ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်စန္ဒာမြင့် ● ကျည်ဆန်ကြားက ပန်းကလေးများ




ခင်စန္ဒာမြင့် ● ကျည်ဆန်ကြားက ပန်းကလေးများ
(မိုးမခ သတင်းဆောင်းပါး) ဇွန် ၁၊ ၂၀၁၆

မေးမြန်းစုံစမ်းစုစည်းရေးသားသူ ■ ခင်စန္ဒာမြင့်
တည်းဖြတ်ပြင်ဆင်သူ ■ ငြိမ်းချမ်းအေး
ရန်ကုန်မြို့

"ကိုယ်နေထိုင်တဲ့ နိုင်ငံကလည်းအသိအမှတ်မပြု၊ တဖက်နိုင်ငံမှာဆက်ပြီး ပညာသင်ဖို့ရာမှာလည်း ငွေကြေးမတတ်နိုင်တဲ့ လူငယ်တွေအတွက်တော့ ကိုယ့်ဒေသအတွင်းမှာ၊ စစ်ရှောင်လူငယ်တွေကလည်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာပဲ အနာဂတ်တွေပျောက်ဆုံးကာ ယောင်လည်လည်ဖြစ်နေရပါတယ်…”

ဒီစကားတွေကတော့ မြန်မာစကားကို လိမ့်ပတ်လည်အောင်မပြောတတ်လို့ သူပြောချင်တာလေးတွေကို မိခင်ဘာသာ ကချင်စကားနဲု့ စကားပြန်ကနေတဆင့် ပြောပြနေတဲ့ ကချင်စစ်ဘေးသင့်ဒေသမှာ ကြီးပြင်းခဲ့ရသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး ခေါန်ဂျာရဲ့ ရင်ထဲကထွက်ကျလာတဲ့ ခံစားချက်အသံပါ။ သမီးကြီး ခေါန်ဂျာအပါအဝင် မောင်နှစ်မငါးယောက်ရှိတဲ့ သူ့မိသားစုဟာ ပြည်ထောင်စု တိုင်းရင်းသား နိုင်ငံသားအချင်းချင်း အမုန်းတရားတွေနဲ့ တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ်ရဲ့ဒဏ်ကိုခံနေရတဲ့ သားကောင်တွေဖြစ်ခဲ့ရပါတယ်။

ခေါန်ဂျာဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ မွေးရပ်ဒေသ လိုက်ဇာမှာ အထက်တန်းပညာသင် အောင်မြင်ခဲ့ပေမယ့် အစိုးရရဲ့ တရားဝင် အသိအမှတ်ပြုမှု မရှိတဲ့အတွက် အဆင့်မြင့်တက္ကသိုလ်ပညာလည်း မသင်နိုင်၊ အသက်မွေးဝမ်းကျောင်းပညာ တခုခု သင်ယူတတ်မြောက်ဖို့ရာလည်း အခွင့်အလမ်း မတွေ့နိုင်သေးဘဲ အင်္ဂလိပ်စာသင်တန်းတခု တက်ထားပြီး ကချင်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေမှာပါဝင်ရင်း ရန်ကုန်ကို ခေတ္တရောက်ရှိနေစဉ် သူနဲ့ တွေ့ဆုံ စကားပြောခွင့်ရခဲ့တာပါ။




“အစိုးရသစ်လက်ထက်မှာ - KIO/KIA လက်အောက်က မူလတန်းကျောင်းတွေကို တကယ် အခမဲ့ ပညာရေးစနစ် ဖြစ်စေချင်ပါတယ်..”
ခေါန်ဂျာ (အသက် ၂၂ နှစ် လိုက်ဇာဒေသခံ)
ဓာတ်ပုံ - ခင်လေး / မိုးမခ


ဒီကချင်အမျိုးသမီးငယ်နဲ့ တွေ့ရဖို့ အကြောင်းဖန်လာပုံက နယ်စပ်ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းနေသူ မိတ်ဆွေ ဆရာဝန် လူငယ်နှစ်ဦးနဲ့ စကားဝိုင်းက စတင်ခဲ့ပါတယ်။ ထိုင်းနယ်စပ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်တွေက လူမျိုးစုရေးရာ ပဋိပက္ခတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ပြည်တွင်းနဲ့ နယ်စပ်ဒေသတွေ တိမ်းရှောင်ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မ မိသားစုဝင်တွေရဲ့ ဒုက္ခ၊ သုက္ခတွေ၊ သူတို့တတွေရဲ့ လူမှုရေး၊ ကျန်းမားရေး၊ ပညာရေး၊ စီးပွားရေးတွေ အကြောင်း မျက်မြင်လက်တွေ့ လေ့လာမိတာတွေကို စိတ်အားထက်သန်စွာ ပြန်လည် ပြန်လည်ဝေမျှ ပြောဆိုနေတဲ့ ဆရာဝန် မိတ်ဆွေ နှစ်ဦးရဲ့ စကားသံတွေကို နားထောင်မိရင်း စစ်ပွဲကြားက ကလေးငယ်များရဲ့ အနာဂတ်၊ တနည်းအားဖြင့် သူတို့ ဘဝတွေကို အကောင်းဘက်ဆီသို့ ဦးဆောင်မောင်းနှင်စွမ်းစေမယ့် ပညာရေး အခြေအနေနဲ့ စစ်ဒဏ်ရာသင့် စိတ်ပိုင်းဆိုင်ရာအနေအထားတွေကို ပိုမို သိလိုစိတ်ပြင်းပြလာမှု တွန်းအာကြောင့် ဒီကလေးတွေနဲ့ ထိတွေ့နိုင်သမျှထိတွေနိုင်အောင် တူးစွလေ့လာမှုတွေပြုလုပ်ခဲ့ဖြစ်ပါတယ်။



“သူတို့ကို စခန်းကပေးတာကျွေးတာရှိပေမဲ့ ကလေးတွေက မုန့်ဖိုးလိုချင်တော့ ကျောင်းဆင်းတာနဲ့ ကြံခင်းထဲပြေးကြရော၊ သူတို့မိဘတွေကလည်း ပညာနဲ့သူတို့ အလုပ်လုပ်ကြမှာမှမဟုတ်တာ ဆိုတဲ့ အတွေးရှိတယ်…”
ထိန်နန်ဂျာဆိုင် (ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း ဒုက္ခသည်စခန်းတွေမှာ နွေရာသီ လုပ်အားပေး စာသင်ကြားခဲ့သူ)
ဓာတ်ပုံ - ခင်လေး / မိုးမခ

ဒီလိုနဲ့ ကချင် ငြိမ်းချမ်းရေကွန်ရက်ကို ဦးဆောင်ကာ ကချင်ဒေသငြိမ်းချမ်းရေး၊ လူမှုဘဝ ဖွံ့ဖြိုးရေးလုပ်ကိုင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာနဲ့ ဆက်သွယ်ပြီး စစ်ဘေးသင့်ဒေသတွေမှာ လူမှုအကူအညီအဖြစ် နွေရာသီ ကျောင်းပိတ်ရက် အခမဲ့ စာသင်ကြားမှုတွေ နှစ်စဉ်ပြုလုပ်နေတဲ့ ရန်ကုန်ရောက် ကချင်လူငယ်များနဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သလို လိုက်ဇာကနေ ခေတ္တရောက်လာသူ ခေါန်ဂျာနဲ့လည်း အကြောင်းအားလျော်စွာ စကားပြောခွင့်ရခဲ့ခြင်းပါပဲ။

