မောင်မောင်စိုး - တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ - အပိုင်း ၅


မောင်မောင်စိုး - တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ - အပိုင်း ၅
(မိုးမခ) ဇွန် ၄၊ ၂၀၁၆

( ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ )
MTA အစနှင့် အဆုံး
ရှမ်းပြည်နယ်တွင် အဓိက ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနှင့် ရှိနေသော SSPP/SSA အပြင် အခြားရှမ်းလက်နက်ကိုင်များရှိနေသေးသည်။ ထိုအထဲမှ တဖွဲ့မှာ MTA ခေါ် Mong Tai Army ဟုခေါ်သည့် ရှမ်းပြည်တပ်မတော် ဖြစ်သည်။ ထိုအဖွဲ့သည် အားကောင်းစဉ်ကာလက အင်အား ၂၀၀၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။ သို့ သော် MTA အဖွဲ့သည် ရှမ်းပြည်နိုင်ငံရေးရည်မှန်းချက်များကို ဦးတည်ဆောင်ရွက်သည်ထက် မူးယစ်ဆေးဝါး ( ဘိန်း ) မှောင်ခိုလုပ်ငန်းကို အဓိထားလုပ်ကိုင်သည့်အဖွဲ့ဟူ၍ ပြည်တွင်းကရော ပြည်ပကပါ သတ်မှတ်ခြင်းခံရသောအဖွဲ့ ဖြစ်သည်။

MTA အဖွဲ့သည် မိုးဟိန်းဦးစီး SURA အဖွဲ့နှင့် ခွန်ဆာဦးစီး လွယ်မော်ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပေါ်ပေါက်လာခြင်း ဖြစ်သည်။ မိုးဟိန်းသည် မူလက CPB ရှမ်းပြည်အလယ်ပိုင်းမှဖြစ်ပြီး နောက်ပိုင်းတွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နွမ်စစ်ဟန်သို့ရောက်ရှိသွားသူဖြစ်သည်။ ၁၉၆၀ ဝန်းကျင်ခန့်သည် မိုးဟိန်းသည် USNF United Shan National Front အမည်ဖြင့် ခွဲထွက်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် SSIA နှင့်ပူးပေါင်းပြီး SSA အဖြစ်ပူးပေါင်းခဲ့သော်လည်း မိုးဟိန်း သည် ၁၉၆၉ ခုနှစ်တွင် SURA Shan United Revolutionary Army ဟူ၍ ထပ်မံခွဲထွက်ခဲ့ သည်။

ခွန်ဆာကတော့ နောင်လိုင်မြို့ စား၏ ဒုတိယဇနီးမှမွေးဖွါးသူဖြစ်ပြီး ၁၉၅၈ တွင် တရုတ်ဖြူ များနှင့်အတူ တိုင်ဝမ်သို့ လိုက်ပါသွားဖူးသည်ဟု ဆိုပါသည်။ ထို့နောက် ၁၉၆၀ ခန့်တွင် မြန်မာပြည်သို့ ပြန်လာပြီး နောင်လိုင်မြို့တွင် ကာကွယ်ရေးအဖြစ် စတင်တာဝန်ယူခဲ့သည်ဟု ဆိုသည်။ စတင်ဖွဲ့စည်းစဉ်က အင်အား ၄၀ ခန့်ရှိသော ခွန်ဆာ၏ကာကွယ်ရေးတပ်ဖွဲ့သည် ၁၉၆၈
ခုနှစ် အရှေ့မြောက်သို့ CPB အင်အားစုများ ဝင်ရောက်လာချိန်တွင် CPB ဆန့်ကျင်ရေးအတွက် အစိုးရ၏ခွင့်ပြုချက်အရ အင်အား ၁၇၀၀ ခန့်ထိ တိုးပွားလာခဲ့သည်ဟုဆိုပါသည်။ ထိုအဖွဲ့တွင် တရုတ်သွေးပါသူက အများစုဖြစ်သည်။

