ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်စန္ဒာမြင့် ● နှလုံးသားက စကားသံများကို နားစွင့်ကြည့်ပါ



ခင်စန္ဒာမြင့် ● နှလုံးသားက စကားသံများကို နားစွင့်ကြည့်ပါ
(Education Digest / မိုးမခ) ဇွန် ၂၃၊ ၂၀၁၆


(ဓာတ်ပုံ - ခင်လေး၊ ရန်ကုန် ။ ဇွန် ၃၊ ၂၀၁၆)

အေးစက်နေအောင် လေအေးစက်တွေဖွင့်ထားတဲ့ အခန်းကျယ်တခုထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ အခန်းထဲမှာရှိနေတဲ့ လူတွေဟာ အုပ်စုနှစ်စုကွဲနေတယ်ဆိုတာကို သတိထားမိလိုက်ပါတယ်။ အခန်းရဲ့ဘယ်ဘက်အခြမ်းမှာတော့ တီရှပ်အနီရောင်ဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အရွယ်စုံ။ သူတို့ဝတ်ထားတဲ့ တီရှပ်အနီရောင်ရဲ့နောက်မှာတော့ "နှလုံးသားမှ… … စကားသံများ" လို့ရေးထားလေရဲ့။ သူတို့နဲ့ ဆန့်ကျင်ဘက်အရပ်ဖြစ်တဲ့ အခန်းရဲ့ ညာဘက်အခြမ်းမှာကတော့ အရောင်အသွေးစုံတဲ့ ၀တ်ကောင်းစားလှတွေနဲ့ လူတွေ။ အခန်းရဲ့ သုံးပုံနှစ်ပုံကို နေရာယူထားတဲ့ အများစုသော သူတို့တွေထဲက ထွက်လာတဲ့ အသံတွေကတော့ မတူကွဲပြားတဲ့ ဘာသာစကားအသံတွေရယ်ပါ။

ဒီလူနှစ်စုရဲ့ အလယ်မှာ သွက်လက်တဲ့ဟန်ပန်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က "သားတို့သမီးတို့ ဘာပြောချင်ကြသေးလဲ" ဆိုပြီး တီရှပ်အနီရောင်ဝတ်ထားတဲ့ လူနည်းစုဆီကို လှမ်းပြီး မေးနေပါတယ်။ သူကတော့ ဝေါလ်ဗီးရှင်း အင်တာနေရှင်နယ်လ် မြန်မာ (World Vision International Myanmar) အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဒေါ်ဥမ္မာအိအိချော ဖြစ်ပါတယ်။ သူမကတော့ စောစောက လူနည်းစုဖြစ်တဲ့ သူတွေရဲ့ နှလုံးသားထဲက စကားသံတွေကို လူများစုဖြစ်တဲ့ တဖက်ခြမ်းကလူတွေ ကြားရအောင် နှိုးဆော်ပေးနေသူပါ။




ဓာတ်ပုံ - ခင်လေး။

ဒီလို အားနည်းနေသူ လူနည်းစုတွေနဲ့ အင်အားကြီးတဲ့ လူတွေအကြားမှာ အပြန်အလှန်ရင်ဖွင့် ဆွေးနွေးအဖြေရှာနေတဲ့ နေရာကတော့ လူကုန်ကူးမှုခံလိုက်ရတဲ့ သူတွေ ရင်ဖွင့်ပြောဆိုနေတဲ့ အခမ်းအနားတခုပါ။ အစိုးရမဟုတ်တဲ့ လူမှုစောင့်ရှောက်ရေး နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ ဝေါလ်ဗီးရှင်း မြန်မာရဲ့ အစီအမံနဲ့ လူကုန်ကူးခံရပြီး နေရပ်ကို ပြန်လာနိုင်ခဲ့တဲ့ လူတချို့နဲ့ တွေ့ဆုံ၊ သူတို့ရဲ့ ရင်ထဲက စကားသံတွေကို စာနယ်ဇင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့် တိုက်ရိုက်နားထောင် မေးမြန်းနိုင်တဲ့ ဆုံတွေ့ပွဲလေးတခုကို ဇွန်လ (၃) ရက်နေ့က ရန်ကုန်မြို့ ဆန်းမစ်ပါတ်ခ်ဗြူး ဟိုတယ်မှာ ပြုလုပ်ခဲ့ခြင်းပါ။



