မိုးကျော်ဇင် ● အင်္ကျီဝတ္ထု

 မိုးကျော်ဇင် ● အင်္ကျီဝတ္ထု
(မိုးမခ) ဇွန် ၂၊ ၂၀၁၆

ဘုရားပေါ်ရောက်တော့ နေနည်းနည်းမြင့်နေပြီ။ နေရောင်ထဲ အပူဓာတ်လေးတောင် မစို့မပို့ ပါနေတယ်။ ဒါပေမယ့် တကယ့် မဟာစေတီတော်ကြီးလည်း ဖြစ်ပြန်၊ တနင်္ဂနွေနေ့လည်း ဖြစ်ပြန်ဆိုတော့ ရင်ပြင်တော်ကျယ်ကြီးမှာတောင် လူတွေဆိုတာ ဖွေးဖွေးလှုပ်လို့။

ကျွန်တော်တို့ ဇနီးမောင်နှံလည်း ထီးကလေးဖွင့်ပြီး ထုံးစံအတိုင်း ရင်ပြင်တော်ပေါ်မှာ လက်ယာရစ် တပတ် ပတ်ကြတယ်။ ခြေလှမ်းတွေ တရွေ့ရွေ့နဲ့ စေတီစိန်ဖူးတော်ကို မော့ကြည့်လိုက်၊ စေတီတော်ကြီးရဲ့ ခေါင်းလောင်း၊ ကြာလှန်ကြာမှောက်တွေနဲ့ ဘီလူးပန်းဆွဲတွေက အနုလက်ရာတွေကို ငေးမောလိုက်ပေါ့။ များသောအားဖြင့် ရင်ပြင်ပေါ်က သူလို ကိုယ်လို ဘုရားဖူး တွေကို စပ်စပ်စုစု လိုက်ငေးဖြစ်တာ များပါတယ်။

ပြီးတော့ လုပ်ရိုးလုပ်စဉ်ပေါ့ဗျာ။ မွေးနံထောင့် ဂြိုလ်တိုင်တွေက ဘုရားဆင်းတုတော် လေးတွေမှာ ပန်းလှူ၊ ရေသပ္ပါယ်၊ မွေးနံတိရစ္ဆာန်ရုပ်တုလေးတွေကို အလကားရတဲ့ ရေတွေ မဟားတရားလောင်းပေါ့။ ဘယ်ခေတ်ကာလက ဘယ်ပုဂ္ဂိုလ် ပညက်ခဲ့မှန်း မသိပါဘူး။ ပြောမယ့်သာပြောတာ၊ ကိုယ်လည်း လုပ်တာပါပဲ။ လူတွေ သွားလာနေကြတဲ့ကြားမှာပဲ ဦးသုံးကြိမ် ပုဆိန်ပေါက်ပြီး ရသမျှ ဘုရားရှိခိုးလေးတွေ ကမန်းကတန်းရွတ်လိုက်သေးတယ်။ ရန်ကုန်ဆိုတာ အဲ့ဒါသာ ကြည့်ပေတော့။ ဘုရားကိုတောင် ခပ်သုတ်သုတ် ကြည်ညိုရတဲ့အဖြစ်။

ကျွန်တော်က ဘုရားကိုလာရင် အေးအေးဆေးဆေးပဲ လာချင်တယ်။ တိတ်တိတ် ဆိတ်ဆိတ်ပဲ ကြည်ညိုချင်တယ်။ ဘုရား ပေါ်တက်ရင်တောင် ဓာတ်လှေကားနဲ့ ဖျတ်ခနဲ ရောက်သွားတာမျိုး မလိုချင်ဘူး။ အရှေ့ဘက်မုခ်ကပဲ ခပ်ဖြေးဖြေး လမ်း လျှောက်တက်ချင်တာ။ ခုလည်း အရှေ့ဘက်မုခ်က တက်ခဲ့တာပဲ။ ကြေးသွန်းဘုရားကြီးနဲ့ ဓမ္မာရုံတွေ၊ နိဗ္ဗာန် ကုန်ဆိုင်တွေ ရှေ့က ဖြတ်လျှောက်ရင်း ရှေ့တည့်တည့်က စီးမိုးနေတဲ့ ရွှေတောင်ကြီးကို လှမ်းမြင်နေရတာဟာ ဘုရားလာဖူးရခြင်းရဲ့ ရှေ့ပြေးပီတိတခုပဲ။ အရှေ့ဘက်စောင်းတန်း ရှည်ကြီးအတိုင်း တက်ပြီဆိုလည်း ဗုဒ္ဓဝင်ရုပ်ကြွတွေ၊ နိဗ္ဗာန်ကုန်ဆိုင်တွေ၊ ဘုရားရောက် အမှတ်တရပစ္စည်းဆိုင်တွေကို ကြည့်ငေးလိုက်၊ ဈေးမေးလိုက်နဲ့ တက်ရတာလည်း အရ သာတမျိုးပါပဲ။ တခု ပဲ။ ဘုရားပန်းရောင်းသူတွေရဲ့ ဈေးခေါ်သံတွေကိုတော့ ရှောင်တိမ်း တက်ရမှာပေါ့ဗျာ။ ဒါလည်း ခံစားတက်ရင် အရသာတမျိုး တိုးတာပေါ့။