သို့ရာတွင် ၁၉၆၉ ခုနှစ်တွင် အစိုးရနှင့်ပဋိပက္ခဖြစ်ပြီး ခွန်ဆာအဖမ်းခံရသည်။ ထိုအခါ ခွန်ဆာ၏ တပည့်ဖြစ်သူ ကျန်းဆူးရှင်းခေါင်းဆောင်သော အင်အား ၁၆၀၀ ခန့်ရှိ ကာကွယ်ရေးများသည် လွယ်မော်ဒေသကို အခြေခံ၍အစိုးရအားပြန်လည်တိုက်ခိုက်ကြသည်။ ထိုစဉ်လွယ်မော်အဖွဲ့သည် မုန်းဟင်မုန်းဟ ဒေသ၌ ကျန်းဆူးရှင်း ဦးစီး အင်အား ၃၀၀ ခန့် မုန်းမ နောင်လိုင်ဒေသတွင် ဝမ်တင်ကျုံးဦးစီး အင်အား ၃၀၀ ခန့် နားဝါဒေသတွင် စိုင်းရစ်မိန်းဦးစီး အင်အား ၃၀၀ ခန့် ဖြန့်ခွဲ လှုပ်ရှားခဲ့ကြသည်ဟု မြန်မာစစ်ဖက်မှတ်တမ်းများက ဆိုပါသည်။ ၁၉၇၄ ခုနှစ် နှစ်ကုန် ခွန်ဆာ ပြန်လွတ် မြောက်ပြီး ထိုင်းနိုင်ငံသို့ရောက်သွားချိန်မှစ၍ ၎င်း၏တပ်ဖွဲ့ကိုပြန်လည်ကွပ်ကဲခဲ့သည်။ ခွန်ဆာ၏ လွယ်မော်ကာကွယ်ရေးအဖွဲ့သည် နိုင်ငံရေးရည်ရွယ်ချက်တခု ဦးတည်လှုပ်ရှားမှုမရှိဘဲ ရှမ်းပြည်မြောက်ပိုင်းမှ ဘိန်းများကို ထိုင်းနယ်စပ်သယ်ဆောင်သည့် ဘိန်းကုန်ကူးခြင်းကို အဓိကထား၍ ပြုလုပ်သည့် လက်နက်ကိုင်စီးပွားရေးအဖွဲ့ဖြစ်ခဲ့သည်။ ငွေကြေးနှင့် အခွင့်အရေးပေးခြင်းအပေါ် သူ၏လက်နက်ကိုင်တပ်ကို တည်ဆောက်ခဲ့သည်။

အသွင်မတူ အိမ်သူမဖြစ်ဆိုသည့်အတိုင်း ထိုင်နယ်စပ်ရွှေတြိဂံနယ်မြေ၌ ဘိန်းမှောင်ခို စီးပွားရေး လုပ်နေသော ခွန်ဆာ၏လွယ်မော်ကာကွယ်ရေးနှင့် မိုးဟိန်း၏ SURA တို့သည် ၁၉၈၅ ခုနှစ်တွင် Mong Tai Army MTA အမည်ဖြင့် ပူးပေါင်းလိုက်ကြပြီး ရှမ်းပြည်လွတ်လပ်ရေးဆိုသည်ကို နိုင်ငံရေးကြွေးကြော်သံတင်ခဲ့သည်။ ထို့နောက် ထိုင်းမြန်မာနယ်စပ် ဟိုမိန်းတွင်အခြေစိုက်ခဲ့ပြီး ရွှေတြိဂံနယ်မြေတွင် နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသော ဘိန်းအရောင်းအဝယ် ပြုလုပ်ခဲ့သည်ဟု အကဲခတ်များကဆိုပါသည်။

၁၉၉၀ ခုနှစ်တွင် MTA သည်အင်အား ၂၀၀၀၀ ခန့်အထိ အမြင့်ဆုံးရောက်ခဲ့သည်ဟု ဆိုပါသည်။ အရှေ့မြောက်ဒေသ၌ CPB နှင့် အစိုးရတပ်များ ပြင်းထန်စွာတိုက်ခိုက်နေစဉ်ကာလအတွင်း တဖက်က အစိုးရတပ်အား CPB ၏သတင်းများပေးရင်း တဖက်က ဘိန်းကုန်ကူးရင်း စီးပွားရေးတောင့် တင်းလာသကဲ့သို့ အင်အားလည်းတောင့်တင်းလာသည်ဟု ဆိုရပေမည်။