ခေါန်ဂျာမွေးဖွားကြီးပြင်းခဲ့ရတဲ့ လိုင်ဇာဒေသမှာတော့ ကျောင်းသားအရွယ် ကလေး၊ လူငယ်တွေဟာ ကချင်လွတ်မြောက်ရေးတပ် KIA/KIO အဖွဲ့ရဲ့အစီအစဉ်နဲ့ဖွင့်ထားတဲ့ ကျောင်းတွေနဲ့၊ စစ်ပြေးဒုက္ခသည်တွေနေထိုင်တဲ့ စခန်းတွေမှာဖွင့်ထားတဲ့ ကျောင်းတွေကိုပဲ ပညာသင်ကြားစရာနေရာတွေအဖြစ် အားထားနေကြရပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အဆင့်ထိရှိကြပြီး အခမဲ့ မူလတန်းပညာရေးစနစ်ဆိုပေမယ့်လည်း အများစု အတွက်မဟုတ်ဘဲ မြို့ပေါ်နဲ့ ငွေကြေးအနည်းငယ်ရှာနိုင်ဖွေနိုင်တဲ့ မိသားစုရှိသူတွေအတွက်ပဲ အဓိက ဖြစ်နေပါတယ်။




“…IDPs တွေအတွက် Humanitarian Assistance အရမ်းကိုကျနေတယ်၊ ကျတဲ့အပြင် လမ်းတွေကိုလည်း ပိတ်ထားတော့ ဘယ်လိုမှသွားလို့မရဘူး၊ ဥပမာ ဆွန်ပရာဘွမ်ဘက်ကဆို အခုထိသွားလို့မရဘူး၊ ဒုက္ခသည်စခန်းတော်တော်များများမှာ အထက်တန်းနဲ့ အလယ်တန်းကျောင်းမရှိဘူး။ မူလတန်းကျောင်းပြီးပြီ ဆိုတာနဲ့ အထက်တန်းကျောင်းရှိတဲ့ ကမ့်ထဲကို ကလေးတွေကပြောင်းလာရတယ်။ မိဘတွေကတော့ ဟိုဘက်ကမ့်ထဲမှာကျန်ခဲ့တယ်…”
ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေးကွန်ရက်)
ဓာတ်ပုံ - ခင်လေး / မိုးမခ


စစ်ဘေးဒဏ်ကြောင့် ကိုယ်နေထိုင်တဲ့ ဒေသရပ်ရွာကို စွန့်ခွာပြီး စစ်ဘေးရှောင် စခန်းမှာ ခိုလှုံနေကြရသူတွေအတွက်ကတော့ စခန်းထဲကပေးတဲ့ ပညာရေးကိုသာ အားထားနေကြရပါတယ်။ ဒုက္ခသည်စခန်းက ကလေးအများစုဟာ စခန်းကပေးတဲ့ ပညာသင်ကြားရင်းနဲ့ အနီးအနားက တာင်ယာခင်းတွေမှာပြောင်းချိုး၊ ကြံချိုးစတဲ့ ရာသီအလိုက်ထွက်တဲ့ သီးနှံစိုက်ခင်းတွေကြား အလုပ်လုပ်ရတာတွေလည်း ရှိတယ်ဆိုပါတယ်။ လုံခြုံမှုဆိုတာ နေ့နေ့ညည ဘယ်အချိန်မှ အာမ မခံနိုင်တဲ့ စစ်ဘေးသင့်ဒေသ အနီးအနားမှာ ဖြစ်တာမို့ သူတို့ ဘ၀တွေအတွက်တော့ ပညာရှာဖို့ မဆိုနဲ့ ဝင်ငွေလည်း မဖြစ်စလောက်အတွက် ပိုက်ဆံရှာဖွေဖို့ဆိုတာတောင် ခက်ခဲလွန်းလှပါတယ်။

ကလေးတွေရဲ့ ပညာရေးကို ဟန့်တားနေတဲ့ ရန်သူတွေဟာ စစ်၊ ဗုံး၊ အမြောက်၊ နင်းမိုင်း ဆိုတာတွေတင် မကသေးပါဘူး။ မူရင်း စွန့်ခွာလာခဲ့ရာ ကိုယ့်ဒေသ၊ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်တောင်ယာတွေဟာ စစ်ပွဲဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး ပြန်လည်သွားရောက်နေထိုင်ဖို့လည်း မဖြစ်နိုင်တော့တဲ့ နောက်ခံအနေအထားအပြင် (ဘယ်ကမှန်းမသိတဲ့) ကျောက်စိမ်းနဲ့ ရွှေတူးဖော်ရေးလုပ်ကွက်တွေ၊ လုပ်ငန်းရှင်တွေကလည်း စွန့်ခွာခဲ့တဲ့ ဒေသတွေမှာ ဝင်ရောက် ကြီးစိုးနေသလို နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းက ၀င်ရောက်ပြီး စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ကိုင်ကြတာတွေလည်း ရှိပါတယ်။ ဒီလို စီးပွားလုပ်ငန်းတွေမှာ ဒုက္ခသည်ကလေးတွေ၊ လူငယ်တွေဟာ ငွေကြေးတစုံတရာ ပမာဏလေးရနိုင်ဖို့ သွားရောက်လုပ်ကိုင်ကြရင်း တချို့ဟာ နည်းမျိုးစုံနဲ့ လူကုန်ကူးခံရတဲ့ ဘ၀တွေကို ရောက်မှန်းမသိ ရောက်ခဲ့ရသူတွေလည်းရှိပါတယ်။

ကချင်ဒေသမှာ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းများရဲ့ ပူးပေါင်းလေ့လာမှု မှတ်တမ်း Joint Strategy Team (သြဂုတ် ၂၀၁၅) အရ ဆိုရင် ပြည်ထောင်စု အစိုးရအုပ်ချုပ်ခံနဲ့ KIA အုပ်ချုပ်ခံ ဒေသနှစ်ခုလုံးက စစ်ဘေးရှောင်စခန်းများမှာ လူကုန်ကူးခံရမှုအနေအထားဟာ ၂၄ % အထိ ရှိတယ် ဆိုပါတယ်။ အမျိုးသမီးများ အကြမ်းဖက်ခံရမှုက အစိုးရဒေသ(၄၇ % ) နဲ့ KIA ဒေသ (၁၇ %) ရှိပြီး လိင်အလုပ်သမ အဖြစ် ရောက်သွားသည့် နှုန်းက အစိုးရဒေသ (၃ %) နဲ့ KIA ဒေသ (၂ %) ရှိပါတယ်။ အဓမ္မ အိမ်ထောင်ပြုခံရခြင်း၊ ကလေးစစ်သား၊ ကလေးလုပ်သား အဖြစ် အပြုခံရခြင်း အန္တရာယ်တွေလည်း အနည်းအများ ရှိကြပါသေးတယ်။

ဒါတွေအပြင် အဓိက ပြဿနာ တခုက စစ်ဘေးသင့်ကလေးတွေအတွက် ပညာရေးကဏ္ဍမှာ ပြည်ထောင်စု အစိုးရရဲ့ ပံ့ပိုးမှု အားနည်းမှုပါ။ အထက်မှာဆိုခဲ့တဲ့ စစ်တမ်းအရ စာသင်ကျောင်းတည်ရှိမှု အနေအထားကိုကြည့်မယ်ဆိုရင် အစိုးရလက်အောက်ခံဒေသတွေက ကျောင်းအရေအတွက်ဟာ KIA/KIO လက်အောက်ခံဒေသတွေထက် ထက်ဝက်လောက် ကွာခြားလျော့နည်းနေတာကို တွေ့ရှိရပါတယ်။

ပညာရေး အတွက် သင်ထောက်ကူပစ္စည်းနဲ့ နေရာ ကျောင်းအဆာက်အအုံ ချို့တဲ့မှု အကြောင်းကို ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက အခုလို ထောက်ပြပါတယ်။

