ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ [၃]


မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ [၃]
(မိုးမခ) ဇွန် ၂၉ ၊ ၂၀၁၆

၁၉၆၆

မိမိအလယ်တန်းကျောင်းသားကာလတွင်မတော့ ရွာကျောင်းသား မဟုတ်တော့။ နယ်မြို့လေးတမြို့၏ကျောင်းသားဖြစ်လာခဲ့ချေပြီ။ မိဘများက ကွမ်းခြံကုန်းမြို့နယ်တွင်း ရှိ တော်ကူးဆိုသည့်ကျေးရွာတွင်တာဝန်ကျသည်။
ထိုစဉ်က ကွမ်းခြံကုန်းမြို့နယ်သည် ရန်ကုန်တိုင်းအတွင်းမပါသေးချေ။ ပဲခူးတိုင်းအတွင်းက ဟံသာဝတီခရိုင်အတွင်း၌ ရှိသေးသည်။ ကော့မှူးသည်ပင် မြို့အဆင့် မသတ်မှတ်ရသေး။ ကွမ်းခြံကုန်းမြို့နယ်အတွင်းမှ ဖြစ်သည်။ အဆိုပါကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ တော် ၉ တော် ဟုဆိုသည့် တော်ကူး၊ တော်ခရမ်း စသည့် ကျေးရွာများသည် မူလက မွန်ရွာများဖြစ်သည်ဟု ဆိုသည်။ ထိုကျေးရွာများနှင့်ပတ်သက်၍ မွန်သမိုင်းလာ ပုံပြင်များရှိကြသည်။ မွန်တို့သမိုင်းအရ ပဲခူး ၃၂ မြို့တွင် ပါဝင်ပုံရသည်။

အခုတော့ ဗမာများလွှမ်းပြီး ဗမာရွာများဟုဆိုကြသည်။ ထိုဒေသတွင် ကရင်ရွာများလည်း ရှိသည်။ ကရင်ရွာများကတော့ တွံတေး ကော့မှူး ကွမ်းခြံကုန်းကြားရှိ တွံတေးတောကြီးတန်းတလျှောက် တည်ရှိသည်။ ကရင်ဒုံးယိမ်းအကအား စတင်တွေ့ဖူးကြည့်ဖူးခဲ့သည့်အရပ် ဖြစ်သည်။ မူလ မွန် ရွာများကဗမာရွာများဖြစ်သွားခဲ့ကြသော်လည်း ကရင်များကတော့ ကရင်ရွာများအဖြစ် ဆက်လက် တည်တန့်နေသည်။ သို့သော်ကွမ်းခြံကုန်းတွင် ၃ နှစ်ခန့်နေခဲ့စဉ် ကရင်သူငယ်ချင်း တယောက်မှ မရှိခဲ့ပေ။ မိမိဘဲ အပေါင်းအသင်းမတတ်၍လော သူတို့ပဲ သီးသန့်နေတတ်ကြ၍လော မပြောတတ်တော့ပေ။ တွံတေး တောကြီးတန်းသည် ထိုစဉ်က အလံနီကွန်မြူ နစ်ပါတီအခြေစိုက်ရာ ဒေသ ဖြစ်သည်။