အရှေ့မြောက် CPB ပြိုကွဲပြီးနောက် ၁၉၉၃/၁၉၉၅ အတွင်း MTA တပ်ဖွဲ့များနှင့် မြန်မာအစိုးရ တပ်များတိုက်ပွဲကြီးများဖြစ်ပွားလာခဲ့ရာ MTA အတွင်းရှိ ရှမ်းခေါင်းဆောင်များနှင့် တရုတ် ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ ပြင်းထန်လာသည်။ ရှမ်းအမျိုးသားခေါင်းဆောင် များက ရှမ်းအမျိုးသားရေးအတွက် ရှမ်းပြည်လွတ်လပ်ရေးအတွက် ဦးတည်ဆောင်ရွက် လုပ်ကိုင် ချင်သည်။ တရုတ်ခေါင်းဆောင်များကတော့ ဘိန်းစီးပွားရေးကို အားစိုက် လုပ်ချင်ကြသည်။ ဤသဘောထားကွဲလွဲမှုများကြားတွင် MTA သို့ရောက်ရှိလာသော SSPP ဥက္ကဋ္ဌဟောင်း စိုင်းလိတ်လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

၁၉၉၀ နောက်ပိုင်းကာလတွင် MTA သည် အစိုးရတပ်များနှင့်သာမက နဝတ၏သဘောတူညီ ချက်နှင့်တောင်ပိုင်းဆင်းလာသော UWSA ဝ တပ်ဖွဲ့များနှင့်တိုက်ခိုက်ရတော့သည်။ ၁၉၉၆ မတိုင်မီဖြစ်ပွားသောတိုက်ပွဲများအတွင်း UWSA တပ်များသည် ကျိုင်းတုံတောင်ပိုင်း ထိုင်းမြန်မာနယ်စပ်ရှိဒေသအချို့ကို ချုပ်ကိုင်ခွင့်ရသွားတော့သည်။

၁၉၉၅ ဇူလိုင်လအတွင်း MTA အတွင်းမှ မိုးဟိန်းအဖွဲ့မှ ဗိုလ်ကမ်းရွဲ ဦးစီးအင်အားအချို့ခွဲထွက်၍ သီပေါဒေသတွင် အခြေချရန်ကြံရွယ်ခဲ့သည်။ စတင်ခွဲထွက်စဉ်က အင်အား ၅၀၀ ခန့်သာ ရှိသော် လည်း နောက်ပိုင်းတွင် MTA မှ အခြားတပ်ဖွဲ့များထပ်မံပူးပေါင်းခြင်း လူသစ်စုဆောင်းခြင်းတို့
ကြောင့် အင်အား ၈၀၀၀ ထိတိုးတက်လာခဲ့သည်ဟုဆိုသည်။ ဗိုလ်ကမ်းရွဲ အဖွဲ့သည် ၎င်းတို့အဖွဲ့အား SSNA Shan State National Army ရှမ်းပြည်အမျိုးသားတပ်မတော်ဟု အမည်ပေးခဲ့သည်။

ထိုသို့ MTA အဖွဲ့မှာ ဗိုလ်ကမ်းရွဲနှင့် SSNA အဖွဲ့ခွဲထွက်ပြီးနောက် မြန်မာစစ်ဖက်နှင့် ပြင်းထန်စွာ တိုက်ပွဲများလည်းဖြစ်ပွားပြီး အကျအဆုံးများနေချိန် ခွန်ဆာအားလည်း အမေရိကန်က ဖမ်းဝရမ်း ထုတ်ထားချိန် ၁၉၉၅ တွင် ခွန်ဆာနှင့်တပ်အများစု လက်နက်ချလိုက်ကြတော့သည်။ အစိုးရထံ
လက်နက်ချလိုက်သော ခွန်ဆာသည် ပြစ်ဒဏ်များမှ ကင်းလွတ်ခွင့်ရခဲ့ပြီး ၂၀၀၇ ခုနှစ် ၎င်းသေဆုံးချိန်ထိ ရန်ကုန်မြို့တွင် အေးချမ်းစွာ နေထိုင်ခွင့်ရခဲ့သည်ဟု ဆိုပါသည်။ ခွန်ဆာနှင့်အတူ လက်နက်ချခဲ့သောတပ်များမှာ အစိုးရ၏ ပြည်သူ့စစ် ကာကွယ်ရေး အမည်များဖြင့် ဆက်လက်ရပ်တည်ခွင့်ရကြသည်ဟု ဆိုသည်။