ဓာတ်ပုံ - World Vision International Myanmar

ဝေါလ်ဗီးရှင်းမြန်မာဟာ လူကုန်ကူးမှုအဆုံးသတ်ရေးစီမံချက်ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာ စီမံကိန်းသက်တမ်း (၅)နှစ်ရှိပြီဖြစ်ပါတယ်။ (၅)နှစ် အတွင်းမှာ မန္တလေး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်၊ တနင်္သာရီတိုင်း ပုလောမြို့နယ်နှင့် ကော့သောင်း မြို့နယ်တို့မှာ လူကုန်ကူးမှုဆိုင်ရာ ကြိုတင်တားဆီးရေး (Prevention)၊ ကာကွယ်စောင့်ရှောက်ရေး (Protection)၊ မူဝါဒရေးရာနဲ့ ပူပေါင်းဆောင်ရွက်မှုများ (Policy and Cooperation)၊ တရားစွဲဆိုရေး (Prosecution) စွမ်းရည်မြှင့်တင်ရေး (Capacity Building) လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နေရပ်ပြန်လာသူ ၃၀၂ ဦးကို မိသားစုနဲ့ ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့ပြီး ၉၃ ဦးကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကူညီထောက့်ပံမှုတွေ ပြုလုပ်နိုင်ခဲ့ကြောင်းလည်း စာရင်းဇယားတွေက ဆိုပါတယ်။ လူကုန်ကူးခံခဲ့ရပြီး နေရပ်ပြန်လာသူများနဲ့ တွေ့ဆုံပွဲ လုပ်ခဲ့တာလည်း (၇) ကြိမ် ရှိပါပြီ။




ဓာတ်ပုံ - World Vision International Myanmar




ဓာတ်ပုံ - World Vision International Myanmar


"ရွာကလူတွေက ကျွန်မတို့ဆီကဘာသတင်းမှမကြားရတော့ သေကုန်ပြီလို့ထင်နေကြတယ်။

တချို့ကကြတော့လည်း ဟိုမှာ မကောင်းတာ လုပ်စားနေတယ်လို့ ထင်ကြပြန်တယ်…"

ထိုင်းနိုင်ငံရှိ အအေးခန်းစက်ရုံတခုမှာ လူကုန်ကူးခံလိုက်ရတဲ့ တောင်ငူမြို့က မသန်းဌေးကို ဇွန်လ (၃) ရက်နေ့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် တိုက်ရိုက် သီးသန့်မေးမြန်းခွင့်ရစဉ် သူ ရင်ဖွင့်ပြောပြတဲ့ စကားသံ ဖြစ်ပါတယ်။

မသန်းဌေးနှင့် သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သမီးဟာ သမုဒ္ဒရာ ဝမ်းတထွာအတွက် သူတို့ဇာတိက အလုပ်အကိုင်ပွဲစားတွေကတဆင့် တဖက်နိုင်ငံက ငါးသေတ္တာစည်သွပ်ဘူးစက်ရုံမှာ အလုပ်လုပ်ဖို့အတွက် တရားဝင် စာချုပ်စာတမ်း ပြည်ဝင်ခွင့်ဗီဇာများနဲ့ သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အတွေ့အကြုံမရှိ မလည်မဝယ် ရိုးအတဲ့ သူတို့သားအမိနှစ်ယောကို ဒီဘက်က အေဂျင်စီပွဲစားတွေက ကိုယ့်နိုင်ငံသားချင်း နားလှည့်ပါးရိုက်လုပ်ပြီး တဖက်လှည့်နဲ့ ထိုင်းနိုင်ငံက အလုပ်ပွဲစားတွေဆီ ရောင်းစားတာကို ခံခဲ့ရရှာပါတယ်။ သူတို့ဟာ စာချုပ်ချုပ်ခဲ့စဉ်ကနဲ့ လုံးဝ မတူညီတဲ့ အလုပ်အကိုင်တွေကို လုပ်ခဲ့ရတဲ့ အပြင် လုပ်ခကြေးငွေလည်း မရခဲ့ပါဘူး။ နောက်ပိုင်း ထိုင်းအာဏာပိုင်ဘက်ကို လုပ်ခငွေရဖို့ တိုင်တန်းတောင်ဆိုရာမှာ (၉) လ ကြာ တရားရင်ဆိုင်ခဲ့ရပေမယ့် လုပ်ခငွေ အပြည့်အဝ မရရှိခဲ့ဘဲ နစ်နာကြေး ဘတ်လေးထာင်သာ ရပြီး အခု အိမ်ပြန်ခဲ့တာပါ။

