ဗိုလ်ထက်မင်း - ပွိုင့်ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစုပင်လုံညီလာခံ -အပိုင်း (၂)



ဗိုလ်ထက်မင်း - ပွိုင့်ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစုပင်လုံညီလာခံ -အပိုင်း (၂)
(မိုးမခ) ဇွန် ၈၊ ၂၀၁၆


၁၀။ လက်မှတ်မထိုးရတဲ့အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးနဲ့ သြဇာပါဝါရှိတြတဲ့အဖွဲ့ နှစ်ဖွဲ့ (KIA၊UWSA) တို့ကအရေးပါကြပြီး သူတို့ပါဝင်လာပြီဆိုရင် ကျန်တဲ့အဖွဲ့တွေပါလိုက်ပါလာကြမယ့်သဘောရှိတာမို့ သူတို့ အကြောင်းတစေ့တစောင်း ငြိမ်းချမ်းရေးအထောက်အကူဖြစ်စေဖို့အနီးကပ်အကောင်အထည်ဖော်မဲ့ ဒေါက်တာတင်မျိုးဝင်းတို့ကော်မတီအဖွဲ့နဲ့ ပွိုင့်ဖိုက် ကိုတင်ပြလိုပါတယ်။ အစိုးရသစ်ဖွဲ့စည်းကာစမှာပင် ထူးခြားဖြစ်စဉ်ထွက်လာပါတယ်။

၁၁။ NLD လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဟောင်း ဦးစိုးဌေးနဲ့အဖွဲ့ဝင်တဦး၊ အကျိုးတော်ဆောင်တဦးဟာ NLD ထိပ်ပိုင်းက မသိလိုက်ရဘဲ ဝ UWSA ဌာနချုပ်ကို လျှို့ဝှက်စွာ သူ့သဘောအလျောက် သွားရောက်ညှိနှိုင်းတဲ့သတင်းပေါက်ကြားကာ အရေးယူခံလိုက်ရတဲ့ဖြစ်စဉ်ပေါ်ထွက်ခဲ့ပါတယ်။ NLD ထဲရောက်သွားပြီး ရွေးကောက်ခံတပ်မတော်အရာရှိဟောင်းတွေထဲမှာ သူဟာ တပ်မမှူးအဆင့် အရာရှိကြီး အဆင့်အမြင့်ဆုံးဖြစ်ပြီး ကျောက်မဲ စကခ(၁) တာဝန်ထမ်းဆောင်ခဲ့စဉ်က ရှေ့တန်းနယ်မြေတွေမှာUWSA နဲ့ ဆက်စပ်ထိတွေ့ဖူးတာမို့ခင်မင်ရင်းနှီးနိုင်ပြီး အခုလိုအထက်ကမသိလိုက်အောင် သူအရဲစွန့်လုပ်ရဲပါ့မလား ဆိုတာ မေးခွန်းရှိပါတယ်။သူဟာ နိုင်ငံခြားသံဝန်ထမ်းထမ်းဆောင်ဖူးတဲ့အပြင် စစ်တပ်ရဲ့အစဉ်အလာဖြစ်တဲ့ တာဝန်ပေးအပ်မှုမရှိရင်တောင် သတင်းပို့စနစ်၊ ခွင့်ပြုချက်ရယူမှုနဲ့ သံတမန်ရားရာ အစဉ်အလာတွေကို ပစ်ပယ်ပြီး မိုက်ရူးရဲဆန်ဆန်တော့ မလုပ်လောက်ဖူးလို့မြင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်အရာရှိကြီး(ငြိမ်း) တဦးက ဝေဖန်ပါတယ်-