လက်နက်ချပြီးသော ခွန်ဆာအဖွဲ့ထဲမှ အင်အားအတောင့်ဆုံးသော ဌာနေပြည်သူ့စစ်အဖွဲ့မှာ မဟာဂျာ ဦးစီး ပသစ အဖွဲ့ဖြစ်သည်။ ဒေသခံများကတော့ ၎င်းတို့အဖွဲ့အား SSS အဖွဲ့ဟု ခေါ်ကြ သည်။ South Shan State ပသစ ဟုခေါ်ဆိုကြသည်။ ထိုအဖွဲ့၏ခေါင်းဆောင်မှာ လွယ်လ ခေါ် ဝ လူမျိုးတဦးဖြစ်သည့်မဟာဂျာဖြစ်ပြီး ယခင်ခွန်ဆာဌာနချုပ်ရှိရာ သံလွင်မြစ်အရှေ့ခြမ်း ရှမ်းပြည် တောင်ပိုင်းရှိ ဟိုမိန်းတွင် အခြေပြုသည်။ မဟာဂျာသည် ဝ လူမျိုးခေါင်းဆောင်တဦးဖြစ်သည့် မဟာစန်း၏ညီဖြစ်ပြီး စောစီးစွာကပင် တရုတ်ဖြူတို့နှင့် ပူးပေါင်းခဲ့ကြသောအဖွဲ့များဖြစ်ကြသည်။

မဟာဂျာ၏လက်အောက်တွင် မတ်ကျန်းအဖွဲ့နှင့် နားရိုင်းအဖွဲ့ဟုခေါ်ကြသည့် ပသစ အဖွဲ့များလည်း ရှိသေးသည်။ မတ်ကျန်းအဖွဲ့သည် နမ့်စမ်တောင်ဖက် မိုင်းဆိတ်အနီးတွင် အခြေပြုပြီး မဟာဂျာ အဖွဲ့၏ ဒုတိယခေါင်းဆောင်ဟုဆိုနိုင်သည့် တရုတ်လူမျိုးလီချန်း ( ကွယ်လွန်သူ ရလလဖ ဥက္ကဋ္ဌ စောတာကလယ်၏ သားမက်) ဦးစီးသည်။ နောက်တဖွဲ့မှာ မောက်မယ် လင်းခေးနယ်တွင်းရှိ နားရိုင်းအဖွဲ့ ဖြစ်သည်။ မဟာဂျာ၏ ဟိုမိန်းဌာနချုပ်တွင် ပသစ အင်အား ၂၀၀၀ ခန့်ရှိပြီး လီချန်း၏ မတ်ကျန်းအဖွဲ့မှာ အင်အား ၁၀၀၀ ခန့်ရှိကာ နားရိုင်းအဖွဲ့မှာ လက်နက်ကိုင်အင်အား ၆၀၀ ခန့် ရှိသည့် ပသစများဖြစ်ကြသည်ဟု မြေပြင်သတင်းများက ဆိုပါသည်။

မဟာဂျာ၏ ဟိုမိန်းအဖွဲ့ မတ်ကျန်းအဖွဲ့နှင့် နားရိုင်းအဖွဲ့ ပသစများသည် အဓိက နမ့်စမ်ခိုလမ် ကားလမ်း၏တောင်ဖက် သံလွင်မြစ်၏ အနောက်ဖက် ပွန်ချောင်း၏အရှေ့ဘက် ဂွင်အတွင်း အဓိကစိုးမိုးလှုပ်ရှားကြပြီး ၎င်းတို့ဌာနချုပ်ရှိရာ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ဟိုမိန်းသို့ တာဆွတ်တိန်းကူးတို့ (သံလွင်ကူးတို့) အားဖြတ်၍ ဆက်သွယ်ကြသည်ဟုဆိုပါသည်။

