လောကပါလ ● ဒေါ်နယ့်စိတ်ဓာတ် - အပိုင်း (၄)

လောကပါလ ● ဒေါ်နယ့်စိတ်ဓာတ် - အပိုင်း (၄)
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၆

[ဂ]
● သူ့အမူအကျင့်
ရင်ဆိုင်ခြင်းအနုပညာစာအုပ်တွင် ထရန့်သည် အမှုဆောင်အရာရှိချုပ်များနှင့် အခြားသောရင်ဆိုင်ဖြေရှင်းနေကြရသူများကို တွေ့ဆုံပြီး “ကြီးကြီးကျယ်ကျယ်တွေး၊ အားသာချက်ကိုသုံးပြီး အမြဲတန်းတုံ့ပြန်တိုက်ခိုက်” ကြဘို့ တိုက်တွန်းသည်။ တွေ့ဆုံဆွေးနွေးမှုတရပ်တွင်ပါဝင်ပြီဆိုလျှင် ပြန်မလှန်နိုင်သည့်အင်အားဖြင့် စတင်ပြီး ကြီးကြီးမားမား မျှော်တွေးထားရမည်။ “ကျုပ်က သိပ်ပြီးမြင့်မြင့်မှန်းတယ်။ ပြီးရင် အဲသည်နေရာရောက်တဲ့အထိ တွန်းလိုက် တင်လိုက် တွန်းလိုက် တင်လိုက် ကျုပ် အဆက်မပြတ်လုပ်တော့တာ” ဟု သူက ရေးသားထားသည်။

ထရန့်ဆိုလိုသော “ရင်ဆိုင်ခြင်း” သဘောတရားမှာ စိတ်ပညာရှင်များပြောလေ့ရှိသည့် ကိုယ်ရေးစီမံချက် (personal schema) တမျိုး ဖြစ်လေသည်။ သူ့အတွေးထဲသို့ ချဉ်းနင်းဝင်ရောက်လာသည့် လောကကြီးအား သိရှိစေနိုင်သော နည်းနာ တရပ်ပင်ဖြစ်၏။ ကော့နစ်တသိပ္ပံပညာ (Cognitive Science) သုတေသနက လူတိုင်းလူတိုင်း အသစ်အသစ်သော လူမှုရေး သတင်းအချက်အလက်များကို ထိထိမိမိအကျိုးရှိရှိ အသုံးချရန် အလို့ငှာ ကိုယ်ရေးစီမံချက်များအပေါ်တွင်မှီခိုရသည်ဟု ထောက်ပြသည်။ ကိုယ်ရေးစီမံချက် သဘောသဘာဝအရ တဦးတယောက်၏အာရုံကိုခြုံ့၍ ကြုံဘူးပြီးသား ခေါက်ရိုးကျိုးချဉ်းကပ်နည်းများအပေါ်တွင်သာ စူးစိုက် စေသည်။ ပြောင်းလဲနေသော အခြေအနေများအတိုင်း လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ကောင်းမှ လိုအပ်မည်ဖြစ်သည်။ အောင်မြင်သောဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်ဘို့ရာ သော့ချက်တခုမှာ  မိမိ၏ကိုယ်ရေး စီမံချက်ကို မိမိကိုယ်တိုင် သိရှိနားလည်ထားခြင်းပင်ဖြစ်၏။ သို့မှသာ ပြောင်းလဲရန်လိုအပ်လာလျှင် လိုအပ်သည့် အချိန်တွင် လိုအပ်သလိုအပြောင်းအလဲ ပြုလုပ်နိုင်မည်ဖြစ်သည်။

