ဗိုလ်ထက်မင်း ● ပွိုင့်ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ အပိုင်း (၄)

ဗိုလ်ထက်မင်း ● ပွိုင့်ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ အပိုင်း (၄)
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၆
 
၂၈။  UWSA  က ပြည်နယ်အဆင့် ရရှိရေး တစိုက်မတ်မတ် တောင်းဆိုနေတာမို့ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာ ပြဿ နာ ရှိနေပါတယ်။ တခြားအဖွဲ့တွေကတော့ NCA ထိုးရပြီး UWSA က ထိုးပြီး သားမို့မလိုအပ်ဟု ပြောနေတာလည်း ခေါင်းခဲစရာ ဖြစ်ပါတယ်။ UWSA ဟာ ရှမ်းပြည်နယ်ရဲ့ ကွပ်ကဲမှုအောက်မှာ မနေချင်ဘဲ ဗဟိုနိုင်ငံတော်အစိုးရရဲ့ကွပ်ကဲမှုအောက်မှာ ပြည်နယ်တခုအဖြစ် နေချင်တယ်ဆိုတာက လက်ရှိအနေအထားအရ  သူ့လောက်မှ အင်အားမရှိသူတွေဟာ ပြည်နယ်အဆင့် ခန့်ညားနေလို့ နှိုင်းယှဉ်ပါက သူတို့လူမျိုးတွေ သိမ်ငယ်သလို ခံစားနေဟန်တူပါတယ်။ တခုထူးခြားတာက အခြား တိုင်းရင်း သားလက်နက်ကိုင်တွေဟာ ပြည်ထောင်စုမှ ခွဲမထွက်ပါဖူးလို့ တရားဝင်ကြေညာချက် ထုတ်၊ ကတိပေးတာမျိုး ထင်ရှားစွာ မတွေ့ရပေမဲ့ UWSA က ယခင်အစိုးရလက်ထက်ကတည်းကစ ယနေ့အစိုးရသစ်လက်ထက်ထိ ပြည်ထောင်စုမှ ခွဲမထွက်ပါ ဆိုတဲ့ကြေညာချက် ရဲရဲတင်းတင်း ထုတ်ခဲ့ပါတယ်။ တပ်မတော် အခက်အခဲဖြစ်နေချိန်မှာ သူတို့ဟာ အသက်ချွေးသွေးပေး ဆပ်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပြီး သစ္စာရှိမှုဟာ အထက်တနေရာမှာ ဖြစ်စဉ်တွေက သက်သေပြထားပါတယ်။

၂၉။  သစ္စာရှိမှု ပိုပြီးဖော်ကျူးတဲ့ ဖြစ်စဉ်တခုက ၂၀၀၉ခုနှစ် တပ်မတော်က BGF အဖြစ် လက်ခံဖို့ အဆိုပြုချိန်မှာ UWSA က ချက်ချင်းလက်ခံလိုက်တဲ့ဖြစ်စဉ်ကို တော်ရုံ ပြင်ပက လူများမသိလိုက်ရတာမို့ အဲဒီဖြစ်စဉ်သာ အကောင်အထည်ဖော်ခဲ့ရင် ရှမ်းပြည်နယ်စစ်မီး ယနေ့ကာလလို မဖြစ်တော့ဘဲ ငြိမ်းချမ်းနေမှာ ဖြစ်ပါတယ်။

ထိုဖြစ်စဉ် ပျက်သွားရတာဟာ စရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် (ရဲမြင့်လေး၊ မန္တလေးတိုင်းဝန်ကြီးချုပ်) က တပ်များစုဖွဲ့တာကို ဝ ဒေသမှာ မလုပ်ခိုင်းတာကစပြီး အဆင်မပြေဖြစ်ကာ ကိုင်တွယ်ပုံညံ့ဖျင်းမှုကြောင့် ဆုံးရှုံးသွားရကာ နှမျောဖို့ ကောင်းပါတယ်။