ထို့ပြင် ကုလားရွာတချို့လည်းတွေ့ရသည်။ ကုလားရွာဆိုပေသည့် မွတ်စလင်တော့ ဟုတ်ပုံမရ။ ဟိန္ဒူများ ဖြစ်ပုံရသည်။ ကွမ်းခြံကုန်းအနီး အင်္ဂလုံးဆိုသည့် ရွာသည် ကုလားရွာဖြစ်သည်။ ကုလားဘုရားကျောင်းရှိသည်။
နှစ်စဉ်လို မီးနင်းပွဲတော်ရှိသည်။ ရွာနီးချုပ်စပ်မျှ သာမက ရန်ကုန်ကပင် လာကြသည်ကိုတွေ့ရသည်။ အနံပေ ၂၀ ခန့် အလျား ပေ ၁၀၀ ခန့်ရှိသော မြေကြီးကျင်းကြီးထဲတွင် မီးကျီးခဲရဲရဲများ မီးမွှေးထားပြီး အလျားလိုက်ဖြတ်လျှောက်ကြသည်။ သူတို့၏ ယုံကြည်ကိုးကွယ်မှုအရ မီးလောင်ဒဏ်ရာမရဟုဆိုကြသည်။ အချို့ဗမာရွာများတွင် ပျက်စီးနေသော ကုလားတိုက်ဟောင်းများတွေ့ရသည်။ အရင်က ချစ်တီးတိုက်များဟု ဆိုကြသည်။ ၁၉၃၆ ကုလား ဗမာ အရေးအခင်းအတွင်း ဖျက်ဆီးခံလိုက်ရသည် ဟုဆိုကြသည်။ ထိုချိန်ထိ ( ၁၉၆၆) ထိ မည်သူမျှ နေထိုင်ခြင်းမရှိပေ။

ထိုကုလားရွာများ ကားမူလဒေသခံတိုင်းရင်းသားများမဟုတ်ကြချေ။ အင်္ဂလိပ်နယ်ချဲ့သမား အောက်မြန်မာပြည်သိမ်းပိုက်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင် ခေါ်သွင်းလာသူများဖြစ်သည်။ ထိုလယ်ယာအလုပ်သမားအပြင် ကိုလိုနီခေတ် မြန်မာပြည်တွင် နံမည်ဆိုးဖြင့်ကျော်ကြားခဲ့သော ချစ်တီးများသည်လည်း အင်္ဂလိပ်တို့၏ခေါ်ဆောင်ခဲ့မှုဖြင့် မြန်မာပြည် တွင်းရောက်လာခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အင်္ဂလိပ်လူကြီးလူကောင်းများဆိုသည့် အင်္ဂလိပ် နယ်ချဲ့သမားများသည် မြန်မာပြည်ကို သိမ်းပိုက်စဉ်ကာလ သူတို့စိတ်ထင်တိုင်းကျဲ ခဲ့ကြသည်ဟု ဆိုရပါမည်။ ဗြိတိသျှတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံမဟုတ်သူများကို မြန်မာပြည် ပြင်ပခေါ်သွင်းလာသည့် အကျိုးဆက်ဖြစ်သည်။ ထိုစဉ်ကတော့ ခုတ်ကြ ထစ်ကြနှင့် အတော်သေခဲ့ ကြပြီး ကုလားရွာအတော်များများလည်း ပျက်သွားခဲ့သည်ဟု ရှေ့မီနောက်မီ အဘိုးကြီးများ ပြောကြသည်ကို ကြားဖူးခဲ့သည်။

တော်ကူးရွာသည် တိုက်နယ်ဆေးပေးခန်းရှိသော်လည်း လျှပ်စစ်မီးမရှိ၊ အလယ်တန်းကျောင်း မရှိသည့်ပြင် ထိုစဉ်က သွားရေးလာရေးခက်ခဲသည်။ မိုးတွင်းဆိုလျှင် ကွမ်းခြံကုန်းမှ တော်ကူးသို့ ချောင်းရိုးအတိုင်း လှေနှင့်သွား ရသည်။ ပင်လယ်နှင့်နီးသော ဒီရေအတက်အကျရှိသောဒေသဖြစ်၍ လှေနှင့်သွားသည်ဆိုရာ၌ ရေတက်ရေကျစောင့်ရသည်။ သွားချင်သည့်အချိန်သွားမရ။ မနက်အစောကြီး မိုးမလင်းမီထွက်ရသည်လည်းရှိသည်။ မိုးစုန်းစုန်းချုပ်မှ ထွက်ရသည်လည်း ရှိသည်။ ဘယ်အချိန်သွား၍ ဘယ်အချိန်နားရမည်ကို လူကအဆုံးအဖြတ်ပေးမရ။ ဒီရေအတက်အကျ ကအဆုံးအဖြတ် ပေးသည်။ ထို့အတူ ခရီးကြာချိန်ကလည်းအစိုးမရပေ။ ရေစုန် လေစုန်မိလျှင် မြန်မည်။ ရေဆန်လေဆန်ဆိုလျှင် ကြာမည်။