စကော့တလန်တွင် မယ်နီးအိမ်ယာအတွက်ညှိနှိုင်းကြစဉ် ထရန့်သည် တွမ်ဂရစ်ဖင်ထံမှ အော့ကြောလန်အောင် တခုပြီးတခု တောင်းဆိုကာ မပြောပလောက်သည့်ကွဲလွဲမှုများကိုပင် ခက်ခက်ခဲခဲအပေးအယူတွေလုပ်ရင်း စိတ်ပန်းစေခဲ့သည်။ ထိုးနှက် တိုက်ခိုက်မှုကို မည်သည့်အချိန်တွင်မှသူမစွန့်လွှတ်။ “တခါတခါ လိုတာရအောင် ရင်ဆိုင်ပြီးညှိနှိုင်းရတဲ့ခါ အချို့အဝက်က ခင်ဗျားရဲ့ပြိုင်ဆိုင်မှုကို သေးသိမ်စေတယ်” ဟု ထရန့်ကရေးသားထားသည်။ ဂေါက်ကွင်းအပြီးသတ်နိုင်ရန်လိုအပ်သော မြေများကိုရောင်းချဘို့ ဒေသခံများကငြင်းဆန်ကြသောအခါ ထရန့်က သတင်းစာများနှင့် ဒေးဗစ်လက်တာမင်းရှိုး (Late Show With David Letterman) တို့မှတဆင့် သူတို့ကို ရှုတ်ချခဲ့၏။ ဒေသခံမျာကို အော်ဂလီဆန်စရာ တဲစုတ်တွေထဲက တောသားများအဖြစ် ပုံဖေါ်ခဲ့လေသည်။ လုံလောက်သည်မရှိ (Never Enough) တွင် အန်တိုနီယို (D’Antonio) ပြန်လည် ဖေါက်သည်ချသကဲ့သို့ ထရန့်၏စော်ကားမှုသည် ဗြိတိသျှကျွန်းငယ်တဝှမ်း သန်းပေါင်းများစွာသော သူတို့၏ အမုန်းတရား များကို ပေါက်ပွားစေခဲ့၏။ အမုန်းမှပေါ်ပေါက်လာသော စိတ်ကူးစိတ်သန်းဖြင့် ထရန့်ကို ပြင်းပြင်းထန်ထန် ကလော်ခဲ့သည့် “ခင်ဗျားတို့ကိုကြောသွားပြီ” (You’ve Been Trumped) မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးသူ ဒေသခံလယ်သမားတဖြစ်လဲ အချိန်ပိုင်းတံငါသည် မိုက်ကယ်ဖို့ (Michael Forbes) ကို နေ့ချင်းညချင်း အမျိုးသားသူရဲကောင်းအဖြစ်သို့ ဘဝပြောင်းစေခဲ့၏။ သူ့အိမ်မှ စပါးကျီပေါ်တွင် “ဂေါက်ကွင်း အလိုမရှိ” (NO GOLF COURSE) စာသားကို ရေးချယ်ထားပြီးနောက် ထရန့်ကိုလည်း “ခင်ဗျား ပိုက်ဆံ ပြန်ယူပြီး ခင်ဗျား_င်ခေါင်းထဲ ထဲ့ထားလိုက်” ဟု ပြောခဲ့သူ ဖို့ သည် ၂၀၁၂ ခုနှစ် စကော့တလန်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်အဖြစ် ဂလင်ဖီဒစ်စကော့တလန်စိတ်ဓါတ်ဆု (Glenfiddich Spirit of Scotland Awards) ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ (တိုက်ဆိုင်စွာ ထိုနှစ်မှာပင် ထရန့်၏ဂေါက်ကွင်းသည်လည်း ပြီးမြောက်ခြင်းသို့ ရောက်ခဲ့၏။ ထရန့်က ဂေါက်ကွင်းတည်ဆောက်မှုကြောင့် အက်ဘာဒင်းနယ်မြေတွင် အလုပ်အကိုင် အခွင့်အလန်းပေါင်း ၁၂၀၀ ဖန်တီးပေးနိုင် မည်ဟု ကတိပြုခဲ့သော်လည်း ယခုအချိန်အထိ ၂၀၀ သာ မှတ်တမ်းတင်နိုင်သေးသည်။)

အောင်မြင်သောရင်ဆိုင်ရယူခြင်းအတွက် ထရန့်၏အကြံပြုချက်များတွင် မုန်းစကိုတိုစေမည့် နည်းနာနိဿယ တွေလည်း ပါဝင်ပါသည်။ အားနည်းချက်ကိုကာကွယ် (မှားယွင်းနိုင်သည်များကိုကြိုမြင်)၊ ရွေးချယ်စရာ များများထား၊ ဖွင့်ပြော၊ ပျော်စရာ ရှာ။ သမ္မတအဖြစ် တရုပ်နှင့်ကွယ်သွယ်မှုရလဒ်ပိုမိုကောင်းမွန်ရန် ဆွေးနွေးမည် ဟု ထရန့်က ပြောသည်။ ဆေးဝါးကုမ္ပဏီများ ဆေးရုံများနှင့်ရင်ဆိုင်ညှိနှိုင်းပြီး ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိစေရေး အာမခံသည်။ နယ်စပ်တံ တိုင်းကုန်ကျစရိတ်ကို မက္ကဆီကိုဘက်မှ ကျခံစေရေး အားစိုက်တွန်းအားပေးမည်။ အမေရိကန်တို့ အသာရစေမည့်အလုပ် မျိုး ဆိုပါစို့ စီအီးအိုတယောက် သူ၏ ကုမ္ပဏီကို မက္ကဆီကိုသို့ပြောင်းရွှေ့ဖွင့်လှစ်လိုလျှင် သူ့အနေနှင့်တယ်လီဖုန်းကလေး ကောက်ကိုင်ကာ ဆိုင်ရာလူတွေကို ခေါ်လိုက်ရုံပင်ဟု မဲဆွယ်ပွဲတလျှောက် ထရန့် မကြာခဏပြောတတ်သည်။