ပြီးတော့ လင်မယားနှစ်ယောက် ရွှေသင်္ကန်းအတွက် အလှူငွေ သွားလှူကြတယ်။ ထီးတော်ဟောင်းကို သွားကြည့်တယ်။ ဖူးလို့ဝ၊ လှူလို့ပြီးတော့ ပြန်ရုံပေါ့ဗျာ။ ဖိနပ်အပ်ခဲ့တဲ့ အရှေ့ဘက်မုခ်ကပဲ ပြန်ဆင်းရုံပေါ့။ အဲ - မိန်းမက ဆန္ဒသစ်တခု ထပ် တိုးလာတယ်။ "တရားထိုင်ချင်သေးတယ်" တဲ့။ ထိုင်ပေါ့။ သူ့ဝါသနာကို သိပြီးသားပဲ။ အခါကြီးရက်ကြီး ရုံးပိတ် ရက်တွေဆို အိမ်မှာ နားနားနေနေ၊ သွားသွားလာလာ မရှိဘူး။ တရားစခန်းတခုခုတော့ ဝင်နေကျ။ ခုလည်း အင်းပေါ့လေ။ ဒါမျိုးက နောက်မှလုပ်ကွာလို့ ရက်ရွှေ့ခိုင်းလို့ သင့်တာမှ မဟုတ်တာ။

တရားထိုင်မယ်ဆိုတော့ ရင်ပြင်တော်ပေါ် နီးရာနေရာ ခေါက်ခနဲ ထိုင်ချလို့ အဆင်ပြေတာမှ မဟုတ်တာ။ တရားအားထုတ်ဖို့ သင့်တော်တဲ့ ဆိတ်ငြိမ်တနေရာတော့ လိုအပ်တာပဲလေ။ ဒါနဲ့ လင်မယားနှစ်ယောက် စေတီတော်ကြီးကို ပတ်လည်လျှောက် ပြီး နေရာရှာရပြန်တယ်။ စေတီတော်ရင်ပြင်ကြီး ကျယ်ပြန့်သလောက် ဇရပ်တွေ၊ တန်ဆောင်းတွေလည်း ပေါပါတယ်။ ဒါပေ မယ့် တကယ်တမ်း ဆိတ်ငြိမ်တဲ့တနေရာရှာရတာတော့ ခက်တယ်။ တချို့တွေကလည်း ဘုရားရိပ်ခိုသလိုလိုနဲ့ ဘုရားချောင် လာခိုကြသူတွေကလည်း အများသား။

တော်တော်လျှောက်မိတော့ တန်ဆောင်းကြီးတခုမှာ အဆင်ပြေတဲ့တနေရာ သွားတွေ့တယ်။ စေတီတော်ကြီးကိုလည်း အာရုံပြုလို့ ကောင်းတဲ့နေရာပဲ။ ဘုရားချောင် လာခိုသူတွေလည်း မရှိဘူး။ သီလရှင်အိုကြီးတပါးပဲ ပုတီးထိုင်စိပ်နေတာ။ ဇနီးသည်လည်း နီးစပ်ရာ ဖျာလေးတချပ်ဆွဲယူပြီး တရားထိုင်ဖို့ပြင်တော့ ကျွန်တော်လည်း ပြင်ရတာပေါ့။ ကျွန်တော်ပြင် တာက တရားထိုင်ဖို့ မဟုတ်ပါဘူး။ သူတရားထိုင်တာကို ပြီးအောင်စောင့်ဖို့ ပြင်ဆင်ရတာပါ။ သူတရားထိုင်ရင် အနည်းဆုံး လေးဆယ့်ငါးမိနစ်၊ တစ်နာရီတော့ သွားရောလေ။ ဒါကြောင့် ကျွန်တော်လည်း ပုဆိုးခါးကြားက ဖုန်းလေးထုတ်၊ အင်တာ နက်ဖွင့်ပြီး ထိုင် ပွတ်နေရတော့တာ။ ဒါက ဒီနေ့ လူတွေအတွက် အကောင်းဆုံး အချိန်ဖြုန်းနည်းနဲ့ ငွေဖြုန်းနည်းကိုး။