၃၀။  UWSA ဟာ တရုတ်နိုင်ငံလက်အောက်ကို အချိန်မရွေး ဝင်လို့ရသော်လည်း ဗကပသင်ခန်းစာရယူပြီး မြန်မာအစိုးရက လွတ်လပ်ခွင့်ပေးခဲ့လို့ ပိုကြိုက်လို့ ဆက်နေတာပဲဆိုတာ ရှင်းလင်းစွာ တွေ့ရပါတယ်။ ဒါ့အပြင် NLD အစိုးရမဖွဲ့ခင်ကပင် ဒေါ်အောင်ဆန်းစုကြည်အား သူတို့က ဖိတ်ခဲ့တဲ့ ဇာတ်လမ်းကလည်း လက်တွဲချင်လို့ ဖြစ်ပါတယ်။ UWSA  အားနည်းချက်က တရုတ်စာ၊ စကားလွှမ်းမိုးနေတာ မို့နိုင်ငံတော်အလံ၊ ရုံးဌာနအဆောက်အဦး၊ မြန်မာစာတရားဥပဒေစိုးမိုးမှု လိုက်နာရေးပင် ဖြစ်ပါတယ်။ တခြားတိုင်းရင်သားတွေက လိုက်နာချိန်မှာ UWSA က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာပဲဆိုပြီး မိမိသဘောနဲ့ လုပ် ချင်သလို လူမြင်ကွင်းမှာ စီရင်ချက်ချထားမျိုးမလုပ်သင့်ဘဲ စည်းကမ်းတကျ လုပ်ထုံးလုပ်နည်း၊ တရားဥပဒေအတိုင်း လိုက် နာဆောင်ရွက်သင့်ပါတယ်။ အခွင့်ထူးခံ အင်အားကြီးလို့ဆိုပြီး တခြား တိုင်းရင်းသားတွေပြောစရာမဖြစ်အောင် တပြေးတည်း တနည်းနိုင်ငံတော်အချုပ်အခြာအာဏာ သက်ရောက်မှုကို လက်ခံ ပေးရမှာဖြစ်သလို အစိုးရဝန်ထမ်း ဝင်ထွက်ခွင့်ပေးရပါမယ်။

၃၁။  UWSA တောင်းဆိုနေတဲ့ ပြည်နယ်အဆင့်ကို အကြံပြုလိုတာက သူတို့တောင်းတဲ့ နယ်မှန်သမျှပေးလိုက်ရင် အခြား လူမျိုးစုတွေအတွက် ပြဿနာရှိ နိုင်သလို ရှမ်းတောင်ပိုင်းကလည်း ပင်မ ဝ ဒေသနဲ့ တခြားစီဖြစ်နေတဲ့အပြင် ထိုင်းနဲ့ပဋိပက္ခ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် လက်ရှိသူတို့ လူမျိုးစု လူဦးရေ တစုတစည်းတည်းရှိတဲ့ နယ်မြေကိုဘဲ ပြည်နယ်အဆင့် တိုးပေး လိုက်ရင် ဘယ်လိုနေမလဲ၊ ပြည်နယ်အဆင့် မြို့တော်ကို လက်ရှိပန်းဆန်းကိုပဲ ထားမလား၊ ရှမ်းပြည်နယ်တနယ်က မြို့တမြို့ ကိုပဲ သတ်မှတ်မလား၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံမှာ အကျေအလည် ဆွေးနွေးရမှာ ဖြစ်ပါတယ်၊ တခြားလူမျိုးစုတွေကလည်း ပြည်နယ်အဆင့် တောင်းလာမှာကိုလည်း မြင်နေရသလို အဲဒါကျတော့ပေးမလား၊ တခုရှိတာက ပြည်နယ်အဆင့် အင်္ဂါရပ်၊ စံပြုသတ်မှတ်ချက်တွေနဲ့ မညီလို့ မပေးတာဖြစ်တယ်ဆိုတာ အစိုးရက လုပ်ကောင်းလုပ်မည်ဖြစ်ရာ အထက်တနေရာမှာတင်ပြခဲ့တဲံ့ တရားဥပဒေစိုးမိုးရေး နိုင်ငံတော်အလံကို လေးစားစွာ လွှင့်ထူပေးရေးစတဲ့အင်္ဂါရပ်တွေညီမှသာ ပြောစရာမရှိအောင် လိုက်နာဖို့ UWSA က တာဝန်ရှိပါတယ်။ တနည်း ဒီမိုကရေစီသဘောကို တဖြေးဖြေးခြင်း လေ့ လာဖို့လိုပြီး အနှစ်သာရခံစားတတ်ဖို့လိုပါတယ်။ မိမိလူမျိုး မိမိအုပ်ချုပ်ခွင့် ပေးထားပြီးဖြစ်ရာ ခေတ်က အာဏာရှင်ကို လက် မခံတော့ဖူးဆိုတာ နားလည်ဖို့လိုပါတယ်။

