ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● ဖက်ဒရယ်နှင့် ဗဟိုဦးစီးစနစ်ကြားက ပြည်နယ်ဝန်ကြီးချုပ်

မောင်မောင်စိုး ● ဖက်ဒရယ်နှင့် ဗဟိုဦးစီးစနစ်ကြားက ပြည်နယ်ဝန်ကြီးချုပ်
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၆

● ဖက်ဒရယ်ဟုဆိုကြသည်
၂၀၁၀ နောက်ပိုင်း ကျယ်ကျယ်လောင်လောင်ပြန်လည်ကြားရသည်မှာ ဖယ်ဒရယ်ဟူသည့်စကားလုံးဖြစ်သည်။ ၂၀၁၀ ရွေး ကောက်ပွဲတွင်အာဏာရလာသော ဦးသိန်းစိန်အစိုးရသည်လည်းကောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စုဟူသည်ကို တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးစွဲလာကြပေရာ ဖက်ဒရယ်ဆိုသည်မှာ အများအသိ မှတ်ပြု ဝေါဟာရတရပ်ဖြစ်လာတော့သည်။ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ အားလုံးကလက်ခံသော နိုင်ငံတော်ပုံစံဖြစ် လာသည်ဟု ဆိုရမည်။

သို့သော် ကံမကောင်းသည်ကတော့ ဖက်ဒရယ်နှင့်ပတ်သက်၍နား လည်ပုံခြင်းမတူညီကြခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်၍ နားလည်ပုံခြင်းမတူကြချေ။ အခြားတိုင်းပြည်များစွာတွင် ကျင့်သုံးနေကြသော ဖက်ဒရယ်ပုံစံများစွာရှိသည်အနက်မှ မြန်မာပြည်နှင့်ကိုက်ညီသည့် ဖက်ဒ ရယ်ပုံစံကို ရှာဖွေလေ့လာနေသူများလည်းရှိသည်။ သီးခြားဖက်ဒရယ်ပုံစံစဉ်းစားနေသူများလည်းရှိသည်။ ထိုသို့မတူညီ သောစဉ်းစားမှုများထဲမှ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများစွာထဲတွင် အခြေခံကျသောအချက် တခုရှိသည်။ ၎င်းမှာ ၂၀၀၈ အခြေခံဥပဒေသည် ဖယ်ဒရယ်ပြည်ထောင်စုပုံစံဖြစ်သည်ဆိုသည်နှင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဆိုသည်တို့မှာ အဓိကကျသော ကွဲလွဲချက်ဟုဆိုရမည်။

● ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်ဝန်ကြီးချုပ်
၂၀၀၈ အခြေခံဥပဒေပါပြဌာန်းချက်များသည် တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်အခွင့်အရေးများ ပြီးပြည့်စုံပါ၏ လော။ ဖက်ဒရယ်တွင်တိုင်းရင်းသားအခွင့်အရေးများစွာပါသည်။ ထိုအထဲမှ အချက်တချက်ကို ထုတ်နှုတ်ဆွေးနွေးလိုပါသည်။ ၎င်းအချက်မှာ ပြည်နယ်အစိုးရဖွဲ့စည်းရေးဖြစ်သည်။ ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေပြဌာန်း ချက်အရ ပြည်နယ်လွှတ်တော်တွင် ဝန်ကြီးချုပ်အား အရင်ရွေးချယ်ပြီး အဆိုပါဝန်ကြီးချုပ် ပြန်လည်အဆိုပြုသည့်ဝန်ကြီးစာရင်း (ဝါ) ပြည်နယ် စိုးအရအဖွဲ့ဝင်စာရင်းအား ပြည်နယ်လွှတ်တော်မှ ပြန်လည်အတည်ပြုရသည်ဖြစ်သည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နှင့် ၎င်းလွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်က သမတဒုသမတများကို ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။ သို့သော် ပြည်နယ်လွှတ်တော်များတွင် ထိုအခွင့် အရေးမရှိချေ။ ထို့ပြင် အခြေခံအားဖြင့် နိုင်ငံ၏သမတ (ဝါ) အစိုးရအဖွဲ့ကို ရွေးကောက်တင်မြှောက်ခွင့်ရရှိထားသော ပြည် ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလည် ၇၅ ရာခိုင်နှုန်းပါဝင်ပြီး တပ်မတော်သားကိုယ်စားလည် ၂၅ ရာခိုင်နှုန်း လေးပုံတပုံပါဝင်သည်။ ပြည်နယ်လွှတ်တော်များတွင် ရွေးကောက်ခံကိုယ်စားလည် ၆၆.၆၆ ရာခိုင်နှုန်းသာပါဝင်ခွင့်ရပြီး တပ်မတော်သားကိုယ်စားလည် ၃၃.၃၃ ရာခိုင်နှုန်း သုံးပုံတပုံပါဝင်သည်။ ပြည်နယ်များရှိ ရွေးကောက်ခံကိုယ်စားလည် ပါ ဝင်ခွင့်သည် ပြည်ထောင်စုထက်များစွာလျော့ကျသည်။ အခွင့်အရေးတန်းတူမှုမရှိဟု ဆိုရပေမည်။

၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်ခန့်အပ်၍ ပြည် နယ်လွှတ်တော်၏အတည်ပြုချက်ရယူသည်။ နိုင်ငံတော်သမ္မတကခန့်အပ်သည့် ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်လွှတ် တော်က အတည်ပြုသည်ဆိုရာ၌ ၂၀၀၈ အခြေခံဥပဒေသတ်မှတ်ချက်ပါ အရည်အချင်းနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ရန်သာဖြစ် သည်။ ထိုအခြေခံဥပဒေပါ ဝန်ကြီးချုပ်အရည်အချင်းနှင့်ကိုက်ညီပါက ပြည်နယ်လွှတ်တော်မှ အဆိုပါဝန်ကြီးချုပ်အား ကန့် ကွက်ခွင့်မရှိပေ။ အလားတူထိုဝန်ကြီးချုပ်မှတင်ပြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ပတ်သက်၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဝန်ကြီးအရည်အချင်းပြည့်မှီလျှင် ပြည်နယ်လွှတ်တော်မှ ကန့်ကွက်၍မရပေ။ ချုပ်၍ဆိုသော် လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ပြည်နယ်လွှတ်တော်က ရွေးချယ်တင် မြှေက်ခွင့်မရှိသည့်ပြင် ကန့်ကွက်ခွင့်လည်းမရှိပေ။ ၂၀၀၈ အခြေခံဥပဒေသတ်မှတ်ချက်ပါ အရည်အချင်းနှင့် ညီ မညီသာ စိစစ်ခွင့်ရှိပေသည်။

ပြည်နယ်လွှတ်တော်ဆိုသည်မှာ သက်ဆိုင်ရာပြည်နယ်အလိုက်မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူများမှ သူတို့၏ကိုယ်စားလှယ် များအား ဆန္ဒမဲပေး၍ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။ သူတို့ပြည်နယ်အလိုက် သူတို့၏ဝန်ကြီးချုပ် သူတို့၏ပြည်နယ် အစိုးရအဖွဲ့ကို ပြည်နယ်လွှတ်တော်မှ ရွေးကောက်ခွင့်မရှိပါက ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများအတွက် တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည်မှာ အဘယ်မှာပါနည်း။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူ မဲဆန္ဒရှင်များအနေနှင့် သူတို့၏ ဝန်ကြီးချုပ် သူတို့၏ပြည်နယ်အစိုးရကိုရွေးချယ်တင်မြှောက်ခွင့်ရရန် အခွင့်အလမ်းရှိနိုင်ပါသေး၏လော။

● ပြည်ထောင်စုလွှတ်တော်
လက်ရှိ ၂၀၀၈ အခြေံဥပဒေအရ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟူ၍ လွှတ် တော် ၂ ရပ်ပါဝင်သည်။ အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလည်များက၎င်း ပြည်သူ့လွှတ်တော်ရှိရွေးကောက်ခံကိုယ်စားလည်းများကလည်းကောင်း၊ တပ်မတော်သားကိုယ်စားလည်အစုအဖွဲ့ကလည်းကောင်း ဒုသမတ ၁ ဦးစီဖြင့် ၃ ဦး တင်မြှောက်ကြပြီး ပြည်ထောင်စုလွှတ်တော်တွင် သမတ ကိုပြန်လည်ရွေးချယ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ရသည်။

လက်ရှိအမျိုးသားလွှတ်တော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုမှ ကိုယ်စားလည် ၁၂ ဦးစီပါဝင်၍ ကိုယ်စားလည်အချိုး အစားအညီအမျှ ဖွဲ့စည်းထားသည်ဟုဆိုသည်။ သို့သော် ထို ၁၄ ခုမှာ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများနေကြသည့် ပြည်နယ် ၇ ခုနှင့် ဗမာအများစုနေသည့် တိုင်းဒေသကြီး ၇ ခုပေါင်းထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိုအမျိုးသားလွှတ်တော်၌ ပြည်နယ်တခုချင်းအလိုက် တိုင်းရင်းသားကိုယ်စားလှယ်အရေအတွက်က အနည်းစုဖြစ်ပြီး တိုင်းဒေသကြီး ၇ ခုမှ ပြည်မနိုင်ငံ ရေးပါတီများ (သို့မဟုတ်) တခုခု၏ ကိုယ်စားလှယ်များက အများစုဖြစ်သည်။