လူကုန်ကူးခံရတဲ့ လူအများစုဟာ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး အဆင်မပြေမှုတခုခုကို အကြောင်းပြုပြီး လူကုန်ကူးပွဲစားတွေရဲ့ မက်လုံးပေး စည်းရုံးသိမ်းသွင်းတာကို ခံကြရတာ များပါတယ်။ တချို့သော ပွဲစားတွေဟာ သားကောင်ဖြစ်လာမယ့် သူတွေကြားမှာ သွားလာနေထိုက်ကျက်စားကာ ယုံကြည်စိတ်ချရသူ မိတ်ဆွေလူယုံတဦးလို ပြုမူနေထိုင်ပြီးမှ ယုံကြည်မှုကို အလွဲသုံးစားလုပ် လူတွေကို လှည့်ဖြားတတ်ကြပါသေးတယ်။ လူမုဆိုးတွေဟာ အထည်ချုပ်စက်ရုံလို အောက်ခြေလူတန်းစားအများစု အလုပ်လုပ်ရာနေရာတွေမှာ (၁) လ တန်သည် (၂) လ တန်သည် ၀င်ရောက် အလုပ်လုပ်ကာ သူသိမ်းသွင်းချင်တဲ့ သူ၊ အထူးသဖြင့် အတွေ့အကြုံနည်းသူ လူငယ်လူရွယ်များ၊ ပညာနည်းသူများ၊ ရိုးနုံလှတဲ့ တောနေလူတန်းစားများကို အကျိုးလိုလားသူ လူယုံတယောက်ကဲ့သို့ ပြောဆို စည်းရုံး သိမ်းသွင်းမှုတွေ ပြုလုပ်ကြတာပါ။

ခံရသူအများစုဟာ မြန်မာပြည်ရဲ့ အစွန်အဖျားအရပ်ဒေသတွေမှာ နေထိုင်လုပ်ကိုင်စားသောက်နေကြရသူတွေပါပဲ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့်ရော၊ အသိပညာ အတတ်ပညာနည်းပါး လွန်းလှတာတွေကြောင့်ပါ သူတို့ဘ၀တွေရဲ့ လူနေမှုအဆင့်အတန်းနဲ့ အသိအမြင်တွေဟာ အလွန်ပင် နိမ့်ကျလှပါတယ်။ ဒေသတွင်း ရိုးရာ လုပ်ရိုးလုပ်စဉ် ဓားမဦးချ အလုပ်အကိုင်တွေကို ကြမ်းတမ်းခက်ခဲစွာ လုပ်ကိုင်ကြရပေမယ့် ရရှိတဲ့ အမြတ်အစွန်း (သို့မဟုတ်) လုပ်ခလစာကတော့ နည်းပါးလွန်းတတ်ကြပါတယ်။ ဒါကြောင့်လည်း အပင်ပန်းခံရတာချင်း အတူတူ လုပ်ခလစာ ပိုရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိမ်နီးချင်း နိုင်ငံတွေဆီမှာ မွေးရပ် ဇာတိ၊ မိသားစုနဲ့ အိုးအိမ်ကို စွန့်ခွာပြီး သွားရောက်လုပ်ကိုင်ကြရင်း ဒီလိုမျိုး အဓမ္မ ရောင်းစားခံရခြင်း၊ အလိုမတူတဲ့ အလုပ်အကိုင်တွေမှာ အတင်းအကျပ် လုပ်ရခြင်း၊ လုပ်ခကြေးငွေမရခြင်း၊ အလုပ်သမား အခွင့်အရေး လုံးဝ မခံစားရခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့ခြင်းစတဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့ရတော့တာပါပဲ။

လူကုန်ကူးခံခဲ့ရတဲ့ သားကောင်တွေရဲ့ ပြန်ပြောချက်တွေကို နားထောက်ကြည့်ပါ။ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမှုတင်မကပါ။ ပင်လယ်မှာ ရေလုပ်သားအဖြစ် ကျွန်ပြုခံရသူများဆိုရင် အလုပ်နားချိန်မရှိ၊ အစာရေစာလည်း ကောင်းကောင်းမစားရတဲ့အတွက် ဆာလောင်နေတဲ့အချိန်မှာ သူတို့မျက်စိရှေ့ မြင်နေရတဲ့ ငါးအရှင်လတ်လတ်တွေကိုတောင် အစိမ်းလိုက်ကိုက်စားပြီး အသက်ဆက်နေခဲ့ရသူတွေရှိပါတယ်လို့ ဆိုပါတယ်။ ဒီလို အဖြစ်တွေ နှစ်လကြာချီလာတဲ့ အခါမှာတော့ သူတို့တွေရဲ့စိတ်ထဲမှာ အခုလို သူများအသက်ကို အစိမ်းလိုက်စားပြီး အသက်ဆက်နေရတဲ့ သူတို့ရဲ့ ဘ၀တွေအတွက် "ငါတို့ လူတောင်မှ ဟုတ်ရဲ့လား" ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ဘာသာ ပြန်မေးဖြစ်တဲ့ အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်နေပါတော့တယ်။