[၉]
ထရန့်၏ ပုဂ္ဂိုလ်ရေးဆက်ဆံမှုနှင့် တဦးတယောက်ချင်းညှိနှိုင်းမှုတို့အပေါ် အာရုံစိုက်ခြင်းက ထိလွယ်ရှလွယ် နိုင်ငံရေးအလေ့ အထတရပ်ကို အလေးဂရုပြုရာရောက်၏။ ပုံစံအားဖြင့် ၁၉၆၀ ခုနှစ်များအတွင်း သမ္မတ လင်ဒန်ဂျွန်ဆင် (Lyndon B. Johnson) က လူ့အခွင့်ရေးဥပဒေပြဌာန်းရေးနှင့် အခြားလူမှုရေးအစီအစဉ်များကို တွန်းအားပေးရာတွင် အောင်မြင်စေခဲ့သည့် အားဖြည့်မှုတခုမှာ ဥပဒေပြုသူများကိုသိမ်းသွင်းရာ၌ ပြိုင်ဖက်ကင်းသော သူ၏ကျွမ်းကျင်မှုပင် ဖြစ်လေသည်။ ဆန့်ကျင် ဘက်အားဖြင့် အိုဘားမားသည် ကွန်ဂရက်အမတ် တဦးချင်းစီနှင့် အနေနီးနီးနှင့် အရာရောက်သော ဆက်ဆံရေးမျိုးရရှိဘို့ ကိုယ်တိုင်ကိုယ်ကြပ် အားထုတ် လုပ်ကိုင်ခြင်းမရှိဟု  စွတ်စွဲခံနေရ၏။

သို့ဆိုသော်ငြား ရင်ဆိုင်ရယူခြင်းသည် သမ္မတတဦး၏ လုပ်ငန်းဆောင်တာအချို့အတွက်သာ သင့်တော်လျက်  ခေတ်သစ် သမ္မတအလုပ်မှာ မြားမြောင်ရှုပ်ထွေးလေရကား ပုဂ္ဂိုလ်ရေးကျွမ်းဝင်မှုတခုတည်းအပေါ် အမှီသဟဲ ပြုရုံဖြင့် မလုံ လောက်ပါချေ။ သမ္မတသည် နိုင်ငံခေါင်းဆောင်များ ဝန်ကြီးများ လွှတ်တော်အမတ်များ စသော အထင်ကရပုဂ္ဂိုလ်များစွာတို့၏ ပုဂ္ဂလဓိဋ္ဌာန်ဆက်ဆံရေးထက်သာလွန်သော အဖွဲ့အစည်းတခု၏ မူဘောင်အတွင်း၌သာ အလုပ်လုပ်ကိုင်ရသည်။ အထက် မြက်ဆုံးခေါင်းဆောင်တို့မှာ နိစ္စဓူဝနိုင်ငံရေးခလောက်ဆန်မှုများနှင့် အကွာအဝေးတခု သတ်သတ်မှတ်မှတ်ထား ရှိနိုင်ကြ သည်။ ရင်တွင်းပုံရိပ်ကြီးကြီးမားမားကို ယှဉ်ဘက် အကျိုးစီးပွားများနှင့် ချိန်ဆထိန်းသိမ်းရင်း  သူတို့အနေနှင့် ဆက်ဆံရေး တရပ်အပေါ်တွင် အလွန်အမင်း ရင်းနှီး မြှုပ်နှံခြင်းမပြုနိုင်။ အမေရိကန်သမ္မတို့အဖို့ နိုင်ငံရေးသည် ကိုယ်ရေးကိုယ်တာ သက်သက်မဟုတ် ထိုထက်များစွာပိုသည်။

