မောင်မောင်စိုး - မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထား ကြေညာချက် - အပိုင်း ၁


မောင်မောင်စိုး - မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထား ကြေညာချက် - အပိုင်း ၁
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၆



ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းရေအား လျှပ်စစ်ကုမ္မဏီလီမီတက် ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ရေအား လျှပ်စစ်ကုမ္ပဏီ လီမီတက် Upstream Ayeyawady Confluence Basin Hydropower Co.,ltd. ACHC ကုမ္ပဏီကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က နေပြည်တော်တွင် မှတ်ပုံတင်၍ မြန်မာနိုင်ငံ၏ဖက်စပ်ကုမ္ပဏီတခုအဖြစ်နှင့် ဧရာဝတီမြစ်ဆုံ နှင့်မြစ်ညှာဒေသ ရေအား လျှပ်စစ် ထုတ်လုပ်ရေးကိုလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ACHC ကုမ္ပဏီအား တရုတ်အစိုးရပိုင် CPI China Power Investment ကော်ပရေးရှင်းမှ ၈၀% မြန်မာအစိုးရမှ အခမဲ့ရှယ်ရာ ၁၅% အေးရှားဝေါ ကုမ္ပဏီမှ ၅% ဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိအချိန်တွင် CPI သည် တရုတ်နျူကလီယား လျှပ်စစ်နည်းပညာကုမ္ပဏီနှင့် ပေါင်း၍ SPIC
State Power Investment Corparation အဖြစ်ပြောင်းလဲဖွဲ့စည်းထားသည်။ CPI ဖြစ်စေ SPIC ဖြစ်စေ တရုတ်အစိုးရပိုင်ဖြစ်ပြီး အေးရှဝေါကုမ္ပဏီကတော့ လော်စစ်ဟန်၏သားဖြစ်သူ ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

အဆိုပါ ACHC ကုမ္မဏီသည် ၂၀၁၆ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့ပါသည်။ ထိုကြေညာချက်တွင် ထုတ်ပြန်ချက်အရ ၎င်းကုမ္ပဏီသည် ၂၀၀၆ မှ ၂၀၀၉ အတွင်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ အမှတ် ၁ လျပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU /MOA နှင့် မြစ်ဆုံရေအား လျှပ်စစ်စက်ရုံနှင့် ပတ်သက်၍ JVA စသည့် စာချုပ်များချု ပ်ဆို၍၎င်း ၂၀၁၀ ပြည့်နှစ်တွင် ချီဗွေ ရေအားလျပ်စစ်စက်ရုံနှင့် လိုင်ဇာရေအားလျပ်စစ်စက်ရုံ JVA စာချုပ်ချုပ်ဆို၍၎င်း မြန်မာ အစိုးရ ( နအဖ ) သည် အဆိုပါရေအား လျှပ်စစ်ရုံ ၃ ခုအား အထူးခွင့်ပြုမိန့် ချထားခဲ့ရသည်ဟု ဆိုသည်။

၎င်းတို့ ACHC အနေနှင့် မြစ်ဆုံရေအားလျှပ်စစ်နှင့် ချီဗွေရေအားလျှပ်စစ်တို့အား ၂၀၀၉ ဒီဇင်ဘာ နှင့် ၂၀၁၀ ဒီဇင်ဘာလတွင် ဆက်တိုက်စတင် လုပ်ဆောင်ခဲ့သည်ဟု ဆိုပါသည်။ ၎င်းတို့ ACHC အနေနှင့် စီမံကိန်းဖြစ် မြောက်နိုင်စွမ်းအစီခံစာ၊ EIA ၊ တမံနှင့်စီမံကိန်းဘေးကင်းလုံခြုံရေးနှင့် နယ်ပယ်တွင်း ငလျှင်ဒဏ် ဘေးကင်းခုခံနိုင်ရေးစသည့်အစီရင်ခံစာများကို ၂၀၀၉ ခုနှစ်တုန်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်အခြား သက်ဆိုင်ရာ ဌာနများမှ စစ်ဆေး အတည်ပြုခဲ့သည်ဟု ဆိုပါသည်။