“လူကုန်ကူးမှု” ဆိုတဲ့ စကားလုံးနဲ့ အနက်အဓိပ္ပာယ်ကို လုံးဝမကြားဖူးဘဲ တဖက်နိုင်ငံကို လူကုန်ကူးခံခဲ့ပြီး အတိဒုက္ခရောက်ခဲ့ရတဲ့ မောင်မျိုးကိုလည်း ပွဲမှာ ခဏတာ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။

"နေစရာလည်းမရှိဘူး၊ စားဝတ်နေရေးကလည်း ခက်ခဲတော့ တွေးမိတိုင်း မျက်ရည်ကျရတယ်" လို့ ရင်ဖွင့်သွားခဲ့တဲ့ မောင်မျိုးရဲ့ ဘ၀ကတော့ အင်မတန်မှကို ကြေကွဲဖွယ်ရာကောင်းလှပါတယ်။



ဓာတ်ပုံ - ခင်လေး


မောင်မျိုးဟာ ဇာတိကော့သောင်းမှာ သာမန်ရေလုပ်သားတယောက်အဖြစ် လုပ်ကိုင်နေထိုင်နေရင်း အင်ဒိုနီးရှားနိုင်ငံ ကတန်ကျွန်းက ငါးဖမ်းသင်္ဘောပေါ်ကို ရောင်းစားခံလိုက်ရသူပါ။ ရေလုပ်သားအဖြစ် သူရောင်းစားခံလိုက်ရတဲ့နေရာမှာ အလုပ်ရှင်ရဲ့ ရက်ရက်စက်စက် အနိုင်ကျင့် ခေါင်းပုံဖြတ်မှုတွေကို ခံခဲ့ရပါတယ်။ သူဌေးမွေးထားတဲ့ ခွေးတကောင်ကို ရိုက်မိတဲ့အတွက် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူရဲ့ အသက်ကို နှုတ်ယူသွားခဲ့တဲ့ လူမဆန်တဲ့ အဖြစ်ဆိုးတွေကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရပါတယ်။ ယုတ်မာရက်စက်ကြမ်းတမ်းလွန်းတဲ့ သူဌေးရဲ့လက်အောက်မှာ မောင်မျိုးဟာ အဓမ္မ အလုပ်အခိုင်းခံခဲ့ရပြီး မျက်လုံးတဖက် ဆုံးရှုံးခဲ့ရတဲ့အပြင် ခန္ဓာကိုယ်ဟာလည်း ဒုက္ခိတတယောက်ဖြစ်လုနီးပါး ဒဏ်ရာဒဏ်ချက်တွေ များစွာရရှိခဲ့ပါတယ်။ အခုအချိန်မှာ ကံကောင်းထောက်မလို့သာ အသက်နဲ့ကိုယ် မြဲပြီး နေရပ်ကို ပြန်ရောက်ခဲ့ပေမယ့် လူကတော့ ဘာမှ လုပ်ကိုင်စားသောက်လို့ မရနိုင်လောက်တဲ့ ဘ၀မျိုးကို ရောက်သွားပါပြီ။ အခုလောလောဆယ်မှာတော့ ဝေါလ်ဗီးရှင်း မြန်မာရဲ့ ထောက်ပံ့မှု (၁) လ ၁၂၀,၀၀၀ ကျပ် နဲ့သာ ဘဝကို ရပ်တည်နေရပါတယ်။ အခုအချိန်မှာ မောင်မျိုးဟာ ရုပ်ပိုင်းဆိုင်ရာ ညဉ်းပန်းနှိပ်စက်မှုဒဏ်က လွတ်ခဲ့ပြီ ဆိုနိုင်ပေမယ့် အတိတ်အိပ်မက်ဆိုးကနေ မလွတ်နိုင်၊ အားငယ်စိတ်တွေရှိဆဲဖြစ်တဲ့အပြင် အနာဂတ်ဘဝအတွက်လည်း စိုးရိမ်စိတ်တွေ အပြည့်နဲ့ဆိုတာ သူ့ဘ၀အနာဇာတ်ကြောင်း ပြန်ပြောရင်း စီးကျနေတဲ့မျက်ရည်တွေက သက်သေပြနေပါတယ်။