ရှမ်းပြည်တောင်ပိုင်းသာမက ရှမ်းမြောက် လွယ်မော် တန့်ယန်းဒေသ၌လည်း ခွန်ဆာ MTA မှ လက်နက်ချသည့် ပသစ တဖွဲ့ ရှိသေးသည်ဟုဆိုသည်။ ၎င်းအဖွဲ့မှာ ဘိုမန်ဦးစီး လွယ်မော် ပသစ အဖွဲ့ဖြစ်ပြီး အင်အား ရာဂဏန်းမျှရှိသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ MTA သည့်အဖွဲ့အစည်းအနေ နှင့် လက်နက်ချလိုက်သည်ဆိုသော်လည်း သူ၏လက်နက်ကိုင်အင်အားများသည် အစိုးရ လက်အောက်ခံ ပသစများအဖြစ် ဆက်လက်လှုပ်နေသည်ဟုဆိုရပါမည်။ ထို့အတူ တာချီလိတ် ကျိုင်းတုံဒေသတွင်လည်း MTA တဖြစ်လဲ အစိုးရ ပသစ အဖွဲ့ငယ်များရှိကြသည်။ တရုတ်အစိုးရက သေဒဏ်ပေးခဲ့သော စိုင်းနော်ခမ်းသည်လည်း MTA တဖြစ်လဲ ပသစခေါင်းဆောင်ငယ်တဦး
ဖြစ်သည်။

ဤသို့ဖြင့် ၁၉၈၅ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော MTA သည် ၁၀ နှစ်အကြာ ၁၉၉၅ ခုနှစ်တွင် အဆုံးသတ်သွားခဲ့ပေတော့သည်။ MTA အဖွဲ့သည် ရှမ်းပြည်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နံမည်ကျော်ဇောဆုံးအဖွဲ့ဖြစ်ပြီး ရှမ်းပြည်သူများ အရေးထက်မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဇောင်းပေးသည့်အဖွဲ့ဟု အများက သတ်မှတ်ခြင်း ခံရသည့်အဖွဲ့ ဖြစ်သည်။

သို့သော် ဆက်ရန်ရှိသေးသည်ကား ခွန်ဆာအဖွဲ့လက်နက်ချရာတွင် ကျန်ရစ်သော အဖွဲ့တခု ရှိသေး ခြင်းဖြစ်သည်။ ၎င်းအဖွဲ့မှာ အစိုးရထံလက်နက်ချရန် ငြင်းဆန်ခဲ့သည့်ရွက်ဆစ်နှင့် အင်အား ၈၀၀ ခန့် ဖြစ်ပေသည်။ ထို့ပြင် MTA မှ ခွဲထွက်သွားသော ဗိုလ်ကမ်းရွဲဦးစီး SSNA အင်အားစုများ မှာ MTA မှ ကျန်နေသောအင်အားစုဟု ဆိုရပေမည်။

RCSS/SSA စဝ်ရွက်ဆစ်အဖွဲ့
ခွန်ဆာလက်နက်ချသောအခါ မူလ SURA မှ စဝ်ရွက်ဆစ်ဦးစီး အင်အား ၈၀၀ ခန့်သည် လက်နက် ချရန် ပြင်းပယ်ခဲ့ကြပြီး ၁၉၉၆ ဇန်နဝါရီလ ၂၆ ရက်တွင် SSA-S ရှမ်းပြည်တပ်မတော် တောင်ပိုင်း အားဖွဲ့အား ပြန်လည်ဖွဲ့စည်းခဲ့ကြပြီး ရှမ်းပြည်အလယ်ပိုင်းသို့ ထိုးဖောက်စည်းရုံးပြီး အစိုးရအား ဆက်လက်တိုက်ခိုက်ခဲ့ကာ အင်အားထောင်ဂဏန်းထိ စည်းရုံးနိုင်ခဲ့သည်။ ထို့နောက် စဝ်ရွက်ဆစ်သည် SSA-S ဌာနချုပ်အား ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်တောင်ပိုင်းရှိ လွယ်တိုင်းလျံတွင်အခြေပြုခဲ့သည်။

၂၀၀၀ ခုနှစ် မေလ ၂၇ ရက်တွင် SSA-S သည် သူ၏နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော RCSS Restoration Council of Shan State ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအား စဝ်ရွက်ဆစ်ကခေါင်းဆောင်၍ ဖွဲ့စည်းခဲ့သည်။ အဆိုပါကောင်စီတွင် အလုပ်အမှုကော်မတီဝင် ၁၁ ဦးရှိပြီး စဝ်ရွက်ဆစ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပါသည်။

