မောင်မောင်စိုး - CSI နှင့် ဂွမ်ဆန်အောင်သေဆုံးမှု

ကွယ်လွန်သူ ကျောင်းသား၏ ဆုတံဆိပ်များ

မောင်မောင်စိုး - CSI နှင့် ဂွမ်ဆန်အောင်သေဆုံးမှု
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၆

မိမိက CSI ခေါ် အမေရိကန်မှ ရာဇဝတ်မှုနှင့်ပတ်သက်၍ သိပ္ပံနည်းကျ စုံစမ်းထောက်လှမ်းသော ဇာတ်လမ်းတွဲများအား အချိန်ရလျှင်ရသလို ကြည့်တတ်ပါသည်။ CSI နယူးယောက် CSI လာ့စ် ဗီးဂတ်စ် CSI မီယာမီ စသည်ဖြင့် ဇာတ်လမ်းတွဲများရှိပါသည်။ မိမိကြည့်ဖြစ်ခြင်းမှာ ရာဇဝတ်မှုများကို ကြည့်ချင်၍ မဟုတ်ပါ။ ၎င်းတို့ သိပ္ပံနည်းကျ ဆန်းစစ်အဖြေရှာခြင်း အကျိုးအကြောင်းကျ ဆန်းစစ် ခြင်း လက်တွေ့မြေပြင်တွင် အထောက်အထားစနစ်တကျရှာခြင်းစသည့် အကျိုးအကြောင်း ဆက်စပ် သုံးသပ်ခြင်းများကိုသဘောကျ၍ ဖြစ်ပါသည်။

သို့ဖြစ်ရာ ဂွမ်ဆန်အောင်သေနတ်မှန်သေဆုံးခြင်းအတွက် CSI တို့၏ စူးစမ်းလေ့လာ ထောက်လှမ်း လေ့ရှိသည့် ရာဇဝတ်အမှုအမှန်ပေါ်ပေါက်နိုင်စေရန် စဉ်းစားသည့် နည်းလမ်းများအား အောက်ပါ အတိုင်းစဉ်းစားမိပါသည်

၁။ ရဲတပ်ဖွဲ့အနေနှင့် ဂွမ်ဆမ်အောင်သေဆုံးလဲကျနေသည့်ပုံ သွေးကွက် စစ်သည်များပြောသည့် လုံးထွေး၍ သေနတ်လုသည့် မြေပြင်အခြေအနေများအား စနစ်တကျ စစ်ဆေး၍ ဓာတ်ပုံမှတ်တမ်း တင်မှုရှိမရှိ။
၂။ ဂွမ်ဆန်အောင် လဲကျသည့်အနေအထား သေနတ်မှန်သည့်အနေအထားစစ်သည်၏ ထွက်ဆိုချက်တို့အား မြေပြင်တွင် ပြန်လည်သရုပ်ပြ မှတ်တမ်းတင်ခြင်းရှိမရှိ။
၃။ မြစ်ကြီးနားဆေးရုံ မှုခင်းဆရာဝန်ကြီး၏ဆေးစစ်ချက်အရ မည့်သည့် ကျည်အမျိုးအစားဖြင့် အပစ်ခံရသည်။ ကျည်ထိပ်ဖူး ကိုယ်တွင်းကျန်ရစ်ခြင်းရှိမရှိ။ အကယ်၍ ကိုယ်တွင်းကျည်ထိပ်ဖူး မကျန်ပါက ကျည်အဝင်အထွက်လမ်းကြောင်း စစ်သည်၏ထွက်ဆိုချက်အရ ကျည်လမ်းကြောင်း အားကြည့်၍ ကျည်ထိပ်ဖူးအား ရှာဖွေခြင်းရှိမရှိ။