မောင်မျိုးတို့ မသန်းဌေးတို့လို နိုင်ငံရပ်ခြားကို လူကုန်ကူးခံရတဲ့ လူတွေလည်းရှိသလို ပြည်တွင်းမှာတင် လူကုန်ကူးခံလိုက်ရတဲ့ သူတွေလည်းရှိကြပါသေးတယ်။ (နာမည်မဖော်ပြတဲ့) ဆယ်ကျော်သက်အရွယ် လူငယ်လေးတယောက်ဆိုရင် ပြည်တွင်းကလုပ်ငန်းရှင်တွေရဲ့ စည်းရုံးသိမ်းသွင်းမှုတွေ ကြားမှာပဲ လူကုန်ကူးခံခဲ့ရကြောင်း သိခဲ့ရပါတယ်။


ဓာတ်ပုံ - ခင်လေး

ဒါ့အပြင် တရားမ၀င်သွားခဲ့သူတွေတင်မဟုတ် တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ကြသူတွေမှာလည်း အဓမ္မလူကုန်ကူးခံရမှုတွေရှိနေပါတယ်။ ဒီလိုမျိဲုးဖြစ်စဉ်တွေ ဘာကြောင့် ဖြစ်သလဲဆိုတာကို တာဝန်ရှိ ပုဂ္ဂိုလ်များဘက်ကို အကြောင်းအရင်း မေးမြန်းကြည့်ရာမှာတော့ “နိုင်ငံခြားသွားအလုပ်လုပ်ချင်သူတွေဟာ သူတို့ကို ဆက်သွယ်အလုပ်ရှာပေးတဲ့ အေဂျင်စီတွေရဲ့ ဖြောင့်မတ်မှန်ကန်မှု၊ တရားဝင်မှု မဝင်မှုကို သေချာလေ့လာမစုံစမ်းကြဘဲ သွားကြတဲ့ အတွက်ကြောင့်” ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဌာန အထွေထွေအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီး ဒေါ်နုနုခင်က ဖြေကြားခဲ့ပါတယ်။

တကယ်တော့ ဗဟုသုတနဲ့ပညာအခြေခံနည်း ကျေးလက်နေပြည်သူလူထု အများစုအတွက် အလုပ်အကိုင်ရှာဖွေရာမှာ စနစ်တကျ ချဉ်းကပ်စုံစမ်းမေးမြန်းဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ အစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ်အသိအမှတ်ပြုမှု အစီအစဉ်တွေ တိုင်းပြည်အနှံ့က ကျေးလက်တောရွာထိ အရောက် ယခုထက်ပိုမို လုပ်ကိုင်ဖို့လိုနေပါတယ်။ ပညာပေး စာစောင်တွေ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ ဆင်းရဲသား ပညာနည်းလူထုအများစုကြား အမှန်တကယ် ပျံ့နှံ့ဖို့လည်း လိုနေပါတယ်။

ပုံစံမျိုးစုံ အသွင်မျိုးစုံနဲ့ လူကုန်ကူးနေကြမှုအပေါ် မည်သို့သော အရေးယူဆောင်ရွက်မှုတွေကို ပြုနေပါသလဲ၊ ဒီလိုလူကုန်ကူးခံရမှုတွေ ပပျောက်အောင် ဘယ်လို စီမံချက်တွေနဲ့ လုပ်ဆောင်ပေးနေပါသလဲ၊ လူကုန်ကူးခံလိုက်ရတဲ့ သူတွေရဲ့ လုပ်ခလစာတွေ ပြန်လည်ရရှိဖို့အတွက် ဘယ်လိုတွေ လုပ်ဆောင်ပေးနေပါသလဲ စတဲ့ မေးခွန်းတွေကိုတော့ လူကုန်ကူးမှုတာဆီးကာကွယ်ရေးအဖွဲ့က ဒုရဲမှူးကြီးမျိုးသိန်းကို မေးမြန်းခွင့်ရခဲ့ပါတယ်။

၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသူပေါင်း ၁,၂၀၀ နီးပါးမှာ အများစုသောသူတွေဟာ ကိုယ်အလုပ်လုပ်နေတာ ဘယ်ကုမ္ပဏီ၊ ဘယ်သူဌေးနဲ့ အလုပ်လုပ်ခဲ့တာဖြစ်တယ်ဆိုတာကို သေချာပြန်မပြောနိုင်ကြတဲ့ အတွက် လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့မကိုက်ညီဘဲ ဖြစ်ကာ အမှုဖွင်ဖို့ခက်ခဲနေကြောင်း၊ တရားလိုကမှ ပြည့်စုံလုံလောက်တဲ့ အချက်အလက်ကို မပေးနိုင်ရင် အထူးသဖြင့် တဖက်နိုင်ငံက လူကို တရားစွဲဖို့ဆိုတာ မလွယ်ကူကြောင်း ဒုရဲမှူးကြီးက လှစ်ဟာအားနည်းတဲ့ အချက်တချက်ကို ပြောပြပါတယ်။