သို့ဖြစ်ရာ အမျိုးသားလွှတ်တော်မှ ဒုသမတ တစ်ဦးတင်သွင်းခွင့်ကို ပြည်နယ် တိုင်းရင်းသားပါတီများမှ မရနိုင်ပေ။ အမျိုး သားလွှတ်တော် တိုင်းဒေသကြီး ၇ ခုတွင် အနိုင်ရသည့် ပြည်မနိုင်ငံရေးပါတီတခုခုကသာ ၎င်းအခွင့်အရေးကို ရရှိမည်ဖြစ် သည်။ ပြည်နယ်များမှတိုင်းရင်းသားပါတီများအနေနှင့် ၎င်းတို့ပြည်နယ်အတွင်း အမျိုးသားလွှတ်တော်အမတ် ၁၂ နေရာအား လုံးကို အနိုင်ရတောင်မှ အမျိုးသားလွှတ်တော်တွင် ဒုသမတ တဦးတင်မြှောက်ခွင့်မရှိချေ ။ လက်ရှိ ၂၀၁၅ လွှတ်တော်တွင်ANP ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလည် ၁၀ နေရာအနိုင်ရပြီး ရှမ်းပြည်နယ်၌ SNLD ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၃ နေရာ တအန်းအမျိုးသားပါတီ TNP မှ ၂ နေရာ ပအို့်ဝ်အမျိုးသားအဖွဲ့ချုပ် PNO မှ ၁ နေရာဖြင့် ရှမ်း ပြည်နယ်တွင် တိုင်းရင်းသားပါတီ ၃ ခုမှ ၆ နေရာအနိုင်ရ ရှိသည်ကိုတွေ့ရသည်။

ပြည်သူလွှတ်တော်တွင် လူဦးရေအရနေထိုင်ဖွဲ့စည်းထားသော မြို့နယ်အလိုက်ရွေးကောက်သည်ဖြစ်ရာ ပြည်မမှ အများစု ကိုယ်စားလှယ်ရရှိသည်။ လူဦးရေနည်းသော ပြည်နယ်များမှ ကိုယ်စားလည်များမှာ အနည်းစုရရှိသည်။သို့ဖြစ်ရာ ပြည်သူ လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်များမှ တင်သွင်းခွင့်ရသည့် ဒုသမတ တနေရာစာအတွက်လည်း ပြည်နယ်များမှ မရရှိနိုင်ပေ။

သို့ဖြစ်ရာ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်ဒုသမတ သမတ ရွေးချယ်တင်မြှောက်ခွင့်ကို ပြည်နယ် များမှ တိုင်းရင်းသားပါတီ ကိုယ်စားလည်များအနေနှင့် မိမိပြည်နယ်အလိုက်မဲအပြည့်အဝ ရတောင်မှ ပြည်ထောင်စုအဆင့်တွင် ရွေးချယ်ခွင့်မရနိုင်ပေ။ ဤသို့သမတရွေးချယ်ခွင့် မရှိသည့်အခြေအနေတွင် သမတက ဝန်ကြီးချုပ်ခန့်ထားခွင့်ရှိသည့် လက် ရှိ ဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကိုပြည်နယ်များရှိ တိုင်းရင်းသားပါတီများမရနိုင်။

ကုန်ကုန်ပြောလျှင် လက်ရှိအခြေခံဥပဒေအရ ပြည်နယ်များရှိ တိုင်းရင်းသားပါတီများအနေနှင့် မိမိပြည်နယ်အလိုက် ပြည် နယ်လွှတ်တော် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် စသည့် လွှတ်တော် ၃ ရပ်စလုံးတွင် အများစုမဆိုထားနှင့် အ ပြည့်အဝအနိုင်ရသော်မှ ပြည်နယ်အစိုးရဖွဲ့ခွင့် မရှိပေ။ ထိုအခွင့်အာဏာသည် ပြည်ထောင်စုလွှတ်တော်တွင် အများစု အ နိုင်ရသည့် ပြည်မပါတီ (တိုင်းရင်းသားတို့အဆိုအရ ဗမာပါတီ) တခုခု လက်ထဲတွင်သာရှိပေမည်။ ဤသို့သောအခြေအနေတွင် ၂၀၀၈ အခြေခံဥပဒေသည် ဖက်ဒရယ်စနစ် စစ်မှန်သောပြည်ထောင်စုစနစ်ဟု ဆို၍ ရပါမည်လော။