၁၂။ “ ကိုစိုးဌေးက အဲ့ဒီလောက် သတ္တိ မရှိဖူးဗျ၊ တစုံတခုနောက်ကွယ်မှာ အကြောင်းရင်းခံရှိမယ်။ သူက အထက်လူကြီးပဲဖြစ်ဖြစ် ဒီနေရာမှာပါတီဖြစ်နေလို့ ပါတီထိပ်ပိုင်းက စီနီယာအရာရှိကြီးတဦးဦး (ဦးတင်ဦး) ကိုပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်တဲ့ သူတဦးဦးပဲဖြစ်ဖြစ် တိုင်ပင်ပြီးမှမေ့ဆက်ခ်ျ ပို့ပြီးမှ သဘောထားတောင်ပြီးမှ သွားရဲတယ်မြင်တယ်။ ကျွန်တော်သတိထားမိတာက ဦးရွှေမန်းက DSA အပါတ်စဉ် ညီအကိုတော်တွေကို NLD ဝိုင်းရံကူညီပေးဖို့ တိုက်တွန်းချက်ထွက်လာတယ်။ မှတ်မိလား။ ဒါကို တပ်မတော်က သွေးခွဲတာပါလို့ ပယ်ချပြီး ကြေညာချက် ထုတ်တယ်။ ဆိုလိုတာက လွှတ်တော်ထဲ ရောက်တာနဲ့ စီနီယာဂျူနီယာစနစ်အတိုင်း ကိုစိုးဌေးက ဦးရွှေမန်း ထံသွားပြီး ဂါရဝပြုမှာပဲ၊သူနဲ့ ဦးရွှေမန်းက DSA မှာ ၂ နှစ် လောက်ဆုံဖူးတာကိုး၊ ဂါဒီယံတောင် ဖြစ်နိုင်တယ်။ ဦးရွှေမန်းက တတိယနှစ်စီနီယာ ၁ ဖြစ်ချိန်မှာ ကိုစိုးဌေးက ပထမနှစ် ဗိုလ်လောင်းပဲရှိနေပြီး မောင်းခံရဦးမယ်။ အဲဒီတော့ လွှတ်တော်နားနေချိန်မှာ ဂါရာဝပြုရင်း ငြိမ်းချမ်းရေးမှာ မင်းစပြီး လုပ်ကြည့်ပါ လားလို့ တိုက်တွန်းကောင်း တိုက်တွန်းမယ်။ ကိုစိုးဌေးအနေနဲ့ ဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပေါက်တဲ့ သူဖြစ်တာမို့ တစုံတခုဖြစ်လာရင် အကာအကွယ်ပေးကောင်းပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ Must Do မဟုတ်ပေမဲ့ ကိုစိုးဌေးကိုယ်နှိုက်က လုပ်ပြချင်တဲ့စိတ်တအားများလို့ ဇွတ်လုပ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဒေါ်စုကိုဝင်ထွက်ရဲတဲ့သူတွေထဲမှာ ဦးရွှေမန်းပါလေရာ ဒီဦးစိုးဌေးခရီးစဉ်ကို ကြိုတင် သတင်း ပို့ချင်ပို့မယ်။ မပိုချင်လည်း မပို့နိုင်သေးဘူး၊ ဦးရွှေမန်းကလည်း အမှတ်သမားမို့ ကိုစိုးဌေးသွားပြီးမှ ရလဒ်ကောင်းထွက်လာမှဘဲ ပို့နိုင်တယ်။ ခန့်မှန်းကြည့်တာပါ။ သေချာတာကတော့ ကိုစိုးဌေးက Backing in hand ရထားလို့သွားတာပဲ၊”

၁၃။ စာရေးသူက သတင်းပေါက်ထွက်လာလို့ ကိုစိုးဌေးက ဘာလို့အရေးယူခံရတာလဲလို့ မေးပါတယ်။

“ဟ ဒို့လူကြီးတွေ တချို့တွေက တာဝန်ခံမှု၊ တာဝန်ယူမှု အားနည်းတာတွေရှိတာပဲ။ ဦးတင်ဦးတောင် ဗိုလ်ကြီးအုန်းကျော်မြင့်ကိစ္စမှာ သိလျက်နဲ့ ထိမ်ချန်မှုနဲ့အရေးယူခံရတာပဲ၊ ပါတီထိပ်ပိုင်းက လက်မခံဘဲ ဒေါကန်နေကြလို့ ဦးရွှေမန်းဖြစ်ခဲ့ရင်တောင် ဝင်ပြီး မကာနိုင်ဘူး၊သူက အာဏာမဲ့သွားတဲ့အပြင် သူကိုင်တဲ့ဥပဒေအကြုံပြုရေးနဲ့ အထူးကိစ္စကော်မရှင်လုပ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်တွေက ကြည်ကြတာမဟုတ်ဖူး” 