ဒါပေ့မယ့် အဓိက ပြဿနာက လုပ်ထုံးလုပ်နည်း အဆင့်ဆင့် များပြားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူကုန်ကူးခံရပြီး ပြန်လာတဲ့ ကိုဇော်ဇော်လင်းရဲ့ ပြောဆိုချက်အရဆိုရင် သူတို့ လူကုန်ကူးခံရတဲ့ အခြေအနေ၊ အချက်အလက်တွေကို တိတိကျကျပြောပြနိုင်ခဲ့တယ်၊ အလုပ်သမားနံပါတ်၊ သူဌေးနာမည်ကအစ ပြောပြနိုင်ခဲ့ပေမယ့် အခုအချိန်အထိ လုပ်ခလစာပြန်မရသေးတဲ့ ဖြစ်စဉ်တွေလည်း ကြားသိခဲ့ရပါတယ်။

လူကုန်ကူးခံရတဲ့ သူတွေဟာ တဖက်နိုင်ငံမှာ အခက်အခဲမျိုးစုံကြုံတွေလာရတဲ့ အချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တရားဥပဒေအကူအညီယူခြင်းမျိုး၊ အလုပ်သမားအဖွဲ့အစည်းများရဲ့ ပံ့ပိုးမှု တောင်းခံခြင်းမျိုး၊ လူမှုကယ်ဆယ်စောင့်ရှောက်ရေး ပရဟိတအဖွဲ့တွေကို ဆက်သွယ်ပြောဆို အကူအညီတောင်းခြင်းမျိုးတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ အသိမျိုးရှိဖို့လည်း လိုအပ်ပါတယ်။

တဖက်မှာလည်း အဲဒီလို အသိမျိုးရှိလို့ ဆက်သွယ်တိုင်ကြားပြန်တော့လည်း အပေါ်ကမှုဝါဒနဲ့ လက်တွေ့လုပ်ဆောင်မှုတွေ ကွာခြားနေတာမျိုးတွေလည်း ရှိနေကြောင်း၊ တရားဝင် လူကုန်ကူးသူတွေကို တရားစွဲဆိုထားကြပေမဲ့လည်း လူကုန်ကူးခံရသူတွေကို ပြန်ပို့တာတောင် တရားမ၀င်တဲ့ လမ်းကြောင်းကနေ ဆက်သွယ်ပြီး ပြန်ပို့တာတွေရှိကြောင်း၊ တရားရုံးတွေမှာရှိတဲ့ ဘာသာပြန်တွေဟာလည်း ယုံကြည်စိတ်ချရမှု မရှိကြောင်းကို ကိုယ်တိုင်ခံစားခဲ့ရသူ (အမည်မဖော်) တဦးက ရင်ဖွင့်ပြောပြခဲ့ပါတယ်။

မကောင်းတဲ့ အရာတိုင်းအတွက် ကြိုတင်ကာကွယ်နိုင်ခြင်းက ဖြစ်ချိန်မှာ အရေးယူဆောင်ရွက် ကုသပေးခြင်းမျိုးထက် ပိုကောင်းတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။ လူကုန်ကူးခံခဲ့ရပြီး သူတွေကို တရားမျှတမှု ပြန်လည်ရရှိစေဖို့၊ လူ့အသိုင်းအဝန်းမှာ လူ့ဂုဏ်သိက္ခာရှိရှိ ပြန်လည် ဝင်ရောက်နေထိုင် အသက်မွေးနိုင်ဖို့နဲ့ စိတ်ဒဏ်ရာတွေကျက်စေဖို့ ဖြစ်စဉ်အပြီး နောက်ဆက်တွဲ အရေးယူမှုတွေ ဆောင်ရွက်ရမှာဖြစ်သလို ပိုပြီးအရေးကြီးအဓိကကျတဲ့ အလုပ်ကတော့ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းအစီအစဉ်တွေပါပဲ။