“လိုင်ဇာမြို့နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ ဂျာရမ်း မှာဆိုရင် ပညာရေးအတွက် အခြေခံအဆောက်အအုံနဲ့ ပံ့ပိုးမှုတွေ အများအပြား လိုအပ်နေတယ်” လို့ ဆိုပါတယ်။ “စာသင်ကျောင်းများ ယိုယွင်းပျက်စီးနေပြီး အကာအရံများလည်း မဲ့နေပါတယ်၊ ကျောင်းသုံး ပရိဘောဂများလည်း လိုအပ်နေပါတယ်” လို့လည်းပြောပါတယ်။

ကချင်စစ်ပြန်ဖြစ်လာကတည်းက ပြည်မဘက်က “ပန်းရဲ့လမ်း” ဂီတ လူမှုအဖွဲ့လို လူမှုရေးအသင်းအပင်းတွေရဲ့ ပံ့ပိုးမှုက အဓိက ကျခဲ့ပါတယ်။ “ပန်းရဲ့လမ်း” အဖွဲ့ရဲ့ အဓိက မတည်ငွေနဲ့ ကျောင်းဆောင် တဆောင် သီးသန့် ဆောက်နိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါဟာလည်း ယာယီ စခန်းတွင်းအတွက် ရည်ရွယ်တာကြောင့် အခု ဆိုရင် ကျောင်းဆောင်တွေဟာ ပျက်စီးနေပြီလို့ ဒေသခံများက ပြောပါတယ်။ ဒါဟာ အစိုးရဘက်က ဒီဒေသ၀န်းကျင်မှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအပေါ် လျစ်လျူရှုထားတဲ့အခြေအနေ ရှိနေတယ်ဆိုတာကိုဖော်ပြနေတာပါပဲ။

KIO/KIA လက်အောက်က အပြင်ကျောင်းတွေဖြစ်စေ၊ စစ်ဘေးဒုက္ခသည်စခန်းက ဖြစ်စေ အထက်တန်းပညာရေးပြီးဆုံးတဲ့ ကလေးတွေအတွက် အဆင့်မြင့်ပညာရေးဆီကို တက်လှမ်းဖို့ဆိုရင် ရွေးချယ်စရာအဖြစ် ကောလိပ်အကြိုသင်တန်း Pre College နဲ့ အင်္ဂလိပ်စာ သင်တန်း IPE (Internship English Program) တွေ ရှိပါတယ်။ လိုင်ဇာမှာဆိုရင် ဆေးကျောင်း၊ သားဖွားသင်တန်း၊ သူနာပြုသင်တန်းတွေ ရှိပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေက စီစဉ်ပေးမှုနဲ့ တချို့ အိန္ဒိယနိုင်ငံကို ကျမ်းစာသင်ကျောင်းတွေမှာ သွားတက်ရောက်ခွင့်ရတာမျိုး၊ တခြား ထိုင်း၊ တရုတ် အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ပညာသင်ကြားခွင့်ရတာမျိုးတွေလည်း ရှိပါတယ်။ ငွေကြေး အတော်အသင့်ပြည့်စုံသူများ အတွက်သာ အဓိကပါ။ စစ်ဘေးရှောင်စခန်းက ကလေးတွေမှာတော့ စခန်းထဲကကျွေးမွေးတာစား၊ စခန်းထဲကသင်ပေးတဲ့ ပညာရေးနဲ့သာအဆုံးသတ်ကြရတဲ့သူတွေများပါတယ်။

စခန်းထဲမှာရှိနေတဲ့ ကျောင်းတွေနဲ့ KIA/KIO လက်အောက်က ဖွင့်ထားတဲ့ကျောင်းတွေရဲ့ သင်ကြားပုံစနစ်တွေဟာလည်း အလုံးစုံ တသမတ်တည်းမတူညီကြပြန်ပါဘူး။ စခန်းထဲကကျောင်းတွေမှာ စာမေးပွဲစစ်မယ့် စာတွေလောက်ကိုပဲကွက်သင်ပြီး အတန်းတင်ပေးတော့ ကလေးတွေရဲ့ ပညာရေးဟာနိမ့်ကျသည်ထက် နိမ့်ကျလာကြရပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ စိတ်ထဲမှာ “ငါတို့ဟာစစ်ဘေးဒုက္ခသည်တွေ၊ ငါတို့ ဒီမှာထဲမှာပဲမွေးဒီလိုနဲ့ပဲကြီးပြင်းနေရတဲ့လူတွေ” ဆိုပြီးသူတို့ကိုယ်သူတို့ တဆင့်နိမ့်သူတွေအဖြစ်၊ သိမ်ငယ်စရာလူသားတွေအဖြစ် စိုးရိမ်စိတ်တွေ အကြောက်တရားတွေနဲ့ ရှင်သန်နေထိုင်နေကြရတဲ့ ပြဿနာလည်း ရှိပြန်ပါစေတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့် ပညာရေးအတွက် အထောက်အကူပြုသင်ကြားပေးတဲ့အဖွဲ့တွေ၊ ဘာသာရေး၊ လူမှုရေးအဖွဲ့တွေက ပညာရေးအတွက် အကူအညီပေးကြပေမယ့်လည်း သူတို့တွေရဲ့ဘ၀အတွက် အခြေခံအသိပညာလောက်သာ မျှဝေပေးနိုင်တယ်လို့ အကူအညီပေးနေသူများက ထောက်ပြကြပါတယ်။ ဘ၀ရပ်တည်နိုင်တဲ့ အတတ်ပညာတွေကို သင်ကြားပေးတာမျိုးရှိပေမယ့်လည်း ဒီပညာရပ်တွေနဲ့ ဒုက္ခသည်းစခန်းရဲ့ ပြင်ပကို ထိုးဖောက်ထွက်ကာရပ်တည်နိုင်ရေးအတွက်တော့ အသိအမှတ်ပြုလက်ခံပေးမယ့်နေရာက မရှိသလောက်ပါလို့လည်း ဆိုကြပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့နဲ့ အနောက်နိုင်ငံအချို့က စစ်ဘေးရှောင်ကလေးတွေရဲ့ အဆင့်မြင့်ပညာရေးအတွက် ကူညီပံ့ပိုးမှုရှိခဲ့ပေမယ့်လည်း ဒါဟာလက်ချိုးရေနိုင်တဲ့ အနည်းစုအရေအတွက်လောက်သာဖြစ်ပါတယ်။ ဘာပဲပြောပြောသူတို့မွေးဌာနေဖြစ်တဲ့ အမိနိုင်ငံတော်ရဲ့ ဥပေက္ခာပြု လျစ်လျူရှုခံထားရ၊ အသိအမှတ်ပြု မခံရတာတွေထက်စာရင်တော့ အခြားနိုင်ငံတွေကပေးတဲ့ ဒီလက်တဆုပ်စာအခွင့်အရေးဟာ သူတို့တွေအတွက်တော့ မျှော်လင့်ချက်ကောက်ရိုးတမျှင်ရယ်ပါ။

မဲလဒုက္ခသည်စခန်းက နိုင်ငံတကာ လူမှုအကူအညီပေးရေအဖွဲ့အစည်း တခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မိတ်ဆွေ ဆရာဝန်လူငယ်ကပြောရာမှာတော့ “မနက် (၈) နာရီ ကျောင်းတက်ပြီဆိုရင်၊ သူတို့တွေသီဆိုကြတာ ထိုင်းနိုင်ငံတော်သီချင်းပါပဲ” လို့ သူမြင်ခဲ့ကြားခဲ့ရတာကို ပြောပြခဲ့ပါတယ်။

ကိုယ်မွေးတဲ့ နိုင်ငံကအသိအမှတ်ပြုမခံရတဲ့ ကလေးငယ်တွေအဖို့ တိုင်းတပါးရဲ့ ထောက်ပံ့ပေးမှုကြောင့်သင်ရတဲ့ ပညာရေးစနစ်အတွက် အဲ့ဒီနိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို သီဆိုကြရတာကို ဘယ်လိုအပြစ်ဆိုနိုင်ပါတော့မလဲ။