UWSA အနေနဲ့ ကိုစိုးဌေးကိစ္စကြောင့် အံ့သြသွားမှာဖြစ်ပြီး NLD အပေါ်ယုံကြည်မှု လျော့ကျ သွားမှာကို စိုးရိမ်ရတယ်လို့ စာရေးသူယူဆပါတယ်။ ဝ ဆိုတဲ့ လူမျိုးသဘာဝက ယုံကြည်မှုရရှိလာရင် သစ္စာရှိရှိ ပူးပေါင်း ဆောင်ရွက်တတ်ပါတယ်။ တရုတ်က ဗကပထောက်ပံ့မှုဖြတ်တောက်လိုက်လို့ စားဝတ် နေရေးကြပ်တည်းနေချိန်မှာ ဦးခင်ညွှန့်က စီးပွားရေးလုပ်ငန်းရှင်တဦးကို တဖက်လှည့်နဲ့ ထောက်ပံ့ ပေးခိုင်းကတည်းက ဝတွေက ဦးခင့်ညွှန့်ကို ကျေးဇူးရှင်လို သဘောထားတယ်လို့ ပြောသံကြားဖူးပါတယ်။ ကိုစိုးဌေးကိစ္စကို နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို ဦးခင်ညွှန့်တပည့် ဦးစန်းပွင့်ကို ၀တွေက လှမ်းပြီးဆက်သွယ်မေးနေတယ်လို့ အသံထွက်လာပါတယ်။ ဒီလိုအဖုအထစ် ဖြစ်စဉ်ကို တစုံတရာဖြေဖို့ လိုမယ်ထင်ပါတယ်။

၁၄။ ဒေါက်တာတင်မျိုးဝင်းအဖို့ ဒီထူးခြားဖြစ်စဉ်ကြောင့် စဉ်းစားသုံးသပ်ပြီး သမာရိုးကျ စာအုပ်ကြီးအတိုင်း တွေ့ဆုံဆွေးနွေးတာထက် ပိုမိုချောမွေ့စေမည့် နည်းဗျူဟာတရပ် ရှာဖွေသင့်ပါတယ်။ တခါမှတွေ့ဆုံဖူးခြင်းမရှိလို့ ယုံကြည်မှုတည်ဆောက်ဖို့ ခဲယဉ်းနေဦးမှာ ဖြစ်တယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကဏ္ဍက အရေးပါလာတယ်။ ငြိမ်းချမ်းရေးမလိုလားသူတွေက ပွဲစားလို့ စွပ်စွဲပေမဲ့ ဦးခင်ညွှန့်လက်ထက် သေနတ်သံတိတ်သွားတာ အကျိုးတော်ဆောင်ကြောင့်ဆို မှားမယ် မထင်ပါ။ ယခုလည်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ရွေးချယ်နေတယ်လို့ သိရပါတယ်။ ဒီလိုရွေးရမှာ ဘာသာရေး သာသနာပြုဆရာများ၊ လူထုအကျိုးပြု CSO NGO အဖွဲ့အစည်းများ၊ လူထုလူတန်းစားလူမှုရေး အဖွဲ့အစည်း များ၊ တိုင်းရင်းသားခေါင်းဆောင်တွေ လေးစားနေတဲ့ လူပုဂ္ဂိုလ်များ၊ မိမိကိုယ်ကျိုးစီးပွား (သိပ်)မကြည့်တဲ့ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်ကို သုံးသင့်ပါတယ်။

ကုန်သည်စီးပွားရေးလုပ်ငန်းရှင်ဆိုလို့ဒေါက်တာတင်မျိုးဝင်းအနေနဲ့ ခရိုနီလို့ပြေးမြင်ရင်တော့ မှားသွားပါ လိမ့်မယ်။ လူထုလိုလားတဲ့ ငြိမ်းချမ်းရေးကိုသာ ရှေ့ရှုပြီး ဘယ်သူက ပြောမှာစိုးလို ချိန်ဆနေတာမျိုးမလုပ်ဘဲ ရဲရဲတင်းတင်း ယုံကြည်မှုအရင်းခံပြီး အကူအညီတောင်းသင့် တောင်းရပါလိမ့်မယ်။ လိပ်ပြာသန့်ဖို့ ရိုးသား ပွင့်လင်းဖို့သစ္စာရှိဖို့ အကျိုးရလဒ်မမျှော်ဖို့ဘဲ အရေးကြီးပါတယ်။ ဖြစ်စဉ်တခုနမူနာတင်ပြပါမယ်။