နာရီဝက်လောက်နေတော့ ကျွန်တော် နည်းနည်း ငြီးငွေ့လာတယ်။ မိန်းမကိုကြည့်တော့လည်း စထိုင်လိုက်ကတည်းက ထိုင်နေတဲ့အတိုင်းပါပဲ၊ တုပ်တုပ်ကို မလှုပ်သေးတာ။ သီလရှင်အိုကြီးကလည်း ပုတီးတချောက်ချောက်နဲ့ ရှိနေတုန်း။ တန် ဆောင်းအောက် ခဏဆင်းပြီး ဟိုနားဒီနား လျှောက်ကြည့်တယ်။ အရံစေတီတော်တွေ၊  တဝဂူဘုရားဆင်းတု တော်တွေ လျှောက်ကြည့်။ မထူးပါဘူး။ အရင်လိုပါပဲ။ သူလိုကိုယ်လိုပါပဲ။ အချိန်ပိုလို့ လာ တဲ့သူတွေ၊ အဖော်ကောင်းလို့ ရောက်ခဲ့သူတွေ၊ အပူလောင်လို့ ပြေးလာကြသူတွေဟာ ရင် ပြင်တော်ပေါ် တလှုပ်လှုပ် တရွရွပေါ့။ အမွှေးတိုင်နံ့တွေ၊ ပန်းမျိုးစုံ ရနံ့စူးစူးတွေဟာ ရင်ပြင် တော်ပေါ် ဝေ့ဝဲနေတာပါပဲ။

မိန်းမတရားထိုင်နေတဲ့ တန်ဆောင်းပေါ် ပြန်ရောက်တော့ လူတယောက် ထပ်တိုးနေတာ တွေ့လိုက်ရတယ်။ အမျိုးသား တယောက်ပဲ။ အသက်က ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းဆိုတော့ သုံးဆယ့်ငါး ပတ်ချာလည်ပေါ့။ အသားညိုညို၊ အရပ်အ မောင်းကောင်း ကောင်းနဲ့။ အဝတ်အစားက သိပ်သားနားလှတယ်မဟုတ်ပေမယ့် သန့်သန့်ရှင်းရှင်း သေသေသပ်သပ်။ နာမည်ကြီးရွှေဆိုင်တံဆိပ်ရိုက်ထားတဲ့ တီရှပ်အဖြူလေးက သူ့ကိုယ်မှာ ကပ်လို့။ တခြားအမျိုးသားတွေလိုပဲ ဟွာဝေးတံဆိပ်ဖုန်းကို ပုဆိုးခါးကြား ထိုးညှပ်ထားတယ်။ သူ့ ကို ကျွန်တော် အာရုံစိုက်မိသွားတာက တခြားကြောင့် မဟုတ်ဘူး။ တန်ဆောင်းထဲ ဗုဒ္ဓ ဆင်းတုတော်ရှေ့က သူ့အမူအရာကြောင့်ဆိုပါတော့။

သူဘုရားရှိခိုးနေပုံက သူလိုကိုယ်လို အမူအရာမျိုးထဲက မဟုတ်ဘူး။ ကျကျနနထိုင် ပြီး သေသေချာချာ အာရုံပြု ရှိခိုးနေတာ။ လက်အုပ်ကို ပီပီပြင်ပြင် ချီထားတယ်။ နဖူးက နည်းနည်း အကျဉ်းဖက်ပါတယ်။ ဆံပင်က ခပ်တိုတို ခပ်ကောက်ကောက်ပေမယ့် ဆံပင် ဒေါက်ရှည်ရှည်တွေက ပါးသိုင်းမွှေ ခပ်ရေးရေးနဲ့ တဆက်တည်း ဖြစ်သွားတယ်။ ဘုရားရှိခိုး ကို မတိုးမကျယ် ရွတ်လို့။ မှိတ်မထားဘဲ ဘုရားကို အာရုံပြု ကြည့်နေတဲ့ မျက်လုံးတွေက နူးညံ့ဓာတ်တွေ အပြည့်။  ဒီလူဟာ ဘယ်လိုလူပါလိမ့်။ မိသား စုလည်း မပါ။ အဓိဋ္ဌာန်တခုခု လာဝင်တာလည်း ဖြစ်နိုင်တယ်။ ဘုရားခြေရင်းက ဘာသာရေးလိုက်စားတဲ့ တက္ကစီဆရာ တယောက်လား။

ဖုန်းဖွင့် ဂိမ်းကစားဖို့ စိတ်ကူးထားတာတောင် မေ့နေတယ်။ ကျွန်တော်ရဲ့ လူတွေကို စိတ်ဝင်တစားလေ့လာတဲ့ ဗီဇက ဒီဘု ရားရင်ပြင်မှာမှ ကိုယ်ထင်လာပြနေတော့....။ အင်း .. ဒါကြောင့် အဖေက ပြောတာ။

"မင်းက ဉာဏ်လေးတော့ ကောင်းချင်ပါရဲ့ကွာ၊ တလွဲဆံပင်ကောင်းနေတာက ခက်နေတယ် " တဲ့။

အဖေက သူ့သားရဲ့ ရှားရှားပါးပါး ကောင်းကွက်လေးကို အပြည့်အဝချီးကျူးဖို့ မချင့် မရဲ ဖြစ်နေရှာပုံပဲ။ အဖေပြောတာလည်း မိဘဘက်ကပြန်ကြည့်တော့ သဘာဝကျပါတယ်။ ဘယ်မိဘဖြစ်ဖြစ် ကိုယ့်သားသမီးတွေကို ကျောင်းပညာရေးမှာ ထူးချွန်စေ ချင်ကြတာပဲ။ ဉာဏ်ကောင်းပြီဟေ့ဆိုလည်း ကျောင်းပညာရေးမှာပဲ ကောင်းစေချင်မှာပေါ့။ ကျွန်တော် နားလည်ပါတယ်။ ခက်တာက ကျွန်တော့်မှတ်ဉာဏ်ပဲ။ ကျောင်းပညာရေးမှာ ဉာဏ်ကောင်းတာမျိုး မဟုတ်ဘူး။ အတန်းတိုင်း ဖျစ်ညှစ်ပြီး ဖြတ် သန်းခဲ့ရတာချည်းပဲ။

ကျွန်တော်ဉာဏ်ကောင်းတာက လူတွေကို မှတ်မိတဲ့ ဉာဏ်မျိုး။ တနေရာရာမှာ တဒင်္ဂဖြစ်ဖြစ် အာရုံစိုက်ကြည့်မိလိုက်ရင် နောက် ဘယ်အချိန်၊ ဘယ်နေရာ ပြန်တွေ့ပါစေ၊ တန်းခနဲကို မှတ်မိသွားတာ။ တကယ်တော့ အာရုံစိုက်မိလို့ပေါ့။ ဝိပဿနာ စကားနဲ့ ပြောရရင် မျက်စိအကြည်နဲ့ မြင်စိတ်နဲ့ သွားတိုးတိုက်မိတာပေါ့။

သူငယ်ချင်းတယောက်ရဲ့ အဖေ၊ ရဲအရာရှိဟောင်းကြီးကတော့ သူ့နယ်ပယ်ထဲက နေပြီး ချဉ်းကပ်သုံးသပ်ပြဖူးတယ်။

"ငါ့တူရ၊ မင်းက ဒဿနိကနဲ့ ဘွဲ့ယူပြီး ရဲထဲဝင်ရမှာ၊ မင်းလိုမှတ်ဉာဏ်မျိုးက နိုင်ငံခြားမှာ သိပ်အသုံးဝင်တာပေါ့ကွာ၊ ကျောင်း ကောင်းကောင်းမှာ လေ့ကျင့်ပေးလိုက်ရင် ဥပဒေလောကအတွက် သိပ်အားကိုးရမှာကွ"
ရွဲ့ပြောတာလားတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်က အစိုးရဝန်ထမ်းလုပ်ဖို့ လည်း အစီအစဉ်မရှိတော့ ထွေထွေထူးထူး စိတ်မဝင်စားမိဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ အဖေ့ မှတ်ချက်နဲ့ယှဉ်ရင်တော့ ကောင်းနေတာပဲ။ နိုင်ငံခြားမှုခင်းလောကတွေ ဘာတွေလည်း နားမလည်လိုက်ပါဘူး။ ပီတိဖြစ်တာတော့ ဝန်ခံရမှာပဲ။