● ဂုဏ်ထူးဆောင်ရာထူး
ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကအနိုင်ရသောအခါ ရှမ်းအမျိုးသားတဦးကို ဒုသမတခန့်အပ်ခဲ့သည်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရသောအခါ ချင်းလူမျိုးတဦးကို ဒုသမတ ခန့်အပ်ခဲ့သည်။ ဤသို့ခန့်အပ်ခြင်းမျိုးသည် ယခုခေတ်မှမဟုတ်။ ဖဆပလခေတ်ကလည်း ရှိသည်။ ဖဆပလအစိုးရခေတ် အစိုးရကို ဝန်ကြီးချုပ်ကအဓိက ဦးဆောင်စဉ် ကာလက ဂုဏ်ထူးဆောင် သမတနေရာတွင် ရှမ်း ကရင် စသည့်တိုင်းရင်းသားထဲမှ ပေးအပ်ခဲ့သည်။

ဂုဏ်ထူးဆောင်ရာထူးအဆောင်အယောင်ဆိုသည်မှာ တကယ်တော့ ရုပ်ပြမျှသာဖြစ်ပြီး တကယ့်အစစ်အမှန် အာဏာ (ဝါ) လုပ်ပိုင်ခွင့် လက်ထဲတွင်မရှိပေ။ ထို့ပြင် တိုင်းရင်းသားပြည်နယ်များ တလှည့်စီလုပ်လျှင်တောင်မှ ၃၅ နှစ်နေမှ တလှည့်ကျမည့် ဂုဏ်ထူးဆောင်နေရာဖြစ်သည်။

ယင်းနေရာမျိုးအား တိုင်းရင်းသားများက ဖက်ဒရယ်အခွင့်အရေးဟုမသတ်မှတ်ချေ။ တိုင်းရင်းသားတို့အဖို့ ဂုဏ်ထူးဆောင် အခွင့်အရေးထက် ၎င်းတို့ပြည်နယ်အား ၎င်းတို့စီမံအုပ်ချုပ်ခွင့်ကို လိုလားကြသည်။ တိုင်းရင်းသားတို့တောင်းဆိုနေသည်မှာ နေပြည်တော်ကို အုပ်ချုပ်ရန်မဟုတ်။ ရန်ကုန်အား အုပ်ချုပ်ရန်မဟုတ်။ မိမိပြည်နယ်ကို မိမိအုပ်ချုပ်ခွင့်ရရေးသာဖြစ်သည်။

● ဗဟိုဦးစီးစနစ်
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးတွင် ဤပြဿနာကို ကျယ်ကျယ်လောင်လောင် ကြားရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် တပြည်လုံးအတိုင်းအတာအရ အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သော် လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် အသာစီးမရခဲ့ပေ။ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှမ်းပြည်နယ်တွင် ဒုတိယအများစု အနိုင်ရပြီး ဒီချုပ်က တတိယအများစု အနိုင်ရသည်။ သို့သော် ရှမ်းဒီချုပ်က လွှတ်တော်တွင် အများစုမဟုတ် ခဲ့ပေ။

ရခိုင်အမျိုးသားပါတီကတော့ ပြည်နယ်လွှတ်တော်အတွင်း အများစုအနိုင်ရခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နေရာနှင့် ပြည်နယ် အစိုးရဖွဲ့စည်းရေးကို ပြင်းပြင်းထန်ထန်တောင်းဆိုရာ ဤကိစ္စသည် လူသိများသည့်ကိစ္စတရပ်ဖြစ်လာသည်။

ပြည်မမှ အဓိကအာဏာရပါတီအနေနှင့် ပြည်နယ်တခုခု၏ ပြည်နယ်ရွေးကောက်ပွဲတွင် မိမိပါတီမှ အရေးနိမ့်နေသော်လည်း မိမိပါတီမှလူအား ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ကြခြင်းရည်ရွယ်ချက်ကို စောကြောရန်လိုသည်။ တဖက်ကဆိုလျှင် စစ်အာ ဏာ ရှင်၏ဆိုးမွေဟု ဆို၍ရသည်။ လက်ရှိ အရပ်သားပါတီများအနိုင်ရသော ခေတ်ကာလတွင်မူ ပြဿနာမှာ ဗဟိုဦးစီးစနစ်ဟု ဆိုနိုင်သည်။ ပြည်မမှ အနိုင်ရအစိုးရသည် မိမိအစိုးရပေါ်လစီ မူဝါဒများအကောင်အထည်ဖေါ်ရန် မိမိပါတီ၏ လူများကိုသာ ဝန်ကြီးချုပ်နေရာပေးခြင်းဖြစ်ပုံရ၏ဟုဆိုကြသည်။ အကယ်၍ ပြည်နယ်မှအနိုင်ရသော တိုင်းရင်းသားပါတီမှ အမတ်အား ဝန်ကြီးချုပ်ပေးပါက ပြည်မဗဟိုအစိုးရ၏ မူဝါဒကို အာမခံရန် မသေချာဟု တွက်ဆပုံရသည်။