၁၅။ ယနေ့လက်မှတ်ထိုးလိုက်တဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ကြီးတဖွဲ့ကို အကျိုးတော်ဆောင်ပေး လိုက်တဲ့ သူတဦးဆိုရင် အဲဒီ့တိုင်းရင်းသားနယ်မြေမှာ စီးပွားရေးရင်းနှီးမြှပ်နှံလုပ်ကိုင်နေသူ လုပ်ငန်းရှင် သူဌေးတဦးဖြစ်ပေမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဘယ်သူ့ထံမှ အကျိုးအမြတ်ကို မမျှော်ကိုးဘဲ ကိုယ်ပိုင်ငွေ အကုန်အကျခံခဲ့ပါတယ်။ နှစ်ဖက်သဘောထားကို ခက်ခဲစွာနဲ့ မမောနိုင်မပန်းနိုင် စေတနာအပြည့် ရိုးသားစွာ ညှိနှိုင်းပေးပြီး အဖုအထစ်အားလုံးကို လျှော့ချကာ ကျော်လွှားနိုင်တာမို့ ချီးကျူးရပါမယ်။ နောက်ကွယ်မှာ ကြိုးစားရတဲ့သူတွေကို မမြင်ဘဲ ဦးအောင်မင်းတော်လို့ ရလာတာလို့ ယေဘူယျမြင်တတ်ကြပါတယ်။ သူကိုယ်တိုင်ကလည်း တပ်မတော်အရာရှိတဦးဖြစ်ခဲ့ပြီး အဲဒီ့ တိုင်းရင်းသား နယ်မြေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာမို့ လူထုရဲ့ငြိမ်းချမ်းရေးငတ်မွတ်မှာကို ကိုယ်တွေ့သိခဲ့ရတာလို့ ဆိုပါတယ်။ သူက စစ်သားဖြစ်ခဲ့လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အထာညက်ကာ ဆွေးနွေးရာမှာ အထောက်အကူဖြစ်စေပါတယ်။ ထုံးစံအတိုင်း ငြိမ်းချမ်းရေးမလိုလားသူတွေက သူ့ကို ထောက်လှမ်းရေးလို့ စွပ်စွဲတဲ့ဒဏ်ခံရပေမဲ့ စာရေးသူအပါအဝင် အဲဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လူကြီးတွေကိုယ်တိုင်က စမ်းသပ်လေ့လာပြီးပြီမို့ သူရဲ့စေတနာကို အသိအမှတ်ပြုထားကြပါတယ်။

၁၆။ ဆိုလိုတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တဲ့သူတွေဟာ Mind set အတွေးအခေါ်တွေကို လှေနံဓါးထစ် အသေမစွဲကိုင်သင့်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောင်းလဲချိန်တန်ပြီ မူအတိုင်း ပြောင်းရပါလိမ့်မယ်။

အနီးဆုံးဖြစ်စဉ်အရ အစွန်းရောက်ဒီမိုကရေစီသမားများက တပ်မတော်သားများကို မျက်မှန်းစိမ်းနဲ့တပ်ပြီး မယုံကြည်ရ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ဟာ လက်မခံဘဲ တပ်မတော်အရာရှိများကို အစိုးရသစ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဖွဲ့စည်းပုံတွေထဲမှာ ပြန်လည်တာဝန်ပေး၊ သုံးတာ တွေ့ရလို့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြသလိုက်တာပဲ ဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြလိုပါတယ်။ ချင်းမိုင်ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ဂွမ်မော်မေးလိုက်တဲ့ မေးခွန်းတွေအနက် တချို့မေးခွန်းတွေဟာ အကျိုးတော်ဆောင်သာ သုံးခဲ့ရင် မေးခွန်းကို မိမိခေါင်းဆောင်များထံမှ ကြိုတင်သဘောထားရယူထားနိုင်ပြီး တကယ် ဆွေးနွေးပွဲကျရင် အဖြေကိုဒဲ့ပေးနိုင်ပါ က ဒေါက်တာတင်မျိုးဝင်းအဖွဲ့ဟာ Man Date ရှိတဲ့အဖွဲ့အဖြစ် ပိုပြီး ပေါ်လွင်လာမှာဖြစ်တယ်။

၁၇။ ပွိုင့်ဖိုက်နဲ့ တပ်ချုပ်တွေ့ဆုံမှု နဲ့စပ်လျဉ်းလို့ စာရေးသူရဲ့တပတ်စဉ်ထဲ သူငယ်ချင်း (ဒုဗိုလ်မှူးကြီးငြိမ်း)ကို ထပ်မံအတည်ပြုရာ သူက တမျိုးဆိုပါတယ်။ သူက ဒီတွေ့ဆုံမှု သတင်းက ကား သွားတာဖြစ်ပြီး စစ်ဦးစီးအရာရှိချုပ်၊ စရဖချုပ်နဲ့ဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက် တာဝန်ပေးထားတဲ့ အရာရှိကြီး(ကို-ရာပြည့်၊ ရဲအောင်၊ ခင်ဇော်ဦး) တွေမှ တဆင့် ကြားခံထား ညှိနှိုင်းစေပြီးမှ သဘောတူညီချက် ရလာလို့ လှူပ်ရှားမှူပေါ်ထွက်လာတာလို့ ပြောပါတယ်။

(ဆက်လက်ဖော်ပြပါမည်)