၃၂။  အစိုးရဘက်ကို ပြန်စဉ်းစားပေးရမှာက ဘယ်လောက်ဘဲ ခွဲမထွက်ဘဲ ပြောပြောလက်ရှိလူတွေရဲ့ ကတိကို ယုံပေမဲ့ နောက်လူတွေဟာ ကိုယ်ပိုင်စစ်တပ်၊ လွှတ်တော်၊ နယ်မြေရှိရင် နယ်စပ်ချင်း ထိစပ် လိုမျိုးမှာ အချိန်မရွေးခွဲထွက်သွားနိုင်တဲ့သမိုင်းဖြစ်စဉ်သာဓကရှိလို့ စိုးရိမ်ပူပန်မှုကို နားလည်ပေးသင့် သလို တခုတည်းသော တပ်မတော်ရှိရမည်ဆိုတဲ့ နိုင်ငံတကာစံနှုန်းတွေကို သတိပြုရမှာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ပူးပေါင်းနိုင်ရေး အချိန်ယူဆွေးနွေးကာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အမိန့်တခု တည်းအောက်မှာ သွားရမှာဖြစ်တယ်။ သူ့အောက်မှာ မနေချင်ရင်တော့ လက်နက်ကြီးတွေဖြုတ်ကာ ပြည်ထဲရေးလက်အောက်ခံ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်လက်အောက်ထဲမှာနေဖို့သာ ရှိပါတယ်။

၃၃။  KIA ဟာ UWSA နဲ့မတူဘဲ ခေတ်ပညာတတ်များပြီး အနောက်နိုင်ငံတွေမှ ဒီမိုကရေစီ အနှစ် သာရ အငွေ့အသက်များရရှိထားပြီးဖြစ်လို့ KIA လိုချင်တဲ့ ဖက်ဒရယ်ဆိုတာ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုသလို ကချင်ပြည်နယ်အတွင်းရှိ အခြားလူမျိုးစုများကိုလည်း တန်းတူ အခွင့်အရေးပေးဖို့ လိုပါတယ်။ သမိုင်းကြောင်းအရ KIA ဟာ Power Game ကစားတတ်တာမို့ သူတို့ရဲ့သဘောထားမှန်ဖို့ သတိပေးပြီး ပွင့်လင်းမြင်သာဖို့လိုပါတယ်။ KIA က တရုတ်နိုင်ငံကို သာမက အနောက်နိုင်ငံတွေထိ ခြေလှမ်းကျဲပြီး UWSA က တရုတ်ကိုပဲ မှီပါတယ်။ KIA က လူရည် လည်ပြီး  UWSA က အကင်းပါးပါတယ်။ ကိုစိုးဌေးသတင်းကို တရုတ် မီဒီယာကတဆင့် လွှင့်တင်ပေး လိုက်ကာ “တောက်” လိုက်တာဖြစ်ပါတယ်။ UWSA က ပြည်တွင်းသတင်းမှန်သမျှ လိုက်ထားကာ မီဒီယာတွေနဲ့ ခပ်ကင်းကင်းနေပေမဲ့ KIA ကတော့ မီဒီယာတွေကို ထိတွေ့မှု များပါတယ်။

၃၄။  KIA ကိုယ်ပိုင် မီဒီယာရှိနေပါတယ်။ တချို့သတင်းတွေဟာ KIA ကဖြစ်စေချင်တဲ့ ပစ်မှတ်ထိ အောင်လုပ်နေတာကို မီဒီယာတချို့ သိပ်သဘောပေါက်ဟန်မတူဘဲ ဇာတ်လိုက်ကနေတာ တွေ့ရပါတယ်။ ဖြစ်စဉ်တခုတင်ပြရရင်  UWSA ကခေါ်တဲ့ပန်းဆန်းအစည်းအဝေးမှာ မွန်နဲ့ ကယားမပါဘဲ မြောက်ပိုင်းအုပ်စုကြီးပဲတက်တာမို့ တပ်ပေါင်းစုဖွဲ့ဖို့ဆွေးနွေးကြတယ်လို့သိရပါတယ်။ မီဒီယာတွေ တက်လာတာက တပ်ပေါင်းစုကို KIA မလုပ်ဘဲ UWSA ကပဲ လုပ်ချင်သယောင် သတင်း ထွက်လာပါတယ်။ စာရေးသူထံ ယုံကြည်လောက်တဲ့သတင်းအခြေအမြစ်တခုက UWSA က တပ် ပေါင်းစုလုပ်ရင် လက်ရှိအစိုးရသစ်ကို ဖိအားပေးသလိုဖြစ်မှာစိုးလို့မလိုလားဖူးလို့သိရှိရပါတယ်။ ဒါကြောင့် သတင်းတွေက ဆန့်ကျင်ဘက်ဖြစ်နေလို့ မီဒီယာများအနေနဲ့ ဒီလိုအရေးကြီးတဲ့ သတင်းလို မျိုးကို တဖက်သတ်မရေးဘဲ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အတည်ပြုပြီးမှ ထုတ်သင့်ပါ တယ်။ ဒီလိုသတင်းမျိုးဆို အနည်းဆုံး သတင်းအခြေအမြစ် ၃ ခုလောက်အတည်ပြုသင့်ပါတယ်။

၃၅။  အဲဒီအစည်းအဝေးက အဆင်ပြေလိုက်ဟန်မတူဘဲ မကြာမီ MNDAA ,TNLA တို့ UNFC မှ ထွက်စာတင်တဲ့သတင်း ထွက်လာလို့ ဂယက်ရိုက်သွားပါတယ်။ အဲဒီအဖွဲ့တွေဘယ်ကိုသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ UWSA နဲ့KIA တို့ဟာ ဥက္ကဋ္ဌရာထူး အတွက်ညှိနေသလို တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေကိုလည်း အပြိုင်အဆိုင် လွှမ်းမိုးမှုကြိုးပမ်းနေ ဟန် တူပါတယ်။ အတည်ပြုဆဲ သတင်းအရ UNFC ဥက္ကဋ္ဌရာထူးကို KIA က မွန်ကို လွှဲတော့မယ်လို့သိရပါတယ်။

၃၆။  NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ကြီးတဖွဲ့မှ ထွက်စာတင်ပြီး ပြည်ပရောက် မိတ်ဆွေတဦးက KIA ကိုစည်းရုံးလိုက်ရင် အဖွဲ့တော်တော်များပါလာကာ UWSA  လည်းမနေသာတော့ဘဲ ပါလာလိမ့်မယ်လို့ ပြောပါတယ် ။ စာရေးသူရဲ့အရင်းနှီးဆုံးစာရေးဆရာတဦးနဲ့ ပြည်တွင်းအရာရှိတချို့ကတော့ UWSA ကိုသာစည်းရုံးလိုက်ခြင်းဖြင့် KIA ပိတ်ဆို့ခံရမလို ဖြစ်သွားနိုင်ကာ အားလုံးပြေလည်သွားနိုင်တယ်လို့ ဆိုပါတယ်။

စာရေးသူအမြင်ကတော့ UWSA ကို ချဉ်းကပ်ရင် ပိုမိုအဆင်ပြေမည့် အခင်းအကျင်းသစ်လို့ မြင်ပါတယ်။ တပ်မတော် အရာရှိကြီးတွေ မကြာသေးခင်ကမှ အရန်အင်အားစာရင်းသွင်းလိုက်ရာ အဲဒီသူတွေထဲမှာ UWSA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သမ္ဘာရင့်တွေပါသွားတာမို့ ဘယ်လိုပဲ ခေတ်မီ လက်နက်ပိုင်ပိုင် နှစ်ဖက်အကျအဆုံးများအထိနာဖို့သာရှိတာကြောင့် UWSA ကလည်းမတိုက်ချင်သလို တပ်မတော်ကလည်း ပန်းနေလို့ ပြေလည်မည့်နည်းလမ်း ရှာသင့်ပါတယ်။

ယခုဆောင်းပါးရေးနေဆဲမှာပင် KIA တို့ UNFC က ဒေါက်တာတင်မျိုးဝင်းတို့ ကမ်းလှမ်းတဲ့ နိုင်ငံရေးမူဘောင် REVIEW MEETING ကို တက်ရောက်မှာဖြစ်တယ်လို့ သိရတာမို့ ဝမ်းသာ ဝမ်းမြောက် ကြိုဆိုပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့မေးခွန်းတွေမေးတတ်တဲ့ DPN အဖွဲ့ကို ဒေါက်တာ တင်မျိုးဝင်းတို့ ဘယ်လိုဦးနှောက်စားဦးမလဲဆိုတာ ပိတ်ကားပေါ်မှာ ဆက်ကြည့်ရပါမယ်။

