ခက်သီ - လမ်းလျှောက်နေတဲ့ ဂျော်နီ



ခက်သီ - လမ်းလျှောက်နေတဲ့ ဂျော်နီ
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၆


နေရောင်ခြည်ဟာ ၅ မိနစ်ကြာမှ ကမ္ဘာမြေပေါ်ရောက်တယ်
လမ်းလျောက်နေတဲ့ ဂျော်နီကတော့
မုယောစပါးခင်းတွေ ဂျုံခင်းတွေ ဘာလီခင်းတွေ
ဝက်သစ်ချပင်တွေအောက်ကနေ လျှောက်သွားတာ
တော်တော်နဲ့ ပြန်ရောက်မလာဘူး။

အနီရောင်ဝတ်စုံကိုဝတ်ပြီး ကဖေးဆိုင်ထဲဖြတ်သွားတဲ့ ဂျော်နီကို
တွေ့လိုက်ရတယ်လို့ နမ်းနေတဲ့ စုံတွဲကပြောတယ် ။

ဂျော်နီ ဂျော်နီ မင်းတော်ခြေရှည်တဲ့ ကောင်
အနက်ရောင်ဝတ်စုံကို ဝတ်ပြီး ဧည့်ခံပွဲတခုထဲကဖြတ်သွားတယ်လို့
အရောင်းမြှင့်တင်ရေးမန်နေဂျာတယောက်က ပြောတယ်

ဂျော်နီ ဂျော်နီ မင်းပြန်လာရင် ထိုးကျသွားတဲ့
စတော့ ရှယ်ယာဈေးကွက်အကြောင်း
စကားကြီး စကားကျယ်ပြောဦးမှာ မြင်ယောင်တယ်။

အပြာရောင်ဝတ်စုံကိုဝတ်ပြီး သံရုံးထဲဝင်သွားတာတွေ့လိုက်တယ်လို့
စစ်ထောက်လှန်းရေးကပြုတ်ပြီး
သံရုံးတွေမှာ သတင်းရောင်းစားနေတဲ့ အင်ဖော်မာတယောက်ပြောတယ်

ဂျော်နီ ဂျော်နီ ခြေရှည်တဲ့ ဂျော်နီ
ဂျော်နီ ဂျော်နီ တော်တော် လျှာရှည်တဲ့ဂျော်နီ
ဂျော်နီဟာ ပြောဦးမယ်

အစိုးတပ်ကို ကိုင်ထားတာလည်း တရုတ်ပဲ
သူပုန်တပ်ကို ကိုင်ထားတာလည်း တရုတ်ပဲ
စစ်တပ်ပေးသလောက် ဒီမိုကရေစီ မင်းတို့ရပြီးရင်
တရုတ်ပေးသလောက် ပြည်တွင်းငြိမ်းချမ်းရေးပဲ မင်းတို့ရမယ်

ဂျော်နီဟာ ထင်မိထင်ရာ ပြောနေတော့တာပဲ
ဒါပေမဲ့ ဂျော်နီကို ဖမ်းလို့ မမိဘူး
ဂျော်နီဟာ လျှောက်လျှောက်သွားနေတယ်
ဂျော်နီဟာ အမှန်တွေ ပြောတယ်

အမှန်တရားကတော့ ဂျော်နီနဲ့ အပေါင်းအသင်းမလုပ်ဘူး
ဗရမ်းဗတာပြောတတ်တဲ့ ဂျော်နီကြောင့်
သူ့ကိုယ်ရည် ကိုယ်သွေးထိခိုက်သွားမှာ အမှန်တရားက မလိုလားဘူး

အမှန်တရားက ရပ်နေတယ်
ဂျော်နီကတော့ ဆက်သွားနေတယ်

ဂျော်နီကတော့ လမ်းလျှောက်နေတယ်
နောက်ထပ်အမှန်တရားတွေနဲ့ ထပ်တွေ့တယ်

နောက်တော့ ဂျော်နီဟာ ဆက်လျှောက်နေတယ်
ဂျော်နီဟာ အမှန်တရားဆိုတာတွေကို မယုံဘူးတဲ့

ဂျော်နီဟာ လမ်းလျှောက်နေတာပဲ ယုံကြည်သတဲ့ ။ ။

ခက်သီ

Photo - http://www.gotvectors.com/free-vectors/johnny-walker