မင်းကိုနိုင် ● သိုင်းသမားနှင့် အတွင်းအား

မင်းကိုနိုင် ● သိုင်းသမားနှင့် အတွင်းအား
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။
 

ကျနော်တို့ ငယ်စဉ် ပြေးလွှားရင်း ချော်လဲရင် ပတ်ဝန်းကျင်ကိုလှည့်ကြည့်မိတာ သတိရမိကြပါသလား။

ကျနော်ကတော့ အခုထိလည်းကလေးတွေကို သတိထားကြည့်မိပါတယ်။ အဓိကကတော့ ငိုရကောင်းမလား၊ မငိုရ ကောင်း မလား ဘာလုပ်ရမှန်းမသိလို့ပါပဲ။

ပတ်ဝန်းကျင်က ဒါကို အထိတ်တလန့်အော်မယ်၊ ပြာပြာသလဲ (ကြောက်စရာကြီးလို့အဓိပ္ပါယ်ရတဲ့ မျက်နှာကြီးနဲ့) ပြေးလာ မယ်ဆိုရင်တော့ ကလေးက ဒါ ငိုရမယ်လို့ဘာသာပြန်ပြီး ဗြဲကနဲငိုတော့တာပါပဲ။ လူကြီးတွေကသာဒါဟာ ဘာမှမဆန်းဘူး၊ မနာဘူးကွ ပြန်ထလိုက်စမ်းကွလို့အားပေးရင် ကိုယ့်ဘာသာ ကျုံးထရပ်မိ တတ်ကြပါတယ်။

သူငယ်ချင်းအိမ်ဆော့ကစားဖို့သွားတဲ့ ကလေးတစ်ယောက် အိမ်လည်သွားရင်း ခလုတ်တိုက်လဲပါတယ်။ ဒီလောက်တော့ အပျော့ပေါ့ဆိုပေမယ့် မေးရိုးပါကွဲသွားတော့ ဆေးရုံရောက်တာပေါ့။ အိမ်ရှင်မိဘတွေက ဆေးရုံချက်ချင်း ခေါ်လာ၊ ကာယကံ ရှင် မိဘတွေရောက်လာတော့လည်း ဘယ်သူကိုမှ ဆူပူကြိမ်းမောင်းတာ ငြူစူအပြစ် တင်တာလည်း မရှိပါ။

အိမ်ရှင်မိသားစုက သူတို့အိမ်အလည်လာတုန်းဖြစ်ရတဲ့အပေါ်အားနာနေသလို သူငယ်ချင်းကလည်း သူတို့ နှစ်ယောက်ပေါင်း မဆော့ရတော့မှာ စိုးရိမ်နေဆဲပါ။ ဟို မိဖနှစ်ပါးကတော့ သူတို့သမီးမေးရိုးကွဲချုပ်နေတာကြည့်ရင်း ရယ်ကာမောကာပါပဲ။ အနာကျက်ရင် ပြန်ဆော့ကြတဲ့။အဲဒီ ဆေးရုံမှာက အရေးပေါ်လာသမျှ ကလေးတွေအတွက် အရုပ်မျိုးစုံ Sticker ရောင်စုံတွေ အပြည့်ချပေးထား မြဲပါ။ ရောက်လာသမျှကလေးတွေဟာ ဆေးရုံဆေးခန်းဆိုတဲ့ အသိထက် ကစားစရာဆိုင်ခန်းလို့မြင်သွား အောင် ပါတဲ့။ တကယ်လည်း ကြိုက်တဲ့ဟာ ယူဆော့ခွင့်ပေးပါတယ်။

