မကောင်းပါဘူး.. ဂျီးဒေါ်ရယ်။ ခါတိုင်းလို ကွမ်းရွက်အလကား မပေးနိုင်တော့ ဘူးဗျ..။
အခုလောလောဆည်တော့ကွမ်းက ဘိန်းလိုမူးယစ်ဆေးလိုတရားမ၀င်ပစ္စည်းဖြစ်နေပြီ။
မှောင်ခိုရောင်းရ၀ယ်ရတာဆိုတော့.. တရွက်ကို ၁၀၀ တော့ပေးဗျာ။ အချင်းချင်း ငွေစကား ကြေးစကား ပြောတယ်တော့ မထင်ပါနဲ့ဗျာ..။ ကျနော်တို့မှာလည်း ပြောင်းလည်းချိန် ရက် ၁၀၀ ကျေးဇူးနဲ့လမ်း ကြောင်းတွေ..လိုင်းကြေးတွေ လာတော့မှာ..။ မတော်အဖမ်းခံရရင်လည်း ပိုင်ရှင်မဲ့ကွမ်းဆို ပြီး လူလွတ်ရုန်းရဦးမယ်မဟုတ်လား..။

ဂျီးဒေါ်။ ။ အော်..ဒုက္ခ....အဟွတ်..ရက် ၁၀၀..အဟွတ်..ဒုက္ခ..။

(ပြီး)