လူရယ်လို့ ဖြစ်တည်းကတည်းက အမိဝမ်းထဲမှာ စစ်ပွဲကြောင့် ပြေးလွှားခဲ့ရသူတွေ၊ မွေးဖွားကြီးပြင်းတော့လည်း ကိုယ့်ရဲ့မွေးရပ်မြေကပေးတဲ့ စစ်ပွဲတွေရဲ့ ဆိုးကျိုးတွေကြောင့် ငယ်ရွယ်စဉ်ကတည်းက ခံစားနေရတဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေ၊ အကြောက်တရားနဲ့ အမုန်းတရားတွေဟာ ဘယ်လောက်များစွဲမြဲနေကြပြီလဲ။

ဒီလိုကလေးတွေရဲ့ရင်ထဲက အမုန်းတရားတွေ ကျေပျက်မယ့် ငြိမ်းချမ်းသောနေ့က ဘယ်တော့များမှလဲ။

သူတို့လေးတွေကို ကျောင်းသားအရွယ် လူငယ်လေးတွေရယ်လို့ အမိနိုင်ငံတော်ဘက်က အသိအမှတ်ပြု ပညာသင်ကြားပေးမယ့်အချိန် ဘယ်တော့များမှ ရောက်လာမှာလဲ။

စစ်ဘေးရှောင်စခန်းက ကလေးသူငယ်နဲ့ လူငယ်ကျောင်းသားတွေကိုလည်း သူတို့နည်းသူတို့ဟန်လေးနဲ့ သင်ကြားတတ်မြောက်ခဲ့ရတဲ့ ပညာရေးကို အခြေခံပညာရေးအတွက်၊ အဆင့်မြင့်ပညာရေးအတွက် စသည်ဖြင့် သတ်မှတ်ထားတဲ့ အရည်အချင်းစစ်စာမေးပွဲတခုသတ်မှတ်ကာ ကြားခံပေါင်းကူးအဖြစ်ထားပြီးသူတို့တွေရဲ့အနာဂတ်ပညာကို ဆက်လက်သင်ကြားဖို့နဲ့ ဘ၀အာမခံချက်တွေရှိနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေဘက်က အခွင့်အရေးဖန်တီးပေးသင့်ပါတယ်။ ဒီကလေးတွေ ပညာအလင်းရောင်ရစေဖို့ စီမံဆောင်ရွက်ပေးခြင်းဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအချက် အုတ်မြစ်တခုအဖြစ် တာဝန်ရှိသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်။

အခုဆိုရင် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲပြီး တကျော့ပြန်ဖြစ်ခဲ့တဲ့ ကချင်ပြည်တွင်းစစ်ပွဲဟာ ၂၀၁၆ခုနှစ် ဇွန်လ ၉ရက်နေ့မှာ ၅နှစ်တင်းတင်း ပြည့်ပါပြီ။ စစ်ပွဲတွေ တနေ့တခြား ဖြစ်နေတာနဲ့အမျှ စစ်ဘေးရှောင်စခန်းမှာခိုလှုံနေကြရတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ အရေအတွက်ဟာလည်းတ ဖြည်းဖြည်းမြင့်မားလာရတာပါပဲ။ မှတ်တမ်းတွေအရဆိုရင် စစ်ကြောင့် လူပေါင်း ၁၂၀, ၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ် နေရပ်စွန့်ခွာခဲ့ရပြီး အဲဒီထဲက ၁၁၀,၀၀၀ ဟာ ကချင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်းက နယ်စပ်၊ မြို့ပေါ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရောက်ရှိနေကြပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ ၁၉ရက်နေ့အထိ နောက်ဆုံးကောက်ခံရရှိခဲ့တဲ့ ကချင်ပြည်နယ်နှင့် ရှမ်း/မြောက်ဒေသက စစ်ပြေးဒုက္ခသည်စခန်းများကို အသစ်ရောက်ရှိလာတဲ့ အိမ်ထောင်စုအရေအတွက် ၁၉၆၄၁ စုရှိပြီး၊ လူဦးရေ ၉၆၂၀၉ ယောက် တိုးလာတယ် ဆိုပါတယ်။ ဒီမိသားစုတွေထဲက ကလေးငယ်တွေ၊ လူငယ်တွေရဲ့ ဘဝရှေ့ရေးတွေကတော့ ခုချိန်ထိအောင် ဝေ၀ါးနေဆဲပါပဲ။

နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဟာနောင်မွေးဖွားကြီးပြင်းလာမယ့် ကလေးတွေ၊ လူငယ်တွေရဲ့ လက်ထဲမှာပါ။ ဒီလိုစစ်ဘေးဒဏ်တွေကြောင့် အမုန်းတရားနဲ့ အကြောက်တရားတွေသာ စိတ်ထဲမှာကြီးစိုးနေရတဲ့ ကလေးသူငယ်တွေရဲ့ စိတ်ဒဏ်ရာတွေပြေပျောက်နိုင်ဖို့အတွက် ဘာတွေလုပ်ပေးကြမှာပါလဲ။ ဘယ်လိုတွေ နှစ်သိမ့်ပေးကြမှာပါလဲ။ နေ့စဉ်နေ့တိုင်း သူတို့ရဲ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ စစ်ပွဲခေါ်သံတွေကြောင့် စစ်နဲ့ယဉ်ပါးကြီးပြင်းလာရတဲ့ဒေသတွင်းက ကလေးတွေ၊ လူငယ်တွေအတွက် အာဃတတရားတွေနဲ့ ဆင်နွဲနေတဲ့ ပြည်တွင်းစစ်မီးကြီးကဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာပါလဲ။

အခု အစိုးရသစ်လက်ထက်မှာ (၂၁) ရာစု ပင်လုံညီလာခံကို နှစ်လအတွင်း ကျင်းပမယ် ဆိုထားပါတယ်။ ငြိမ်းချမ်းရေးရောင်နီအမြန်ဆုံးသမ်းလာပြီမို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်များအားလုံးက စစ်ဒဏ်ခံကလေးတွေကိုယ်စား အကောင်းမြင်မျှော်လင့်စောင့်ဆိုင်းနေကြပါတယ်။ သူတို့ရဲ့ အကောင်းမြင်စိတ်တွေ လက်တွေ့ဖြစ်လာနိုင်တော့မလား။

လက်ရှိမှာတော့ SSPP/SSA နှင့် အစိုးရတပ်တို့ သီပေါမြို့အရှေ့တောင်ဘက်မှာတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် ရွာသုံးရွာက လူဦးရေ ၂၀၀ကျော်ဟာ တိုက်ပွဲအတွင်းပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေ၊ ကျောက်မဲမြို့နယ်အတွင်း ဘယ်အဖွဲ့အစည်းကမှန်း မသိ မီးရှို့ထားလို့ နောင်ကွမ်းကျေးရွာအုပ်စု၊ ၀မ့်ဝိုးလုံးရွာမှာ လူသေအလောင်းသုံးလောင်းတွေ့ရတယ်ဆိုတဲ့ သတင်းတွေကိုသာ ဆက်တိုက်ကြားခဲ့ရပါတယ်။ ရွာလုံးကျွတ်မီးရှို့ခံနေရလို့ လူကြီးတွေတောင် ကစဥ့်ကလျားနဲ့ အသက်လွတ်အောင်ပြေးနေရမှတော့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေရဲ့ဘ၀က မတွေးရဲလောက်အောင်ဖြစ်နေပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပညာရေးဆိုတာတော့ ပိုဝေးနေတော့တာပေါ့။