၂၀၀၅ မေလ ၂၁ ရက်နေ့တွင် RCSS အဖွဲ့နှင့် စိုင်းရီဦးစီးသော SSNA အင်အားစုများသည် ရှမ်းပြည်လွတ်လပ်ရေးဆိုသည့်နိုင်ငံရေး ရည်မှန်းချက်နှင့် ပူးပေါင်းခဲ့ကြသည်။ SSNA ခေါ် Shan State National Army သည် ၁၉၉၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က MTA မှ ပြန်ခွဲထွက်ခဲ့သည့် ယခင် SURA မိုးဟိန်းခေါင်းဆောင်သည့်အဖွဲ့မှ ဖြစ်သည်။ MTA မှထွက်ခွာစဉ် ဗိုလ်ကမ်းရွဲမှ ဦးဆောင်သည်။ မူးယစ်ဆေးဝါးကို ဇောင်းပေးလုပ်နေသော MTA တပ်ဖွဲ့တွင်းမှ ရှမ်းပြည်နယ် ကိုယ်အုပ်ချုပ်ခွင့်ရရေး နိုင်ငံရေးရည်ရွယ်ချက်ကို အကောင်ထည်ဖော်ရန် ခွဲထွက်ခဲ့ကြသည်ဟု ဆိုသည်။ စ၍ ခွဲထွက်စဉ်က အင်အား ၅၀၀ ခန့်သာရှိသော်လည်း ၁၉၉၅ စက်တင်ဘာခန့်တွင် နောက်ထပ်အင်အား ၂၀၀၀ ခန့်ပါ ပူးပေါင်းလိုက်ပါခဲ့ကြသည်။ SSNA တပ်ဖွဲ့သည် ဟမုန်းတွင် ဌာနချုပ်အခြေစိုက်ပြီး သီပေါနယ်တွင် အခြေချရန်ကြိုးပမ်းခဲ့ကြသည်။ MTA လက်နက်ချပြီးနောက် ၁၉၉၅ နှစ်ကုန်တွင် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးခဲ့သည်ဟုဆိုသည်။

SSNA သည် ၂၀၀၅ ခုနှစ် ဧပြီလအတွင်း မြန်မာစစ်ဖက်၏ထိုးစစ်ကိုခံခဲ့ရပြီး ဧပြီလနှင့် မေလ အတွင်း SSNA ခေါင်းဆောင်အများအပြား အဖမ်းခံခဲ့ရပြီး SSNA တပ်မဟာ ၂ ခုသည်လည်း ပြိုကွဲ၍ လက်နက်ချ ခြင်း လက်နက်ဖြုတ်သိမ်းခြင်းတို့ခံခဲ့ရသည်ဟု ဆိုသည်။ ၎င်းစစ်ဆင်ရေး ပြီးနောက် SSNA တပ်မှူးစိုင်းရီ ဦးစီး အင်အား ထောင်ဂဏန်းခန့်သည် စဝ်ရွက်ဆစ်ဦးစီး RCSS/SSA-S နှင့် ပူးပေါင်းလိုက်ကြပြီး ၁၉၉၅ မှ ၂၀၀၅ ထိ ၁၀ နှစ်ခန့်ရပ်တည်ခဲ့သော SSNA တခန်းရပ်သွားသည်ဟု ဆိုရမည်။

ရှမ်းပြည်လက်နက်ကိုင်တပ်ဖွဲ့များတွင် မိုးဟိန်းဦးစီးခဲ့သည်အဖွဲ့သည် အကူးအပြောင်း အများဆုံး ဖြစ်သည်ဟု ဆိုရမည်။ ပထမ နွမ်စစ်ဟန် နောက်၁၉၆၀ခန့်တွင် USNF အဖြစ် ပြန်ခွဲထွက်သည်။ တဖန် ၁၉၆၄ တွင် SSIA နှင့်ပေါင်း၍ SSA အဖြစ် ပြန်လည်ဖွဲ့စည်းသည်။ တဖန် ၁၉၆၉ တွင် SURA အဖြစ် ပြန်လည်ခွဲထွက်သည်။ ၁၉၈၅ တွင် လွယ်မော် ခွန်ဆာနှင့်ပေါင်း၍ MTA အဖြစ် ပြန်လည်ဖွဲ့စည်းသည်။ ၁၉၉၅ တွင် MTA မှ SSNA နှင့် SSA-S ဟု ၂ ဖွဲ့ ပြန်ကွဲထွက်သည်။ ၂၀၀၅ တွင် ထို ၂ ဖွဲ့ ပြန်ပေါင်း၍ RCSS/SSA -S အဖြစ် ပြန်လည်ရပ်တည်သည်။