ထရန့်က သမ္မတတွေရင်ဆိုင်ကြရသည့် ဆန်းပြား၍တာရှည်သောပြဿနာများအား လက္ခံဖြေရှင်းရန် အခြား နည်းလမ်းများ ကို အမြွက်သဘောပြောခဲ့သည်။ “ကျုပ်လုပ်တာကိုကြည့်” ဟု “ချိနဲ့သွားသောအမေရိက - အမေရိကန်တဖန်ပြန်ပြီးကြီးမြတ်အောင်ဘယ်လိုလုပ်ကြမလဲ ” (Cripled America: How to make America great again) ဆိုသော ယမန်နှစ်နှောင်းပိုင်းက ထုတ်ဝေခဲ့သော ရွေးကောက်ပွဲကြေညာစာတမ်းစာအုပ်တွင် သူက ရေးသားထားသည်။ “ကျုပ်က ကျုပ်လုပ်ဘို့လိုတဲ့ အလုပ် အတွက် ကမ္ဘာမှာအတော်ဆုံးလူတွေရှာပြီး ငှါးတယ် ပြီးတော့ သူတို့ကိုခိုင်းတယ်။ ဒါပေမယ့် သူတို့ကိုကျုပ်အမြဲစောင့်ကြည့်နေတာ”။ သူတယောက်တည်း လုပ်၍မရနိုင်မှန်း ထရန့် သိသည်။

“ကျွန်တော်တို့ရဲ့ပြဿနာတွေထဲကအများအပြားဟာ မိုက်မဲတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဒါမှမဟုတ် ဘာမှမဆုံးဖြတ် ဘဲနဲ့ နှစ်ပေါင်းများစွာကြာနေရာက ထုကြီးထည်ကြီးဖြစ်လာတာ။ တကယ်လို့ ကျွန်တော့်မှာ ဆေးကြိမ်လုံး တလုံးရှိပြီး အဲဒါနဲ့ကုစား လို့ရရင် ကုစားပစ်လိုက်ပြီ။ ဒါပေမယ့် အဖြေရှာတဲ့နေရာမှာ ကွဲပြားတဲ့အသံတွေနဲ့ အကျိုးစီးပွားတွေ အများကြီးရှိတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဒါဟာ လူတွေအခန်းတခန်းထဲဝင်ပြီး စေ့စပ်ညှိနှိုင်းပြီးတော့ သဘောထားတခုတည်းနဲ့ ပြန်ထွက် လာကြတာမျိုးပါပဲ။”

၂၀၁၆ ခုနှစ်၏ အစွန်းထွက် နိုင်ငံရေးစကားလုံးကြီးများခြံရံသော သမ္မတလောင်းတဦးထံမှ စေ့စပ်ရေးသဘော တရားနှင့် ကွဲပြားသောအသံများနားထောင်ရန် လိုအပ်ချက်ကိုအသိအမှတ်ပြုကြောင်း ကြားသိရသည်မှာ အမောပြေစရာဖြစ်၏။ ထရန့်၏စိတ်ကူးထဲမှ လူအချို့အခန်းတခုအတွင်းစုဝေးပြီး ပြဿနာများကိုခုတ်ထွင် ရှင်းလင်းခြင်းသည် သရုပ်မှန်နိုင်ငံရေးကစွမ်းဆောင်နိုင်သည်ထက် ပို၍သပ်ယပ်ပြီး စုစည်းကျစ်လျစ်သည်။ ဖြစ်နိုင်သည်မှာ ထရန့်အနေဖြင့် ရင်ဆိုင်ပြီးရယူခြင်းထက်ပိုခက်သော အစိုးရအလုပ်များ၏ ဦးစီးပဲ့ကိုင်အဖြစ်နှင့် သင့်လျော်ကြောင်းသက်သေပြနိုင်၏။ သို့သော် သူအလေ့ထုံသော ပြဿနာဖြေရှင်းနည်းများ၏ပြင်ပ၌ ရှိဟန် တူသည့် သူ့ကိုယ်ရေးစီမံချက်နှင့်ကျွမ်းကျင်မှုတစုံလောက်တော့ လိုပေလိမ့်မည်။

[ဆက်လက်ဖေါ်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခ တဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။

ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါသည်။