ဆောင်းဖြူ ● ရှင်သန်ခြင်းရဲ့အနားမှာ



ဆောင်းဖြူ ရှင်သန်ခြင်းရဲ့အနားမှာ
(မိုးမခ) ဇွန် ၆၊ ၂၀၁၆

 
ပွဲတိုင်းကျော်လက်ဝှေ့သမားလည်း
သေမင်းရဲ့ အလဲထိုးခြင်းကိုခံရမယ်
အမြန်ဆုံးအပြေးသမားလည်း
သေမင်းရဲ့ရပ်တန့်ခြင်းကိုခံရမယ်
အတော်ဆုံးမျက်လှည့်ဆရာလည်း
သေမင်းရဲ့ လှည့်စားခြင်းကိုခံရမယ်
အကောင်းဆုံးတိုက်ခိုက်ရေးသမားလည်း
သေမင်းရဲ့ချောင်းမြောင်းပစ်ခတ်ခြင်းကိုခံရမယ်
အရက်စက်ဆုံး ပါးကွက်အာဏာသားလည်း
သေမင်းရဲ့ ကွပ်မျက်ခြင်းကိုခံရမယ်
အကျော်ကြားဆုံးသရုပ်ဆောင်လည်း
သေမင်းရဲ့ဇာတ်ညွှန်းအတိုင်း ကပြအသုံးတော်ခံရမယ်
သေခြင်းတရားနဲ့ ထွေခင်းကစားမယ်ဟေ့လို့
ကြွေးကြော်သူလည်း
သေမင်းရဲ့ အနိုင်ပိုင်းခြင်းကိုခံရမယ်
သေမင်းဟာ
ချမ်းသာ ဆင်းရဲ ကြီးသူ ငယ်သူ
ဘာသာတူ ဘာသာခြား
အားလုံးရဲ့အနားမှာ ရှိနေတယ်
ပြီးတော့
သူ့အလိုကျ သူ့ဒဿနကို ထုတ်ပြန်
သူ့ဌာနေ မြေသုသာန်မှာ
(အလှည့်ကျသူတွေကို)
မြှုပ်နှံပစ်လိမ့်မယ်။

ဆောင်းဖြူ
၂ ၀ ၁ ၆ ဇွန် ၅