နဂိုကမှ ဒီလိုဒေသတွေဟာ လမ်းပန်းဆက်သွယ်အရေးအရ ဝေးလံသီခေါင်လှတာကြောင့် ကလေးတွေရဲ့ပညာရေးပိုင်းမှာ အင်မတန်မှကိုနောက်ကျကျန်ခဲ့ရတဲ့ဒေသတွေပါ။ ရွာတိုင်း ကျောင်းမရှိသလို၊ ကျောင်းရှိတဲ့ရွာဆိုရာမှာလည်း လူထုခန့်ကျောင်း (အစိုးထံမှာ ကျောင်းဖွင့်ခွင့်လျှောက်တာ မကျလို့ ကျေးရွာ ရပ်မိရပ်ဖမှ ကိုယ်ထူကိုယ်ထ စီစဉ်သောကျောင်း) တွေကသာများပါတယ်။

အစိုးရကျောင်းဆိုပြီးဖွင့်ထားတဲ့ကျောင်းတွေမှာလည်း အခုလို စစ်ရဲ့အရိပ်အယောင် တွေကို မြင်ရပြီဆိုတာနဲ့ အောက်ပြည် အောက်ရွာက ဆရာ/မတွေက ထိတ်လန့်ပြီး ပြန်ပြေးကြသည်က များတာမို့ ကလေးတွေရဲ့ပညာရေးက နှောင့်နှေးခဲ့ရတာသာများပါတယ်။ တချို့ကြတော့လည်း အစိုးရကခန့်ထားတဲ့ နေ့စား လပေး ဆရာ/မတွေတော့ ရှိပါတယ်။ သူတို့ကိုယ်တိုင်က သူတို့ရပ်ရွာက ကျောင်းတွေမှာ ၈တန်း၊ ၉တန်းအောင် ပြီးတာနဲ့ အစိုးရကခန့်တဲ့ နေ့စားလပေး ဆရာမ၀င်လျှောက်၊ သင်တန်းသုံးလလောက်တက်ပြီး ဆရာပြန်လုပ်နေကြရတာမျိုးပါ။

ဒုက္ခသည်စခန်းတွေမှာ လုပ်အားပေးခဲ့သူ ကချင်အမျိုးသမီးငယ် ထိန်နန်ဂျာဆိုင်က သူ့အတွေ့အကြုံ ပြန်လည် ပြောထားတာကို ကြည့်ပါ။ “တချို့ဆရာမတွေဆိုရင် အဝေးကြီးကနေ လမ်းလျှောက်လာပြီး စာသင်ရတာတွေရှိတယ် တချို့ဆို သူတို့ပေးတဲ့ တဲလေးမှာပဲနေတယ်၊ သူတို့ကျွေးတာပဲစားပြီး စိတ်ဓာတ်တခုနဲ့စာသင်ပေးနေကြတယ်..”။



“…ပညာရေးကနိမ့်ကျလွန်းတော့ သူတို့သိထားတာ အမှားဖြစ်နေလို့ အမှန်ပြင်ပေးရင်တောင် မလွယ်ဘူးဖြစ်နေတယ်။ ၁၀တန်းဖြစ်နေပြီ၊ ဒါပေမယ့် သိသင့်သိထိုက်တာတောင် မသိကြဘူး၊ ဆရာဆရာမတွေကိုက သေချာမသင်ပေးနိုင်တော့ အင်္ဂလိပ်စာလုံးတွေ သိသင့်တာတောင် မသိဘူးဖြစ်နေကြတယ်၊ အဲ့ဒီဘက်တွေကို ဆရာ/ဆရာမတွေ ရောက်ဖို့လိုအပ်နေတယ်။ လိုင်ဇာဘက်က ရှမ်းပြည်မန်တုံထက် ပိုတိုးတက်တယ် ထင်တယ်…”
Seng Htoi Lu  (ရှမ်းပြည် မြောက်ပိုင်း ဒုက္ခသည်စခန်းတွေမှာ နွေရာသီ လုပ်အားပေး စာသင်ကြားခဲ့သူ)
ဓာတ်ပုံ - ခင်လေး / မိုးမခ



ဒါတွေဟာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့အစိုးရများနဲ့ ဖော်ဆောင်ခဲ့စနစ်ဆိုးတွေကြောင့်ပါပဲ။ မမှန်ကန်တဲ့ ပညာရေးဆိုင်ရာမူဝါဒတွေ၊ ပညာရေးကဏ္ဍအတွက် သုံးတဲ့ဘတ်ဂျက်က ကာကွယ်ရေးအတွက် အသုံးပြုတာနဲ့ ယှဉ်ရင် ဆင်နဲ့ဆိတ်လောက် ကွာနေတာတွေ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေနဲ့ အဆိုးဆိုးကတော့ ပြည်တွင်းစစ်မီး နှစ်ပေါင်းခြောက်ဆယ်ကျော် တောက်လောက်နေခြင်း ရလဒ်တွေဟာ ဝေးလံလှတဲ့ဒေသက တိုင်းရင်းသားကလေးငယ်လေးတွေရဲ့ လက်ရှိဘဝနဲ့ အနာဂတ်ကို ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် ရိုက်ခတ်လို့နေပါတယ်။

“….IDP ကမ့်ကလာတဲ့ ကလေးတွေ မြို့ပေါ်ကကျောင်းကိုအပ်တော့ မြို့ပေါ်ကမိဘတွေကလည်း နံတယ်၊ ညစ်ပတ်တယ် ဆိုပြီး လက်မခံချင်တာရှိတယ်။ လူကြီးတွေက ကူတော့ ကူညီကြတာပဲ၊ ဒီတခေါက်လာရင် စာအုပ် ၁ဒါဇင်ပေးမယ် စသဖြင့်ပေါ့လေ၊  ဒါပေမယ့် အဲ့စာအုပ် ၁ ဒါဇင်က ၁ နှစ်ပေါက်သွားတာလည်း ရှိတယ်။  ၇တန်း ၈တန်းရောက်သွားတော့ ကမ့်ထဲက ကျောင်းနဲ့မရတော့ဘူးလေ၊ သူတို့စရိတ်က ကြီးလာတော့ တချို့ကမ့်တာဝန်ခံတွေဆိုရင် အကြွေးတင်တာတောင်ရှိတယ်။ ကျွန်မညီမလေး မူကြိုကျောင်းက ကလေးတွေ ကို ပုံပြင်ကချင်လိုရေးခိုင်းတော့ KIA စစ်သားဆိုရင် ကျွန်မတို့ချစ်တဲ့စစ်သား၊ ဗမာစစ်သားဆို သေချင်းဆိုးစစ်သား မကောင်းဆိုးဝါး အဲ့လိုရေးလာတာတွေ့ရတယ်။ ရှင်းရှင်းပြောရရင် ကလေးတွေရဲ့စိတ်မှာကိုက အမုန်းစိတ်လေ…”

မိုင်းမိုင်  (ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသခံ၊ ကချင်လူငယ်အစည်းအရုံး တက်ကြွလူပ်ရှားသူ)

 ပြည်သူက ဆန္ဒမဲနဲ့ တခဲနက် ရွေးကောက်တင်မြှောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ပြည်သူ့အစိုးရသစ်လက်ထက်မှာတော့ ပညာရေးဝန်ကြီးဌာနက အခု ကျောင်းဖွင့်ရာသီမှာ ကျောင်းအပ်နှံရေးရက် ၁၀၀ စီမံချက်မှာ မူဝါဒတွေ ချမှတ်ပြီး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သို့သော်လည်း ရက် ၁၀၀ စီမံချက်မှာ ပြည်တွင်းစစ်ဒဏ်သင့် ဒေသတွေ အတွက်တော့ တိတိပပ မူဝါဒတွေ ချမှတ်ထားတာ မတွေ့ရသေးပါဘူး။