၎။ ရဲများအနေနှင့် အချင်းဖြစ်ပွားရာ ပတ်လည်အိမ်မည်မျှအား အချင်းဖြစ်ပွားခြင်းနှင့်ပတ်သက်၍ မည်သို့ကြားသည် မြင်သည်ကို အိမ်ခြေမည်မျှ စစ်စစ်ဆေးထားခြင်းရှိမရှိ။ ရှိပါက သိရသည့် အခြေအနေ။
၅။ စစ်သည်များ ထွက်ဆိုချက်အရ သေနတ်ဝင်လုသည်ဆိုရာ သေနတ်ပေါ်ရှိ လက်ဗွေရာများအား ရဲတပ်ဖွဲ့က စစ်ဆေးခြင်းရှိမရှိ။
၆။ ၎င်းစစ်သည်ပစ်ခတ်သည့် သေနတ် ကျည်ကပ်များအား စစ်ဆေးပြီး ကျည်မည်မျှပစ်ခတ်ထားသည် စစ်ဆေးခြင်းရှိ မရှိ။
၇။ ၎င်းစစ်သည်အား ရဲစခန်းမှ ပုဒ်မ ၃၀၄ လူသေမှုအဖြစ်အမှုဖွင့်ထားရာ သက်သေခံဖြစ်သော သေနတ်အား ရဲစခန်းမှမှတ်ပုံတင်၍ သိမ်းထားခြင်းရှိမရှိ။
၈။ ၎င်းစစ်သည်အား သေနတ်အားဝင်လု၍ ကျည်ထွက်သည်ဟုဆိုထားရာ ၎င်းစစ်သည် ကျည်ထိုး ထားသည့်အခြေအနေ မောင်းထိန်းခလုတ်ဖွင့်ထားသည့်အခြေအနေ ကျည်ထွက်မှု အခြေအနေများအား စနစ်တကျ စစ်ဆေးမေးမြန်းမှု ရှိမရှိ။
၉။ လက်ရှိအမှုတွင် ယခုထိ မျက်မြင်သက်သေမရှိသေးဘဲ ကျည်ထွက်သူ စစ်သည်နှစ်ဦး၏ ထွက်ချက်သာရှိသည့်အခြေအနေတွင် ရဲတပ်ဖွဲ့၏ မျက်မြင်သက်သေရှာမှု ရှိမရှိ။
၁၀။ သေနတ်ဝင်လုရာမှ လုံးထွေးသတ်ပုတ်ကြသည်ဆိုရာ သေဆုံးသူဂွမ်ဆန်အောင်တွင်၎င်း၊ အဆိုပါစစ်သည်တွင်၎င်း၊ မည်သည်ဒဏ်ရာရရှိသည်ဆိုခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် သက်သေခံနိုင်သည့် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်ယူထားခြင်းရှိမရှိ။
၁၁။ စစ်သည်ဘက်ကလည်း မိမိမှန်ကြောင်းအား မျက်မြင်သက်သေအပါ ခိုင်လုံသောအထောက် အထား တရားရုံးများမှ လက်ခံနိုင်သော အများလက်ခံနိုင်သောအထောက်အထား ပြနိုင်ခြင်းရှိမရှိ။
၁၂။ လက်ရှိအချိန်တွင် ပြောဆိုနေကြသည့် ဂွမ်ဆန်အောင်သည် ပစ်မှုမှတ်တမ်းရှိသည်ဟူ၍ ၎င်း KIA နှင့်အဆက်အသွယ်ရှိသည်ဟူ၍၎င်းပြောဆိုနေမှုများသည် အမှုစစ်နေသည်မဟုတ်ပါ။ စွပ်စွဲပစ်တင် နေခြင်းသာဖြစ်သည်။
၁၃။ လိုအပ်သည်မှာ အထောက်အထားပြည့်စုံသည့် စုံစမ်းစစ်ဆေးရေး၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် ပွင့်လင်းမြင်သာသည့်တရားစီရင်ရေး ဖြစ်သည်။
၁၄။ ဤအမှုနှင့်ပတ်သက်ပြီး ခိုင်လုံသောအထောက်အထားများနှင့်အတူ တရားခံအစစ်အမှန် ပေါ်ရေးဖြစ်သည်။

မိမိ၏စဉ်းစားချက်များသည် အမှုမှန် ပေါ်ပေါက်စေချင်၍ ဖြစ်ပါသည်။
ရာဇဝတ်မှုထောက်လှမ်းဖော်ထုတ်ရန် ဝါသနာပါသူများ လိုအပ်သည့် အချက်အလက်များ ကျိုးကြောင်း ဆီလျော်စွာ ဖြည့်စွက်နိုင်ပါသည်။

ဝါသနာအထုံပါသူများ မိမိကိုယ်မိမိ CSI မြစ်ကြီးနားဟု ဈာန်ဝင်ကာ စဉ်းစားကြည့်စေလိုပါသည်။