နွေဆိုလျှင်တော့ ကားလမ်းပေါက်သည်။ အဆိုပါကားလမ်းက လယ်ကွင်းကို ဖြတ်မောင်းခြင်း ဖြစ်သည်။ ကွမ်းခြံကုန်းနှင့်တော်ကူးကြားရှိ လယ်ကွင်းများအားလုံးစပါးရိတ်သိမ်းပြီးချိန်တွင် ကားပြေး ဆွဲခြင်း စတင်သည်။ ကားဆွဲမည့်ကားဆရာက လယ်ကန်သင်းများကို ကားမောင်း၍ရအောင် ခွ၍ ကားဘီးရာလိုက်ဖေါ်ရသည်။ ကန်သင်းတခုလုံးဖျက်ပစ်၍မရ။ ပြီးလျှင် ထို လယ်ကွက်များအတိုင်း ဖြတ်၍ ရွာမှ မြို့သို့မောင်းရသည်။စ စချင်းတော့ လမ်းကကြမ်းသည်။ အတော်ခုန်သည်။ နောက်ပိုင်းတွင်တော့ ကားဘီးရာအတိုင်း လမ်းကချောသွားသည်။ ထိုအခါကျတော့ ဖုန်တလုံးလုံထသည်။ ကွမ်းခြံကုန်းနှင့်တော်ကူးကြားရှိ လယ်ကွင်းပြင်ပေါ်ရှိ ဖုန်တလုံးလုံးနှင့် ချက်ပလက်ခေါင်းတို ဘတ်စကားကြီးကား ထိုစဉ်က တော်ကူး ကွမ်းခြံကုန်း အိပ်စပရက်ပင် ဖြစ်ချေတော့သည်။ ကားလိုင်းစပြီဟူ၍ စိတ်ချနေ၍တော့မရ။ ကားပေါ်ခရီးသည်အပြည့်ရောက်မှ စက်နှိုးမရ၍ ခရီးစဉ်ဖျက်သိမ်းလိုက်ရသည့်အခါများလည်း ရှိသည်။ စပါး ရိတ်သိမ်းပြီးချိန်မှစ၍ မိုးတပေါက်နှစ်ပေါက်ကျ ၍ ဗွက်ထသည်နှင့်ကားဆရာ လည်း လိုင်းပိတ်၍ အမြန်ပြေး တော့သည်။ နောက်ကျလျှင် သူကားကြီးဘယ်မှသွားမရတော့ဘဲ တော်ကူး၌ ဝါဆိုသွားရနိုင်သည်မဟုတ်ပါလား။ တခါကဘဝများ ဖြစ်ပါသည်။