ဒါကြောင့်ပဲ အခုလတ်တလော ကျောင်းဖွင့်ရာသီမှာ ဖြစ်လာတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်စခန်းက ကလေးတွေအတွက် ဘယ်လိုမူဝါဒတွေ ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်ဆောင်ပေးထားတာတွေ၊ ညွှန်ကြားထားတာတွေရှိသလဲ ဆိုတာကို ကျောက်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်ကိုလည်း ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။ သူပြောပြတာကတော့ ထွေ/အုပ်ရုံး၊ ပြည်နယ်ကိုယ်စားလှယ်တို့နှင့် ဆက်သွယ်ပြီး စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအတွက် တတ်နိုင်သမျှအကူအညီပေးကြပါရန် ဖုန်းကတဆင့် ပြောကြားထားတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် ယခုနှစ်ပညာရေးမှာ ကျောင်းဆက်တတ်နိုင်ဖို့ အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ပေးရန် တိုက်တွန်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးရဲ့ အရေးကြီးအဆိုကိုလည်းမေးခွန်းအနေနဲ့သာခွင့်ပြုခဲ့တဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အရေးကြီးအခြေအနေတရပ်ကို တုန့်ပြန်မှုနှောင့်နှေးတာကို ဖော်ပြလိုက်တာပါပဲ။ ရခိုင်စစ်ဘေးဒုက္ခသည်အရေးမှာဆိုရင်လည်း လွှတ်တော်မှာ မေးခွန်းတောင် တင်ခွင့်မရခဲ့ပါဘူး။

ဒါကြောင့် လက်တွေ့မြေပြင်အနေအထားကို သိရအောင် သီပေါမြို့နယ် ရှမ်းလူငယ်အဖွဲ့ ခမ်းကူစင်တာက ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် အနီးကပ်ကူညီပေးနေသူလည်းဖြစ်တဲ့ ကိုစိုင်းနော်ဆိုင် ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လတ်တလောမှာ စစ်ဘေးရှောင်မိသားစုတွေ နေထိုင်ဖို့အတွက်နဲ့ ဒုက္ခသည်စခန်းရောက် ကလေးတွေရဲ့ ပညာရေးအတွက် ရပ်မိရပ်ဖနဲ့ လူမှုရေးအဖွဲ့အစည်းတွေကပဲ အဓိက၀ိုင်းဝန်းဆောင်ရွက်နေရတယ်၊ မြို့နယ်ပညာရေးမှူးကတော့ စစ်ရှောင်ကလေးတွေရဲ့ ကျောင်းအပ်ချိန်ကိုနောက်ဆုတ်ပေးမယ်လို့ ဆိုထားကြောင်း သူ့ဒေသ အခြေအနေကို ပြောပြပါတယ်။

ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့နေရာတွေ၊ တိုက်ပွဲတွေကြောင့် အိုးအိမ်ပျက်ဆီးသွားတဲ့နေရာတွေ၊ ကိုယ့်ရဲ့ အသက်နဲ့ခန္ဓာ တည်မြဲဖို့အတွက် မနည်း လွတ်အောင် ထွက်ပြေးလာရတဲ့ နေရာဒေသကကလေးတွေအတွက် ကျောင်းအပ်ချိန် နောက်ဆုတ်ပေးရုံနဲ့ ဘယ်လိုများ လုံလောက်နိုင်ပါ့မလဲ။ နောက်ဆုတ်ပေးတော့ရော တက်စရာကျောင်းကဘယ်မှာပါလဲ။ အခုဆိုရင် သီပေါဘက်ကိုပြေးလာရတဲ့ စစ်ရှောင်မိသားစုပေါင်းဟာ ၁၉-၅-၂၀၁၆ နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ ၁၁၃၅ စုရှိနေပြီဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတဲ့နဲ့အမျှ တိုးသည်ထက် တိုးလာဖို့သာရှိနေပါတယ်။ ဒါ့အပြင် စီးပွားသောင်းကျန်းပြဿနာကလည်း ရှိနေပြန်ပါသေးတယ်။

“တိုက်ပွဲဖြစ်နေလို့ ထွက်ပြေးလာရတဲ့ ရွာထဲကိုတိုက်ပွဲရက်တွေ အတွင်းမှာတောင် ငွေရည်ပုလဲကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီက ၀င်ရောက်ပြီးကျောက်မီးသွေးတူးဖော်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတာတွေ့ရတယ်” လို့ ကိုစိုင်းနော်ဆိုင်က ဆက်လက်ပြောပြပါတယ်။

တိုက်ပွဲဖြစ်လို့ အိုးအိမ်တွေ ပျက်ဆီးရတဲ့အထဲမှာ ကျောက်မီးသွေးကုမ္ပဏီကြောင့် ဒေသခံတွေရဲ့တောင်ယာတွေ ပျက်ဆီးဆုံးရှုံးခံကြရမှာပါ။ တစပြင်သာသာကျန်ခဲ့မဲ့ ကျေးရွာတွေမှာနေထိုင်ရတဲ့ မိသားစုတွေအတွက်တော့ အိမ်ပြန်ခရီးဟာတော်ရုံနဲ့တော့ မနီးနိုင်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စစ်ဘေးခံကလေးတွေအတွက် ကျောင်းအပ်ရက် နောက်ရွှေ့ပေးခြင်းက မလုံလောက်နိုင်ပါဘူး။ သင်စရာစာသင်ကျောင်းနဲ့ ဆရာ/မ မရှိနိုင်တော့တဲ့ အခြေအနေအရပ်ရပ်ကို တွက်ဆပြီးအစိုးရနဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ သင့်တော်တဲ့ အစီအစဉ်တွေကို ပညာသင်နှစ်အမီ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်နေပါပြီ။ မဟုတ်ရင်တော့ တဖက်နိုင်ငံရဲ့ နိုင်တော်သီချင်းကိုသီဆိုနေရတဲ့ စစ်ဘေးရှောင်စခန်းက စာသင်ကျောင်းတွေ ထပ်ပြီးပေါ်ထွက်လာနိုင်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကိုတိုက်ပွဲတွေကြားကနေကူညီကယ်ထုတ်ပေးနေတဲ့ လာရှိုးအခြေစိုက် တအာင်းလူငယ်အဖွဲ့က ကိုဆိုင်းရပ် ကိုလည်း အဲဒီဘက် ဒေသအခြေအနေ သိရအောင် ဆက်သွယ်မေးမြန်းရာမှာတော့ ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ဒေသက ကလေးတွေနဲ့ ကိုယ်ဝန်သည်တွေမှာတော့ စိတ်ထိခိုက်လွန်းတဲ့အတွက် သူတို့ဘ၀ကိုတောင်သူတို့ ဘာမှန်းမသိ ငေးငိုင်နေကြသူတွေတောင်ရှိကြောင်း၊ တချို့ဆိုအိမ်ကျန်ခဲ့ပေမယ့် မြေမြှုပ်မိုင်းတွေ က ရှိဆဲမို့ တိုက်ပွဲတွေပြီးခဲ့ရင်တောင် ရွာပြန်ဖို့ဆိုတာမဖြစ်နိုင်သေးကြောင်း၊ တချို့မိသားစုတွေမှာတော့ မိသားစုဝင်တွေ တကွဲတပြားနဲ့ဖြစ်သွားတာတွေ၊ သားဖြစ်သူက စစ်ရှောင်စခန်းရောက် အမေကမိုင်းထိဖြစ်တဲ့လူတွေ၊ ထွက်ပြေးနေရင်း သူတို့ရှေ့မှာတင် မိုင်းမိလို့သေဆုံးရသူတွေကို တွေ့မြင်ခဲ့ရလို့ ထိတ်လန့်ကြောက်ရွံ့နေကြရတဲ့ ကလေးတွေ ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကြောင့် အိုးမဲ့အိမ်မဲ့ဘ၀တွေဖြစ်ကာ မဖွံ့ဖြိုးသေးတဲ့ ဒေသကကလေးငယ်တွေဟာ ဘူးလေးရာဖရုံဆင့်ဆိုသလို အနာဂတ်တွေပါ ပျောက်ဆုံးကြရ၊ စိတ်ဒဏ်ရာတွေ ထပ်ရကြရပြန်ပါတယ်။