၃၇။  ကော်မတီရှိ တပ်မတော်က  ဒုဗိုလ်ချုပ်ကြီး (ရာပြည့်၊ ရဲအောင်၊ ခင်ဇော်ဦး၊ မင်းနောင်) တို့ကို ပွိုင့် (5) က မကြာခဏ တွေ့ဆုံပြီး NCA လုပ်ငန်းစဉ်နဲ့ကော်မတီတွေ ၊ လုပ်ငန်းတာဝန်တွေကို ညှိနှိုင်းခဲ့ဟန်တူပါတယ်။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ နောက်ကွယ်မှာ ဘာတွေရှိနိုင်သေးလဲ၊ အင်အားကြီး နိုင်ငံများစွပ်ဖက်နိုင်မှု အလားအလာ၊ Power Game ကစားနိုင်မှု ရှိမရှိ ဆွေးနွေးနိုင်ပါတယ်။ ဒါကြောင့် ပွိုင့်(5)က ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် တိုင်းရင်းသားများဘက်က ကိုယ်က ဘာ စပေးနိုင်သလဲ ဆိုတာ အရေးကြီးတယ်လို့ ပြောလိုက်တာဟာ စစ်သဘောအရ Searching Fire ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမေးခွန်းဟာ တိုင်းရင်းသားတွေအတွက် စိန်ခေါ်ချက်ဖြစ်ပြီး သဘောထား ကြီးမှူ၊ နှစ်ဖက်မြင်တတ်မှူ၊ နားလည်ပေးမှူ၊ စံနှုန်းအလျှော့အတင်း ဘယ်လောက်ထိထားမလဲ စမ်းသပ်လိုက် တာပဲ မြင်ပါတယ်။

၃၈။  ယနေ့ဆိုရင် UNFC က တပ်မတော်ကို တဖက်သတ်အပစ်ရပ်ပေးဖို့နဲ့ အထွေထွေလွတ်ငြိမ်းချမ်း သာခွင့်ဆိုတာမျိုး အသာစီးယူတောင်းနေတာဖြစ်တယ်လို့ တပ်မတော်အရာရှိကြီး (ငြိမ်း) တဦးက ပြောလာပါတယ် …

“ဒီလိုလူကြီးတွေက အသာစီးယူပြီး ဆွေးနွေးမယ်ကြံကာရှိသေးတယ်၊ မယုံတာကို ပုံကြီးချဲ့ ဇာတ်သွင်းလွန်းတယ်။ ခင်မင်လို့ ဒီဟာကိုပေးကိုင်တယ်။ ဟိုဟာကို ရန်ရှာချင်တယ်။ သူတို့တွေ ရခိုင်မှာသင်္ကြန်ကာလကြီးတပ်ရင်းမှူးကျဆုံတဲ့အထိ၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း ယာဉ်တန်းခြုံခို တိုက်လို့၊ သူတို့ပဲ စတိုက်လို့တပ်ရင်းမှူးကျသွားတယ်။ အဲဒီအရာရှိစစ်သည် တွေရဲ့ အသက်တွေ မှီခိုမိသားစုတွေရဲ့အနာဂတ်ကို သူတို့ကဘယ်လိုအာမခံမလဲ။ ဆောရီးမရဘူး။ ပန်းနဲ့ပေါက်တာမဟုတ် ဘူး။ စစ်ပွဲရပ်ပါလို့ ဘာလို့မအော်သလဲ၊ ရွာမီးရှို့ ၊ ကားလမ်းမပေါ်ဓမြတိုက်၊ ပြည်သူတွေက ဆန္ဒပြကြပြီ။ ဒီလူတွေကို ဇိကုပ်ပြီး ပြည်သူတွေရှေ့မှာ သူပုန်အားပေးသူလို့ပြောရ မလား၊ တပ်မတော်က အသာစီးရနေချိန်မှာတောင် KNU ကို တဖက်သတ်အပစ်ရပ်တယ်ဆိုတာ ရှိခဲ့ဖူးတယ်။ သဘောထားကြီးခဲ့ဖူးတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုရင် ထောင်ထဲနဲ့ ပြည်ပက ဝင်လာမဲ့ သူတွေထဲမှာ ဒုစရိုက်သမား၊ အကြမ်းဖက်သမားတွေနဲ့ မူးယစ်ကုန်ကူးသူတွေ၊ ဘင်္ဂလီလို အမျိုးသား လုံခြုံရေးကိုထိခိုက်မဲ့သူတွေ ရုပ်ဖျက်ဝင်လာရင် သူတို့တာဝန်ယူနိုင်လား၊ ဒီလူတွေဟာ ဒီမိုကရေစီခေတ်မှာ နေရာမရမှာစိုးလို့ ကိုယ်ပိုင်ရပ်တည်ခွင့်မရမှာစိုးလို့၊ ကိုယ်ကျိုးစီးပွား အတွက် ပုံရိပ်ကောင်းဖို့ မကြိုးစားဘဲ အော်နေတာပါ။”