မိုးတွင်း လှေမမီသည့်နေ့ လှေမရှိသည့်နေ့ဆိုလျှင်၎င်း နွေကာလ၌ ကားမမီ ဝါ ကားပျက်သည့်နေ့ တွင်၎င်း လမ်းလျှောက်ကြရသည်။ ၂ နာရီ ၃ နာရီလောက် လမ်းလျှောက်ရသည်ဟုထင်ပါသည်။ နွေအခါ လမ်းလျှောက်ရလျှင် နေပူသည်။ မိုးခါဆိုလျှင် ကွမ်းခြံကုန်းနှင့် တော်ခရမ်းကြားတာရိုးကား ရွှံ ဗွက် အလူးအလူးနှင့် ဖြစ်ချေသည်။ ထို့ကြောင့်လည်း တောသားဖင်ထဲ ရွှံ့တခွဲသားနှင့်ဟု ဆိုကြခြင်းဖြစ်ပုံရသည်။ သို့ပေမဲ့ တော်ခရမ်းနှင့် တော်ကူးကြားလမ်းလျှောက်သည့် ခင်တန်းကား သာယာသည်။ နွေနွေ မိုးမိုး ဗွက်မထူ ဖုန်မထချေ။ လူအနားရောက်လျင် ရုတ်တရက်ထပျံတတ်သော မြေဝပ်ငှက်ကလေးများ မိုးပြိုမှာကြောက်၍ ခြေတချောင်းမိုးပေါ်ထောင်အိပ်သော တစ်တီတူးငှက် ကလေးများရှိသည်။ နံနက်စောစော သို့မဟုတ် ညနေစောင်းအချိန်မျိုးလမ်းလျှောက်ရလျှင်တော့ သာယာချမ်းမြေ့ဖွယ် ကောင်းပါသည်။

မိမိကား ကွမ်းခြံကုန်းမြို့ရှိအိမ်တအိမ်တွင်လာနေပြီး ကျောင်းတက်ရ သည်။ စနေ တနင်္ဂနွေ ကျောင်းပိတ်လျှင် တော်ကူးရှိ မိဘအိမ်သို့ပြန်ရသည်။ မိမိနှင့်အတူ ကွမ်းခြံကုန်းသို့ ကျောင်းလာ တက်သော ကျောင်းသားများနှင့် အဆိုပါလမ်းအား လှေဖြင့် ကားဖြင့် ခြေလျှင်ခရီးဖြင့် ၃ နှစ်တိုင် သွားခဲ့ရပေသည်။ နယ်မြို့လေးတွင်ကျောင်းလာတက်နေရပြီ ဖြစ်သော်လည်း တောရွာ နှင့်တော့မကင်းသေး။ တောရွာနှင့် မိမိရေစက်အတော်ပါပုံရသည်။

ကွမ်းခြံကုန်းသည် ကဗျာဆရာ မင်းသုဝဏ်၏ ဇာတိမြို့အဖြစ်လူသိများသည်။ ဆရာမင်းသုဝဏ်၏အိမ်က မြို့မတွင်မရှိ။ ချောင်းတဖက်ကမ်းတွင် ဖြစ်သည်။ ယခုတော့ သားဖြစ်သူက သမ္မတ ဖြစ်လာ၍ ပို၍လူသိများဖွယ် ရှိသည်။

ကွမ်းခြံကုန်းကား ချောင်းပတ်လည်ဝိုင်းရံထားသည့် မြို့ကလေးဖြစ်သည်။ ထို့ပြင် ထိုကာလက ကားလမ်းလည်းသိပ်မပေါက်သေး၍ ရေလမ်းကိုအသုံးပြုကြသည်က များသည်။ ကွမ်းခြံကုန်းပတ်လည် ချောင်းများဘေးတွင် ဆိပ်ကမ်းများရှိသည်။ စပါးတင်စက်လှေ မော်တော်အကြီးအသေး သမ္ဗန်လှေငယ်များစွာ တွေ့နိုင်သည်။ ချောင်းတွေသိပ်မကြီးလှသဖြင့်နှစ်ထပ်သင်္ဘောများ အသွားအလာနည်းသည်ဟု ဆိုရမည်။ မိမိအမှတ်မမှားလောက်ဟုထင်ပါသည်။ ဒီရေအတက်အကျရှိသော ချောင်းများဖြစ်သဖြင့် ရေက အမြဲနောက်နေသည်။ ခရာဆူးခြုံ များရှိသည်။ ထိုအရပ်ထိုဒေသမြင်ကွင်းများသည် ဆရာ မင်းသုဝဏ် ကဗျာဥာဏ် ကွန့်မြူးရာဖြစ်ခဲ့ပုံရသည်။