လက်ရှိ RCSS/SSA ၏ ခေါင်းဆောင်မှုမှာ ဥက္ကဋ္ဌ စဝ်ရွက်ဆစ်၊ ဒုဥက္ကဋ္ဌ စဝ်စိုင်းရီ၊ စစ်ဦးစီးချုပ် စဝ်ခေးငင်းတို့ဖြစ်ကြပြီး အင်အား ၆၀၀၀ မှ ၇၀၀၀ ကြားရှိမည်ဟု ခန့်မှန်းကြပါသည်။

RCSS/SSA သည် ၂၀၁၂ ဇန်နဝါရီလ ၁၆ ရက်တွင် အစိုးရနှင့်အချက် ၁၂ ချက်ပါ အပစ်ရပ် သဘောတူညီချက်တရပ် ရရှိသည်ဟုဆိုပါသည်။ အဓိကသဘောတူညီချက်များမှာ
- RCSS/SSA ဌာနချုပ်နှင့်တပ်များ အိမ်ထောင်သည်မိသားစုများအား ဟိုမိန်းမြို့နယ်ခွဲနှင့် မုန်းဟ ( မုန်းထ) မြို့နယ်ခွဲအတွင်း အခြေပြုရန်။
- တဖက်နယ်မြေမှ အခြားတဖက်နယ်မြေသို့ လက်နက်ကိုင်ဆောင်သွားပါက အပြန်အလှန်အကြောင်းကြားရန်။
- RCSS ဆက်သွယ်ရေးရုံးများကို ကျိုင်းတုံ၊ ခိုလန်၊ မိုင်းဆတ်၊ တာချီလိတ်၊
တောင်ကြီးမြို့များတွင် ဖွင့်ခွင့်ပြုရန်။ စီးပွားကုန်သွယ်ရေးရုံးများကို မူစယ်နှင့် နမ့်ခမ်းတွင် ဖွင့်လှစ်ခွင့်ပြုရန်။
- အစိုးရဝန်ကြီးများမှ RCSS ၏စီးပွားရေးလုပ်ငန်းများအား အကူအညီပေးရန်နှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ဆောင်ပေးရန်။
- ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပူးတွဲလုပ်ဆောင်ရန်တို့ဖြစ်ကြသည်။

ထိုသို့ အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးစဉ် ၂၀၁၂ ခုနှစ်က RCSS /SSA ၏ စိုးမိုးနိုင်သည့် ဧရိယာများမှာ ထိုင်းမြန်မာနယ်စပ်၌ရှိသော အဓိက ၅ နေရာခန့်သာဖြစ်သည်ဟု ဆိုသည်။ ၎င်းနေရာတို့မှာ

၁။ အဓိက ဌာနချုပ် လွယ်တိုင်းလျံ
၂။ လွယ်မုန်းမန် မဲဟောင်ဆောင်အနီး
၃။ လွယ်လန်း ချင်းမိုင် ဝေယန်ဟင် ခရိုင်အနီးနယ်စပ်
၎။ လွယ်ဆမ်ဆစ် ချင်းမိုင် ဖန်ခရိုင် နယ်စပ်
၅။ လွယ်ဂေါ်ဝမ် ချင်းရိုင် မယ်ဖါလုံခရိုင် နယ်စပ်တို့ ဖြစ်ကြသည်။

သို့ဖြစ်ရာ RCSS/SSA ၏ အဓိကလှုပ်ရှားနယ်မြေမှာ ရှမ်းပြည်တောင်ပိုင်း ထိုင်းမြန်မာနယ်စပ်တွင် ဖြစ်သည်ဟု ဆိုရပါမည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )