ဇာနီကြီး - ဆိုင်းဘုတ်မထောင်ဘဲ ကရိန်းနဲ့ ဆွဲသည့် ရန်ကုန်


ဇာနီကြီး - ဆိုင်းဘုတ်မထောင်ဘဲ ကရိန်းနဲ့ ဆွဲသည့် ရန်ကုန်
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၆

ဒီနေ့ တော့ ကားကရိန်း မဲပေါက်သွားပါတယ်။
မနက် ၁၀ နာရီခွဲလောက် လမ်း ၅၀ အိမ်က မနက်စာစားပြီး ချိန်းထားတဲ့ ဗဟန်းမြို့နယ်သွားဖို့ ကားရပ်ထားတဲ့နေရာသွားတယ်။ ကားရှာလို့ မတွေ့တော့ပါ။ ဒီနေရာပြောင်းလာတာလည်း ၂ ပတ်လောက်ပဲ ရှိသေးတယ်။ ပထမ နေရာများမှားထားသလား သေချာစဉ်းစားတယ်။ နေရာမမှားဘူး သေချာတော့ ကားခိုးခံရပီလား စိုးရိမ်တယ်။ ကားသူခိုး မြန်မာနိုင်ငံအထူးသဖြင့် ရန်ကုန်မှာ အလွန်ရှားပါးတာကြောင့် မဖြစ်နိုင်ဘူး၊ ဧကန္တတော့ ကားကရိန်းနဲ့ ဆွဲသွားခံရနိုင်တယ်ဆိုပြီး ကားရပ်ထားတဲ့ အနောရထာလမ်းနဲ့လမ်း၅၀ ထောင့်ကို ကားမရပ်ရဆိုင်းဘုတ်များမမြင်မိလို့လား၊ သေချာရှာတော့လည်း ကားမရပ်ရ ဆိုင်းဘုတ်ရေးမထားပါ။ လမ်းဘေးလက်ဖက်ရည်ဆိုင် မိတ်ဆွေကို မေးမြန်းကြည့်တော့ လွန်ခဲ့တဲ့နာရီဝက်က ကျနော့်ကားကို ကားကရိန်းနဲ့ဆွဲသွားခံရတာ သူတို့မြင်တာတွေ ပြောပြပါတယ်။

ယာဉ်ထိန်းရဲက စည်းကမ်းမဲ့ရပ်ထားတဲ့ ကားကိုကရိန်းနဲ့ ဆွဲမယ် ဆုံးဖြတ်ရင် စည်ပင်ကို အကြောင်းကြားတယ်။ စည်ပင်က သူတို့ကားကရိန်း ကုမ္ပဏီကို လှမ်းခေါ်ပြီး မြေနီကုန်း၊ ရှင်စောပုလမ်းက ကားကုမ္ပဏီဆီကို ဆွဲယူသွားပါလေရော။ ရန်ကုန်မှာ ကားကရိန်းကုမ္ပဏီ တခုပဲရှိပြီး တနေ့ကို ကားအစီး ၃၀ လောက် မဲဖောက်ခံရတယ်လို့ သိရပါတယ်။ ကားကရိန်းကုမ္ပဏီ ဝန်ထမ်းနဲ့ စကားပြောကြည့်တော့ လမ်းဘေးရပ်တဲ့ကားတိုင်း ဖမ်းပြီး ကရန်းနဲ့ ဆွဲသွားနိုင်တယ်။ လွန်ခဲ့တဲ့ (၂) နှစ် ကတည်းက စည်းကမ်းထုတ်ထားတာ အထူးသဖြင့် ရန်ကုန်မြို့တွင်း လမ်းမကြီးများမှာ ကားမရပ်ရ ဖြူနီဝါနေရာပေါင်း ၁၄၀ ကျော် ရှိတယ်။ အားလုံးသာ လိုက်ဖမ်းနေရင်မဖြစ်တော့ မဲပေါက်တဲ့ကားတွေပဲ ဆွဲသွားရပါတယ်လို့ ပြောပါတယ်။
ကားကရိန်းကုမ္ပဏီမှာ ဆွဲသွားခ ကျပ် ၅ သောင်း ပေးလိုက်ရတယ်။ တနာရီ ၂၀၀ ကျပ်နဲ့ ၆ နာရီ ဖမ်းထားခံရတဲ့ကားအတွက် ကျပ် ၁၂၀၀ ပေးလိုက်ရတယ်။ ပြီးတော့ ပုဇွန်တောင်မြို့နယ် စည်ပင်ဌာနမှာ ဒဏ်ငွေ ကျပ် ၂ သောင်းကျော် သွားဆောင်ရမယ်လို့ပြောပါတယ်။ တကယ်တော့ ဒဏ်ငွေဆောင်ပြီးမှ ကားပြန်ယူခွင့်ရှိပေမဲ့ လျော့ပေါ့တဲ့အနေနဲ့ ကားအရင်ယူခွင့်ပေးပါတယ်လို့ ရှင်းပြပါတယ်။

ကားကရိန်း ဆွဲသွားခံရတာ သိသိချင်း လမ်း ၅၀ ယာဉ်ထိန်းရဲစခန်းကို စုံစမ်းပါတယ်။ ယာဉ်ထိန်းရဲဌာန ရဲဝန်ထမ်း ၃ ယောက်လောက် မေးမြန်းပြီးမှ ထမင်းစားနေတဲ့ တာဝန်မှူးဆီ ရောက်သွားပြီး ရှင်းပြပါ တယ်။ ဘာကြောင့် ယာဉ်မရပ်ရ။ ရပ်လျှင် ကားကရိန်းဖြင့်ဆွဲသွားခံရမည်။ ဒဏ်ငွေ ၇ သောင်း.. ဆိုတဲ့ ဆိုင်းဘုတ်တော့ ရေးထားသင့်တယ်။ ဘာမှရေးမထားလို့ပြီးတော့ ကျနော်က ဒီလမ်းကိုရောက်တာ မကြာသေးဘူး၊ ဆိုင်းဘုတ်မတွေ့လို့ ကားရပ်ရင်ရတယ် ထင်မိတယ်။ ရန်ကုန်ရောက်တာ မကြာသေးတော့ ရန်ကုန်ယာဉ်စည်းကမ်းတွေ သိပ်မသိလို့ပါ ပြောပြတယ်။ ဒဏ်ငွေအတွက် ကွန်ပလိန်း ဘယ်နေရာကို စာရေးတင်ရမလဲ မေးတယ်။ မြို့နယ်စည်ပင်ရုံးမှာ ကွန်ပလိန်း တင်ရမယ်လို့ တာဝန်မှူးက ပြောပါတယ်။

စင်ကာပူမှာဆိုရင် ပထမအကြိမ်ဆို ကွန်ပလိန်းတက်ရင် ကင်းလွတ်ခွင့်ပေးလေ့ရှိပါတယ်။

ရန်ကုန်မြို့မှာ ကားမရပ်ရနေရာကို ရပ်ရင် ကားကရိန်းဆွဲခံ ထိတယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်ပေမဲ့ နယ်ကလာတဲ့လူကမသိတော့ ခံလိုက်ရပါတယ်။ ရန်ကုန်မှာ ကားမောင်း၊ ကားရပ်မယ်ဆိုရင် မျက်စိနဲ့နား ဖွင့်ထား၊ ယာဉ်ထိန်းရဲရှိမရှိကြည့်ပြီး လည်ရင်လည်သလို ဂငယ်ကွေ့လုပ်တယ်။ ကားလမ်းမပေါ် ခပ်တည်တည်နဲ့ ကားရပ်တော့ လမ်းတွေပိတ်ကုန်တာ စည်းကမ်းမလိုက်နာတဲ့ ကားမောင်းသူတွေကြောင့် ဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာတော့ အားလုံးကို ဖမ်းလို့လည်း မဖြစ်၊ ဒါကြောင့် တက္ကစီဒရိုင်ဘာလေးက အန်ကယ်ရေ၊ ယာဉ်ထိန်းရဲက ကျနော်ကိုလည်း ရှင်းပြဖူးတယ်။ ညီလေး ငါးမျှားဖူးသလားလို့မေးတော့ ကျနော်က မျှားဖူးပါတယ်လို့ ဖြေတယ်။ ဒီတော့မှ ဖမ်းတဲ့ ယာဉ်ထိန်းရဲက ..အေး..ငါတို့အလုပ်က ငါးမျှားသလိုပဲကွာ..၊ ငါးတိုင်းဖမ်းစားချင်ပေမဲ့ ..ငါးမျှာချိတ်ကို ဟပ်တဲ့ငါးပဲ ဖမ်းမိသလိုပေါ့။ တခြားလူတွေကိုမဖမ်းဘဲ ညီလေးမှာဖမ်းခံရတာ ကံစမ်းမဲပေါက်တယ်လို့ ပဲ ထားလိုက်ပါတော့...လို့ ရှင်းပြပါတယ်။

စဉ်းစားမိပါတယ်။ မနှစ်ကထက်စာရင် ရန်ကုန်မှာ ကားသိပ်မကြပ်တော့ပါဘူး။ ယာဉ်မောင်းတွေလည်း အရင်တုန်းကထက်စာရင် အမောင်းကျွမ်းကျင်လာကြပါပြီ။ ရဲတွေကလည်း ဖမ်းမယ်ဟေ့ ကြေညာပြီးမှ ဖမ်းလေ့ရှိပါတယ်။ ကားဒရိုင်ဘာတွေ ပိုမိုစည်းကမ်း ရှိလာတယ်။ ဒေါသတွေ နည်းလာပြီး ကားတစီးနဲ့တစီး နားလည်မှုတွေ ပိုရှိလာတဲ့အပြင် ယာဉ်ထိန်းရဲတွေလည်း အရင်ကလို စည်းကမ်း ဖောက်မှုတွေ လိုက်ဖမ်း အကြံဖန်လာဘ်ငွေပေးရတာတွေ နည်းပါးလာတာတော့ အမှန်ပါပဲ။ ယာဉ်ထိန်းရဲများကို လစဉ် ဘောနပ်စ် ကျပ်၂ သိန်းလောက် လစာအပြင် ပိုပေးဖို့လည်း လိုပါတယ်။ က.ည.န ဌာနက ငွေချမ်းသာတဲ့ အစိုးရဌာနပါ။ ယာဉ်မောင်းလိုင်စင်ကဒ်ပြားက စပယ်ရှယ် ဘဏ်ကဒ်ပြားလိုပဲ၊ လ.ဝ.က ထက်တော့ အများကြီး ချမ်းသာပုံရပါတယ်။ လ.ဝ.က မှတ်ပုံတင် အနီကပ်ပြားကတော့ စက္ကူဘဝမှာပဲ ရှိနေတုန်းပါ။

အခုကိစ္စတော့ "ကားမရပ်ရ ဆိုင်းဘုတ်" တွေတင်မထားပဲ ကားကရိန်းနဲ့ ဆွဲဖမ်းနေတာတော့ လွန်နေတယ်လို့ ထင်ပါတယ်။

ကွန်ပလိန်းတော့ တက်ရပါဦးမယ်။


ဇာနီကြီး