ဒါပေမယ့် ကျွန်တော်ဘွဲ့ရတာ ဒဿနိကနဲ့လည်း မဟုတ်ဘူး။ အိမ်ထောင်ပြုတယ်။  အလုပ်လုပ်တယ်။ ချစ်တယ်။ မုန်းတယ်။ ပြုံးတယ်။ ငိုတယ်။ တခြားသူတွေလိုပါပဲ။ အဲ လူ တွေကိုတော့ တခါတွေ့ပြီးရင် မှတ်မိနေတာကတော့ အရင်အတိုင်းပေါ့။

မကြာပါဘူး၊ ခဏနေတော့ အဲ့ဒီလူ ပြန်ဆင်းသွားတယ်။ ရင်ပြင်တော်ထဲက တခြားလူတွေလိုပဲ လူတွေကြားထဲ ရောနှော ပျောက်ကွယ်သွားတယ်။ နေရောင်က အပြင်းဘက်ပါလာပြီ။ မိန်းမကလည်း တုပ်တုပ်မလှုပ်သေးဘူး။ သီလရှင်အိုကြီးရဲ့ စိပ်ပုတီးလုံးတွေ ထိပွတ်မိသံတွေကလည်း တချောက်ချောက်မြည်နေတုန်း။ တန်ဆောင်းထဲမှာ ကျွန်တော်ကတော့ ဖုန်းပြန် ပွတ်ရမလိုလို၊ လူတွေပဲ လိုက်ကြည့်နေရမလိုလို၊ တရားဝင်ထိုင်နေရမလိုလို။

နောက် နာရီဝက်ကြာတော့ မိန်းမ တရားဖြုတ်ပြီး ထလာတယ်။ ပြီးပြီပေါ့။ ကျွန်တော်တို့ တန်ဆောင်းပေါ်ကဆင်းပြီး အရှေ့ဘက်မုခ် အဆင်းကို ဦးတည်လျှောက်လာကြတယ်။ ရင်ပြင်တော် ကျောက်ပြားအခင်းတွေက ပူစပြုနေပြီပဲ။ နောင် တော်ကြီးစေတီနားက အရံစေတီတွေကြား နေကာမျက်မှန်နဲ့ အမျိုးသမီးကြီးတယောက် မတ်တတ်ကြီး ပုတီးစိပ်လို့။ ပါး စပ်က တရွရွရွတ်ပြီး လက်က တချောက်ချောက်လှုပ်နေပေမယ့် ဦးခေါင်းက အရပ် ဆယ့်ခြောက်မျက်နှာအနှံ့ လှည့်လည်လို့။ ပြည်ပခရီးသွားတအုပ်က ဧည့်လမ်းညွှန်လေးကို ဝိုင်း ပြီး မေးခွန်းတွေနဲ့ ပိတ်ဆို့နေတာ တွေ့ရသေးတယ်။

အရှေ့ဘက်မုခ်နား ရောက်ခါနီး တန်ဆောင်းတခုရှေ့က အဖြတ် တစုံတခုကို ရိပ်ခနဲ ခံစားမိလိုက်တယ်။ ဖြတ်လျှောက်ပြီးခါမှ ကျွန်တော် ဆတ်ခနဲ နောက်ပြန်ကြည့် လိုက်တော့ ...။  အိုး  သူကိုး။ ဟုတ်တယ်၊ ကျွန်တော် မျက်စိမမှားဘူး။ သူမှသူပဲ။ မြင်းချေးရောင်ဝတ်စုံနဲ့။ လမ်းလျှောက်စကားပြောစက်ကို ဟန်ပါပါကိုင်ပြီး မတ်မတ်ကြီး ရပ်နေတာ။ မျက်လုံးတွေက ရင်ပြင် တော်ကြီးတခုလုံးကို စီးမိုးမြင်နေရသလိုပဲ။ အဲ့ဒီမျက်လုံးတွေထဲက မာကျောခြင်းအဆင့် ကိန်းဂဏန်းတွေကို ဘယ်ကျောက် မျက်ပညာရှင်မှ ခန့်မှန်းရေတွက်နိုင်မှာမဟုတ်ဘူး။ မေးရိုးကြီးတွေဆိုတာ ထင်းခနဲ ကားနေကြတာ။ မတ်တတ်ရပ် နေပုံက လည်း ကျောရိုးထဲ သံမဏိချောင်း ထည့်ထားသလို မာကျောဖြောင့်တန်းလို့။