ဒီအခြေအနေတွေ ဘယ်လိုကုစားမလဲ သိနိုင်အောင်လို့ ပြည်သူ့အာဏလွှဲအပ်ခြင်းခံရတဲ့ တာဝန်ယူထားသူများဘက်ကိုလည်း မေးမြန်းခဲ့ပါတယ်။ ကျောက်မဲမြို့ ပြည်နယ်ကိုယ်စားလှယ် ဦးစိုင်းထွန်း ဉာဏ်ကို ကျောက်မဲဒေသက ကလေးတွေရဲ့ ပညာရေးအတွက် ဆက်သွယ်မေးမြန်းကြည့်ခဲ့ရာ အစိုးရပိုင်းက ညွှန်ကြားချက်တစုံတရာ မသိသေးကြာင်းနဲ့ လက်ရှိအခြေအနေကို အစိုးရအဖွဲ့နှင့်ပညာရေး ဦးစီးဌာနထံသို့ တင်ပြထားကြောင်း၊ အစိုးရဘက်က လက်လှမ်းမီနိုင်တဲ့ဒေသတွေကိုတော့ ရပ်ရွာလူမှုရေးအဖွဲတွေနှင့်အတူ အောင်ဆုပန် ဆရာတော်တို့က အကူအညီပေးရန် စီစဉ်ထားကြောင်း၊ အချို့မိသားစုတွေကတော့ ဟိုဘက်မှာ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် ကျောက်မဲကို ပြောင်းရွေ့လာကြကြောင်း၊ အိမ်ခြေ ၁၅၀ရှိတဲ့ ပန်ကျန်ရွာမှာဆိုရင် စစ်ကြောင့်သေဆုံးသွားကြရတဲ့လူတွေအတွက် ပရိတ်ရွတ်ပေးပြီး ရွာကိုပြန်နေစေချင်ပေမယ့် ရွာသားတွေကတော့ ရွာအသစ်သာတည်လိုကြကြောင်းကို ပြောပြပါတယ်။

သီပေါဒေသ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေတဲ့ ကျောက်မဲခရိုင် နမ့်ကွန်ရွာမှ ၈တန်းကျောင်းသူလေးတဦးကတော့ မေလ ၂၂ရက်နေ့က စစ်ကြောင့်ထွက်ပြေးလာရကြောင်းနှင့် "ကျောင်းတက်ချင်တယ်။ ကြောက်လည်းကြောက်တယ်။ စိတ်မကောင်းဘူး" လို့ တယ်လီဖုန်း ဆက်သွယ်လို့ရချိန်မှာ သူခံစားရတာလေးကို ပြောပြရှာပါတယ်။

စစ်ဖြစ်နေစဉ် ကျောက်မီးသွေးတူးတဲ့ ကုမ္ပဏီတွေကြောင့် ရွာသားများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ပြည်နယ်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကို မေးရာမှာတော့ ကျောက်မီးသွေးတူးတဲ့ လုပ်ငန်းက ယခင်အစိုးရဟောင်း လက်ထက်ကတည်းက ခွင့်ပြုချက် ပါမစ်ချထားပေးခဲ့ပြီး တူးခွင့်ရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မည်သို့ပင်ဖြစ်ပါစေ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့၊ လူမှုရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများ ပူးပေါင်းပြီး စစ်ဘေးကြောင့်နေရပ်စွန့်ခွာ ထွက်ပြေးလာရသော မိသားစုတွေ၊ ကလေးတွေရဲ့အသံကို အောက်ခြေအထိ အဆင့်ဆင့် ဆင်းပြီး လိုအပ်တဲ့ဆောင်ရွက်ချက်များကို အချိန်မီ အမြန်ဆုံးဆောင်ရွက်ပေးသင့်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေပြုသင့်ပါတယ်။ ရက် ၁၀၀ ပညာရေး စီမံချက်နဲ့ အခုဆိုရင် ပြည်မဘက်မှာ ကျောင်းဖွင့်ချိန် ကုန်ကျစရိတ် မရှိအောင်၊ ပြဋ္ဌာန်းစာအုပ်တွေပြည့်စုံအောင် စီမံဆောင်ရွက်နေရတာ အားရဖွယ် မြင်တွေ့နေရပါတယ်။ အလားတူ ထပ်တူ ညီမျှတဲ့ အစီအစဉ်မျိုး တိုင်းရင်းသား လူနည်းစု လူမျိုးစုတွေလည်း ရသင့်ပါတယ်။ အထူးသဖြင့် စစ်ဘေးသင့်ကလေးငယ်တွေ ပိုလို့ လိုအပ်နေပါတယ်။

 မေလ ၃၀ ရက် ရက်စွဲနဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးရဲ့ ရက် ၁၀၀ စီမံကိန်း အကြောင်း မေးမြန်းခန်းမှာတော့ ပဋိပက္ခဒေသတွေ၊ ဗုံးသံ၊ ကျည်ဆန်ကြားက ကလေးငယ်တွေအတွက် အထူးတလည် အသားပေး စီစဉ်ထားတာတွေမျိုး မတွေ့ခဲ့ရပါဘူး။

ကျည်ဆန်ကြားက ပန်းကလေးများ ပွင့်လန်းကာ ဖူးတံဝင့်လိုချီနိုင်စေဖို့ နေခြည်မှာ ရွှေရည်လောင်းကာ အနာဂတ်တံခါးတွေ ဆွဲဖွင့်ပေးမယ့် စာသင်ကျောင်းတွေ လိုအပ်နေပါတယ်။ မျက်မှောက်မှာတော့ ကျည်ဆန်ကြားက ပန်းကလေးများ မပွင့်လန်းနိုင်ရုံမက ဘဝ လုံခြုံနွေးထွေးမှုပေးတဲ့ အိမ်လို့ ခေါ်တွင်နိုင်ရာ ဌာနေကိုတောင် မပြန်နိုင်သေးတဲ့ အခြေအနေ ဖြစ်နေရပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာ ကတော့ စစ်ဘေးဒုက္ခသည်တွေ အိမ်ပြန်ဖို့ အရေး အလှမ်းဝေးနေဆဲလို့ ဆိုပါတယ်။ အကြောင်ရင်းကိုလည်း ရှင်းပြပါတယ်။

ပထမဆုံးအချက်ကတော့ ပြန်စရာ အိမ်မရှိခြင်းပါလို့ ဆိုပါတယ်။

“ကချင်ပြည်တွင်းစစ်ကြောင့် ရွာပေါင်း (၃၇၀) လောက် ပျက်သွားတယ်၊ (၇၀) ရာခိုင်နှုန်းက လုံးဝပြန်နေလို့မရတော့ဘူး၊ ဥပမာ - မြစ်ကြီးနားနဲ့ဗန်းမော်ကြား တောက်လျှောက် မိုင်၆၀လောက်က ဖျက်ဆီးခံထားရတာ၊ အိမ်ဆိုတာတခုမှ မကျန်ဆေတာ့ဘူး၊ လောလောဆယ် အိမ်လို့ကျန်တာက စစ်တပ်က ဝင်နေ နေတဲ့ အိမ်တွေပဲကျန်တယ်၊ အဲ့တော့ ပြန်စရာအိမ်မရှိတာက နံပါတ် ၁ ဖြစ်နေတယ်” လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

နောက်တချက်ကတော့ အိမ်နေရာ၊ တောင်ယာနေရာတွေက စီးပွားရေးသမားများရဲ့ စားကျက်ဖြစ်သွားခြင်းကြောင့်လို့ ဆိုပါတယ်။

“ရင်းနှီးမြှုပ်နှံသူတွေလက်ထဲထည့်လိုက်ရတာ၊ တချို့က ရွှေတွင်းတွေဖြစ်သွားတာ၊ ရွှေတွင်းက အဲ့ဟာတွေက အစိုးရက ချပေးတာမဟုတ်ဘူး ဟိုမှာနားလည်မှုနဲ့၊ တချို့ရွှေတွင်းတွေကျတော့ တပ်မတော်က ရှေ့တန်းမှာ တာဝန်ကျတဲ့ စစ်တပ်က လုံခြုံရေးပေးထားတာ၊ နှစ်ဦးနှစ်ဖက်က ပါမစ်မှမရရင် တူးလို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့လိုကြားထဲမှာ ၀င်တူးနေတာတွေ ရှိတယ်။ ရွှေတူးပြီးတဲ့နေရာမှာ ကျောက်စရစ်ခဲ အပုံလိုက်ပဲကျန်တာ။ အဲ့တော့ ပြန်သွားရင်တောင် ကိုယ့်အိမ်၊ ကိုယ့်ယာ ဘယ်နေရာလဲ မသိတော့ဘူး” လို့ ဒေါ်ခွန်ဂျာက ဆက်ရှင်းပြပါတယ်။

နောက်အရေးကြီးတချက်ကတော့ ဒေသခံရွာတွေမှာ အစိုးရစစ်တပ်များရဲ့ တပ်စွဲထားမှုကြောင့်လို့လည်း ထောက်ပြထားပါတယ်။

“ရွာထဲမှာပဲ စစ်တပ်က တပ်စွဲနေတာ ဥပမာဆိုရင် စိန်လုံဆိုရင် စစ်တပ်ကတပ်စွဲထားတာ၊ တပ်က စစ်တပ်မှာလည်းနေတယ်၊ ရွာထဲမှာလည်းနေတယ်၊ အဲ့လိုရွာကို ဒေသခံတွေ ပြန်ခိုင်းရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်၊ စစ်တပ်က သူတို့မိခင်တပ်ရင်းကလာရင် ၆လစာပဲသယ်လာနိုင်တော့ ရွာသားတွေက သူတို့ကိုလည်း ပြန်ကျွေးနေရသလိုဖြစ်နေတာ” လို့ ဒေါ်ခွန်ဂျာက ရှင်းပြပါတယ်။

နောက်တချက်ကတော့ မြေမြှုပ်မိုင်းဗုံးတွေကြောင့်လည်း အိမ်ပြန်ဖို့ မတွေးဝံ့စရာ ဖြစ်နေပါတယ်လို့ ဆိုပါတယ်။

“မြေမြှုပ်မိုင်းတွေ ဥပမာဆိုရင် မန်စီမြို့နယ်ထဲမှာ တောဟင်းရွက်သွားခူးတဲ့ အဖွားကြီးနှစ်ယောက်မှာ တယောက်က မိုင်းထိပြီးသေသွားတယ်၊ တယောက်ပဲ ပြန်လာနိုင်တယ်။ အဲ့တော့ မြေမြှုပ်မိုင်းကိစ္စကို ဘယ်သူတာဝန်ယူမလဲ” လို့လည်း ဒေါ်ခွန်ဂျာက မေးခွန်းထုတ်ပါတယ်။

ဒီလို နောက်ခံကားချပ်မှာတော့ ပြည်တွင်းစစ်ပွဲရဲ့ ဆိုးကျိုးဒဏ်ခံ အပြစ်မဲ့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ဖို့အရေးက လုံးဝ မဖြစ်နိုင်သေးပါ။ နိုင်ငံတော် အတိုင်ပင်ခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းဆုကြည် ဖွင့်ဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ် “ညမှာ ကောင်းစွာ အိပ်စက်နိုင်၍ နံနက်တွင် ကောင်းစွာ နိုးထနိုင်ခြင်း” ဟာ စစ်ပွဲကြားက တိုင်းရင်းသားပြည်သူတွေအတွက် မျှော်လင့်ချက် စိတ်ကူးအဆင့်သာ ဖြစ်နေရပါတယ်။ သူတို့ရဲ့ ရင်သွေးငယ်လေးများအတွက် ပညာရေး၊ ကျန်းမာရေး ဆိုတာမျိုးတွေကတော့ စိတ်တောင် မကူးဝံ့စရာ ဖြစ်လို့နေပါပြီ။

စစ်ပွဲမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး နောက်ခံ အကျိုးစီးပွားနဲ့ ရည်မှန်းချက်အမျိုးမျိုး ရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ စာရွက်ပေါ်နဲ့ လေထုထဲမှာတင် ချုပ်ဆိုလို့ရနိုင်တာမျိုးလည်းမဟုတ်ပါဘူး။ စစ်နဲ့ငြိမ်းချမ်းရေး ကောင်းကျိုး ဆိုးကျိုးကို နှစ်ရှည်လများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ထဲထဲဝင်ဝင် ခံစားနေရာတာကတော့ ကလေးလူငယ်လူရွယ်များပါပဲ။ ဒီမြေ၊ ဒီရေကို မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ အထူးသဖြင့် နောင်တချိန်မှာ နိုင်ငံ့ခေါင်းဆောင်နေရာကို ပခုံးပြောင်း လက်လွှဲယူကြမယ့် ကျောင်းသားလူငယ် ကလေးအရွယ်တွေရဲ့စိတ်ထဲမှာ အမုန်းတရားနဲ့ စစ်ရဲ့အနိဋ္ဌာရုံတွေသာ စွဲကျန်စေခဲ့တာမျိုးမရှိအောင် စစ်ဘက်၊ အရပ်ဘက် အစိုးရတာဝန်ရှိသူအဆင့်ဆင့်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ ပါဝင်ဆောင်ရွက် ဦးဆောင်ဦးရွက်ပြုနေသူ ဘက်ပေါင်းစုံ ခေါင်းဆောင်များ အပြုသဘောဆောင် လက်တွေ့ကျတဲ့ ညှိနှိုင်းမှုတွေ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆီကိုဦးတည်တဲ့ ၂၁ ရာစုပင်လုံခေါင်းစဉ်အောက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အောင်မြင်ပြီးမြောက် အမြန်ဆုံးပြုလုပ်နိုင်ကြဖို့ တိုင်းရင်းသား လူမှု အဖွဲ့အစည်းတွေနဲ့ တတိုင်းတပြည်လုံးက မျှော်လင့်တောင့်တရင်း စောင့်ဆိုင်းရင်း ဆုတောင်းရုံသာ … …။

ခင်စန္ဒာမြင့်
မေ ၃၁၊ ၂၀၁၆
 
[ခေါင်းစီးဒီဇိုင်းနောက်ခံ ဓာတ်ပုံ - သီပေါမြို့နယ် စစ်ရှောင်စခန်းတခုက ကလေးငယ်များ၊ ဓာတ်ပုံပိုင်ရှင်နှင့် ကလေးငယ်များ၏ သဘောတူခွင့်ပြုချက်ဖြင့် သုံးသည်။ ဒီဇိုင်း - Moe Z (Dzai)]

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၇) ဇူလိုင်လထုတ် သတင်းဆောင်းပါး အတွက် ပြင်ပဆောင်းပါးရှင် ခင်စန္ဒာမြင့်က မေးမြန်းစုစည်းရေးသားတင်ဆက်ပြီး မိုးမခ ဝိုင်းတော်သား အယ်ဒီတာ ငြိမ်းချမ်းအေးက တည်းဖြတ်ပြင်ဆင်သည်။)