မိမိကား ချောင်းများထဲသို့ ဆင်းမဆော့ရဲသဖြင့် ရေပတ်လည်ဝိုင်းနေသည့် ကွမ်းခြံကုန်းတွင် ရေမကူးတတ်ခဲ့ပေ။ မိမိကြောက်သည်က နောက်ကျိနေသည့်ရေထဲမှ ဂျပ်မြွေဆိုသည်ကို ဖြစ်သည်။ ဂျပ်မြွေသည် ရေထဲတွင်ရှိသော အဆိပ်ရှိသောမြွေဖြစ်သည်။ ရေထဲ၌ ဂျပ်ကိုက်ခံရလျင် စစ်ခနဲနေပြီး တခါတရံသတိမပြု မိတတ်ဟု ဆိုသည်။ ဂျပ်ကိုက်ခံရသူသည် အိပ်ချင်လာပြီးနောက် သေဆုံးသွားတတ်သည်ဟုဆိုသည်။ ထို့ကြောင့် မိမိရေထဲ မဆင်းရဲခဲ့ပေ။

ကွမ်းခြံကုန်းနှင့် တွံတေးကြားရှိ တွံတေးတောကြီးတန်းလည်း ထိုအရပ်၌ နံမည်ကြီးသော တောတခု ဖြစ်သည်။ ထိုစဉ်က အလံနီကွန်မြူ နစ်ပါတီကြီးစိုးသော ဒေသဖြစ်သည်။ KNU လည်း ရှိနိုင်သည်။ သို့သော် မြို့ ပေါ်ထိတော့ သိပ်သြဇာသက်ရောက်သည်ကိုတော့ သတိမထားမိခဲ့။ သို့သော် နယ်ရဲစခန်းများကတော့ သူပုန်ရန်စိုးရိမ်ရသည်။ ကင်းပုန်းတွေ ဘန်ကာတွေနှင့် ပြင်ဆင် ထားကြ ရသည်။ ထိုသို့ ပြင်ဆင်ထားသည့်ကြားကပင် တောဖက်ရှိ ရဲစခန်းအချို့  သူပုန်စီးနင်း သိမ်းပိုက်ခြင်းခံရသည်ဆိုသည့်သတင်းများ ကြားရသည်။

ထိုစဉ်က ဗိုလ်နေဝင်းအာဏာသိမ်းပြီးမကြာခင်ဖြစ်ရာ မြို့ပြအုပ်ချုပ်ရေးကို တပ်မှ စစ်ဗိုလ်များတိုက်ရိုက်ဝင်ရောက်အုပ်ချုပ်နေပြီဖြစ်သည်။ ထိုစဉ်က မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ နလက ဥက္ကဋ္ဌမှာ ဗိုလ်ကြီးနန်းတင် ဖြစ်သည်။ အသားညိုညို အရပ်ခပ်ပြတ်ပြတ်နှင့် ကိုယ်လုံကိုယ်ထည် ခပ်တန်တန် ဖြစ်သည်။ စစ်ဝတ် ဝတ်သည်ကိုသိပ်မတွေ့ရ။ အရပ်ဝတ်နှင့် နေသည်ကိုသာတွေ့ရသည်။ အဆိုပါ ဗိုလ်ကြီးနန်းတင်သည် တွံတေးတောကြီးတန်းအတွင်း ရှိကျေးရွာများသို့ လှည့်လည်သွားလာစဉ် သတင်းအစအနပျောက်သွားသည်။ သေသည် ရှင်သည်မသိရတော့။ အများကတော့ သေပြီဟုယူဆခံရပြီး သတင်းပျောက်သွားသည်။ ဤကားထိုစဉ်က ကွမ်းခြံကုန်းမြို့နယ်၏ နယ်မြေအခြေအနေဖြစ်ချေတော့သည်။