ဓာတ်ပုံ - ခင်လေး

လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေကို အကြောင်းရှာရင် ဆင်းရဲမွဲတေခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်အားခကြေးငွေ နည်းပါးခြင်း၊ အသိပညာခေါင်းပါးခြင်းတို့က အဓိပါပဲ။ ဒီလို နောက်ခံကနေ အလွယ်တကူဖျားယောင်းသိမ်းသွင်းခံရမှု၊ တဖက်လူကို ယုံကြည်မှုလွန်ကဲမှုတွေ ဖြစ်စေတဲ့အပြင် မိသားစုအတွင်း တဦးနှင့်တဦး လျစ်လျူရှုမှုများနဲ့ လူမှုရေးပြဿနာ၊ အိမ်တွင်းရေးပြသနာများကနေ ထွက်ပေါက်တခုရှာလိုသူတွေဟာလည်း လူကုန်ကူးခံသားကောင် ဘဝကျရောက်တတ်ကြောင်းကို လူကုန်ကူးခံရသူတွေအပေါ် လက်တွေ့အကူညီပေးနေတဲ့ ရွှေပြည်သာမြို့နယ်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဦးစံတင်က ပြောပါတယ်။ လူငယ် သဘာဝ ချစ်ကြိုက်ချင်ယောင်ဆောင်ပြီး တရားဝင် လက်ထပ်ယူတဲ့ပုံစံတွေလုပ်ပြီးမှ အမျိုးသမီးတွေကို လိင်လုပ်ငန်းတွေမှာရောင်းစားခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်းလို တဆင့်ခံနည်းစနစ်တွေနဲ့လူကုန်ကူးခြင်းတွေလည်း ရှိကြောင်း ဦးစံတင်က ဖြည့်စွက် ထောက်ပြပါတယ်။

ဒီအချက်ဟာ အခုလို လူမှုကွန်ရက်အွန်လိုင်းမီဒီယာတွေအပေါ် အလွန်အကျွံမှီခို သုံးစွဲလာကြတဲ့ ခေတ်လူငယ်တွေ၊ ကျောင်းသားလူငယ်တွေအတွက်တော့ သတိထားရမယ့် အချက်ပါပဲ။ လူတဦးတယောက် အကြောင်း သေချာဂဏ မသိနိုင်တဲ့ အင်တာနက် အွန်လိုင်းမှာ လူမုဆိုးတွေဟာ သူတို့ရဲ့သားကောင်တွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်နေကြပါတယ်။ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာ မြို့နယ်အဆင့်ဆင့်အထိ ကျောင်းတွေ၊ အလုပ်ရုံတွေမှာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်တဲ့ အသိပညာပေး ဆွေးနွေးတာတွေ၊ ဥပဒေကြောင်းအရ သိမှတ်ဖွယ်ရာ ပညာပေးမျှဝေမှုတွေ တနိုင်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့လိုနေပါတယ်။ တရုတ်နိုင်ငံလုပ် တန်ဖိုးနည်း စမတ်ဖုန်းများနဲ့ ရွာငယ်ဇနပုဒ်အထိ ထိုးဖောက်နေပြီဖြစ်တဲ့ အွန်လိုင်းလူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာလည်း အဓိက သုံးစွဲနေသူ လူငယ်လူရွယ်များကို အသိပညာပေးအစီအစဉ်တွေ စနစ်တကျ လုပ်နိုင်ဖို့ လိုပါတယ်။