မေးရိုးကွဲထားတဲ့ ကလေးကို ကလေးတစ်ယောက်ကလာပြီး မိတ်ဆက်ပါတယ်။ ဘာမှမကြောက်နဲ့ သိပ်လည်းမနာဘူး၊ မုန့် တွေလည်းစားလို့ရတယ်ဆိုပြီး အားပေးပါတယ်။ သူက ဘာသိ ဘာတတ်လို့တုန်းဆိုတော့ သူကိုယ်တိုင် အရင်တပတ် ကမေးရိုးမှာ ဒီထက်ကြီးတဲ့ ဒဏ်ရာကြီးရပြီး လာကုဖူးတာကိုး၊ အခုက အနာကျက်ခါနီး ပြန်လာပြတာလေ။ ပြီးတော့ ဆရာ ၀န်ဖက်ကိုလှည့်ပြီး သူ့ကိုရေခဲချောင်းကျွေးလိုက်လေလို့ တိုက်တွန်းပါတယ်။ ဟုတ်ပါတယ် သူတို့ ဆေးရုံတွေမှာ ကလေး တွေအတွက်ရေခဲချောင်းအကောင်းစားတွေ  အသင့်ရှိစမြဲပါ။ ရေခဲနဲ့မတည့်တဲ့ ရောဂါကလွဲရင် ကလေးတွေစိတ်ပျော်ရွှင် အောင်ကျွေးနေကြပါ။

ထိခိုက်ဒဏ်ရာကို ဆေးထည့် ပတ်တီးစီးနေစဉ်မှာ ကလေးကိုဘယ်လောက် သတ္တိရှိကြောင်း တတွတ်တွတ် အားပေးသလို ကုသမှုပြီးတဲ့ အခါမှာလည်း ဒီကလေးဟာဖြင့်ရင် အလွန်သတ္တိကောင်းသူဖြစ်လို့ ဟောဒီ ထောက်ခံဂုဏ်ပြုလွှာပေးပါတယ်ဆိုပြီး မှတ်တမ်းလွှာမှာ ကလေးရဲ့နာမည်ကို ထည့်ရေးပြီးပေးလိုက်ပါတယ်။ ပြီးတော့အရုပ်မျိုးစုံတွေထဲက ကြိုက်ရာအရုပ် ရွေးခိုင်း ဥပမာ ဘာဘီရုပ်လေးဆိုပါတော့။ အဲဒီအရုပ်မှာကလေးလိုပဲ (ဥပမာ- လက်ကျိုးတဲ့ကလေးကို ကျောက်ပတ်တီးစီးရ တယ်ဆိုရင်) ပတ်တီးစီးပေးလိုက်တယ်။ ဒါ မင်းသူငယ်ချင်းပဲ။ ဒဏ်ရာရတာချင်းလည်းတူတယ်၊ သူလည်း မင်းလိုပဲ သတ္တိ ကောင်းတယ်နော်၊ လုံးဝမအော်ဘူး မငိုဘူး၊ သူ့ကို အိမ်ခေါ်သွားပေါ့ဆိုပြီး ပေးလိုက်ပါတယ်။ ကလေးဟာ အားငယ်ဝမ်း နည်းရမယ့် အစား သူသတ္တိရှင်ဆု ရပြီ ဆိုပြီး ကျောင်းမှာတောင် လိုက်ကြွားနေသေး။
▬*▬*▬

သူတို့ကျောင်းတွေမှာ စာတော်တာ တစ်ခုထဲကို ထူးချွန်သူလို့သတ်မှတ်ချီးကျူးတာမျိုးမဟုတ်ပါဘူး။ အဆင့် တစ် နှစ် သုံး မ ရလို့ စိတ်ပျက်အားငယ်ရမှာမျိုး၊ ခြွဲခားဆက်ဆံခံရမှာမျိုးမိဘတွေက ဖိအားပေးမှာမျိုး ပြဿနာမရှိပါ။ ကြယ်ပွင့်ကလေးတွေ ပေးတဲ့ စနစ်ရှိသေးတာကိုး။ ဆိုပါတော့အများနှင့်ပေါင်းသင်းဆက်ဆံကောင်းရင် ကြယ်တစ်ပွင့်၊ စာလုံးပေါင်းသတ်ပုံမှန်ရင် ကြယ်တစ်ပွင့်၊ အချင်းချင်းရိုင်းပင်း ကူညီတတ်သူဆိုရင် ကြယ်တစ်ပွင့် စသဖြင့် ကြယ်ပွင့်အမျိုးအစားတွေ သတ်မှတ်ထား ပါတယ်။ ကြယ်ပွင့် ဘယ်နယ်ပွင့်ပြည့်ရင် ရင်ဖတ်မှာ ထိုးတဲ့ဆုတံဆိပ်တစ်မျိုးကို တပ်ခွင့်ရမယ်ပေါ့၊ အဲဒီဆုတံဆိပ်ကို ကလေးတွေဟာ မြတ်နိုးဂုဏ်ယူစွာချိတ်ဆွဲကြတယ်။ လေးတန်းကျောင်းသူက သူငယ်တန်းကျောင်းသူကို ထိန်းကျောင်းရတဲ့တာဝန်ယူမှုတွေကလည်း ကြယ်တစ်ပွင့် ရပါတယ်။