ထိုကာလတွင် ထူးခြားသည့်အခြေအနေတရပ်ကိုလည်းတွေ့ရသည်။
၎င်းကား ကွမ်းခြံကုန်းမြို့နယ်အတွင်း မြို့ရောတောပါ အလုအယက် ဆန်လိုက်ဝယ်ကြခြင်းဖြစ်သည်။ ဝယ်သူတွေက အခြားနယ်ကသူများပါ လာရောက်ဝယ်ယူနေကြသည်။ကြာတော့ ဝယ်သူရှိသော်လည်း ရောင်းသူမရှိတော့။ လူတို့မျက်နှာများတွင် သောကများ လောဘများ ဒေါသများပြည့်နှက်နေသည့် ကာလဖြစ်သည်။ လူကြီးများ၏အဆိုရ တပြည်လုံးဆန်ပြဿနာဖြစ်နေသည်ဟုဆိုသည်။ ကွမ်းခြံကုန်းတမြို့နယ်ထဲမဟုတ် တတိုင်းပြည်လုံးတွင် ဖြစ်နေသည်ဟုဆိုသည်။ အချို့နေရာများတွင် ဆန်လုပွဲဖြစ်ကြ၍ အစိုးရမှ ပစ်ခတ်နှိမ်နင်းသည်ဟု သတင်းများကြားရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဆန်လုပွဲဖြစ်၍ ပစ်ခတ်မှုများဖြစ်ပွားပြီး လူများအသက်ဆုံးရသည်ဟု ကြားကြရသည်။

လူအားလုံးတွင် စိုးရိမ်စိတ်များဖြစ်နေသည်ကို တွေ့ရသည်။ ဘာတွေ ဆက်ဖြစ်ကြဦးမလဲဟု ပူပန်နေကြရသည်။ နှစ်ပေါင်းများစွာ ဆန်စပါးကို နိုင်ငံရပ်ခြားသို့ အဓိကပို့ကုန်အဖြစ် တင်ပို့ခဲ့သော တိုင်းပြည်တပြည်တွင် ဆန်ဝယ်မရ၍ ထမင်းငတ်ကြရသည့်ကာလကို ကြုံခဲ့ရ၍ လူအများ နားမလည် နိုင်အောင် ဖြစ်နေကြရသည်။ ဗိုလ်နေဝင်း၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်၏ အသီးအပွင့်များ မြန်မာပြည်သူတို့ တစတစ ပိုခံစားရသည့်ကာလများဟု ဆိုရမည်။ ထို့မတိုင်ခင်က ခပေါင်း၊ ဒူးယား၊ အုန်းတော ဒေသတို့တွင် တောင်သူလယ်သမားဦးကြီးများနှင့် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများပြုလုပ်ခဲ့သည့် ဗိုလ်နေဝင်း၏လုပ်ရပ်၏ လက်တွေ့ရလဒ်မှာ ဆန်စပါး ပေါကြွယ်ဝခြင်းမဟုတ်၊ ဆီကိုရေချိုးဆေးရိုးမီးလှုံရသည့် အခြေအနေမျိုးမဟုတ်ခဲ့။ ခပေါင်းတို့ ဒူယားတို့လည်း စီးကရက်နံမည်ဘဝနှင့် အဆုံးသတ်ပြီလောဟု အတွေးများဝင်လာကြတော့သည်။