အခုလတ်တလော ဖြစ်စဉ်တခု ဖြစ်တဲ့ မြန်မာအမျိုးသမီး လိင်အလုပ်သမတွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဖမ်းမိတဲ့ အဖြစ်ကိုပဲ ကြည့်ပါ။ ထိုင်းနိုင်ငံကလာတဲ့ သတင်းများအရ ဘန်ကောက်မြို့တော် ဟွေ့ခွမ်မြို့နယ်က အနှိပ်ခန်း ပြည့်တန်ဆာရုံတခုကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေက ၀င်ရောက် စီးနင်းခဲ့ရာမှာ ဖမ်းမိတဲ့ အသက်မပြည့်သေးသူ မိန်းကလေးတွေ အပါအ၀င် မိန်းကလေး ၁၂၀ ကျော်ထဲမှာ အများစုဟာ မြန်မာနိုင်ငံကလာသူ အမျိုးသမီးများ ဝမ်းနည်းဖွယ် ဖြစ်နေပါတယ်။ သူတို့ထဲက တချို့ဟာ ရောင်းစားခံနေရကြောင်းကို အပြင်မှာရှိတဲ့ သူတို့ကိုကယ်ဆယ်နိုင်မယ့် အဖွဲ့တွေကို အကြောင်းကြားခဲ့ရာကနေ အခုလို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
အစိုးရတာဝန်ရှိသူတွေ အဆင့်ဆင့်ကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ပူးပေါင်းညှိနှိုင်း ဆက်သွယ်ဆောင်ရွက်ကာ လူကုန်ကူးမှုကို တိုက်ဖျက်တားဆီးရမှာဖြစ်ပါတယ်။ ဒါဟာ လွယ်ကူတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အရာရာ ချွတ်ခြုံကျနေတဲ့ မြန်မာပြည်အတွက်တော့ ယိုပေါက်တွေ ဟာကွက်တွေ အားနည်းချက်တွေ အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။ လူဆိုတာ ရောင်းကုန်မဟုတ်ကြောင်း အခြေခံ ဗြဟ္မစိုရ်တရား လူသားချင်းစာနာမှုဟာ လူသားရဲ့ အားနည်းချက် လောဘနဲ့ သီလမစောင့်နိုင်တဲ့ ခေတ်စနစ်ဆိုးကြားမှာ ပျောက်ဆုံးနေဦးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူနဲ့လူချင်း ရောင်းစား၊ ကျွန်ပြု မတရားအကျင့်ခံရတဲ့ လူကုန်ကူးခံသားကောင်တွေလည်း ဆက်လက်မြင်တွေ့နေရဦးမယ်ဆိုတာ ခန့်မှန်းလို့ ရတဲ့ အချက်ဖြစ်ပါတယ်။

ဒါပေမယ့်… … “လုပ်ဖို့ မလွယ်ဘူးဆိုပြီး မလုပ်ဘဲထားကြမယ်ဆိုရင်ဖြင့်၊ လူကုန်ကူးတာ လွယ်ပါတယ်လို့ ယူဆထားတဲ့လူတွေကို တိုက်ဖျက်ဖို့ မလွယ်ဖြစ်ပါလိမ့်မယ်" လို့ ဝေါလ်ဗီးရှင်းမြန်မာက ဒေါ်ဥမ္မာအိအိချောက တွေ့ဆုံပွဲမှာ ပြောခဲ့သလိုပါပဲ၊ အစိုးရ၊ ပြည်သူ၊ လူမှုအဖွဲ့အစည်း၊ စာနယ်ဇင်းမီဒီယာ အားလုံးသော အဖွဲ့အစည်းတွေဟာ ကျရာအလုပ်တွေကို ကျင့်ဝတ်တာဝန် ကျေပွန်စွာ ထမ်းဆောင်ရင်း ဒီလူကုန်ကူးခြင်းဆိုတဲ့ဒုစရိုက်အမှုတွေကို ယုံယုံကြည်ကြည် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ၀ိုင်းဝန်းတားဆီးနှိမ်နှင်းနေကြဖို့ အရေးကြီးလှပါတယ်။

လက်သင့်မခံဖွယ် ဖြစ်ပျက်နေတဲ့ ၂၁ ရာစု ခေတ်သစ်ကျွန်ပြုအဖြစ်ဆိုးကြီးကို ထိရောက်တဲ့ တားဆီးနှိမ်နင်းမှုတွေ ပြုလုပ်နိုင်ဖို့ရာ လူကုန်ကူးခံခဲ့ရသူတွေရဲ့ နှလုံးသားထဲက စကားသံများကို နားနဲ့မနာ၊ ဖဝါးမနာ လူအများ နှလုံးသားနဲ့နာ နားစွင့်ကြရင်း မိမိပတ်ဝန်းကျင်မှာ နားဖွင့်ကာ လူစိတ်မရှိတဲ့ မနုဿမုဆိုးများကို စောင့်ကြည့်ရှာဖွေ ဖော်ထုတ်ကြပါစို့ … ။ ။


ခင်စန္ဒာမြင့်
09-06-2016 (03:21 PM)
(Education Digest (ပညာပဒေသာ) အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၅)၊ အမှတ် (၂၃-၂၄) တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)
±±±±± ±±±±± ±±±±± ±±±±± ±±±±±±±±±±±



“လူကုန်ကူးမှု တိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့”
လူကုန်ကူးမှုဆက်စပ်ကိစ္စရပ်များအတွက် ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုံးနံပါတ်များ
၀၉ - ၄၉ ၅၅၅ ၆၆၆
၀၉ - ၄၉ ၅၅၅ ၇၇၇
၀၉ - ၄၉ ၅၅၅ ၈၈၈
၀၉ - ၄၉ ၅၅၅ ၉၉၉