သို့သော် ACHC ၏ထုတ်ပြန်ကြေညာချက်တွင် အားနည်းချက်များ သဘောမတွေ့စရာ များစွာ ပါသည် ဖြစ်ရာ တက်ကြွသူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများ အရပ်ဖက် လူအဖွဲ့ အစည်းများအပါအဝင် လူထုများ၏လက်သင့်ခံနိုင်ခြင်းမရှိဘဲ တုံ့ပြန်ဝေဖန်ခံခဲ့ရတော့မှာ သဘာဝ ကျသည်ဟု ဆိုရမည်။

ထုတ်ပြန်ချက်နှင့်လက်တွေ့ လက်တွေ့ တွေ့ရသည်မှာ မြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းတလျှောက် တည်
ဆောက်မည့်ဆည်များနှင့် ပတ်သက်၍ EIA ခေါ် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အစီရင်ခံစာပြု စုမည့်အဖွဲ့၏လုပ်ငန်းများသည် ၂၀၀၉ ဇန်နဝါရီမှ စတင်နိုင်ပြီး ၂၀၀၉ ဇွန်မှ လုပ်ငန်းများ လက်စသတ်နိုင်ပြီး နှစ်ကုန်ပိုင်းမှ အဆိုပါ EIA အစီရင်ခံစာကိုတင်ပြနိုင်ပါသည်။

သို့သော် မြစ်ဆုံဆည်ဆောက်လုပ်၍ ရေနစ်မြု ပ်ဒေသရှိ ကျေးရွာများ ပြောင်းရွှေ့ခြင်းအား ၂၀၀၉ နှစ်ဆန်းကတည်းက ပြောင်းရွှေ့နေပြီဖြစ်သည်။

CPI အနေနှင့် အဆိုပါပြောင်းရွှေ့မည်သူများနေထိုင်မည့်သူများ နေထိုင်မည့် အိမ်ရာများကို ၂၀၀၈ ကတည်းက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၀၉ ခုနှစ် အဆိုပါ ရွာများကို ပြောင်းရွှေ့ချိန်ထိ အဆိုပါ မြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ဆည်များဆောက်လုပ်ခြင်းနှင့်ပတ်သက်သည့် SIA ခေါ် လူမှုဘဝအကျိုးသက်ရောက်မှုအကဲဖြတ်မှုနှင့်ပတ်သက်၍ လုပ်ဆောင်ခြင်းမတွေ့ရသလို နောက်ပိုင်းတွင် SIA အစီရင်ခံစာတခု ထွက်ပေါ်လာသည်ကို မတွေ့ရပေ။

သို့ဖြစ်ရာ CPI အနေနှင့် အရပ်သားများပြောင်းရွှေ့ခြင်းလုပ်ငန်းများကို မည်သည့် EIA အစီရင်ခံစာ မည်သည့် SIA အစီရင်ခံစာမှ ထွက်ပေါ်မလာမီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရပါမည်။ ထို့ပြင် မြန်မာအစိုးရနှင့်ပူးပေါင်း၍ ACHC ကုမ္ပဏီဖွဲ့စည်းခြင်းကို ၂၀၁၀ ဇွန်လ ၁၁ ရက်နေ့ကမှ စတင် မှတ်ပုံတင်ခဲ့သည်ဟု ဆိုပေရာ အဆိုပါ အရပ်သားများပြောင်းရွှေ့ခြင်းကို ACHC ကုမ္ပဏီ အနေနှင့်လုပ်ဆောင်ခြင်းမဟုတ်ဘဲ တရုတ် CPI ကော်ပိုရေးရှင်းနှင့် မြန်မာအာဏာပိုင် တို့ ပူးပေါင်းလုပ်ဆောင်သည်ဟုသာ ဆိုရပေမည်။