သို့သော်ထိုစဉ်က ဗိုလ်နေဝင်း၏ အုပ်ချုပ်ရေးသည် စတင်သည်က မကြာသေး။ ဆိုရှယ်လစ်ဆိုသည်စကားလုံးသည် ထိုစဉ်က သည်းခြေကြိုက်စကားလုံး ဖြစ်နေသေးသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည်လည်း စည်းရုံးရေးကော်မတီများဖွဲ့၍ မြို့နယ်အလိုက် စည်းရုံးနေစဉ် ကာလဖြစ်သည်။ အလုပ်သမားရေးရာ လယ်သမားရေးရာဆိုသည်များကို ဆောင်ရွက်နေကြသည်။ မြို့နယ်တိုင်း ခရိုင်တိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့များအပြင် မဆလ၏ ပါတီယူနစ်များရှိကြသည်။ထို့ပြင် ထိုစဉ်က လဘ်ပေးလဘ်ယူသည်လည်း ခွေးလှေးပျား တောအနှံ့မဖြစ်သေး၍ လူထု၏ယုံကြည်မှု ရနေသေး သည်ဟု ဆိုရပါမည်။

တကယ် ထိုစဉ်က မိမိအသက်အရွယ်အရ ဆန်ပြဿနာဖြစ်ပွားစဉ် ဆန်ရေစပါးရှားပါးမှုနှင့်ပတ်သက်၍ သိပ်တော့ မပူပန်မိခဲ့ပေ။ ထမင်းငတ်၍ ဆန်ပြုတ်သောက်ခဲ့ရသည့် အခြေအနေသို့မဆိုက်အောင် ဖန်တီးပေးနိုင်ခဲ့သည့်မိဘများကြောင့်လည်း ထူးထူးခြားခြား မခံစားခဲ့ရခြင်း ဖြစ်နိုင်ပါသည်။ သို့သော် များမကြာမီပင် မိမိကိုယ်တိုင်ပါဝင်ခဲ့ရသည့် အဖြစ်အပျက်ကြီးတခုပေါ်လာခဲ့တော့သည်။

ကွမ်းခြံကုန်းကျောင်း၌ ကျောင်းတက်စဉ် မိမိ၌ ဗမာသူငယ်ချင်းများအပြင် ချိန်ဟုတ်ဟုခေါ်သည့် တရုတ်သူငယ်ချင်းတယောက်နှင့် အောင်မြင့်ဟုခေါ်သည့် ကုလားသူငယ်ချင်းတယောက်ရှိသည်။ ချိန်ဟုတ်မိဘများက ဈေးထဲတွင် ကုန်စုံဆိုင်ဖွင့်ထင်သည်။ အောင်မြင့်မိဘများကတော့ ကုန်မာဆိုင် ဖွင့်ကြသည်။ အောင်မြင့်ကား မွတ်စလင်လား ဟိန္ဒူလား သတိမထားမိခဲ့ပါ။ ထိုစဉ်က ကျောင်းနေဖက်သူငယ်ချင်းကြား ဘာလူမျိုးဘာဘာသာကိုးကွယ်သည်ဆိုသည်ကို အလေးမထားခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်သည်။

ချိန်ဟုတ်အိမ်ကတော့ စားအိမ်သောက်အိမ်ဖြစ်သည်။ တရုတ်နှစ်သစ်ကူးတွင် ခေါ်၍ ကျွေးမွေးသည်ကစ၍ စားအိမ်သောက်အိမ်ဖြစ်သွားပုံရသည်။ ချိန်ဟုတ်က ခပ်ဝဝ တရုတ်ကလေး ဖြစ်သည်။ မိမိထက်လူကောင်ကြီးသည်။ သို့သော် အတန်းထဲ၌ ခပ်လွှားလွှား ခပ်ထောင်ထောင် မနေပါ။ ခပ်အေးအေးသာနေတတ်သူဖြစ်သည်။ ထိုအဖြစ်အပျက်မတိုင်မီ ချိန်ဟုတ်တယောက် မျက်နှာသိပ်မကောင်းသကဲ့သို့ နောက်ပိုင်းကျောင်းသို့မလာဘဲ ကျောင်းပျက်သည်ကိုတော့ သတိထားမိလိုက်သည်။

ဆက်လက်ဖော်ပြပါမည်
photo credit Thein Myint
Paw Oo Thett postcard