ပြောချင်တာကတော့ ကျောင်းတွေမှာ စာတော်တာတစ်ခုထဲကိုလူရာသွင်းတာမျိုး မဟုတ်ဘူးဆိုတာပါပဲ။ ကျောင်းသားမိဘ တွေထံ ကျောင်းကအစီရင်ခံစာပို့ရာမှာလည်း ကလေးရဲ့အရည်အချင်းအားလုံးကို အသေးစိတ် သုံးသပ်တင်ပြတာမျိုးပါ၊ဒါနဲ့ သူတို့ ကလေးတွေဟာ ရိုက်ပုတ် ဆူပူကြိမ်းမောင်းစရာမလိုပဲ ကျောင်းစာလည်းရ ဘ၀ထဲမှာလည်း အဖိုးတန်အောင်နေ တတ်သွားကြတာပေါ့။ နာကျင်ပင်ပန်းပြီးမှ စာရတာမျိုးမဟုတ်အများနဲ့ ပူးပေါင်းဆောင်ရွက်ရင်း ဘက်စုံကောင်းမွန်တဲ့ မျိုး ဆက်တွေကို မွေးထုတ်တယ်လို့လည်းပြောနိုင်မယ်ထင်ပါတယ်။
▬*▬*▬

ကလေးတစ်ယောက်ကို သားကြီးလာရင် ဘာလုပ်မလဲလို့လူတွေကြားထဲမှာ မေးတယ်။

ကလေးက မဆိုင်းမတွ ငါးဖမ်းမယ် (တံငါသည်) လုပ်မယ်လို့ဖြေလိုက်ပါရော။ သူ့မိဘတွေဟာပညာထူးချွန်မှုနဲ့ အသက် မွေးနေကြတဲ့ အဆင့်မြင့်အရာရှိကြီးတွေပါ။ ကလေးရဲ့အဖြေအတွက် နဲနဲလေးမှ စိတ်မကွက်ကြပါဘူး။ မနေ့ကပဲ အားလပ် ရက် သားအဖတွေ ငါးမြှားထွက်ကြတာကိုစွဲလမ်းပြီး တံငါလုပ်ချင်နေတာလို့ ဖခင်က ရယ်မောမပျက်ရှင်းပြပါတယ်။ သူတို့ ကလေးကို ကြီးလာရင် ဘာဖြစ်ရမယ်ဆိုတာမျိုး အမိန့်ပေးထားတာမျိုး သူစိမ်းတရံတွေကမေးရင် ဘာလုပ်မယ်လို့ဖြေ သင် ထားပေးတာမျိုးမရှိဘူးလေ။