ထို့ပြင် ၂၀၀၉ ခုနှစ်နှစ်ကုန်ပိုင်တွင် ပေါ်ထွက်ခဲ့သည့် EIA အစီရင်ခံစာတွင်လည်း မြစ်ဆုံဆည် တည်ဆောက်ရန်မသင့်ဟု မှတ်ချက်ပေး ဖော်ပြပါရှိပြီး ဖြစ်သည်။ ထို့ကြောင့် လက်တွေ့တွင် CPI ၏ မြစ်ဆုံဆည်တည်ဆောက်ရေးတွင် RIA/SIA အစီရင်ခံစာများကို စောင့်ဆိုင်းခြင်းမရှိဘဲ ထိုစဉ်မြန်မာအစိုးရအာဏာပိုင်များနှင့် သဘောတူညီချက်ရယူကာ ဆောင်ရွက်ခဲ့သည်ဟု ဆိုရပါမည်။

ရွာများပြောင်းရွှေ့ခြင်းနှင့်လျော်ကြေး
ACHC ၏ထုတ်ပြန်ချက်တွင် အရပ်သားရွာများအား ရွှေ့ပြောင်းရာတွင် ကုမ္ပဏီမှ အရပ်သားများ အား အဓမ္မပြောင်းရွှေ့ခိုင်းမရှိသကဲ့သို့ ဤသို့လည်း လုပ်ပိုင်ခွင့်မရှိပါဟု ဆိုခဲ့သည်။ ဤအချက်နှင့်ပတ်သက်၍ ကုမ္ပဏီမှ တိုက်ရိုက်အဓမ္မရွှေ့ပြောင်းခြင်းမရှိဟုဆိုနိုင်သော်လည်း ကုမ္ပဏီနှင့် သဘောတူညီထားသည့် ဒေသခံအာဏာပိုင်များ၏ အဓမ္မပြောင်းရွှေ့ခြင်းခံခဲ့ရသည် ကတော့ ဖြစ်ရပ်မှန်ဟု ဆိုရပါမည်။

အဆိုပါ ပြောင်းရွှေ့လာသူများနှင့် CPI အနေနှင့်အိမ်ယာဆောက်လုပ်ပေးခြင်း စာဝတ်နေရေး ကူညီထောက်ပံ့ပေးခြင်းတို့ကို CPI အနေနှင့်ပေးခဲ့သည်တော့ အမှန်ပင်ဖြစ်သော်လည်း ထိုသူများ အားလုံးသည် မိမိဆန္ဒအရ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟူ၍ ဆို၍ မရပေ။ အလားတူပင် ထိုဒေသရှိတောတောင်မြစ်ချောင်းများတွင် သဘာဝအရ အစဉ်အလာအရ အိုးအိမ်ဆောက် လုပ်ရန် သစ်ဝါး သက်ငယ်စသည်များ အစားအသောက်အတွက် အသားငါးများ သဘာဝအလျောက် ဘိုးစဉ်ဘောင်ဆက်ရှာဖွေစားသောက်နိုင်ခဲ့သည့် အခွင့်အလမ်းဆုံးရှုံးမှုကို မည်သို့ မည်ပုံ CPI ကလျော်ကြေးပေးမည်ဆိုသည်ကိုတော့ ရှင်းလင်းစွာမသိရပေ။

နိုင်ငံတကာထောက်ခံမှုဆိုသည်မှာ
ACHC ၏ထုတ်ပြန်ချက်တွင် မြစ်ဆုံစီမံကိန်းသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ပြည့်စုံ၍ နိုင်ငံတကာ၏ ထောက်ခံမှုရသည်ဟူ၍၎င်း ချီဗွေရေအားလျှပ်စစ်ကြောင့် မြစ်ကြီးနား အထက်ပိုင်း တွင် လျပ်စစ်မီးရသဖြင့် နိုင်ငံတကာ၏ ချီးကျူးမှုရသည်ဟူ၍၎င်း ဖော်ပြပါရှိ သော်လည်း မည်သည့်နိုင်ငံတကာအဖွဲ့အစည်းမှ မည်သည့်အချိန်တွင် မည်သို့အသိမှတ်ပြုသည်ဆိုသည် ကိုမတွေ့ရပေရာ အများပြည်သူတို့အနေနှင့် ACHC ၏ထုတ်ပြန်ချက်ကို ယုံကြည်ရန် ခက်ခဲပေသည်။