သို့ဖြစ်ရာ ဖက်ဒရယ်စနစ်နှင့် ဗဟိုဦးစီးစနစ်မှာ ပဋိပက္ခအသွင်ဆောင်သည်ဟု ဆိုနိုင်သည်။ ဖက်ဒရယ်ဆိုသည်မှာ အာဏာကိုဖြန့်ခွဲခြင်းဖြစ်ပေရာဖက်ဒရယ်စနစ်ကို ကျင့်သုံးမည်ဆိုလျှင် ဗဟိုဦးစီးစနစ်ကို ဖြေလျော့မှသာဖြစ်နိုင်ပေလိမ့်မည်။ ပြည် နယ်အလိုက် အုပ်ချုပ်ရေး ဥပဒေပြုရေးတို့နှင့်ပတ်သက်ပြီး ဗဟိုဦးစီးစနစ်ကို ဖြေလျော့မှသာ ဖက်ဒရယ်စနစ်ကို အကောင် အထည်ဖေါ်နိုင်ပေလိမ့်မည်။

● ပုဒ်မ ၂၆၁
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ ပြည်နယ်များ၏အစိုးရအဖွဲ့ကိုခေါင်းဆောင်မည့် အစိုးရအဖွဲ့ဝန်ကြီးများကို ရွေးချယ် ခန့်အပ်ခွင့်ရှိသည်။ ပြည်နယ်ဝန်ကြီးချုပ်အား နိုင်ငံတော်သမတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိသည်။ ပြည်နယ်များရှိ ပြည်သူများ ကရွေးချယ်လိုက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလည်များက ရွေးချယ်ခွင့်မရှိသည်မှာ ၎င်းပြည်နယ်များအတွက် ဒီမိုကရေစီအခြေခံမူများနှင့် ကိုက်ညီပါ၏လော။ ဖက်ဒရယ်မူနှင့် ကိုက်ညီပါ၏လော။

ပြီးခဲ့သော လွှတ်တော်သက်တမ်းအတွင်းက အဆိုပါ ပုဒ်မ ၂၆၁ အားပြင်ဆင်၍ ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်လွှတ် တော်မှ ရွေးကောက်တင်မြှောက်ခွင့်ရှိရေးပြင်ဆင်ရန် လွှတ်တော်၌ တင်သွင်းခဲ့ဘူးသည်။ ထိုစဉ်က ထိုပုဒ်မ ၂၆၁ ပြင်ရေး အတွက် NLD ပါတီမှ အမတ်များလည်းထောက်ခံခဲ့ကြသည်။ သို့သော် တပ်ကိုယ်စားလည်များ ကန့်ကွက်ပယ်ချ ခြင်းခံခဲ့ရ သည်။

သို့ဖြစ်ရာ အဆိုပါ ပုဒ်မ ၂၆၁ သည် ဖက်ဒရယ်စနစ် အဟန့်အတားတခုဟု ဆိုရမည်။ ပြည်နယ်လွှတ်တော်မှ မိမိပြည်နယ် အစိုးရကို ရွေးကောက်တင်မြှောက်ခွင့်မရှိသည့် ၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်ဘဲ ဖက်ဒရယ်ဟူ၍ ဆိုနိုင်ပါမည်လော။ ဗဟိုဦးစီးစနစ်ကို ဖြေလျော့ခြင်းမရှိဘဲ ဖက်ဒရယ်ဟုဆိုနိုင်ပါမည်လော။ ဤပုဒ်မမှာ အုပ်ချုပ်ရေးပိုင်းနှင့်သာဆိုင်သည်။ ဥပ ဒေပြုရေးပိုင်းနှင့်ပတ်သက်၍လည်း ဤနည်းနှင်နှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဖက်ဒရယ်ဟုဆိုပါက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်းမရှိဘဲ ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု ဆိုရပါမည်။

မောင်မောင်စိုး
21/4/2016