ဒီနေရာမှာ ကျနော်စဉ်းစားမိတာက ကလေးတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့ ရိုးသားမှုကိုလွတ်လပ်စွာ ခွင့်ပြုထားတာပါပဲ။ ကလေးဆိုတာ သူမြင်သိနေသမျှ လူကြီးတွေဘ၀၊ အသက်မွေးမှုတွေကိုအားကျတာ မကြာခဏ ပြောင်းလဲတတ်တာပဲ။ ကျနော့် ကိုကျနော်လည်း ပြန်သတိရတယ်၊ ငယ်ငယ်ကကျိုက္ကစံကွင်း ပြည်ထောင်စုပွဲက ညဖက်အပြန်အ၀ါ အနီ ရောင်ချယ် မီးတိုင် လက်ကကိုင်ပြီးကားလမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲကြီးကိုကြည့်ပြီး ကြီးလာရင် အဲသလိုမျိုးလုပ်မယ်လို့ ကျနော့် စိတ်ထဲ ဖြစ်ဖူးတာပဲ။ နောက်ထပ်အားကျစရာအသက် မွေးဝမ်းကျောင်းတွေ တွေ့တော့လည်း ကိုယ်ဖြစ်ချင်တဲ့ဘ၀တွေ စိတ်ကူးထဲ ထပ်ပြောင်း ကြတာပဲမဟုတ်လား။ ခုနက မိဘတွေဟာ လူရှေ့မှာ အရှက်ကွဲတယ်လို့မမြင်၊ လူတွေရဲ့ အထင်ကြီး ချီးကျူးမှုအစား ကလေးရဲ့ရိုးသားမှုကို ပိုတန်ဖိုးထားကြောင်းပြလိုက် တာပဲလို့မြင်ပါတယ်။

နိုင်ငံခြားမှာအလုပ်သွားလုပ်တဲ့ မြန်မာပညာတတ်လူငယ်တစ်ယောက်ရဲ့ ဖွင့်ဟချက်ကိုလည်းကြည့်ပါဦး။သူ အလုပ်ခွင်ထဲ ၀င်ခါစက ကြီးကြပ်သူရဲ့ အပြစ်တင်ကြိမ်းမောင်းမှုကို ခံရပါတယ်။ သူ့အမှားလည်းမဟုတ်ပေမယ့် ဘာပြန်ပြောရမှန်းမသိဘူး။ ဘာသာစကားအားနည်းချက်ကြောင့်လားဆိုတော့လည်း သူဟာအတန်အသင့်တော့ ပြောတတ်သူပါ။ သူနဲ့အတူ ဆူကြိမ်း မောင်းခံရသူ နောက်တစ်ဦးက သူနဲ့ ပညာတူ၊အဆင့်တူ အိန္ဒိယနိုင်ငံသူကတော့ သေးသေးတင်မှမခံ အချက်အလက်နဲ့ခုခံချေပအစွမ်းပြပါတယ်။ ဒီတော့မှကျနော်တို့ နိုင်ငံကသွားတဲ့ လူငယ်လေးဟာ အော် ဒီလိုလည်း ပြောလို့ရပါလား။ သူသိသလို ငါလည်းသိပေမယ့် သူပြောသလိုတော့ငါမပြောတတ်ဘူးလို့ စိတ်ထဲက ၀န်ခံရပါသတဲ့ ။

ဇာတ်ပေါင်းရမယ်ဆိုရင်တော့ အဲဒီမြန်မာလူငယ်ဟာသူ ကြီးလာရင် ဘာလုပ်မယ်ဆိုတဲ့အတိုင်းဖြစ်အောင်တော့လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီဘ၀နဲ့ (အဲဒီ အသက်မွေးဝမ်းကျောင်းမှုနဲ့) တကယ့်အလုပ်ခွင်ထဲ လူမှုဆက်ဆံရေးနယ်ပယ်ထဲရောက်သွား တဲ့အခါမှာ ကျောင်းစာတခုထဲနဲ့တော့ မရ၊ လူတွေနဲ့ဆက်ဆံနည်း၊ ရင်ဆိုင်နည်းတွေအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ (သိုင်း လောကစကားနဲ့ ပြောရရင်တော့ အတွင်းအားတွေ ခုခံနည်းတွေ တိုက်ကွက်တွေ) လိုပါသေးလားလို့ နားလည် လိုက်ကြောင်း ရင့်ဖွင့်ပါတယ်။

ကျနော်တို့ကလေးတွေ ဘ၀ဆိုတဲ့ သိုင်းလောကထဲ အတွင်းအားတွေကောင်း ခုခံမှုတွေထက်မြက် တိုက်ကွက်တွေပြောင် မြောက် ကြပါစေကြောင်း ….။

- ‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၈၇ ]