ACHC ၏ အရပ်ဖက်အဖွဲ့အစည်းများသို့ တုံ့ပြန်ချက်
အရပ်ဖက်အဖွဲ့အစည်းများသို့ ပြန်လည်တုံ့ပြန်ချက်များ စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဆိုရပါမည်။ ပထမတခုအနေနှင့် အရပ်ဖက်အဖွဲ့အစည်း တခုက ၂၀၁၄ နှင့် ၂၀၁၅ အတွင်း ACHC ကုမ္မဏီမှ ဝန်ထမ်းများ ရွှေကျင်ခြင်း အရပ်သားများ၏ အိမ်မွေးတိရစ္ဆာန်များအား သတ်စားသည်ဟူသည့် စွပ်စွဲချက်များကို ပြန်လည်ဖြေရှင်းရာတွင်၎င်း ဒုတိယအနေနှင့် မြစ်ဆုံစီမံကိန်း ရပ်တန့်ပေးရန် ဒေသခံများအား မိမိမူလရပ်ရွာသို့ ပြန်လည်အခြေချခွင့်ပေးရေး အိတ်ဖွင့်ပေးစာနှင့်ပတ်သက်ပြီး ဖြေရှင်းရာတွင်၎င်း တွေ့ရသည်။

ACHC ၌ မူအရပြန်လည်တုံ့ပြန်ဖြေရှင်းခွင့်ရှိပါသည်။ သို့သော် တိကျသောဖြေရှင်းချက်ဖြစ်ရန် လိုသည်။ ပထမအချက်နှင့်ပတ်သက်၍ ကုမ္ပဏီ၏တောင်းဆိုချက်အရ ကချင်ပြည်နယ်အစိုးရက ဒေသခံမီဒီယာများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး မဟုတ်မှန်ကြောင်း သက်သေပြခဲ့ပြီဟုဆိုသည်။ သို့သော် တိကျသော သတင်းအချက်အလက်မပါရှိပေ။ မည်သည့်အချိန် မည်သူတွေက ဦးဆောင် စစ်ဆေး၍ မည်သူတွေအတည်ပြုသည်ဆိုသည်ရော မည်သည့်အရပ်ဖက်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်ဆိုသည်ရော မတွေ့ရပေ။

ဒုတိယအချက်အနေနှင့်ဖြေရှင်းရာတွင်လည်း တိကျသောအချက် အလက်မတွေ့ရပေ။ ဆိုရလျှင် သူတို့၏ ကွင်းဆင်းစစ်ဆေးချက်အရမမှန်ဟုသာဆိုပြီး လက်မှတ်အတုများ အကြိမ်ကြိမ်ပြန်လက်မှတ်ထိုးခြင်းများ ဖိအားပေးလက်မှတ်ထိုးခြင်းများရှိခဲ့သည်ဟု ဆိုခဲ့သည်။ မည်သည့်အရပ်ဖက်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ဟုမဖော်ပြခဲ့ပေ။ ထိုအဖွဲ့အစည်းများနှင့်ပတ်သက်၍ ACHC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်မှာ " ပုတ်ခတ်စွပ်စွဲ သည်" ဟူ၍၎င်း " သူတို့သည်လိမ်လည်လှည့်ဖျားခြင်းနှင့် လီဆယ်လုပ်ကြံခြင်းဖြင့် လက်မှတ်ရေးထိုးဖိုင်များဖန်တီးခဲ့သည်။ အဆိုပါလုပ်ရပ်သည် အဖွဲ့အစည်းတခုခုမှ ၎င်းတို့၏ လူသိမပေးဝံ့သော ကြံစည်ချက်ကို ဖြစ်မြောက်နိုင်ရန်အတွက် အစိုးရနှင့်ပြည်သူများကို လိမ်ညာခြင်းသာဖြစ်ပါသည် " ဟူ၍၎င်း ဖော်ပြထားသည်။