၃၉။  စာရေးသူ ငယ်စဉ်က မတ်လ(၂၇) ရက်နေ့ရောက်တိုင်း တော်လှန်းရေးနေ့ (တပ်မတော်နေ့) မှာ မီးရှူးမီးပန်းပစ် ဖောက်လေရာ ဗိုလ်ချုပ်အောင်ဆန်းပုံ ကောင်းကင်မှာ ပေါ်ထွက်အောင် ပစ်ပြတယ်ဆို လို့ ကလေးလူကြီးတွေပါမကျန် ညဘက်တော်လှန်းရေးပန်းခြံမှာ ရင်သပ်ရှုမော သွားကြည့်ခဲ့ရဖူးပါ တယ်။ အလားတူ ၂၇ ကြိမ်မြောက် SEA GAME ဖွင့်ပွဲမှာ တပ်မတော်က ကောင်းကင်ကို ပစ်လွှတ် လိုက်တဲ့ မီးကျည်မီးပန်းတွေဟာ မြင်ရသူအဖို့ ကြည်နူးဖွယ်ကောင်းလှပါတယ်။ တကယ်လို့ ငြိမ်းချမ်းရေး မလိုလားသူ၊ Power Game ကစားလိုသူတွေရှိလာခဲ့ရင်တော့ အချိန်ကြန့်ကြာနေပြီး ပစ်နေတဲ့မီးကျည်တွေ၊ မီးရှူးမီးပန်းတွေ ကုန်သွားခဲ့ပါက ပြည်သူလူထုထံ ဘာဆက်လုပ်ရမလဲလို့ မေးစရာ ရှိလာပါတယ်။ လူသေစေတဲ့ ခွင်းကျည်တွေသာရှိတော့တာမို့ ဆက်သုံးမသုံး ပြည်သူတွေရဲ့ အဆုံး အဖြတ်ပါပဲလို့ထင်မြင်မိပါတယ်။ အဲဒီလက်နက်ကြီးဟာ ငြိမ်းချမ်းရေးရလိုတဲ့ အထိမ်းအမှတ် အဖြစ် ခွင်းကျည်မပါတဲ့ မီးကျည်သက်သက်ကိုသာပစ်လိုပြီး တပ်ကလည်း မီးရှူးမီးပန်းကိုသာ ဆက်တိုက် ကောင်းကင်ကို ပစ်ချင်ပါတယ်။  ပြည်သူပြည်သားများကလည်း ဝမ်းသာပီတိ ဖြစ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်က ပွိုင့် (5) လက်နက်ကြီးနဲ့ မီးကျည်တွဲကိုသာ မြန်မာနိုင်ငံကောင်းကင်တခွင်လုံး ငြိမ်းချမ်းရေးသင်္ကေတ အဖြစ် ပစ်တင်နေစဉ် တပ်မတော်ကလည်း ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို ဒေါ်အောင်ဆန်းစုကြည် ညွှန်ပြတဲ့ မီးကျည်လမ်းကြောင်းအတိုင်းပစ်တင်ပြီး လှပတဲ့ ပန်းချီကားချပ်သဖွယ် တန်ဆာဆင်ပေးမယ် ဆိုရင် နိုင်ငံသူနိုင်ငံသားများအဖို့ငြိမ်းချမ်းရေးရပြီဆိုတဲ့ ကြွေးကြော်အော်ဟစ်သံတွေဟာ မီးကျည် မီးပန်းပေါက်ကွဲအသံတွေနဲ့ ရောယှက်ကာ ပထဝီမြေကြီးသိမ့်သိမ့်တုန်သွားမှာ မလွှဲဧကန် ဖြစ်ပါတော့တယ်။