"ဘာငေးနေတာလဲ ယောက်ျားရဲ့"

မိန်းမက နောက်လှည့်ခေါ်လိုက်မှ သတိပြန်ဝင်ပြီး ဆက်လျှောက်မိတယ်။ ဒါတောင် ကျွန်တော့်ဦးခေါင်းက နောက်တကြည့် ကြည့်နဲ့ သံယောဇဉ် အမျှင်တန်းနေတုန်း။

"ဘာလဲ ..ဘယ်သူ့ကြည့်နေတာလဲ  အသိတွေ့လိုက်လို့လား"

"မဟုတ်ပါဘူးကွာ " ဆိုပြီး မိန်းမနဲ့ ဆက်လျှောက်လာခဲ့ရတယ်။ ဒါပေမယ့် ဒီလူ့ပုံက မျက်လုံးထဲက မထွက်ဘူး။ စောင်းတန်း လှေကားရှည်ကြီးအတိုင်းဆင်းလို့ အောက်ခြေလမ်းပေါ်သာ ရောက်လာခဲ့တယ်။ ဒီလူက မျက်လုံးထဲ နေရာယူထားတုန်း။ အိမ်ရောက် တော့လည်း တဝဲဝဲ မြင်နေသေးတာ။ ကုန်ကုန်ပြောရရင် အခုထိကို ပြန်ပြန်မြင်နေသေးတာ။

စဉ်းစားကြည့်ဗျာ။ ကျွန်တော် အံ့သြလွန်းလို့ပါ။ ရိုးရိုးအရပ်ဝတ်အရပ်စားလေးနဲ့ တန်ဆောင်းပေါ်လာပြီး ဘုရားရှိခိုးနေတုန်း ကတော့ တကယ့်ကို ငြိမ်သက်အေးချမ်းလို့။ နောက်တနာရီတောင် မပြည့်သေးဘူး။ ရင်ပြင်တော်မှာ မြင်းချေးရောင်အင်္ကျီနဲ့ ပြန်တွေ့ လိုက်ရတယ်။ ဒီလူမှ ဒီလူတယောက်တည်းပါပဲ။ အသားအရောင်၊ ကိုယ်လုံးကိုယ်ပေါက် နဲ့ ဆံပင်ဒေါက်နှစ်ချောင်း ပါးသိုင်းမွှေးရေးရေးနဲ့ ဆက်သွားပုံကအစ ကျွန်တော် မှတ်မိတာပေါ့။ ပြောင်းလဲသွားတာဆိုလို့ အက်ႌေလးပါပဲဗ်ာ။ အက်ႌ အရောင်လေးပဲ ပြောင်းသွားတာပါ။

ဒီအင်္ကျီအရောင်လေး ပြောင်းဝတ်လိုက်တာနဲ့ ဒီလူ့မျက်နှာရော ကိုယ်နေဟန်ထားပါ ဆန့်ကျင်ဘက်ကြီး ပြောင်းလဲသွားတာဗျ။ ဘာဖြစ်ရတယ် မသိပါဘူး။ ဒီအင်္ကျီမှာ ဘယ်လိုတန်ခိုးသတ္တိတွေ ပါဝင်နေလဲမသိပါဘူး။ X - MEN ရုပ်ရှင်ထဲက ဇာတ်လိုက်မင်း သားလို သံမဏိကိုယ်ကျပ်ဝတ်လိုက်တာနဲ့တင် ပါဝါတွေ ချက်ချင်းတက်လာသလိုပါပဲ။

လူတွေ ပြောလေ့ပြောထရှိတယ်။ ဆင်းရဲတဲ့သူ ရုတ်တရက် ချမ်းသာသွားရင် စိတ်ဓာတ်ပါပြောင်းသွားတယ် ဘာညာပေါ့။ ခု ဒီလူက အင်္ကျီအရောင်လေးပြောင်းသွားရုံနဲ့ ပတ်ဝန်းကျင်ကိုကြည့်တဲ့ မျက်နှာအမူအရာပါ လိုက်ပြောင်းသွားတာ။

အင်း ..အဲ့ဒီကတည်းကပဲဆိုပါတော့၊ ကျွန်တော်လည်း လူတွေကိုကြည့်ရင် သူတို့ အင်္ကျီတွေကိုပါ သတိထားကြည့်ကြည့်လာ တတ်တာ ဒီနေ့အထိပါပဲ။       ။

မိုးကျော်ဇင်