အဆိုပါ ACHC ၏သဘောထားဖေါ်ပြချက်များကို အပြု သဘောတုံ့ပြန်ဖြေရှင်းမှုထက် ပြန်လည်ထိုးနှက်တိုက်ခိုက်နေသည်ဖြစ်ရာ ရလဒ်ကောင်းရရန် ခဲယဉ်းသည်ဟု ဆိုရပါမည်။

အဆိုပါ ACHC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ၂၀၁၆ မေလ ၁၀ ရက်နေ့ က မြစ်ဆုံစီမံကိန်း ရပ်တန့်ပေးရန် သမတထံ အိတ်ဖွင့်ပေးစာပေးပို့သည့် ဒေသခံအဖွဲ့အစည်းဖြစ်သည့် ( Mungchying Rawtjat MRJ ) အား ဦးဆောင်သူ ဒေါ်ဂျာခေါင်က " ကျမတို့ကို စွပ်စွဲရင်လည်း ဖြေရှင်းဖို့ အသင့်ရှိပါတယ်။ ကျမတို့ ဒေသခံတွေရဲ့နောက်မှာ အဖွဲ့အစည်းတခုခု ရှိနေတယ်လို့ ပြောချင်တယ်ထင်တယ်။ ကျမတို့ဒေသခံအဖွဲ့အစည်း MRJ မှာဆိုရင် ဒေသခံအားလုံးပါတယ်။ မြစ်ဆုံစီမံကိန်းက ဒေသခံတင်မကဘဲ ယုဇနကုမ္ပဏီရဲ့မြေသိမ်းမှုဖြေရှင်းပေးဖို့တောင်းဆိုနေတဲ့ ဟူးကောင်းဒေသခံတွေပါတယ်။ စီမံကိန်းတွေကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျမတို့ ဒေသခံတွေ ပေါင်းပြီးလုပ်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး နောက်ကနေ သွေးထိုးနေတဲ့ သူတွေလည်း မရှိပါဘူး။ ကျမတို့လိုအပ်ချက်ကို ကျမတို့ကိုယ်တိုင် အစိုးရဆီမှာ တောင်းတာပါ။ ကျမတို့က မြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းဖို့ ကျမတို့ဒေသခံတွေရဲ့နေရပ်ကို လွတ်လွတ် လပ်လပ်နေထိုင်စားသောက်ခွင့်ရှိအောင် တောင်းဆိုခြင်းဖြစ်ပါတယ်။ ကျမတို့က ဘယ်သူကိုမှ အတင်း အဓမ္မလက်မှတ်ထိုးခိုင်းတာမဟုတ်ဘူး " ဟူ၍ တုံ့ပြန်ပြောဆိုခဲ့သည်ဟု Eleven Media သတင်းတွင်ဖော်ပြခဲ့ပါသည်။

သို့ဖြစ်ရာ ACHC ၏တုန့်ပြန်ချက်သည် ဖြစ်ရပ်အပေါ်အခြေပြု ၍ အခြေပြု ရှင်းလင်းသည်ထက် တဖက်အရပ်ဖက်အဖွဲ့အစည်းအား ထိုးနှက်တိုက်ခိုက်မှုသာပြုလုပ်နေသည်ဖြစ်ရာ အများပြည်သူ လက်ခံနိုင်ရန် မဖြစ်နိုင်ဟု ဆိုရပေမည်။ ထို့ပြင် " မကောင်းဉာဏ်ရှိသောပြည်သူ အချို့မှ တမင် သက်သက် လွဲချော်အောင်လုပ်ဆောင်ခြင်းကြောင့် " ဟူအသုံးအနှုန်းသည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်နေကြသော ပြည်သူများ အရပ်ဖက်အဖွဲ့အစည်းများ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအသင်းအဖွဲ့များကို ဝါးလုံးရှည်နှင့် သိမ်းကျုံးရမ်းသကဲ့သို့ဖြစ်၍ အကျိုးသက်ရောက်မှုကောင်းမည်မဟုတ်ချေ ။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )